The Corner

The Corner

cropped-Logo_round_grey-background.png

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ …..

Share မယ်

စာရေးကောင်းရင် နိုဗယ်ဆုတောင် ရနိုင်တာမို့ ….

ဒီတစ်ပတ်ရဲ့ စာပေကဏ္ဍမှာတော့ “ကီးဘုတ်ပေါ်က စာပေကလောင်ရှင်လောင်းလျာများ” အတွက် ထူးထူးခြားခြား ဖြစ်ရပ်မှန်လေး တစ်ခု တင်ဆက်ပေးချင်ပါတယ်။ အကြောင်းအရာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ဆောင်၊ ကမ္ဘာ့စာပေနိုဗယ်ဆုရှင် ဟန်ဂန် (Han Kang) အကြောင်းပဲ ဖြစ်ပါတယ်။

credit: Author

သူ့လို နိုဗယ်ဆုရဖို့ဆိုတာကတော့ “မဖြစ်နိုင်ဘူး” လို့ မပြောရက်ပေမယ့် “တော်တော်လေးတော့ ဝေးဦးမယ်” လို့ ရိုးရိုးသားသား ဝန်ခံပါရစေ။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့ဦး။ နိုဗယ်ဆု မမှန်းခင် Facebook ပေါ်မှာ Like လေးတွေ တရုန်းရုန်းနဲ့ အဆဲမခံရဘဲ “စာရေးဆရာ ပေါက်စ” ဘဝကနေ အောင်အောင်မြင်မြင် စတင်နိုင်ဖို့ “ဟန်ဂန် စတိုင် (သို့မဟုတ်) အွန်လိုင်းစတိုင် စာရေးနည်း” လမ်းညွှန်ချက်တွေကို ချဲ့ထွင် မျှဝေပေးလိုက်ပါတယ်။

ခေါင်းစဉ်ကို “ကလစ်” လုပ်ချင်စရာ ဖြစ်အောင် ဖန်တီးပါ။

ဟန်ဂန်က “The Vegetarian” (သက်သတ်လွတ်စားသူ) ခေါင်းစဉ်နဲ့ ရေးတယ်။ ဖတ်လိုက်တာနဲ့ “အသားစားတာ ဘာဖြစ်လို့လဲ၊ ဘာလို့ သက်သတ်လွတ် စားတာလဲ” ဆိုတဲ့ စူးစမ်းချင်စိတ်ကို ဆွဲဆောင်သွားတာပါ။

ဒါကို မြန်မာလူငယ်တွေက အတုယူတဲ့အခါ ခေါင်းစဉ်ကို “Clickbait” အနုပညာ အပြည့်အဝ သုံးရပါမယ်။ ဥပမာ – “ဒီစာကို အဆုံးထိ မဖတ်မိရင် ခင်ဗျား ဘဝကြီး နောင်တရသွားလိမ့်မယ်” တို့၊ “နေဝင်ချိန်မှာ ကျွန်တော် မြင်လိုက်ရတဲ့ ထူးဆန်းသော လုံမငယ်လေး” တို့ဆိုရင် လူတွေက မဖတ်ဘဲ မနေနိုင်တော့ပါဘူး။ ခေါင်းစဉ်က အလုပ်ဖြစ်ဖို့ပဲ အဓိကပါ။

ဇာတ်လမ်းကို ဇာတ်နာ “Deep” ချင်ယောင် ဆောင်ပါ။

ဟန်ဂန်ရဲ့ “Greek Lessons” မှာ စကားမပြောနိုင်တော့တဲ့ အမျိုးသမီးအကြောင်းကို အနုစိတ် ရေးပြထားပါတယ်။ ကျွန်တော်တို့လည်း အတုယူရပါမယ်။ ဇာတ်လိုက်က ကိုရီးယားမင်းသားလို ချောနေစရာ မလိုဘူး၊ ဒါပေမဲ့ သူက “အထီးကျန်ခြင်း” ကို ရင်ဘတ်ထဲကနေ ခံစားတတ်သူ ဖြစ်ရပါမယ်။

ပိုပြီး ဇာတ်နာ (“Deep”) သွားအောင်လို့ ဇာတ်အိမ်ထဲမှာ “ညလယ်ကောင် လသာတာကြည့်ပြီး ရွာက ငယ်ချစ်ဦး မဂွမ်းပုံကို လွမ်းနေတတ်သူ” ဆိုတဲ့ ဝိသေသလေး ထည့်လိုက်ပါ။ အဲဒါမှ မထိသေးရင် “အိတ်ကပ်ထဲမှာ ဖုန်းဘေလ်ဖြည့်ဖို့ ငွေမရှိခြင်း”၊ “အကြွေးရှင် အော်သံကြားရမှာ ကြောက်နေမိခြင်း” ဆိုတဲ့ ခေတ်ပေါ် နာကျင်မှုတွေကို ရောသမမွှေလိုက်ရင် ခင်ဗျားရဲ့ စာဟာ အနုပညာမြောက်တဲ့ “Existential Crisis” (တည်ရှိမှုဆိုင်ရာ အကျပ်အတည်း) တစ်ခု ဖြစ်သွားပါလိမ့်မယ်။ လွယ်လွယ် ပြောရရင် “ငါ ဘာလို့ အသက်ရှင်နေတာလဲ” ဆိုတဲ့ မေးခွန်းထုတ်မှုပေါ့။

ဘာသာပြန်ဆရာတွေကို “မျက်စိမှိတ်” ယုံကြည်လိုက်ပါ။

ဟန်ဂန်ရဲ့ စာတွေ ကမ္ဘာကျော်တာဟာ ဒေဗိုရာ စမစ် (Deborah Smith) တို့လို ဘာသာပြန်ဆရာတွေရဲ့ လက်စွမ်းကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ကိုယ့်စာကိုလည်း တစ်နေ့မှာ နိုင်ငံခြားသားတွေ လာပြီး ဘာသာပြန်လိမ့်မယ်လို့ ယုံကြည်ချက်ထားပါ။

