The Corner

The Corner

cropped-Logo_round_grey-background.png

အဆင်မပြေတဲ့ သူတို့အတွဲ

Share မယ်

အပြန်အလှန် ခြိမ်းခြောက်ခံနေရတယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနေရာကို ယူထားလို့မရနိုင်ပါဘူး

တစ်ခါတစ်ခါ ပြောခဲ့ကြတယ် အထူးသဖြင့်ကတော့ သမ္မတ ထရမ့် ပေါ့။ အမေရိကနဲ့ တရုတ်ဟာ အခုအချိန်မှာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်နေပြီ ကမ္ဘာကို ဦးဆောင်နေတဲ့ စုံတွဲ ဆူပါပါဝါ နိုင်ငံတွေပဲဆိုတဲ့စကားပါ။ အဲဒါ အင်မတန်ညံ့တဲ့ စိတ်ပျက်စရာ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ တစ်ဦးသောခေါင်းဆောင်က သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို အလွယ်တကူလှည့်စားနိုင်တဲ့သူ အသုံးချခံရုပ်သေးရုပ်လို သဘောထားပြီးဆက်ဆံတယ်။ ဒါ့ပြင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုခဲ့တဲ့ အဖွဲ့အစည်းတွေကို တစ်စစီပြိုကွဲသွားအောင် ဖျက်ဆီးပစ်နေတယ်။ တခြားနိုင်ငံကြီးတစ်ခုကလည်း သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးနေပြီး သူကိုယ်တိုင် တင်းမာမှုလျှော့သွားအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက ပဋိပက္ခတွေကို ဖြေရှင်းပေးတာမရှိဘဲ ပိုပြီးဆိုးဝါးလာအောင် ဖန်တီးနေတယ်။

ပိုဆိုးတာက ဒီနှစ်နိုင်ငံဟာ နည်းပညာနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းလို့ နှစ်နိုင်ငံအပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့ပြီးငြိနေတာကို လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေအဖြစ် သဘောထားပြီး ပြုမူဆောင်ရွက်နေကြတာပဲဖြစ်တယ်။ အမေရိကန်သမ္မတ ထရမ့် ချစ်ကြည်ရေးခရီး သွားရောက်တဲ့အခါ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ကြီး ရှီကျင့်ဖျင်နဲ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ ဒီလိုတွေ့ဆုံတာဟာ ၂၀၂၆ ခုနှစ်မကုန်ဆုံးမီ ပြုလုပ်မဲ့ မျှော်မှန်းထားတဲ့ တွေ့ဆုံမှုလေးခုထဲက ပထမဆုံးတွေ့ဆုံမှုပဲဖြစ်တယ်။

credit: CSR Journal

ဒီတွေ့ဆုံပွဲဟာ အရင်းအနှီး ကြီးပြီး အမှားမခံဘဲ ရလဒ်က အတော်ကိုအရေးကြီးတဲ့ တွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။ လာမယ့် ခြောက်လတာ ကာလဟာ နှစ်ပေါင်းများစွာကာလ တာရှည်ကြာမယ့် နှစ်နိုင်ငံဆက်ဆံရေးတွေကို ပုံဖော်ပေးမှာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုရဲ့ အကျိုးဆက်တွေဟာဆိုရင် ဉာဏ်ရည်တု (AI) ကနေ ထောက်ပံ့ရေးကွင်းဆက်တွေအထိ ထိုင်ဝမ်အရေးမှသည် အီရန်အရေးအထိ အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

နှစ်နိုင်ငံအစိုးရအဖွဲ့တွေရဲ့ တင်းမာနေမှုတွေဟာ နက်နဲလွန်းတာမို့ ကြီးမားထူးခြားတဲ့ အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ထားရင်တော့ အတော်ကို ရိုးလွန်းရာကျပါလိမ့်မယ်။ မစ္စတာ ထရမ့် နဲ့ မစ္စတာရှီမှာ ကျွမ်းကျင်မှုနဲ့ နှိမ့်ချမှု ပိုပြီးရှိရင်တော့ ဒီခေါင်းဆောင်နှစ်ဦးဟာ ကမ္ဘာမှာ အန္တရာယ်အရှိဆုံး ပဋိပက္ခတွေကို ဟန့်တားနိုင်မှာဖြစ်ပြီး ကမ္ဘာ့ပြည်သူတိုင်းရဲ့ အကျိုးစီးပွားအတွက် အတူတကွ လက်တွဲဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

