The Corner

The Corner

cropped-Logo_round_grey-background.png

လင်းယုန်နေရာ နဂါး မလာ

Share မယ်

၂၀၂၆ မေလထုတ် The Economist Magazine ပါ The gutting of USAID has left a void China will not fill ကို ပြန်ဆိုသည်။

အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကူအညီအပေးဖို့ ရည်ရွယ်ချက်နဲ့ “ပြည်ကြီးခင်” ဆိုတဲ့ အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ မြန်မာပြည်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၂၅ခုနှစ် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက် ဖြတ်တောက်မှုခံရအပြီး တစ်လအတွင်းမှာ ပြည်ကြီးခင်ဟာ အဖွဲ့ရဲ့ သက်တမ်းအကြာဆုံး ဝန်ထမ်း ၁၄ ယောက်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့တွေဟာ HIV ဝေဒနာရှင်များနဲ့ နှစ်ပေါင်းများစွာလက်တွဲခဲ့ပြီး ဝေဒနာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသူတွေပါ။ မကြာခင်မှာဘဲ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်လိုက်တဲ့အခါ အအေးပေး စနစ်တွေ အားလုံးထိခိုက်သွားပြီး လူ့အသက်ကယ် ဆေးတွေ အပူဒဏ်ကြောင့် အကုန်ပျက်စီးသွားတာကို သူတို့မှာ ထိုင်ကြည့်နေရတာပါ။ စီမံချက် ခေါင်းဆောင် တစ်ယောက်က “နှစ်ပေါင်းနှစ်ဆယ်လောက် ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် လုပ်ထားတာတွေ တစ်နှစ်တည်းနဲ့ ကုန်သွားတယ်” လို့ပြောပါတယ်။ အဖွဲ့ရန်ပုံငွေ ၈၀% ဖြတ်တောက်ခံခဲ့ ရပြီး အစားထိုးရန်ပုံငွေလည်း ရှာမရခဲ့ပါဘူး။

USAID ဖျက်သိမ်းလိုက်ချိန်မှာ တရုတ်က နေရာဝင်ယူလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ငလျင် ဘေးကြုံတွေ့ရတဲ့မြန်မာကို ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ပေးပြီး အမေရိကန် ဒေါ်လာ ၁၄၂သန်း ကူညီမယ်လို့ တရုတ်က ကတိပြုခဲ့ပါတယ်။ အရင် အခြေအနေမှာဆိုရင် အမေရိကန်က ပေးမယ့် အကူ အညီမျိုးပေါ့။ တရုတ်ရဲ့ ဖွံ့ဖြိုးရေးဘဏ္ဍာငွေက ပျောက်ဆုံးသွားတဲ့ ရန်ပုံငွေနေရာကို အစားထိုးနိုင်မယ် ဆိုတဲ့ အယူအဆဟာ ဘာတွေပျောက်သွားသလဲဆိုတာရော၊ တရုတ်က ဘာပေးနိုင်မယ်ဆိုတာရော ဆိုတဲ့အပေါ်မှာ နားလည်မှုတွေလွဲသွားပါတယ်။

၂၀၂၄ခုနှစ် တရုတ်ရဲ့ နိုင်ငံတကာအကူအညီပေးရေး ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဆိုတာ ထရမ့် သမ္မတမဖြစ်ခင်က USAID ရဲ့ ရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလျံနဲ့ယှဉ်ကြည့်ရင် အစွန်းထွက်ပဲ ရှိပါတယ်။ သုတေသနအဖွဲ့တွေရဲ့ ဆန်းစစ်ချက်တွေအရ ၈၅% သော တရုတ် အကူအညီပေး ရန်ပုံငွေတွေဟာ ချေးငွေအဖြစ်ပေးတာပါ။ အကူအညီပေးတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အစိုးရအချင်းချင်းအကူအညီ ပေးတဲ့ ODA က ၂၀၂၃ခုနှစ် တကမ္ဘာလုံးကို ပေးတဲ့ ရန်ပုံငွေတွေရဲ့ ၁.၃% ပဲရှိပါတယ်။ လှူတာ တစ် ဒေါ်လာဆိုရင်  ချေးတာက ၃၅ ဒေါ်လာပါ။ USAID ရန်ပုံငွေ မဖြတ်ခင်မှာရော၊ ဖြတ်ပြီးမှာရော တရုတ် ရဲ့ မူဝါဒက အတူတူပါ။ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အကျိုးအမြတ်အတွက်ပါပဲ။