ဒေဗိုရာ စမစ် (Deborah Smith) ဆိုတာ ဟန်ဂန် (Han Kang) ရဲ့ နာမည်ကျော် “The Vegetarian” (သက်သတ်လွတ်စားသူ) စာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့တဲ့ ဗြိတိန်နိုင်ငံသူ ဘာသာပြန်ဆရာမ တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘာသာပြန်လောကမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့သူပါ။ ဒေဗိုရာ စမစ်ဟာ ၂၀၁၀ ပြည့်နှစ်အထိ ကိုရီးယားစကား တစ်လုံးမှ မတတ်ခဲ့ပါဘူး။ သူမဟာ အင်္ဂလိပ်စာပေနဲ့ ဘွဲ့ရပြီးနောက်မှာ အင်္ဂလိပ်ဘာသာပြန် စျေးကွက်မှာ ကိုရီးယားဘာသာပြန်သူ ရှားပါးနေတာကို သတိပြုမိပြီး ကိုရီးယားစာကို စတင်လေ့လာခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာ ဟန်ဂန် ရေးသားတဲ့ “The Vegetarian” စာအုပ်ကို သူက အင်္ဂလိပ်လို ပြန်ဆိုခဲ့ပြီး အဲဒီနှစ်မှာပဲ စာရေးဆရာရော၊ ဘာသာပြန်သူပါ Man Booker International Prize ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ ဒါဟာ ဟန်ဂန်ကို ကမ္ဘာက သိသွားစေခဲ့တဲ့ အဓိက အလှည့်အပြောင်း ဖြစ်သလို၊ ဒေဗိုရာ စမစ်ရဲ့ လက်စွမ်းကိုလည်း အားလုံးက အသိအမှတ်ပြုခဲ့ကြတာပါ။

ဒေဗိုရာ စမစ်ရဲ့ ဘာသာပြန်ဆိုမှုဟာ တိုက်ရိုက်ပြန်တာမျိုးမဟုတ်ဘဲ “Transcreation” လို့ ခေါ်တဲ့ မူရင်းစာရေးဆရာရဲ့ ခံစားချက်နဲ့ ရသကို အင်္ဂလိပ်စာဖတ်ပရိသတ် နားလည်နိုင်မယ့် အနုပညာမြောက် စကားလုံးတွေနဲ့ ပြန်လည် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တချို့က သူ့ရဲ့ ဘာသာပြန် မှုဟာ မူရင်း စာသားထက် ပိုပြီး ပြင်းထန်တယ်၊ လှပတယ်လို့တောင် ဆိုကြပါတယ်။ စကားလုံး တစ်လုံးချင်း စီကို ပြန်တာထက် စာသားတွေရဲ့ “လေယူလေသိမ်း” (Tone) ကို ပိုပြီး အလေးထားသူပါ။

လူငယ်တွေ ဘာသာပြန်တဲ့အခါ ဘာသာပြန် ဆရာ၊ ဆရာမတွေ အလုပ်မရှုပ်ရအောင် အင်္ဂလိပ် စကားလုံးလေးတွေကို စာထဲမှာ ညှပ်သုံးပေးရပါမယ်။ “In my opinion ကတော့ဗျာ” တို့၊ “Literally ပြောရရင် ကျွန်တော် စိတ်ညစ်နေတယ်” တို့ကို ခပ်များများ သုံးထားရင် နောင်တစ်ချိန် နိုင်ငံတကာ စာပေလောကထဲ ရောက်တဲ့အခါ ဘာသာပြန်သူတွေက ခင်ဗျားကို ကျေးဇူးတင်နေမှာ အသေအချာ ပါပဲ။

နာကျင်မှုကို “အနုပညာ” အဖြစ် ပြောင်းပါ

ဟန်ဂန်က “Human Acts” မှာ သမိုင်းဆိုင်ရာ နာကျင်မှုတွေကို နှလုံးသားထဲ ရောက်အောင် ရေးပြခဲ့ပါတယ်။ လူငယ်တွေဟာလည်း စာရေးရင် ကိုယ့်ရဲ့ နာကျင်မှုတွေကို ရေးရမှာပေါ့။ ဒါပေမဲ့ အဆင့်အတန်းတော့ နည်းနည်း ကွာချင်ကွာမယ်။ ဥပမာ – “ဖုန်းဘေလ်ကုန်သွားတဲ့ ညရဲ့ ၁၀၀ ဒီဂရီ ဖာရင်ဟိုက်အပူချိန်” တို့၊ “ဝမ်းပျက်ဝမ်းလျှော ဖြစ်နေစဉ်အတွင်း ခံစားရတဲ့ အထီးကျန်မှု” တို့ကို စာပေရသ မြောက်အောင် ရေးကြည့်ပါ။ အောင်မြင်သွားရင်တော့ နိုဗယ်ဆု မရရင်တောင် စာအုပ်တိုက် တစ်ခုခုက “စာမူခ” တော့ ချီးမြှင့်နိုင်ပါတယ်။

ဇာတ်သိမ်းကို “ဝေဝါး” ထားတာက အဆင့်မြင့်တယ်

စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသွားလို့ စာဖတ်သူက “ဟင်… ဘာကြီးလဲဟ” လို့ မျက်လုံးလေး ကလယ်ကလယ် ဖြစ်သွားရင် ခင်ဗျား အောင်မြင်ပါပြီ။ ဇာတ်သိမ်းကို “မင်းသားနဲ့ မင်းသမီး လက်ထပ်ပြီး ပျော်ရွှင်စွာ နေထိုင်သွားကြသည်” ဆိုတာမျိုးက ခေတ်မစားတော့ပါဘူး။ “သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ဦးခေါင်း ငိုက်စိုက်ချရင်း အရက်ဆိုင်သို့ ထွက်လာခဲ့သည်…” ဆိုပြီး ဖြတ်ချလိုက်ပါ။ စာဖတ်သူက “သူ အရက်သောက်ပြီး သူ့စိတ်ကို ဘယ်လို ဖြေမလဲ၊ မူးပြီး ရန်ဖြစ်မလား၊ ဒါမှမဟုတ် ပလက်ဖောင်းပေါ်မှာပဲ အိပ်ပျော်သွားမလား” ဆိုပြီး တွေးတောရင်း ကျန်ခဲ့ရတာကိုက စာပေရဲ့ ခမ်းနားတဲ့ အနုပညာပါပဲ။