မစ္စတာ ထရမ့် အပေါ်မှာ အခုလောက်အထိ တည်မှီနေတာကိုက စိုးရိမ်စရာဖြစ်ပြီး သူက မစ္စတာရှီကို ချစ်ခင်လေးစားအပ်တဲ့ မိတ်ဆွေကြီးအဖြစ် ခေါ်နေရာကနေ ရုတ်တရက်ပြောင်းလဲပြီး ရန်သူတစ်ဦးလို့ ခေါ်ပြန်ရော။ အတော်ကို မတည်မငြိမ်ဖြစ်တယ်။ မစ္စတာရှီကတော့ အမြင်တွေက ပိုပြီးတည်ငြိမ်တယ်။ သူ့ရဲ့ကိုယ်ပိုင်ပြဿနာတစ်ခုက အမေရိကဟာ ကျဆင်းနေပြီး ကမ္ဘာကြီးဟာ အောင်မြင်တိုးတက်ထွန်းကားလာနေတဲ့ တရုတ်နိုင်ငံဘက်ကို ဦးတည်အလေးထားသင့်တယ်လို့ သူက စွဲစွဲမြဲမြဲ ယုံကြည်နေတဲ့အချက်ပါပဲ။

ပေကျင်းဆွေးနွေးပွဲဟာ ကုန်သွယ်ရေးကိစ္စတွေအပေါ် အထူးအာရုံစိုက်ပါလိမ့်မယ်။ ဒီနှစ်နိုင်ငံဟာ ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် ပြေလည်ပြီးပျောက်သွားလိုက် တော်တော်ကြာအဆင်မပြေဖြစ်ပြီး ပြန်ပေါ်လာလိုက်ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ပိတ်မိနေခဲ့ကြတယ်။ ၂၀၂၅ ခုနှစ်ဆန်းမှာ သူတို့နှစ်နိုင်ငံဟာ တစ်ဖက်နဲ့တစ်ဖက် အကောက်ခွန်တွေကို ၁၀၀ ရာခိုင်နှုန်းထက်ကို ကျော်လွန်ပြီး တိုးမြှင့် ကောက်ခံ လိုက်တာကြောင့် ရှောင်လွဲလို့မရတော့ဘဲ ကုန်သွယ်ဆက်ဆံမှု အကြီးအကျယ်ကို ပျက်စီးယိုယွင်းသွားခဲ့ပုံပေါ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်နိုင်ငံဟာ စစ်ပြေငြိမ်းမှုတစ်ခုလို့ တချို့က ခေါ်ကြတဲ့အတိုင်း အကောက်ခွန်တွေကို လျှော့ချခဲ့ကြတယ်။ ဒါပေမဲ့ တကယ့် အဖြစ်မှန်ကတော့ အပြန်အလှန် ခံနိုင်ရည်အားလျော့နည်းသွားတာကြောင့် ပေါ်လာတဲ့ လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်ပါပဲ။

တရုတ်ပြည်ဟာ မြေရှားသတ္တုတွေ ရောင်းချနေတာကို ပိတ်ပင်လိုက်တဲ့နည်းလမ်းနဲ့ တစ်ကမ္ဘာလုံးက စက်မှုလုပ်ငန်းတွေ အကျပ်အတည်း ကြုံသွားအောင် လည်ပင်းညှစ်သလို လုပ်လိုက်နိုင်တယ်။ အမေရိကန်နိုင်ငံကတော့ အဆင့်မြင့်နည်းပညာသုံးပြီး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ငွေကြေးစီးဆင်းမှုတွေအပေါ်မှာ ပိတ်ဆို့အရေးယူတာတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ပြီး အောင်ပွဲခံ အနိုင်ယူနိုင်တယ်။