AidData သုတေသနအဖွဲ့ရဲ့ အဆိုအရ ၂၀၁၄ နဲ့ ၂၀၂၂ အတွင်း အမေရိကန်ရဲ့ အကူအညီ ၆၃% ဟာ စီမံအုပ်ချုပ်မှု၊ ကျန်းမာရေးနဲ့ လူမှုကရုဏာ ကဏ္ဍတွေဆီကို စီးဆင်းသွားတယ်လို့ သိရပါတယ်။ ဒီအကူ အညီတွေဟာ တရုတ်ဩဇာလွှမ်းမိုးတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်းစုံက လူမှုရေးအသင်းအဖွဲ့တွေ၊ ကျန်းမာရေးဆေးခန်းတွေ၊ သတင်းမီဒီယာ သင်တန်းတွေကို ကူညီပံ့ပိုးခဲ့တာပါ။ တရုတ်ရဲ့ အကူအညီ အများစုကတော့ စီးပွားရေးလုပ်ငန်းတွေ၊ သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ၊ စွမ်းအင် ကဏ္ဍ နဲ့ သယ်ယူပို့ ဆောင်ရေး ကဏ္ဍတွေ ဆီကို သွားတာပါ။ အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား စီမံချက်တွေကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးတွေက ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကုန်သွယ်ရေးအရ အကျိုးအမြတ် ပြန်ရနိုင်မယ့် လုပ်ငန်းတွေကို ကူညီတာပါ။ ဒေါ်နယ်ထရမ့်ကလည်း အခုအလားတူ အကူအညီမျိုးကို စ လုပ်နေပါတယ်။

credit: The Economist

ဒီလိုမတူညီမှုတွေကြောင့် ဆုံးရှုံးမှုတွေကို အစားထိုးဝင်ဖို့ တရုတ်က စိတ်မဝင်စားတဲ့ နိုင်ငံတွေမှာ အများဆုံးတွေ့ရပါ တယ်။ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ရန်ပုံငွေနဲ့ မှီခိုလည်ပတ်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာန‌တွေ အားလုံးပြိုလဲကုန်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အမေရိကန်ရဲ့ ရန်ပုံငွေ အပေါ် ၇၀% အားထားနေရတဲ့ သတင်းဌာနတွေ ဒီနှစ်ထဲမှာ ပိတ်ရမယ်လို့ သတင်းထောက်တွေကို သင်တန်းပေးတဲ့ USAID အထောက်အပံ့ခံ Internews က ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ မြန်မာနိုင်ငံသတင်းတွေဖော်ပြတဲ့ မဲခေါင် သတင်းဌာနဟာ ရန်ပုံငွေ ဖြတ်တောက်ခံရတာကြောင့် သူ့ရဲ့ အမြဲတမ်းဝန်ထမ်း ၁၅‌ဦးထဲက ၁၃ဦးကို ဖြုတ်ပစ်ခဲ့ရပြီး သတင်းနယ်ပယ်ကို လျှော့ချ ပစ်လိုက် ရပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာကို အစိုးရတွေက အစဉ်တစိုက်တိုက်ခိုက်လာခဲ့တဲ့ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ “လွတ်လပ်သော အာရှအသံ” Radio Free Asia ပြိုလဲသွားမှုဟာ အကြီးအကျယ် သက်ရောက်မှုကြီး တစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်က သူ့ရဲ့ မီဒီယာကဏ္ဍ ကို တိုးတိုးတိတ်တိတ် ချဲ့ထွင်လာပါတယ်။ ပစိဖိတ်ကျွန်းစုတွေနဲ့ အရှေ့တောင် အာရှက သတင်းဌာနအသေး လေးတွေကို ပါတနာလုပ်ဘို့ အဆိုပြုတာတွေ လုပ်နေပါတယ်။