နိဂုံး

ဟန်ဂန်ရဲ့ စာအုပ်တွေကို ဖတ်ကြည့်ပါ။ သူက “ဝမ်းနည်းခြင်း” ကိုတောင် “လှပအောင်” ရေးနိုင်တဲ့ ပါရမီရှင်ပါ။ “စာရေးတာ” ကို ဝါသနာပါရင် ဖုန်းထဲမှာ သူများပို့စ်တွေ လိုက်ဆဲနေမယ့်အစား အနုပညာဆန်ဆန်လေး ချရေးကြည့်ကြစို့။ နိုဗယ်ဆု မရရင်တောင် ကိုယ့်ရဲ့ Diary (ဒိုင်ယာရီ) ထဲမှာတော့ ကိုယ်ဟာ ကိုယ့်ရဲ့ “နိုဗယ်ဆုရှင်” ပါပဲ။

ဟန်ဂန်ရဲ့ ဘာသာပြန်စာအုပ်တွေကို မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရနေပြီလားတော့ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကျော် စာအုပ် မူရင်း ဖြစ်စေ၊ ဘာသာပြန် ဖြစ်စေ အရင်ဖတ်ပြီး “စာရေးနည်း အတတ်သင်” ကြည့်ဖို့ အကြံပြုလိုက်ပါရစေခင်ဗျာ။

Headline: Reading guide: The Vegetarian by Han Kang, translated by Deborah Smith

Source: https://thebookerprizes.com/

တိုတိုထွာထွာ မှတ်စရာ (၁၇)

ပန်းချီဆရာကြီး နတ်ရဲလှ ရဲ့ တပည့်ကျော် တွေရဲ့ အော်ဂဲနစ် အနုပညာ

credit: Author

နွေရာသီကျောင်းပိတ်ရက်ရဲ့ ညနေခင်းတစ်ခုမှာ ရွာဦးက အရိပ်အာဝါသ ကောင်းလှတဲ့ ညောင်ညို ပင်ကြီး အောက်မှာ ရယ်သံတွေ၊ ဟိန်းဟောက်သံတွေ ဆူညံလို့နေပါတယ်။ အကြောင်းကတော့ မြို့ကနေ ခဏပြန်လာတဲ့ ပန်းချီကျော် ဆရာ နတ်ရဲလှက ရွာက “အနုပညာဝါသနာအိုး” (သို့မဟုတ်) “အပျင်းထူချင်သော” လူငယ်တစ်သိုက်ကို ပညာဒါန ပန်းချီသင်ပေးနေလို့ပါပဲ။

“ဟေ့ကောင်တွေ… ပန်းချီဆိုတာ စိတ်ကူးယဉ်တာတင်မကဘူး၊ လက်တွေ့ပစ္စည်းကိုလည်း အသုံးချ တတ်ရတယ်” လို့ ဆရာနတ်ရဲလှက ခပ်တည်တည်နဲ့ ဟောက်လိုက်ပါတယ်။ တောရွာဆိုတော့ မြို့ကလို Canvas (ပတ္တူ)တွေ၊ Palette (ဆေးစပ်ခွက်) တွေ မရှိပါဘူး။ ဒါပေမဲ့ ဆရာနတ်ရဲလှရဲ့ တပည့်ကျော် တွေကတော့ “ရတတ်ရာရာ” နဲ့ အနုပညာဖန်တီးနေကြတဲ့ မြင်ကွင်းကတော့ တကယ့်ကို ပျော်ရွှင် စရာပါ။

ရွာက လူငယ်တွေရဲ့ အနုပညာဖန်တီးပုံကတော့ ဒီလိုပါ….

ဦးစွာ ပထမ ပန်းချီကျော် ဆရာနတ်ရဲလှက သူ့ရဲ့ တပည့်ကျော်တွေကို စုပြီး ပန်းချီပညာရဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ Medium (မီဒီယံ) အကြောင်းကို လက်ဖက်ရည်ကြမ်းသောက်ရင်း ရှင်းပြနေပါတယ်။ “မှတ်ထားကြစမ်း တပည့်တို့… Medium ဆိုတာ ပန်းချီကားတစ်ချပ် ဖန်တီးဖို့အတွက် အသုံးပြုတဲ့ ကြားခံပစ္စည်း ဒါမှမဟုတ် အသုံးပြုတဲ့ ကုန်ကြမ်းကို ခေါ်တာကွ။ ဥပမာ- ရေဆေး၊ ဆီဆေး၊ ခဲတံ၊ မီးသွေး… ဒါတွေအကုန်လုံးဟာ ပန်းချီဆရာရဲ့ စိတ်ကူးကို ပိတ်ကားပေါ် ရောက်အောင် ပို့ဆောင်ပေးတဲ့ ကြားခံမီဒီယံတွေပေါ့ကွာ” လို့ ဆရာက မျက်မှန်ကို ပင့်ရင်း လေသံအေးအေးနဲ့ ရှင်းပြနေတာပါ။

ဆရာ့စကားလည်း မဆုံးသေးဘူး တပည့်ဖြစ်သူ မောင်ဖိုးထူး က အိမ်ခဏ ပြန်ပြီး အပြေးအလွှား ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာလည်း တကယ့်ကို အစုံအလင်ပဲ။ သူ့ကို ဝိုင်းကြည့်နေကြသူတွေ တွေ့မြင် ကြရတာကတော့ … မီးဖိုထဲက ကောက်လာတဲ့ မီးသွေးခဲတွေ၊ ဟင်းချက်ရာမှာ သုံးတဲ့ နနွင်းမှုန့်တွေ၊ အိမ်ရှေ့က ထုံးကန်ထဲက ခပ်လာတဲ့ ထုံးဖြူတွေ ….