ဒီလိပ်ခဲတည်းလည်း အခြေအနေကတော့ မတည်ငြိမ်ပါဘူး။ မြေရှားသတ္တုတွေ တရုတ်က ချုပ်ကိုင်ထားတာကို ချိုးဖောက်ဖျက်ဆီးနိုင်အောင် အမေရိကက အံတုဖက်ပြိုင်နေတာမို့ တရုတ်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်တာကို ကျောထောက်နောက်ခံပြု အားပေးနေပြီး သူ့နိုင်ငံကိုလည်း ဒေါ်လာငွေကြေးနယ်ပယ်ကနေ ကင်းလွတ်အောင် သူ့ဘာသာသူ ကြိုးပမ်းနေတယ်။ အခုဆိုရင် ထိပ်သီးဆွေးနွေးပွဲက ထွက်ပေါ်လာမယ့် ရလဒ်ကောင်းတွေက မူဝါဒတွေမှာ တည်ငြိမ်ပြီး ခန့်မှန်းရလွယ်ကူစေဖို့ အလားအလာကောင်းတွေ ရှိလာနိုင်တယ်။ အကောက်ခွန်တွေအပေါ် မစ္စတာ ထရမ့် ရဲ့ လွဲမှားတဲ့ ယုံကြည်ချက်ကြောင့် အခွန်နှုန်းထားတွေကို သိသိသာသာ လျှော့ချဖို့ဆိုတာ လက်တွေ့မကျလှပေမဲ့ အနည်းဆုံးတော့ လက်ရှိအဆင့်မှာ ထိန်းထားနိုင်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ဆက်ပြီးတော့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေကတော့ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို စီမံခန့်ခွဲဖို့အတွက် ကုန်သွယ်ရေးဘုတ်အဖွဲ့ (Board of Trade) တစ်ခုကို လိုလားနေကြတယ်။ ဒီလိုဆောင်ရွက်တာဟာ ကိုင်တွယ်ရခက်ခဲပြီး အမေရိကန်ရဲ့ စက်မှုကဏ္ဍကို ပြန်လည်ဦးမော့လာဖို့အတွက် အကျိုးသက်ရောက်မှုကတော့ နည်းနည်းပါးပါးပဲ ရှိပါလိမ့်မယ်။ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နိုင်တဲ့ ယန္တရားတစ်ခုကသာ ပိုပြီးတော့ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။

အတွက်လွဲတာကတော့ ထင်သာမြင်သာတဲ့ အန္တရာယ်တစ်ခုပါပဲ။ အမေရိကန်ကုန်သွယ်ရေးအရာရှိတွေဟာ တရုတ်ပြည်မှာ စက်မှု ကုန်ထုတ်လုပ်ငန်းတွေ စွမ်းဆောင်ရည်ထက် တရားလွန်ပိုပြီး ထုတ်နေရတာနဲ့ အဓမ္မခိုင်းစေခံထားရတဲ့ အလုပ်သမားတွေအကြောင်းကို စုံစမ်းလေ့လာနေတယ်။ အဲဒီအချက်က လအနည်းငယ်အတွင်းမှာ အကောက်ခွန်တွေ တိုးမြှင့်ချမှတ် ပြဌာန်းဖို့ ဆင်ခြေတစ်ခုဖြစ်နိုင်တယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာကို လိုက်နာနေတဲ့ ကုမ္ပဏီတွေကို ငွေရေးကြေးရေးအရ ပြစ်ဒဏ်ချမှတ်အရေးယူဖို့ ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်တဲ့ “ပိတ်ဆို့တားဆီးတဲ့အစီအမံ” တွေကို မေလ ၂ ရက်နေ့မှာ တရုတ်က ချမှတ်ခဲ့တယ်။ ဒါ့ပြင် တရုတ်က ကုန်ပစ္စည်း ရောင်းချဖြန့်ဖြူး တဲ့ ကွင်းဆက်တွေကို တခြားနိုင်ငံတွေဆီ ပြောင်းရွှေ့တဲ့ ကုမ္ပဏီတွေကိုလည်း အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အဲဒီအချက်က အမေရိကရဲ့ တိုက်တွန်းချက်ကို တိတိကျကျ ဆန့်ကျင်တိုက်ခိုက်တာပဲဖြစ်တယ်။ ဒီလိုနည်းနဲ့ တရုတ်အစိုးရဟာ ဥပဒေထက် အာဏာအင်အားအပေါ် အခြေခံတဲ့ လိုက်နာမှုစမ်းသပ်ချက်တစ်ရပ်ကို ဖန်တီးနေသလိုဖြစ်တယ်။ ကမ္ဘာအနှံ့ လုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီကြီးတွေက အလုပ်အမှုဆောင်အရာရှိကြီးတွေဟာ ဘယ်အစိုးရကို ပိုပြီးကြောက်ရမှာလဲဆိုတာကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

