The Corner

The Corner

cropped-Logo_round_grey-background.png

“Designated Survivor” (သို့မဟုတ်) တိုင်းပြည်အတွက် လက်ကျန်ခေါင်းဆောင်

Share မယ်

Designated Survivor – ဟာ တကယ်တော့ ရုပ်ရှင်နာမည်လိုလို ဘာလိုလိုနဲ့။ တကယ်လည်း ရုပ်ရှင် စီးရီးတစ်ခုအဖြစ် နက်ဖလစ်မှာ တင်ဆက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ အစိုးရအဖွဲ့ဝင်အားလုံး ဗုံးဖောက်ခွဲ လုပ်ကြံခံရမှုကြောင့် သေဆုံးသွားချိန်မှာ အစွန်အဖျားက ဝန်ကြီးတစ်ယောက်က သမ္မတ ရုတ်တရက် ဖြစ်လာပုံကို ရိုက်ကူးထားတာပါ။ သို့သော် အဆိုပါ အစီအမံဟာ အပြင်မှာ တကယ်ရှိတဲ့ အမေရိကန် အုပ်ချုပ်ရေး ယန္တရားတွင် လက်တွေ့ ကျင့်သုံးနေသည့် အလွန်ထူးခြားသည့် စနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီစနစ်ကို “Designated Survivor” – မြန်မာလို တိုက်ရိုက် ဘာသာပြန်ရလျှင် “သတ်မှတ် စီမံထားသော အသက်ရှင်ကျန်ရစ်သူ” အစီအစဉ်ပင် ဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့လျှင် Designated Survivor က နိုင်ငံတော်ကို ဆက်လက် ထိန်းကျောင်းသွားရန် အဆိုပါစနစ်ကို ထားရှိ ကျင့်သုံးခြင်းဖြစ်ပါတယ်။

နတ်ဖလစ်က Designator Survivor ရုပ်ရှင်စီးရီး ပိုစတာ (credit: IMDB)

တချို့ ကော်ပိုရေးရှင်းကြီးများတွင်လည်း ထိုနည်းဆန်ဆန် ကျင့်သုံးကြပါတယ်။ နိုင်ငံတော်အဆင့် လောက် လျှို့ဝှက် မဟုတ်သော်လည်း ရုံးလုပ်ငန်းဆိုင်ရာ မူဝါဒများထဲမှာ ဌာနဆိုင်ရာ အကြီးအကဲများ အကြောင်းတစ်ခုခုကြောင့် နေရာတစ်နေရာရကို တစုတစည်းတည်း တစ်ကြိမ်တည်း စုပြုံ၍ မသွားကြပဲ သီးခြား သွားတဲ့ အလေ့အထမျိုး ရှိကြပါတယ်။ ဆိုပါတော့ ရန်ကုန် ရုံးချုပ်က အကြီးအကဲ အားလုံးများ မန္တလေးတွင် ကျင်းပမည့် အထူးအစည်းအဝေးကို အားလုံးတက်ရောက်ရန် ရှိပါက အကြီးအကဲများ စုပေါင်းကာ လေယာဥ် ခရီးစဥ်တစ်ခုတည်းတွင် စုမသွားဘဲ လူဦးရေအလိုက် နှစ်စု၊ သုံးစုလောက် ခွဲကာသွားကြခြင်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ အကြောင်းတစ်ခုခုကြောင့် အန္တရာယ်ကြုံပါက ကုမ္ပဏီ ယန္တရားကြီး ရပ်မသွားရလေအောင် စီမံထားပါတယ်။