မောင်ဖိုးထူးက ချွေးတလုံးလုံးနဲ့ ဆရာ့ရှေ့မှာ ပစ္စည်းတွေကို ပုံချလိုက်ပြီး – “ဆရာ… ဆရာပြောတဲ့ မီဒီယံဆိုတာတွေ ကျွန်တော့် အိမ်မှာ အားလုံး အလကားရတာပဲ။ ဆိုင်မှာသွားဝယ်ရင် ဈေးကြီး ပေးနေရဦးမယ်။ ဒီမှာကြည့်… မီးသွေးက အမည်းရောင်၊ နနွင်းက အဝါရောင်၊ ထုံးက အဖြူရောင်။ မီဒီယံ သုံးမျိုးလုံး ရပြီဆရာ၊ ကဲ… ဘာဆွဲကြမလဲ!” လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတော့တယ်။

ဆရာနတ်ရဲလှခမျာ… နိုင်ငံတကာအဆင့်မီ ပန်းချီပညာအကြောင်း ရှင်းပြနေရင်းကနေ မောင်ဖိုးထူးရဲ့ “ရွာသုံး မီဒီယံ” တွေကြားမှာ ပါးစပ် အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။ “ဆရာ… ဒါ ကျွန်တော့်ရဲ့ အော်ဂဲနစ် (Organic) မီဒီယံတွေပါ” လို့ ဖိုးထူးက ဂုဏ်ယူစွာပြောရင်း Palette အစား အမေ့ရဲ့ ထမင်းစားပန်းကန်ပြားအဟောင်းကို သုံးပြီး ဆေးစပ်နေပါတယ်။

ကဲ… ဆက် နားထောင်ကြဦးစို့ တပည့်တို့ရေ… Canvas မရှိပေမယ့် ရွာသားတွေ သုံးနိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဆရာနတ်က အကျယ် ဝိတ္ထာရ ချဲ့ ဟောပြော နေလေရဲ့။

အိမ်သုံး ပစ္စည်းအဟောင်း တွေ ဖြစ်တဲ့ ဂျုံအိတ်/ဆန်အိတ်တွေဟာ Canvas နဲ့ အသားအနီးစပ်ဆုံးပါပဲ။ ဆန်အိတ်အကြမ်းကို သေချာသန့်စင်၊ ညောင်စေး ကော်လေးနဲ့ တင်းနေအောင်ကပ်လိုက်ရင် ဆီဆေး ရေးလို့ရတဲ့ ပိတ်ကားအကြမ်းစား ရတာပေါ့။ ပုဆိုးဟောင်း/အင်္ကျီအဖြူဟောင်း ကိုလည်း သူက ညွှန်း ပါတယ်။ အိမ်က နွမ်းနေတဲ့ ပုဆိုး ဒါမှမဟုတ် စွပ်ကျယ်အဖြူတွေကို သစ်သားဘောင်မှာ တင်းနေ အောင် ရိုက်လိုက်ရင် Canvas အစားထိုး သုံးလို့ရပါတယ်။

သဘာဝဘေးပတ်ဝန်းကျင်က ပစ္စည်း တွေကိုလည်း သုံးနိုင်တယ်လို့ သူက ပညာပေးတယ်။ ထန်းရွက်/ပေရွက် ဟာ တို့အတွက် ကုန်ကြမ်းပဲလေ။ ပုရပိုဒ်တွေလိုပေါ့။ မီးသွေးခဲ ဒါမှမဟုတ် နနွင်းနဲ့ ရေးရင် ရှေးကျတဲ့ အနုပညာရသ ပေးပါတယ်တဲ့။ သစ်သားပြား/ပျဉ်ချပ်ဟာလည်း သုံးလို့ ရတာပေါ့ တပည့်တို့ … အိမ်ဆောက်ရင်း ပိုတဲ့ ပျဉ်းကတိုးပြား ဒါမှမဟုတ် ပျဉ်းမပြား ချောချောလေးတွေပေါ်မှာ ထုံးနဲ့ နနွင်း ရောရေးရင် “Wood Painting” ဆိုပြီး ဈေးကြီးပေးရတဲ့ အဆင့် ရောက်သွားနိုင်တယ်ကွ။

ကျောက်ပြင်/ကျောက်ပြား သုံးရင်တော့ ခေတ်မီမှာ ပေါ့နော်။ ရလာတဲ့ ကျောက်ပြား ချောချောလေး တွေပေါ်မှာ ရေးတာဟာ အခုခေတ်မှာ အရမ်းခေတ်စားတဲ့ “Rock Art” “Stone Art ” ပါပဲ။

ဆရာနတ်က ဆရာစား မချန်ဘဲ အိတ်သွန်ဖာမှောက် ဆက်ပြောပုံက ဒီလိုပါ။ ထုံးသုတ်ထားတဲ့ အိမ်နံရံကတော့ “Mural Painting” (နံရံဆေးရေးပန်းချီ) ပေါ့။ မောင်ဖိုးထူးသာ သူ့အိမ်က ထုံးသုတ် ထားတဲ့ နံရံပေါ်မှာ နနွင်းမှုန့်နဲ့ ရေးလိုက်ရင်တော့ အမေအိမ်ပြန်ရောက်တာနဲ့ သူ့အမေဆီက “အနုပညာ ကြိမ်လုံး” မိမှာ သေချာပါတယ်တဲ့…

“ဖိုးထူးရာ… Canvas ဆိုတာ စိတ်ထဲမှာ ရှိဖို့ပဲ လိုတာပါ။ မင်းမှာ ရေးချင်တဲ့ စိတ်ရှိရင် ဝါးယှက် ဖြာလေးပေါ်မှာ ထုံးနဲ့ ရေးလည်း ပန်းချီကား ဖြစ်တာပဲ။ ဒါပေမဲ့ မင်းအမေရဲ့ သနပ်ခါးကျောက်ပြင် ကိုတော့ သွားမရေးနဲ့ဦး၊ အဲဒါ မီဒီယံ မဟုတ်ဘူး… အဲဒါ မင်းအတွက် ဘေးဒုက္ခ ဖြစ်လိမ့်မယ်။ အမေက မင်း ကို သနပ်ခါးတုံးနဲ့ ထု လိုက်လို့ဖြင့် မတွေးရဲစရာ နော်…