အမေရိကန်က စေ့စပ်ညှိနှိုင်းရေးအရာရှိကြီးတွေဟာ ထိပ်သီးဆွေးနွေးပွဲကို လုံခြုံရေးထက် ကုန်သွယ်ရေးကိစ္စကို အဓိကအာရုံစိုက်ဖို့ကို အစပျိုးပြီး ဆက်လက်ဆောင်ရွက်နေကြတယ်။ ဒါပေမဲ့ တရုတ်ကတော့ အမေရိကန်သမ္မတရဲ့ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့အချက်ကို အခွင့်အလမ်းတစ်ခုအဖြစ် ရိပ်စားမိတယ်။ သူတို့မှန်နိုင်ဖွယ်ရှိတယ်။ တရုတ်အကြံပေးအရာရှိတွေဟာ မစ္စတာရှီနဲ့ အယူအဆမတူဘဲ ဝိရောဓိဖြစ်မှာကို စိုးရိမ်ကြတဲ့အလျောက် အိမ်ဖြူတော်အရာရှိတွေကလည်း ထိုင်ဝမ်အရေးအပါအဝင် တရုတ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ အားလုံးမှာ မစ္စတာ ထရမ့် ရဲ့ သဘောထားအတိုင်း ခေါင်းညိတ်ကြရတာပါပဲ။

credit: Nikkei Asia

အဲဒီအခြေအနေကြောင့် မစ္စတာ ထရမ့် က သဘောထားပျော့ပျောင်းတဲ့ဘက်ကိုသွားပြီး တင်းမာမှုတွေကို လျှော့ချနိုင်မယ်လို့ ယူဆနိုင်ဖွယ်ရှိတယ်။ တရုတ်အရာရှိတွေကတော့ ထရမ့် ဟာ ထိုင်ဝမ်ကျွန်းအရေးမှာ ပိုပြီးအလျှော့ပေးလေ တရုတ်အရာရှိတွေက ကုန်သွယ်ရေးဘက်မှာ ပိုပြီးအလျှော့ပေးလေ ဖြစ်လိမ့်မယ်လို့ အရိပ်အမြွက် ဖော်ညွှန်းပြောကြားကြတယ်။ ထရမ့် ဟာ ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချတာတွေ ဖြတ်တောက်ဖို့ ဒါမှမဟုတ် ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ပြောကြားဖို့ကို မျှော်လင့်နေကြတယ်။ ဒီလိုစည်းရုံးမှုတွေကို မဆောင်ရွက်သင့်ပါဘူး။ ဒီမိုကရေစီမိတ်ဖက်နိုင်ငံတစ်နိုင်ငံကို သစ္စာဖောက်လိုက်တာဟာ မှားယွင်းရာရောက်သလို ကမ္ဘာ့မရှိမဖြစ်လိုအပ်တဲ့ ချစ်ပ်ပြားထုတ်နေတဲ့နေရာ (ထိုင်ဝမ်ကျွန်း) အန္တရာယ်ဖြစ်စေတာဟာလည်း ဆင်ခြင်တုံတရားမဲ့ရာရောက်ပါလိမ့်မယ်။ ဒါ့ပြင် လက်ရှိစီစဉ်ထားတဲ့ လုပ်ငန်းတွေအရ မစ္စတာရှီက ဘယ်တုန်းကမှ ဝန်မခံတဲ့တိုင် ထိုင်ဝမ်ကျွန်းဟာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားတယ် တရုတ်က ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ဩဇာညောင်းလာနေတယ် အာရှရဲ့ အငြိမ်းချမ်းဆုံးနေရာပဲဆိုတာကို ဖော်ပြနေတယ်။