အမေရိကန် အစိုးရအဖွဲ့ကတော့ ဥပဒေအရ သမ္မတ၊ ဒုသမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး တစ်နေရာတည်းတွင် ရှိနေရမည့် အခြေအနေမျိုး (ဥပမာ – နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောကြားချိန်၊ သမ္မတကျမ်းသစ္စာဆိုပွဲ သို့မဟုတ် နိုင်ငံတော် ညစာစားပွဲများ) တွင် ကက်ဘိနက် ဝန်ကြီးအဖွဲ့ဝင် တစ်ဦးကို ကြိုတင်ရွေးချယ်ပြီး လျှို့ဝှက်လုံခြုံသောနေရာသို့ ပို့ဆောင် ထားရတယ်။ အဲဒီသူကို “Designated Survivor” ဟု ခေါ်ဆိုကာ သူဘယ်နေရာမှာ ရှိနေတာ ဘယ်သူမှ မသိရဘဲ နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထားရှိပါတယ်။ ရန်သူက တိုက်ခိုက်ခြင်း သို့မဟုတ် သဘာဝ ဘေးအန္တရာယ်ကြောင့် ခေါင်းဆောင်အားလုံး သေဆုံးသွားခဲ့လျှင် အဝေးရောက်နေသည့် ထိုသူသည် အလိုအလျောက် သမ္မတအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ ဤစနစ်ဟာ အစိုးရယန္တရား အမြစ် ပြတ်သွားခြင်းကို မဖြစ်အောင် စစ်အေးတိုက်ပွဲကာလကတည်းက စတင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Designated Survivor အဖြစ် ရွေးချယ်ခံရသူသည် ထိုနေ့တွင် သမ္မတနှင့်အဆင့်တူ လုံခြုံရေးကို ရရှိသည်။ သူ၏ ဘေးနားတွင် အထူး ကိုယ်ရံတော် အဖွဲ့များအပြင် “Nuclear Football” ဟုခေါ်သော နျူကလီးယားလက်နက် ထိန်းချုပ်ရေး သေတ္တာ ကို ကိုင်ဆောင် ထားသည့် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးလည်း အမြဲရှိနေရသည်။ Designated Survivor ဟာ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ပေမယ့်လည်း တာဝန်ကတော့ မသေးပေ။ အဆိုပါ ရာထူးကို ယူထားချိန်တွင် သူ၏ ပခုံးထက်၌ တိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာသည် ရှိနေမှာ အသေအချာဖြစ်မှာ မလွဲပါ။

Designated Survivor စနစ်ကို မီးမောင်းထိုးပြလိုက်သည့် ဖြစ်ရပ်တစ်ခုမှာ မကြာသေးခင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ဝါရှင်တန်ဒီစီ၌ ကျင်းပခဲ့သော White House Correspondents’ Dinner (အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ) ပင် ဖြစ်ပါတော့တယ်။

အဆိုပါပွဲတွင် သမ္မတ ထရမ့်နှင့်အတူ အစိုးရအဖွဲ့ဝင် အများအပြား တက်ရောက်နေစဉ်အတွင်း ကာလီဖိုးနီးယား ပြည်နယ်မှ Cole Tomas Allen အမည်ရှိ အမျိုးသားတစ်ဦးသည် လက်နက် အမြောက်အမြားဖြင့် ဟိုတယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ညစာစားပွဲကို တက်ရောက်နေသော သမ္မတထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့ပါတယ်။ ထိုဖြစ်စဥ်မှာ သမ္မတကို သူ့ရဲ့ လုံခြုံရေး အဖွဲ့ဝင်များက က အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သော်လည်း အခင်းဖြစ်ပွားရာတွင် အရာရှိတစ်ဦး ကျည် ထိမှန်ခဲ့သေးတာပါ။ ၎င်းဖြစ်စဉ်ဟာ ခေါင်းဆောင်များ တစ်နေရာတည်းတွင် စုဝေးနေ ခြင်းသည် မည်မျှ စိုးရိမ်စရာကောင်းကြောင်းနှင့် အရန်ခေါင်းဆောင်တစ်ဦး (Designated Survivor) အမြဲရှိနေရန် မည်မျှ အရေးကြီးကြောင်း လက်တွေ့သက်သေပြခဲ့ခြင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာ အနီးစပ်ဆုံး မကြာခင်က ဖြစ်ပျက်ခဲ့သည့် လုပ်ကြံမှုတစ်ခုဖြစ်ပြီး အမေရိကန် သမ္မတ အဆက်ဆက်မှာ မကြာခဏ ဆိုသလို အဆိုပါ လုပ်ကြံမှုမျိုး ရှိခဲ့တာပါ။

၂၀၂၆ ခုနှစ် ဧပြီလ (၂၅) ရက် – အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲ၌ သမ္မတအား လုပ်ကြံသည့် ဖြစ်ရပ် တစ်ခု (credit: The News House)

အမေရိကန်နိုင်ငံ ကဲ့သို့ပင် အခြားသော နိုင်ငံကြီးများတွင်လည်း အဆိုပါအခြေအနေများအတွက် စဥ်းစားပြီး ခေါင်းဆောင်တစ်ဦးဦး မရှိတော့လျှင် အစိုးရဆက်ခံမှုကို ကွဲပြားခြားနားသည့် အစီအစဉ်များ နိုင်ငံအလိုက် ထားရှိကြပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ ဝန်ကြီးချုပ်ဟာ နျူကလီးယား ရေငုပ်သင်္ဘောများထံသို့ “Letters of Last Resort” – “နောက်ဆုံးနည်းလမ်း” ဟုခေါ်သော လျှို့ဝှက်ညွှန်ကြားစာများ ရေးသားပေးပို့ထားရတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ စာပါ အကြောင်းအရာများကတော့ အကယ်၍များ မြို့တော် လန်ဒန် တိုက်ခိုက် ခံရပြီး အစိုးရအဖွဲ့ မရှိတော့လျှင် အဆိုပါစာများပါ ညွှန်ကြားချက် အတိုင်း ဆက်လက် ဆောင်ရွက် ရမယ် ဖြစ်ပါလိမ့်မယ်။

ကနေဒါ နိုင်ငံမှာလည်း အမေရိကန်ကဲ့သို့ တစ်သဝေမတိမ်း မဟုတ်သော်ငြားလည်း နျူကလီးယား ဘေးအန္တရာယ် ကြုံလာပါက ခေါင်းဆောင်များ ဝင်ရောက် ခိုလှုံရန် “Diefenbunker” ဟုခေါ်သော မြေအောက် ဘန်ကာစနစ်ကို အသုံးပြုသည်လို့ သိရပါတယ်။

ပြင်သစ် နိုင်ငံမှာတော့ သမ္မတ တာဝန်မထမ်းဆောင်နိုင်ပါက အထက်လွှတ်တော်ဥက္ကဋ္ဌက အလို အလျောက် တာဝန်ယူရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်ကို ကျင့်သုံးသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ပင်ဆယ်ဗေးနီးယားတွင် ဖြစ်ပွားခဲ့သော ထရမ့်အပေါ် ပစ်ခတ်မှုနှင့် ယခု ၂၀၂၆ ခုနှစ် ဖြစ်စဉ်များသည် လုံခြုံရေးစနစ်များ၏ အားနည်းချက်နှင့် အားသာချက်များကို ဖော်ပြနေသည်။ Designated Survivor စနစ်သည် ရိုးရိုး လုံခြုံရေး ထက် ပိုမိုမြင့်မားသော “အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေး” အစီအမံ ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီကို ကာကွယ်၍ မရနိုင်တော့တဲ့ အခြေအနေမျိုးမှာ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာမှာ လူတစ်ဦးတစ်ယောက် တစ်စုတည်း အပေါ်တွင်သာ မတည်မှီဘဲ စနစ်တကျ ပျံ့နှံ့နေစေရန်၊ အစိုးရ ယန္တရားကြီး ရပ်တန့်မသွားစေရန် အဆိုပါစနစ်က အာမခံချက် ပေးမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် “Designated Survivor” ဆိုသည်မှာ ရုပ်ရှင်ဇာတ်လမ်းများထဲမှ စိတ်ကူးယဉ် တစ်ခု မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်ရေးအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာမြောက် အစီအမံတစ်ခု ဖြစ်တာကို မြင်ရမှာပါ။ အမေရိကန် သမ္မတ အဆက်ဆက် ၎င်းတို့ရဲ့ အသက်ကို လုပ်ကြံရန် ကြိုးပမ်းမှုများ ကဲ့သို့သော လက်တွေ့ဖြစ်ရပ်များက ဤစနစ်၏ တန်ဖိုးကို ပိုမို ခိုင်မာ စေပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ခေါင်းဆောင်မှုဟာ ဘယ်လိုအခြေအနေမျိုးမှာ မဆို ပြတ်တောက် မသွားစေရန် ကြိုတင်ပြင်ဆင်ထားခြင်းသည်ပင် နိုင်ငံတော်လုံခြုံရေး၏ အနှစ်သာရ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား – နိုင်ငံတကာ သတင်းစာများ၊ အင်တာနက် ရှာဖွေမှုများ

Click to rate this post!
[Total: 2 Average: 3]

Leave a Comment

Your email address will not be published. Required fields are marked *