ကဲ… မောင်ဖိုးထူးတစ်ယောက် ဘယ်ပစ္စည်းကို Canvas အဖြစ် အရင်သုံးမလဲ ဆိုတာ ဝေခွဲ နိုင်ပါပြီ။ ဆရာနတ်က လက်တွေ့ ပန်းချီရေးဖို့ သူ့တပည့်တွေကို အချက်ပြလိုက်ပါ တယ်။

Sketch (ပုံကြမ်း) ဆွဲခိုင်းတဲ့အခါမှာတော့ တစ်ရွာလုံးက ခွေးတွေ၊ နွားတွေ ဒုက္ခရောက်ကုန်ပါတယ်။ မောင်အေးက Canvas မရှိလို့ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ နွားတင်းကုပ်တိုင်ပေါ်မှာ ကောင်မလေးပုံကို ညောင်စေးနဲ့ Sketch ဆွဲတော့ ဆရာနတ်ရဲလှက “ဟေ့ကောင်… အဲဒါ ပန်းချီလား၊ မှော်ဂါထာလား” လို့ မေးယူရပါတယ်။

ဆေးစပ်နည်း တွေ(Blending & Tones) နဲ့ ပတ်သက်ပြီး ဆရာနတ်က ဆက်သင်ပေးပါတယ်။ Blending (ဆေးစပ်ခြင်း) လုပ်တဲ့အခါ တစ်ရောင်နဲ့တစ်ရောင် ချောမွေ့နေရမယ်” လို့ သင်ပေးနေတုန်း ကုလားက ဆေးစပ်ဖို့ Binder (တွဲဆက်ပစ္စည်း) မရှိလို့ဆိုပြီး ညောင်စေးကို သုံးလိုက်တာကြောင့် စုတ်တံနဲ့ စက္ကူ ကပ်သွားပြီး ခွာမရတော့ပါဘူး။ “ဆရာ… ဒါက Impasto (အထူဆွဲနည်း) ပါ၊ ဆေးတွေက ကြွတက် နေတာ” လို့ ကုလားက ခပ်တည်တည်နဲ့ ချေပလိုက်ပါသေးတယ်။

ဆရာနတ်ရဲလှက ပန်းချီကားတစ်ချပ်မှာ Focal Point (အဓိကအချက်) ရှိရမယ်လို့ ပြောတဲ့အခါ၊ လူငယ်တစ်စုက ညောင်ညိုပင်ကြီး ရှေ့က ဖြတ်သွားတဲ့ ရွာထိပ်က လုံးကြီး ပေါက်လှမလှစိန်ကို ဝိုင်းကြည့်ပြီး ပုံဆွဲကြပါတယ်။ “ရှေ့က မလှစိန်က Foreground၊ နောက်က လိုက်လာတဲ့ ခွေးအုပ်က Background ပေါ့ ဆရာ” လို့ ပြောလိုက်တော့ ပတ်ဝန်းကျင် တစ်ခုလုံး ရယ်သံတွေနဲ့ ဖုံးလွှမ်း သွားပါတော့တယ်။

နောက်ဆုံးမှာတော့ ဦးနတ်ရဲလှတစ်ယောက်က… “အေးလေ… မင်းတို့လည်း ရတတ်ရာရာနဲ့ “အလာပရီမာ” Alla Prima (တစ်ထိုင်တည်းအပြီး) ဆွဲနိုင်တာပဲ တော်လှပါပြီ” လို့ မှတ်ချက်ချရင်း၊ အနုပညာရှင်လောင်းလျာတွေရဲ့ ညောင်စေးကပ်နေတဲ့ ပန်းချီကားတွေကို ကြည့်ပြီး ခေါင်းတ ယမ်းယမ်းနဲ့ ပြုံးနေရပါတော့တယ်။

တိုတိုထွာထွာ မှတ်စရာ (၁၈)

မိန်းမလှတွေ ပေါသလို မိကျောင်းပေါတဲ့ ကျွန်းကလေး

credit: Author

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က မိန်းမလှကျွန်းနားမှာ လူငယ်တစ်ယောက် မိကျောင်းကိုက်ခံရလို့ ဆုံးသွားတဲ့ စိတ်မကောင်းစရာ သတင်းလေး ပြောပြချင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်၊ ည ၇ နာရီလောက်မှာ ကံဆိပ်ရွာက အသက် ၁၈ နှစ်အရွယ် မောင်မိုးဝေယံဟာ အမဲချောင်းထဲမှာ လှေနဲ့ ကဏန်းပိုက်ချနေတာပါ။ အဲဒီအချိန်မှာ အရှည် ၁၅ ပေလောက်ရှိတဲ့ မိကျောင်းကြီး တစ်ကောင်က လှေနံဘေးကို လှမ်းကိုက်လိုက်တာကြောင့် လှေလူးပြီး မောင်မိုးဝေယံ ရေထဲပြုတ်ကျသွားပါတယ်။ အဲဒီမှာတင် မိကျောင်းက ကိုက်ချီပြီး ဆွဲသွားခဲ့တာပါ။

ရွာသားတွေ ဝိုင်းရှာကြတော့ ည ၈ နာရီလောက်မှာ ရုပ်အလောင်းကို ပြန်တွေ့ပါတယ်။ ဆေးရုံပို့ပြီး စစ်ဆေးကြည့်တော့ လက်ဖျံ၊ ခါးနဲ့ ပေါင်တွေမှာ မိကျောင်းကိုက်ထားတဲ့ ဒဏ်ရာတွေ အများကြီး တွေ့ရတယ်လို့ သိရပါတယ်။ မိန်းမလှကျွန်းတစ်ဝိုက်ဟာ မိကျောင်းတွေ အလွန်ပေါတဲ့နေရာဆိုတော့ နယ်ခံရေလုပ်သားတွေအနေနဲ့ အလုပ်လုပ်တဲ့အခါ အထူးသတိထားကြဖို့ တိုက်တွန်းချင်ပါတယ်။