ဒါ့ပြင် တစ်ကမ္ဘာလုံးဟာ ရတက်မအေးစရာ တခြားလုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ အမေရိကအတွက်ကတော့ အီရန်နိုင်ငံကို တိုက်ခိုက်တာဟာ မဟာဗျူဟာအရ အမှားတစ်ရပ်ဖြစ်ခဲ့တယ်။ တရုတ်ကတော့ အမေရိကန်ဟာ သူစိုက်ပျိုးတာကိုပဲ သူရိတ်သိမ်းရမယ်ဆိုပြီး ကျေနပ်နေခဲ့တယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ သံတမန်ရေးနည်းလမ်းအရ စတင်ပြီးတော့ လှုပ်ရှားလာခဲ့ပြီဖြစ်တယ်။ အခုရက်သတ္တပတ်ထဲမှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အီရန်အစိုးရကို တွေ့ဆုံညှိနှိုင်းဖို့ ဖိအားပေးပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း လုံခြုံရေးအာမခံချက်တွေပေးဖို့ ကမ်းလှမ်းချက်တွေနဲ့အတူ သူ့ရဲ့နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ ဆွယ်တရားဟောပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဆိုင်ရာ မတို့မထိရဲတဲ့ အခြေအနေတွေကြောင့် တွန့်ဆုတ်နေမှာပါ။ ပြီးတော့လည်း တရုတ်နိုင်ငံဟာ ဘယ်လိုပဲ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ အသာစီးရနေတယ်လို့ ယူဆနိုင်ပါစေ ရုရှားဆီက သဘာဝဓာတ်ငွေ့ကို ဝယ်ယူတာနဲ့ စစ်ဘက်ရော အရပ်ဘက်ပါ အသုံးပြုနိုင်တဲ့ နည်းပညာတွေကို ရောင်းချပေးနေတာတွေကတစ်ဆင့် ဗလာဒီမာပူတင်ကို ယူကရိန်းမှာ စစ်တိုက်နိုင်အောင် ကူညီပေးနေတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို အားပျော့သွားစေပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် ရုရှားနိုင်ငံအပေါ် ဩဇာညောင်းအောင် သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်းဖို့နေနေသာသာ အခုထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစ္စပါဝင်လာဖို့တောင် ခဲယဉ်းပါလိမ့်မယ်။

နှစ်ဖက်စလုံးက အကြံပေးအရာရှိတွေ တိုက်တွန်းတာကတော့ ထရမ့် အစိုးရလွန်ခေတ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည် ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ ရလဒ်ကောင်းထွက်ဖို့တော့ လိုအပ်တယ်ဆိုတာပါပဲ။ အဲဒီအစား အမေရိကန်နဲ့ တရုတ်ကို စားပွဲဝိုင်းမှာ ဆက်လက်ဆွေးနွေးစေနိုင်ဖို့ တစ်ခုတည်းသောအချက်က တစ်ဖက်နဲ့တစ်ဖက် ဒုက္ခပေးပြီး ပျက်စီးစေနိုင်တဲ့ စီးပွားရေး ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေကို စိုးရိမ်စေတဲ့ အချက်ပါပဲ။ ဒီထိပ်သီးနှစ်နိုင်ငံအုပ်စုဟာ ကမ္ဘာကြီးကို ဦးဆောင်လမ်းညွန်နေတာထက် ကမ္ဘာကြီးကို ဓားစာခံ လုပ်ပြီး ခြိမ်းခြောက်နေသလိုမျိုး ဖြစ်နေတယ်လို့ သုံးသပ်မိတဲ့အကြောင်း အီကောနောမစ်ဆောင်ပါးရှင် ရေးထားတာကို တင်ပြလိုက်ရပါတယ်။

ရည်ညွှန်း – The Economist (May 9 to 15, 2026)

Click to rate this post!
[Total: 2 Average: 3.5]

Leave a Comment

Your email address will not be published. Required fields are marked *