ကျန်းမာရေးကဏ္ဍ မှာ ပိုပြီးထိခိုက်ပါတယ်။ HIV ကူးစက်နှုန်းတွေ တိုးလာပါတယ်။ ဆယ်စုနှစ်ပေါင်း များစွာ မိသားစုစီမံကိန်း၊ ငှက်ဖျားတိုက်ဖျက်ရေး၊ HIV၊ အဆုတ်ရောဂါ တိုက်ဖျက်ရေး တို့ကို USAID က အထောက်အပံ့တွေ ပေးလာတာပါ။ တရုတ်ရဲ့ မူဝါဒက ဆန့်ကျင်ဘက်ပါ။ တရုတ်က ပေးတဲ့သူရော၊ ယူတဲ့သူမှာ အကျိုးအမြတ် ရရမယ် ဆိုတဲ့ မူဝါဒပါ။ တရုတ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီဆိုတာ ဆေးရုံဆောက်ဖို့ သက်ဆိုင်ရာအစိုးရကို ငွေချေးတာပါ။ ဒါမှမဟုတ် UN လိုအဖွဲ့ကို ပေးပြီး တစ်ဆင့် ဖြန့်ဝေစေတာမျိုး ဖြစ်ပါတယ်။

credit: Bloomberg

ကမ္ဘောဒီးယားနိုင်ငံက USAID အထောက်အပံ့ခံ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ADHOC ဟာ မြေသိမ်းခံရသူတွေ၊ လူကုန်ကူးခံရသူတွေ၊ လိင်အမြတ်ထုတ်ခံရသူတွေကို ကူညီနေတဲ့အဖွဲ့ပါ။ USAID ရန်ပုံငွေကို ၇၀% အမှီပြုနေရတဲ့အဖွဲ့ဟာ ရန်ပုံငွေဖြတ်တောက်ခံရချိန် ဝန်ထမ်းဦးရေ ၆၀%အထက် လျှော့ချပစ်ခဲ့ရပြီး စီမံချက်နေရာတွေကိုလည်း ပြည်နယ် ၂၃ ခုမှာ လုပ်နေရာက ၁၂ ပြည်နယ်ကို လျှော့ ပစ်လိုက်ရပါတယ်။ ဥရောပအလှူရှင်တွေ ၁၀ % နဲ့ ၁၅%လောက် ဝင်ဖြည့်ပေးကြပါတယ်။ ADHOC ဥက္ကဋ္ဌက ပြောတာက “ရွေးချယ်စရာ တွေထဲမှာ တရုတ်နိုင်ငံရဲ့ ရန်ပုံငွေက မပါပါဘူး၊ သူတို့က ပေးခဲ့ရင်တောင် မယူပါဘူး၊ ဘာလို့လဲဆိုတော့ တရုတ်က ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့အပြင် လူ့အခွင့်အရေးကိုလည်း အလေးမထားလို့ပါ”။

တရုတ်ကတော့ သူတို့ရဲ့  စီမံအုပ်ချုပ်မှု စံချိန်စံညွှန်းတွေ၊ နိုင်ငံရေး မူဝါဒတွေ ရှင်သန်ပြန့်ပွားစေဖို့ အတွက် ဆင်းရဲတဲ့ နိုင်ငံငယ်လေးတွေက နိုင်ငံရေးသမားတွေ၊ အစိုးရဝန်ထမ်းတွေ၊ သတင်းမီဒီယာ သမားတွေကို သင်တန်းတွေပေးနိုင်ဖို့ သူတို့ရဲ့ စီမံချက်အတိုင်း လုပ်နေ ဆဲပါ။ ဒါပေမယ့် ADHOC ဥက္ကဋ္ဌ နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ တစ်ခါမှ ဖိတ်ကြားမခံကြရပါ။

KIDD

Click to rate this post!
[Total: 2 Average: 3.5]

Leave a Comment

Your email address will not be published. Required fields are marked *