မိန်းမလှကျွန်း ဆိုတာ

နာမည်နဲ့လိုက်အောင် လှရုံတင်မကဘဲ အသည်းယားစရာလည်း အင်မတန်ကောင်းတဲ့ နေရာပေါ့။ ဒီနေရာမှာ ဒေသခံ လူပျိုတွေက “လှပတဲ့မိန်းမပျို” တွေကို ကြောက်ရတာမဟုတ်ဘဲ ရေငန်မိကျောင်း ကြီးတွေကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး နေကြရတာပါ။ မိန်းမလှကျွန်းက မိကျောင်းတွေဟာ လူတွေကို ဘာကြောင့် ရန်မူတာလဲဆိုတာ သတ္တဗေဒ ရှုထောင့် က ကြည့်ကြရအောင်။

မိကျောင်းတွေဟာ လူတွေကို ဘာကြောင့် ရန်မူရသလဲ?

မိကျောင်းတွေဟာ သူတို့ရဲ့ နယ်မြေကို ပြင်းပြင်းထန်ထန် ကာကွယ်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အထူးသဖြင့် သားပေါက်ရာသီ (Mating Season) တွေမှာ အထီးတွေဟာ သူတို့ပိုင်နက်ထဲကို ဝင်လာတဲ့ ဘယ်အရာကိုမဆို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။ လူတွေအနေနဲ့ ရေစပ်နားမှာ သွားလာခြင်း ဒါမှမဟုတ် လှေစီးခြင်းဟာ သူတို့နယ်မြေကို ကျူးကျော်တယ်လို့ မိကျောင်းကို ယူဆစေပါတယ်။

မိကျောင်းတွေဟာ အခွင့်အရေးရရင် ရသလို စားသောက်တတ်တဲ့ (Opportunistic predators) တွေဖြစ်ပါတယ်။ သူတို့ဟာ ရေစပ်မှာ လှုပ်ရှားနေတဲ့ အရိပ် ဒါမှမဟုတ် လှုပ်ခတ်မှုကို မြင်တာနဲ့ သားကောင် (ဥပမာ – သမင်၊ ဝက် သို့မဟုတ် တိရစ္ဆာန်ငယ်များ) လို့ ထင်မှတ်ပြီး အမဲလိုက်ဗီဇအရ တိုက်ခိုက်တတ်ကြပါတယ်။ လူဟာလည်း သူတို့အတွက်တော့ အစာကွင်းဆက်ထဲက သားကောင် တစ်ကောင်ထက် မပိုပါဘူး။

အမတွေဟာ သူတို့ရဲ့ ဥတွေ ဒါမှမဟုတ် သားပေါက်လေးတွေကို အလွန်အမင်း ဂရုစိုက် တတ်ကြပါတယ်။ အသိုက်နားကို လူ ဒါမှမဟုတ် တခြားသတ္တဝါတွေ ချဉ်းကပ်လာတာကို တွေ့ရင် သားသမီးကို ရန်ပြုမယ်လို့ ယူဆပြီး အသက်စွန့်ကာ ပြန်လည်ခုခံ တိုက်ခိုက်တတ်ကြပါတယ်။ သဘာဝအရင်းအမြစ်တွေ နည်းပါးလာတာ၊ ငါးဖမ်းဆီးမှု များပြားလာတာကြောင့် မိကျောင်းတွေ အတွက် သဘာဝအစာ ရှားပါးလာတဲ့အခါ သူတို့ဟာ အစာရှာဖွေရင်း လူတွေနေထိုင်ရာ အရပ်တွေ အထိ ရောက်ရှိလာတတ်ပါတယ်။ ရေထုညစ်ညမ်းမှုနဲ့ ဂေဟစနစ် ပျက်စီးမှုတွေကလည်း သူတို့ရဲ့ အပြုအမူကို ပိုမိုကြမ်းတမ်းလာစေပါတယ်။

မိကျောင်းတွေဟာ လူကို မုန်းတီးလို့ ရန်မူတာထက် သူတို့ရဲ့ ရှင်သန်မှုဗီဇ (Survival Instinct)၊ နယ်မြေကာကွယ်လိုစိတ် နဲ့ ဝမ်းဟာမှုကို ဖြည့်ဆည်းလိုစိတ် စတဲ့ သဘာဝတရားတွေကြောင့်သာ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မိကျောင်းရှိနိုင်တဲ့ ရေပြင်ဒေသတွေမှာ သတိထား သွားလာဖို့က အလွန်အရေးကြီးပါတယ်။

စက်လှေအကြီးကြီးတွေဆိုရင်တော့ “ငါ့ထက်ကြီးတယ်” ဆိုပြီး မိကျောင်း တွေကခပ်တည်တည်ပဲ လွှတ်ထားပေးတတ်ပေမယ့် လှေငယ်လေးတွေ၊ ကနူးလှေလေးတွေဆိုရင်တော့ သူတို့အတွက်တော့ လှေနံဘေးကို အမြှီးနဲ့ လှမ်းရိုက်ပြီး “ဟေ့လူ… ရေထဲဆင်းခဲ့ပါဦး” လို့ ဖိတ်ခေါ်တတ်ကြတာမို့ ဒေသခံတွေဟာ လှေလှော်ရင်းနဲ့ “အိုလံပစ် အမြန်နှုန်း” တွေကို အလိုလိုရရှိသွားကြပါတယ်။

ဒီကျွန်းမှာ နာမည်ကျော် လူမိုက်ကြီးတစ်ကောင်ရှိတယ်၊ သူ့ကို နှာခေါင်းဖြူ (White Nose) လို့ ခေါ်ကြပါတယ်။ သူကတော့ ဒေသခံတွေကြားထဲမှာ နာမည်အကြီးဆုံးနဲ့ အကြီးဆုံး မိကျောင်းကြီးပေါ့။ ဧည့်သည်တွေကတော့ သူ့ကိုမြင်ရင် “ဝိုး… လှလိုက်တာ” လို့ ပြောပေမယ့် ဒေသခံတွေကတော့ သူ့ကိုမြင်ရင် “သွားပြီ… ငါ့နွားလေးတော့ ပါပြီ” ဆိုပြီး မျက်ရည်စက်လက်နဲ့ နောက်ဆုတ်ကြရတာပါ။

ဒီဘက်က ရွာသားတွေအတွက် ရေချိုးတယ်ဆိုတာ စွန့်စားခန်းတစ်ခုပါပဲ။ ရေထဲကို ဇွပ်ခနဲ ဆင်းလိုက် တာနဲ့ မိကျောင်းက “ဟော… အဆာပြေ စားစရာလေး လာပြီ” ဆိုပြီး ကြိုဆိုဖို့ အသင့်ပါပဲ။ ဒါကြောင့် ဒေသခံတွေဟာ ရေချိုးရင်တောင် “တစ်ခွက်လောင်း၊ ဘေးတစ်ချက်ကြည့်” ဆိုတဲ့ နည်းဗျူဟာကို သုံးကြရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီကမိကျောင်းတွေဟာ လူ့အသားက ဘယ်လို အရသာရှိလဲဆိုတာကို ကောင်းကောင်းကြီး သိနေကြတဲ့ “Gourmet” မိကျောင်းတွေ ဖြစ်နေ တတ်ပါတယ်။ တစ်ခါတစ်လေမှာ သူတို့က ရေထဲမှာတင်မကဘဲ ကုန်းပေါ်ထိတက်ပြီး “ဧည့်ခံပွဲ” လာရှာတတ်တာမို့ ညဘက်ဆိုရင် အိမ်တံခါးကို မိကျောင်းမဝင်အောင် သေချာပိတ်ပြီး အိပ်ကြ ရပါတယ်။ မိန်းမလှကျွန်းကို သွားလည်မယ်ဆိုရင်တော့ မိကျောင်း တွေကို အဝေးကပဲ ကြည့်ဖို့ အကြံပြုပါရစေ။

တောအုပ်ကြီးရဲ့ အမှာအကြား

တောအုပ်ကြီး ဘိုးရွှေ ပြောပြတာကတော့ မိကျောင်းဆိုတာ ရေထဲမှာတင် ဟုတ်တာမဟုတ်ဘူး၊ ကုန်းပေါ်မှာလည်း ‘စပရင်’ ပါသလို ခုန်နိုင်တာဗျ။ ညဘက်နဲ့ ဒီရေတက်ချိန်ဆို ချောင်းနား မကပ်ကြနဲ့လို့ သူက သတိပေးတယ်။

ဖြေရှင်းချက်က ဘာလဲ။ ချောင်းရေကို မိကျောင်းနဲ့ လုမသုံးတော့ဘဲ အဝီစိတွင်းနဲ့ မိုးရေလှောင်ကန် တွေကိုပဲ သုံးကြဖို့ သူက နှိုးဆော်တယ်။ “နောက်ပြီး ချောင်းထဲမှာ ငါးတွေကို အကုန်အစင် မဖမ်းကြနဲ့ဦး။ မိကျောင်းလည်း သူ့စားကျက်ထဲမှာ စားစရာရှိမှ လူနား မလာမှာ။ အစားအစာ ကွင်းဆက် ဆိုတာ ဒါပဲ။”

ညဘက်သွားရင် အဖော်နဲ့ သွားမယ်၊ ဓာတ်မီးဆောင်မယ်။ မိကျောင်းကာ ခြံစည်းရိုးကို အသေအချာ သုံးပါ။ ညဘက်နဲ့ ဒီရေတက်ချိန်မှာ ချောင်းနား မသွားပါနဲ့။ ချောင်းရေအစား အဝီစိတွင်းနဲ့ မိုးရေကို သုံးပါ။ အန္တရာယ်ရှိတဲ့ မိကျောင်းတွေ့ရင် တောအုပ်ရုံးကို ချက်ချင်း အကြောင်းကြားပါ… လို့ တောအုပ်ကြီး ဘိုးရွှေက ပြောပြပါတယ်။

မိန်းမလှကျွန်းအနီး အမဲချောင်းအတွင်း လူငယ်တစ်ဦး မိကျောင်းကိုက်ခံရကာ သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ဒေသခံများအနေဖြင့် ဧပြီလမှ သြဂုတ်လအတွင်း မိကျောင်းများ သားပေါက်ချိန်ဖြစ်၍ အထူးသတိထားရန် သူက သတိပေးနှိုးဆော်လိုက်ပါတယ်။

တိုတိုထွာထွာ မှတ်စရာ (၁၉)

အဆုတ်ကင်ဆာက ဆေးလိပ်ကို ကျော်ပြီး အသီးပေါ် ခုန်တက်တဲ့အခါ

credit: Author

ရွာဦးကျောင်းဇရပ်ကလေးမှာ လေပြည်လေညင်း တဖြူးဖြူး တိုက်ခတ်နေချိန်မှာ ရွာသားတွေရဲ့ လက်ဖက်ရည်ကြမ်းဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှပါတယ်။ ဒီနေ့ ဆွေးနွေးကြတဲ့ စကားဝိုင်း ခေါင်းစဉ်ကတော့ ထူးထူးခြားခြား ကျန်းမာရေး ပညာပေး “အသီးအနှံနဲ့ အဆုတ်ကင်ဆာ” အကြောင်းပါ။

ကျန်းမာရေးမှူး ကိုထွန်းက သူဖတ်လိုက်ရတဲ့ ကမ္ဘာ့သတင်းဆန်းကြီးကို ရွာသားတွေကို ရှင်းပြဖို့ ဟန်ပြင်လိုက်ပါတယ်။ ကိုထွန်းက … “ကျုပ်တို့ တစ်သက်လုံး မှတ်လာတဲ့ အသီးအနှံစားရင် ကျန်းမာတယ်ဆိုတဲ့ မူကြီးကတော့ဖြင့် ဗြောင်းပြန်လှန်သွားပြီဗျို့” လို့ အသံပြုလိုက်တာနဲ့ စိုက်ပျိုးရေးသမား ဦးမြက မျက်လုံးပြူးသွားပါတယ်။ “ဟေ… ဘယ်လိုလဲ ဆရာထွန်းရဲ့၊ ကျုပ်တို့ကတော့ ကန်စွန်းရွက်နဲ့ ငါးပိရည်၊ သခွားသီး လေးနဲ့ မြှုပ်နေတာပဲ” လို့ စိုးရိမ်တကြီး မေးရှာပါတယ်။

ကိုထွန်းက အမေရိကန်က သုတေသနအသစ်အကြောင်းကို အေးအေးဆေးဆေး ရှင်းပြပါတယ်။ ဆေးလိပ်လည်းမသောက်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီးအနှံတွေ ရွေးစားတဲ့ အသက် ၅၀ အောက် လူငယ်တွေမှာ အဆုတ်ကင်ဆာတွေ ဖြစ်နေကြတယ် ဆိုတဲ့အကြောင်းပေါ့။ ဒါကိုကြားတော့ ရွာ့လူငယ် မောင်ပိန်က “ဆေးလိပ်မသောက်ဘဲနဲ့ အဆုတ်ကင်ဆာက ဘယ်လိုဖြစ်တာလဲ” လို့ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။

“တရားခံက အသီး နဲ့ အသီးအရွက်မဟုတ်ဘူး မောင်ပိန်ရေ… သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက် ပေါ်က ‘ပိုးသတ်ဆေး’ ဗျ” လို့ ကိုထွန်းက ဆိုလိုက်မှ ဝိုင်းထဲကလူတွေ အံ့သြကုန်ကြပါတယ်။ ဒေါက်တာ ဂျော့ခ်ျနီဗာရဲ့ လေ့လာချက်အရ အသီးအနှံတွေ၊ အစေ့အဆန်တွေမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေက အသားနဲ့ နို့ထွက်ပစ္စည်းတွေထက်တောင် ပိုပါနေနိုင်တာကိုးလို့ ဆိုတယ်။

ဦးမြကတော့ လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်ရင်း သူ့အမှားကို သူပြန်မြင်ယောင်နေပါတယ်။ “ဟုတ်မှာပဲ ဆရာရယ်၊ ကျုပ်တို့လည်း ဆေးဖျန်းရင် နှာခေါင်းစည်းလည်း မတပ်၊ လေညာကနေ ဖျန်းတော့ ကိုယ့်ဆီ အကုန်ပြန်လှည့်နေတာ” လို့ ညည်းတွားရှာပါတယ်။ အထူးသဖြင့် ဆေးလိပ် မသောက်တဲ့ အမျိုးသမီးတွေမှာတောင် ဒီရောဂါဖြစ်နှုန်း မြင့်လာတယ်ဆိုတာက ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။

မောင်ပိန်ကတော့ အသီး နဲ့ ဟင်းသီးဟင်းရွက်မစားရတော့မှာ ကြောက်နေပုံရပါတယ်။ ဒါကို ကိုထွန်းက ရယ်ရင်းမောရင်း ချော့မော့ ပြောရပါတယ်။ “အသီးမစားနဲ့လို့ ပြောတာမဟုတ်ပါဘူးကွာ၊ မစားခင် စင်ကြယ်အောင် ဆေးကြောဖို့နဲ့ ဖြစ်နိုင်ရင် ဓာတုဆေးမပါတဲ့ ‘အော်ဂင်နစ်’ တွေ စားဖို့ ပြောတာပါ” တဲ့။ ဒါပေမဲ့ ဦးမြကတော့ အော်ဂင်နစ်က ဈေးကြီးကြောင်း ညည်းတွားရင်း “ကျုပ်တို့ကတော့ ကိုယ့်ခြံထွက်လေး ကိုယ်စားတာပဲ စိတ်အချရဆုံးပါပဲ” လို့ နိဂုံးချုပ်လိုက်ပါတယ်။

ဒီသုတေသနက ဆက်စပ်မှုကို ရှာတွေ့တာပဲရှိသေးပြီး အခိုင်အမာ သက်သေပြဖို့ လိုသေးတယ်ဆိုပေမယ့် ရွာသားတွေအတွက်တော့ သင်ခန်းစာတစ်ခု ရသွားခဲ့ပါပြီ။ ဇရပ်ပေါ်က စကားဝိုင်းသိမ်းတော့ ဦးမြက မောင်ပိန်ကို အပြေးအလွှား အမိန့်ပေးလိုက်ပါတယ်။ “ကဲ… မောင်ပိန်၊ မင်းလည်း ပိုးသတ်ဆေးဗူးတွေ သွားသိမ်းတော့၊ ပြီးရင် လက်ကို ဆပ်ပြာနဲ့ အခါ ၂၀ လောက် ပွတ် ဆေးပေတော့ဟေ့!” တဲ့။

ရွာကလေးရဲ့ ကျောင်းဇရပ်ပေါ်မှာတော့ အသီးအနှံတွေကို အရင်ကထက် ပိုစင်အောင်ဆေးကြောဖို့ သတိထားမိသွားကြတဲ့ ရွာသားတွေရဲ့ စကားသံတွေ ပဲ့တင်ထပ် ကျန်ရစ်ခဲ့ပါတော့တယ်။

ပိုးသတ်ဆေး…. ပိုးသတ်ဆေး…
တရားခံသူပေါ့… သတိထားကြနော်…
မတ်စ် (Mask) တပ်ကြနော်…
လက်ကို စင်အောင် ဆေးကြနော်….

Source: Fox News Digital

Headline: Healthy diets spark lung cancer risk in non-smokers as pesticides loom

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *