The Corner

The Corner

cropped-Logo_round_grey-background.png

အိုဘားမားပြောတဲ့ တကယ့် သမ္မတ

Share မယ်

အခု ဘာသာပြန် အမေးအဖြေဆောင်းပါးကတော့ အမေရိကန် တီဗီ အစီအစဥ်တင်ဆက်သူ စတီဖင် ကိုဘဲလ် (Stephen Colbert) နဲ့ သမ္မတ ဘားရက် အိုဘားမားတို့ မကြာခင်က တွေ့ဆုံ မေးမြန်းခဲ့တဲ့ ယူကျူ အင်တာဗျူး တစ်ခုဖြစ်ပါတယ်။ စီဘီအက်စ် တီဗီ ချန်နယ်က စတီဖင် ကိုဘဲလ် တင်ဆက်နေတဲ့ “The Late Show with Stephen Colbert” ဟာ ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် တင်ဆက်ခဲ့တာဖြစ်ပြီး လာမယ့် မေလ (၂၁) ရက်နေ့မှာ နောက်ဆုံး အပိုင်းကို ထုတ်လွှင့်အပြီး လုံးဝ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ အင်တာဗျူး အစီအစဥ်ကို မေလ (၆) ရက်နေ့က တင်ဆက်ခဲ့တာပါ။ ဟာသပြောသူတစ်ဦးဖြစ်သူ စတီဖင်ကိုဘဲလ်နဲ့ ပေါ့ပေါ့ပါးပါး ပြောတတ် တစ်ခါတစ်ရံ အရွှန်းဖောက်တတ်သူ သမ္မတ အိုဘားမားတို့ရဲ့ အင်တာဗျူးမှာ လက်ရှိ အမေရိကန် နိုင်ငံရေး ရေချိန်များကို ပွင့်ပွင့် လင်းလင်း ဖလှယ်ကြတာဖြစ်လို့ The Corner စာဖတ် ပရိသတ်အတွက် တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။

credit: rollingstone

(ဘာသာပြန်သူ)

အပိုင်း (၁)

စတီဖင် – ကျွန်တော့်ရဲ့ အမာခံ ပရိသတ်တွေကတော့ သိပြီးသားဖြစ်မှာပါ။ ကျွန်တော့် အစီအစဥ်မှာ အမေရိကန် သမ္မတ တော်တော်များများကို ဖိတ်ခေါ်ပြီး စကားတွေ ပြောခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ဒီတစ်ယောက်လည်း ပါတယ်လေ။ သူက သမ္မတ ဘာရက် အိုဘားမားပါ။ မကြာသေးခင်က အိုဘားမားက ကျွန်တော့်ကို တကူးတက ဖိတ်ပြီး လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် ချီကာဂိုမှ အိုဘားမား သမ္မတ ပြခန်းသစ်ကြီးဆီကို ဖိတ်ခေါ်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူနဲ့တွေ့ဆုံတုန်း ဂြိုဟ်သားတွေရဲ့ အကြောင်းကနေ ဒီမိုကရက်တစ်ပါတီရဲ့ အနာဂတ်ကိစ္စတွေကိုပါ မေးမြန်းခွင့်ရခဲ့ပါတယ်။

အိုဘားမား – တွေ့ရတာ ဝမ်းသာပါတယ်။ ဒီအထိ ရောက်အောင်လာပေးတာ ကျေးဇူးပါ။

စတီဖင် – ဟုတ်ကဲ့ ဝမ်းသာပါတယ်။ အခုလိုစီစဥ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ကြတာ နယူးရောက်က ရန်ပုံငွေ အလှူခံပွဲမှာနော်။ ဘာပဲဖြစ်ဖြစ်လေ အဲဒါတွေက အရေးမကြီးတော့ပါဘူး။ အခုလောလောဆယ်တော့ ကိစ္စတွေက ရှုပ်ထွေးကုန်ပြီပဲ ဥစ္စာ။

အိုဘားမား – ဟုတ်တယ် အမှန်ပါပဲ။

စတီဖင် – ဒီ အိုဘားမား စင်တာ အဆောက်အအုံကြီးက ခမ်းနားလိုက်တာဗျာ။ ဒီနေရာက ချီကာဂို တောင်ပိုင်းအရပ် ဟုတ်တယ်နော်။ ဒီနေရာကို ခင်ဗျား ဘာလို့ ရွေးချယ်ခဲ့တာလဲ။

အိုဘားမား – မီရှဲလ် (အိုဘားမား၏ ဇနီး မီရှဲလ်အိုဘားမား) က ဒီနေရာကနေဆိုရင် တစ်မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ မွေးဖွားခဲ့တာ။ ကျွန်တော်တို့ နှစ်ယောက် လက်ထပ်ခဲ့ကြတဲ့ နေရာကလည်း ဒီနေရာကနေ ငါးမိနစ်လောက်ပဲဝေးတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ သမီးနှစ်ယောက်ကလည်း ဒီနေရာမှာရှိတဲ့ ဆေးရုံမှာ မွေးခဲ့ကြတာဗျ။ ကျွန်တော် ချီကာဂိုကို စရောက်တော့ ဒီလမ်းကနေ ဖြတ်မောင်းသွားခဲ့ဖူးတယ်။ အခုတော့ အဆောက်အအုံတွေနဲ့ ပြည့်နေပါပြီဗျာ။ အဲဒီတုန်းက ကျွန်တော် နေခဲ့တဲ့ အိမ်ခန်းလေးက ဟိုးနားမှာ ဒီကနေ သုံးလမ်းကျော်လောက်မှာ နေခဲ့တာ။

နောက်ပြီး နိုင်ငံရေးလောကထဲကို စဝင်မယ်လို့ ကြေညာပြီး အရင်ဆုံးရုံးဖွင့်ခဲ့တဲ့ နေရာကလည်း ဒီနေရာက ငါးမိနစ်လောက်ပဲ ဝေးတယ်။ ဒီနေရာတစ်ဝိုက်မှာ အများကြီး ဖြစ်ခဲ့တာပေါ့။ အနှစ် ၂၀ လောက်နေခဲ့တာလေ။

အိုဘားမား – ဒီ အိုဘားမား သမ္မတ စင်တာကြီးက ၁၉ ဒသမ ၃ ဧကလောက်ကျယ်ပြန့်တယ်။ ဒီအထဲမှာ စတုရန်းပေ ၅၀၀၀ ကျယ်တဲ့ ပြည်သူ့စာကြည့်တိုက်ကြီးတစ်ခုလည်း ထည့်ထားတယ်။ အထိမ်းအမှတ် ပြတိုက်လည်း ဒီမှာ ရှိတယ်။ လာရောက် လည်ပတ်သူတွေအတွက် အဆင်ပြေအောင် လုပ်ပေးထားတာတွေ ရှိတယ်။ အပြင်ဘက်မှာ တောင်စောင်းလျှောလေးတွေ လုပ်ပေးထားတယ်။ ပန်းခြံရောပဲ။ အချစ်တွေနဲ့ တည်ဆောက်ပေးထားတဲ့ နေရာတစ်ခုလို့ပြောရင်လည်း မမှားဘူး။

စတီဖင် – နောက် နှစ်ပေါင်း ၅၀-၁၀၀ လောက်မှာ ဒီနေရာကို လူတစ်ယောက် လာလည်ခဲ့ပြီ ဆိုပါတော့ သူပြန်ထွက်သွားမယ်ဆိုရင် ဒီစင်တာကနေ ဘာအတွေ့အကြုံ တွေရနိုင်မလဲ။ ဘာသင်ခန်းစာတွေ ရစေချင်လဲ။ အိုဘားမား သမ္မတဖြစ်ခဲ့တယ်ဆိုတာ တစ်ခုတည်းလား။

အိုဘားမား – ဒီမှာကြည့်.. သမ္မတ တယောက်ဆိုတဲ့ ကိစ္စတစ်ခုတည်းကိုပဲ ပြောကြရအောင်။ သေချာပါတယ်။ ကျွန်တော်ရဲ့ အသုဘ နောက်ဆုံးမှာတမ်းမှာ သေချာပေါက် ထည့်ပြောကြမှာ ပထမဆုံး အာဖရိကန်-အမေရိကန် (လူမည်း) သမ္မတ ဆိုတာပဲ…။ ဒါက ပါကိုပါမှာ။

စတီဖင် – အမှန်ပဲ။ ကျွန်တော့်ကို ပြောခိုင်းရင် အဲဒါပါအောင်ပြောမှာ။

အိုဘားမား – ဒါပေမဲ့ လူတွေကို ပြောခဲ့ချင်တာက ဒီနိုင်ငံမှာ အံ့ဘနန်း ခရီးတစ်ခုကို လူတွေအားလုံး အတူတူ ဖြတ်သန်းခဲ့ကြတယ်။ အဲဒီအထဲမှာ ကျွန်တော်က ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ပါခဲ့တယ် ဆိုတာလောက်ကိုပဲ သိစေချင်တာ။ အဲဒီ ခရီးမှာ တိုင်းသူ ပြည်သားတွေ အကုန်ပါတယ်။ တချို့တစ်ဝက်လောက်ပဲမဟုတ်ဖူးဗျ။ လက်တစ်ဆုပ်စာလောက် လူတွေချည်းပဲ မဟုတ်ဖူး။ အားလုံး အကုန်ပါခဲ့ကြတာ။ အဲဒီလိုဆိုတော့ အဲဒီလူတွေ ဒီစင်တာကို လာလည်ကြတဲ့အခါ ဒါဟာ သူတို့အားလုံးပါဝင်ခဲ့တဲ့ အမေရိကန် ဇာတ်လမ်းတစ်ခုပဲ။ ပိုကောင်းတဲ့ ဇာတ်လမ်းအပိုင်းလေးဆိုရင်လည်း မမှားဘူး။ မျိုးဆက်တစ်ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ဓာတ်တက်ကြွစရာ ကိစ္စတစ်ခုမဟုတ်ဖူး။ တစ်ကမ္ဘာလုံး ကပါ ဒီလိုမြင်ခဲ့ကြတာ။ ကျွန်တော် ဒါကို လုပ်ခဲ့တာဟာ ခပ်သေးသေးလေးပါပဲ။ နောက်အနှစ် ၅၀ ကြာလို့ လာလည်ပတ်တဲ့သူဟာ သူတို့ကို ဒီဇာတ်လမ်းက လှုံ့ဆော်မှုတစ်ခုပေးနိုင်လိမ့်မယ်ထင်တယ်။ ဘားရက် အိုဘားမား တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးနဲ့ ဆိုင်တယ်။

စတီဖင် – ကောင်းမွန်တဲ့ အနာဂတ်ဆိုတာမျိုးတာ” ဒီလူ ဘာလိုချင်လို့ ဒီစကားပြောနေတယ်ဆိုတာ ငါတို့ သိတာပေါ့’ လို့ သူတို့ ပြောကြတဲ့ အနာဂတ်မျိုး မဟုတ်ဘူး။ ခပ်ညံ့ညံ့ အနာဂတ် ဟောကိန်းထုတ်သူကတော့ ‘သူ ဘာတွေ လျှောက်ပြောနေတာလဲ’ လို့ပဲ ပြန်ပြီး မေးခွန်းထုတ်တတ်ကြတယ်။ အခုဆို ပြောနေကြပြီ အထက်ကလာတဲ့ အမိန့်တွေကို တားမြစ်သင့်ပြီ။ ဒီနေရာမှာ ခင်ဗျားကို တစ်ခု မေးချင်တယ်။ ခင်ဗျား သမ္မတလောင်းပြိုင်ခဲ့တုန်းက ခင်ဗျားရှေ့က သမ္မတ ဘုရှ်ရဲ့ အာဏာတွေကို ဘယ်ဟာက မရှိသင့်ဘူး အဲဒါကိုတော့ ငါ ဆက်ခံဖို့ မသင့်ဘူး ဆိုတာတွေ ရှိခဲ့လား။ အခုခင်ဗျားက အာဏာရှိ သမ္မတတစ်ယောက် မဟုတ်တော့ဘူး။ ဆိုတော့ကာ သမ္မတတစ်ယောက်မှာ ဘယ်လို အာဏာတွေ လုပ်ပိုင်ခွင့်တွေ ရှိသင့်တယ်လို့ ထင်ပါသလဲ။

အိုဘားမား – ဥပဒေအရ အရှေ့က သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာတွေကို ဆက်ခံစရာမလိုပေမယ့် အနည်းအကျဥ်းတော့ ကျွန်တော့်လက်ထက်အထိ ဆက်လက်သုံးစွဲခဲ့တာတွေ ရှိပါတယ်။ နောက်ပြီးတော့ အခုဆိုရင် ပုံမှန်အခြေအနေကို ပြန်ရောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို လုပ်နေကြတယ်။ ဒါတွေ ပြီးရင်  အဲဒါတွေကိုပါ ဥပဒေထဲကို ထည့်သွင်းသွားဖို့ကိုပါ ကြိုးစားနေကြတယ်။

အိမ်ဖြူတော်က တရားရေးချုပ်ကို မလိုလားသူတွေကို အကြောင်းမရှိအကြောင်းရှာပြီး မတရား အရေးယူခိုင်းနေတာ…

စတီဖင် – အခုတော့ တရားရေးချုပ်က အိမ်ဖြူတော်လက်အောက်ကို ရောက်သွားသလိုတောင် ဖြစ်နေပြီ။

အိုဘားမား – ပုံမှန်အခြေအနေမှာ တရားရေးချုပ်က သီးခြားလွတ်လပ်တဲ့ ဌာနတစ်ခု ဖြစ်နေရမှာလေ။ သူက ပြည်သူတွေဘက် ရပ်တည်တဲ့ ပြည်သူ့ရှေ့နေတစ်ရပ်ဖြစ်ရမှာ သမ္မတကို အကြံပေးရမှာ မဟုတ်ဘူးဗျ။ အဓိပ္ပာယ်ရှိတဲ့ ဒီမိုကရေစီမှာ လူတွေဟာ အလွန် သက်သောင့် သက်သာ ရှိနေသင့်ရမှာ။ အလုပ်မဖြစ်တဲ့ မူဝါဒတွေ၊ လုပ်ကြံရွေးကောက်ပွဲတွေ၊ နောက်ပြီး အခုဖြစ်နေတဲ့ ရှုပ်ရှုပ်ထွေးထွေး ကိစ္စတွေကို ကျွန်တော်တို့ ဖြတ်ကျော်နိုင်ဖို့ အများကြီး လုပ်ရဦးမှာပါ။ ပြည်သူ့အာဏာဟာ အံ့သြဖွယ်ရာ လေးစားစရာ အလွန် ကောင်းပါတယ်။ တရားစီရင်ရေးကို အသုံးချပြီး နိုင်ငံရေး အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ အခုတော့ နိုင်ငံရေးအရ အမြင်မတူသူတွေကို ရန်သူလိုဆက်ဆံတယ်။ ရင်းနှီးသူတွေ ကိုယ်နဲ့ စီးပွားရေးနဲ့ ပတ်သက် ဆက်စပ်နေသူတွေကို အကျိုးအမြတ်အတွေရအောင် လုပ်ပေးတယ်။ အဲဒီလူတွေ ထောင်ထဲရောက်နေရင်တောင်မှ လွတ်ငြိမ်းချမ်းသာခွင့်တွေရအောင် လုပ်တယ်ဗျ။ တရားရေးဌာနရဲ့ လုပ်ပုံကိုင်ပုံတွေက ပုံမှန်မဟုတ်တော့ဘူး။

နောက်တစ်ခုထပ်ပြောချင်တယ်။ ဒါကတော့ စစ်တပ်၊ စစ်ရေးနဲ့ဆိုင်တာပါ။ စစ်ရေးကို နိုင်ငံရေးနဲ့ မရောထွေးစေချင်ဘူး။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ တစ်ယောက်ဟာ “နိုင်ငံရဲ့ ကာကွယ်ရေး ဦးသျှောင်”ပဲ။ စစ်တပ်ကို ညွှန်ကြားပိုင်ခွင့်ရှိတယ်။ ပုံမှန်ဆိုရင် အဲဒီနေရာမှာ သမ္မတအနေနဲ့ အာဏာကို အလွဲသုံးစား မလုပ်စေဖို့ သင့်တင့် လျောက်ပတ်တဲ့ ဥပဒေတွေအများကြီးရှိနေတယ်။ စစ်တပ်အနေနဲ့ ကလည်း သမ္မတထက် ပြည်သူတွေကို အခြေခံဥပဒေအရ မျက်နှာမူသင့်တယ်။ ဒီဥပဒေတွေကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် အများကြီး လုပ်ရဦးမယ်။ တည့်တည့်ပြောရရင် အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတဟာ နိုင်ငံခြားကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ ဘေးပန်း ပြင်ပ စီးပွားရေးလုပ်ငန်းတွေ အများကြီး မရှိသင့်ဘူးဆိုတဲ့ မူဝါဒမျိုးကို ကျွန်တော် မြင်ချင်ပါတယ်။

စတီဖင် – (နောက်ပြောင်လျက်) ခင်ဗျားလည်း အဲဒီလို စီးပွားရှာဖို့ စိတ်ကူးမရခဲ့လို့ မနာလိုဖြစ်ပြီး ပြောနေတာ မဟုတ်လား၊ တကယ်လို့များ ခင်ဗျားသာ ဒီလို စီးပွားရေးတွေ လုပ်ဖြစ်ခဲ့ရင်လည်း ပိုက်ဆံရတာကို ပျော်နေမှာပဲလေ။

အိုဘားမား – ဒါအမှန်ပဲ သူလုပ်ရင် နောက်တစ်ယောက်က လိုက်လုပ်တာမှ အမှန်တွေလို့ ထင်နေတော့မှာ။

စတီဖင် – ကျွန်တော့် ကဏ္ဍကို ထုတ်လွှင့်ပေးနေတဲ့ တီဗီ ချန်နယ်က နားတော့မယ်ဗျ။ အဲဒီတော့ နေရာသစ်ရှာနေရတယ်။ တချို့ကလည်းပြောကြတယ်။ ကျွန်တော့်ကို သမ္မတ ဝင်ပြိုင်ပါလားတဲ့။ သမ္မတပုံတော့ ပေါက်ပါတယ်လို့ မြှောက်ပေးကြတယ်။

အိုဘားမား – ဒီနေရာကနေ ပြောလိုက်မယ်ဗျာ။ တကယ်တော့ ဒါဟာ တော်တော်ကို မိုက်မဲတဲ့ စိတ်ကူးပဲ။ လူတစ်ယောက်ကို သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်သင့်တယ်လို့ လူတွေ ပြောနေကြတာက ဘယ်လောက် အသိဉာဏ်နည်းတဲ့ ကိစ္စလို့ ခင်ဗျား ထင်သလဲ။ နောက်ပြီး အခြေအနေတွေကလည်း မတူတော့ဘူးဗျ။ ပြောင်းလဲကုန်ပြီ။

စတီဖင် – ဒါကတော့ ဟုတ်တယ်။ တစ်ခါတလေကျရင် (အခြေအနေတွေက) အရမ်းကို နိမ့်ကျလွန်းတယ်။ ကျွန်တော့် အနေနဲ့တော့ အဲဒီလောက်အထိ အောက်ကျနောက်ကျ ဆင်းပြီး လုပ်စရာ မလိုဘူးလားလို့။

အိုဘားမား – ဒီလိုပြောမယ်။ လုပ်သင့်တယ်လို့လည်း ကျွန်တော်ထင်တယ်။ (ရယ်လျက်) ခင်ဗျားသာဆိုရင် ကျွန်တော်မြင်ဖူးတဲ့ သမ္မတတွေထက်တော့ သရုပ်ဆောင်တာ တော်မယ်လို့ထင်တယ်။ (လက်ခုပ်သံများ) ခင်ဗျားကို ကျုပ်ယုံတယ်။

စတီဖင် – ကျေးဇူးအရမ်းတင်ပါတယ်။ ဒါကို ခင်ဗျားက ကျွန်တော် သမ္မတ လုပ်မှာကို ထောက်ခံတယ်လို့ ဆိုရင် ရမလား။

အိုဘားမား – မရဘူးဗျ။ နောက်ပြောနေတာ။

စတီဖင် – ကျွန်တော်တို့ ဒီနေရာမှာ ခေတ္တခဏ ရပ်ပြီး ပြန်လာတဲ့အခါ သမ္မတ အိုဘားမားကို ဂြိုဟ်သားတွေအကြောင်းနဲ့ ဂြိုဟ်သား ဆိုတာ တကယ်ရှိမရှိ မေးကြည့်ပါမယ်။

အပိုင်း (၂)

စတီဖင် – အားလုံးပဲ မင်္ဂလာပါ။ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ပရိသတ်ကြီးခင်ဗျာ… သမ္မတ ဘာရက် အိုဘားမား ဖြေကြားခဲ့ဖူးသမျှ အင်တာဗျူးတွေထဲမှာ အခု အင်တာဗျူးဟာ “လောလောလတ်လတ် အင်တာဗျူး” ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ကျွန်တော်တို့ ဆက်လိုက်ကြပါဦးမယ်။

အခု တည်ထောင်ထားတဲ့ အိုဘားမား သမ္မတစင်တာက ပါတီစွဲမရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပေမယ့် ခင်ဗျားကတော့ ဒီမိုကရက်တစ်ပါတီဝင် တစ်ယောက် ဖြစ်နေတုန်းပဲလေ။ အခုဆိုရင် ဒီမိုကရက်တစ်ပါတီက ဘယ်လမ်းကြောင်းကို သွားသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိနေပါတယ်။ ရှေ့လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ဒီမိုကရက်တွေအတွက် အလားအလာ ကောင်းပုံရတယ်—အထက်လွှတ်တော်ကို မနိုင်ရင်တောင် အောက်လွှတ်တော်ကိုတော့ အနိုင်ရဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့ ရှေ့ဆက်သွားမယ့် ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီးတော့ ငြင်းခုံစရာတွေ ရှိနေတာပါ။

အကြမ်းဖျင်း ပြောရရင် “လစ်ဘရယ် (Liberal)” တွေနဲ့ “လက်ဝဲ (Leftist)” တွေကြား အားပြိုင်နေကြတာပေါ့။ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကို ပြောသလို အလွယ်ပြောရရင်တော့ “ဖေဖေက လစ်ဘရယ်၊ သမီးတို့က လက်ဝဲဝါဒီတွေ” ဆိုတာမျိုးပေါ့။ သူတို့အမြင်မှာ လစ်ဘရယ်တွေက အရာရာကို အခုရှိနေတဲ့အတိုင်းပဲ ထိန်းထားချင်တဲ့သူတွေ၊ ဒါပေမဲ့ မျိုးဆက်သစ်တွေကတော့ တကယ်ကို ပြောင်းလဲစေချင်ကြတာ။ ခင်ဗျားတို့ဆီမှာ အဘီဂေးလ် စပန်းဘာဂါ တို့လို အလယ်အလတ်လမ်းစဉ်သမား ခေါင်းဆောင်ကောင်းတွေ ရှိသလို ဇိုရန် မမ်ဒါနီ တို့လို ပိုပြီး လက်ဝဲယိမ်းတဲ့သူတွေလည်း ရှိပါတယ်။ တကယ့် အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့အတွက် ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်လမ်းကြောင်းကို သွားတာ အကောင်းဆုံးဖြစ်မလဲ။

အိုဘားမား – ဒီနေရာမှာ ကျွန်တော် အချက်နှစ်ချက်လောက် ပြောချင်ပါတယ်။ ပထမအချက်ကတော့ ခင်ဗျားပြောတာ မှန်ပါတယ်။ သမ္မတစင်တာဆိုတာ ပါတီစွဲမရှိရပါဘူး။ အဲဒါကို ကျွန်တော် ဘာလို့ ထည့်ပြောရသလဲဆိုတော့ ကျွန်တော်က ဒီမိုကရက်တစ်ပါတီတင်မကဘဲ ရီပတ်ဘလစ်ကန်ပါတီအတွက်ပါ စိုးရိမ်နေလို့ပါ။ ကျွန်တော် သမ္မတဖြစ်တုန်းက “ဝါရှင်တန်မှာ ဘယ်လို အပြောင်းအလဲမျိုး မြင်ချင်သလဲ” လို့ လူတွေ လာမေးရင် ကျွန်တော်က “အားကောင်းပြီး တာဝန်သိတဲ့ အတိုက်အခံကောင်း မျိုးနေရှိတာကို ကြိုက်တယ်” လို့ ဖြေလေ့ရှိတယ်။ ကိစ္စ တော်တော် များများမှာ ကျွန်တော်နဲ့ သဘောထားမတိုက်ဆိုင်တဲ့၊ ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) ဆန်တဲ့ ရီပတ်ဘလစ်ကန်ပါတီမျိုးကို ကျွန်တော် လိုလားပါတယ်။ ဒါပေမဲ့ အဲဒီပါတီဟာ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး လွတ်လပ်ခွင့်ကိုတော့ ယုံကြည်ရပါမယ်။

စတီဖင် – ခိုင်လုံတဲ့ အထောက်အထားတွေကိုလည်း ယုံကြည်ရမှာပေါ့ မဟုတ်ဘူးလား။

အိုဘားမား – ဒါပေါ့။ ခိုင်လုံတဲ့ အထောက်အထားတွေ၊ သိပ္ပံပညာရပ်တွေကို ယုံကြည်ရမယ်။ ပြည်သူတွေကို မကောင်းတဲ့ စိတ်အာရုံတွေကို အသုံးချပြီး လှုံ့ဆော်နေတဲ့ ပါတီမျိုး မဖြစ်ရဘူး။ အရင်တုန်းကတော့ အဲဒီလို အတိုက်အခံပါတီမျိုး တကယ် ရှိခဲ့ဖူးပါတယ်။ အဲဒီလို အခြေအနေမျိုး ပြန်ရောက်တာကို ကျွန်တော် မြင်ချင်တာပါ။

ဒီမိုကရက်တွေနဲ့ ပတ်သက်လို့ကတော့ ခင်ဗျားပြောသလို “လက်ဝဲ နဲ့ လစ်ဘရယ်” ကြား ကွဲလွဲနေတယ်ဆိုတာကို ကျွန်တော် သိပ်မစိုးရိမ် ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို ရှိမှသာ ဒီမိုကရက်တစ်ပါတီအတွင်းမှာရော၊ ကြားနေသမားတွေနဲ့ တချို့ ရီပတ်ဘလစ်ကန် တွေကြားမှာပါ တန်းတူညီမျှမှုနဲ့ တရားမျှတမှုအပေါ် ယုံကြည်တဲ့ စိတ်ဓာတ်တွေ အခိုင်အမာ ရှိနေလို့ပါ။ အလုပ်လုပ်တယ်ဆိုရင် လူတန်းစေ့ နေနိုင်တဲ့ လုပ်ခလစာ ရသင့်တယ်၊ မိသားစုကို ထောက်ပံ့နိုင်ရမယ်၊ အငြိမ်းစားယူ နိုင်ရမယ်။ ကုမ္ပဏီကြီးတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုပြီး ကြိုက်သလို လုပ်နေတာမျိုးကို ခွင့်မပြုသင့်ဘူး။ ကျွန်တော်တို့ သဘောတူညီတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဓိကကတော့ “ငါတို့ တကယ်တမ်း ဘာတွေလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။

ကဲ ဇိုရန် မမ်ဒါနီ ကို ကြည့်ရအောင်။ သူက တကယ့် ပါရမီရှင်ပါ။ သူက နယူးယောက်မှာ လူတွေ အိမ်ငှားခ သက်သက် သာသာနဲ့ နေနိုင်ဖို့ လုပ်ဆောင်ချင်တယ်။ နယူးယောက်က လစ်ဘရယ်တွေလည်း ဒါကိုပဲ လိုလားကြမှာပါ။ ဒါကြောင့် ပါတီတွင်းက ဒီလိုကိစ္စတွေအပေါ် ကျွန်တော် သိပ်မစိုးရိမ်ပါဘူး။ ကျွန်တော် ပိုပြီး စိတ်ဝင်စားတာကတော့ “ဒီမိုကရက်တွေ အနေနဲ့ သာမန်ပြည်သူတွေနဲ့ စကားပြောတဲ့အခါ တက္ကသိုလ်က ဆွေးနွေးပွဲမှာ ပြောသလိုမျိုး မဟုတ်ဘဲ နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ ပြောတတ်ရဲ့လား” ဆိုတာပါပဲ။

စတီဖင် – အဲဒါ မမ်ဒါနီရဲ့ အားသာချက်တစ်ခုပဲဗျ။ သူက သာမန်လူတစ်ယောက်လို ပြောတတ်ရုံတင်မကဘူး၊ သာမန်လူ တစ်ယောက်လိုပဲ နေထိုင်တာ။ သူက သိသိသာသာ မှားနေတဲ့အရာတွေကို နာမည်တပ်ပြီး “ဒါကို ငါတို့ ပြောင်းလဲပစ်ရမယ်” လို့ ပြောတတ်တာ။

အိုဘားမား – အဲဒါကမှ ယုတ္တိရှိတာပေါ့။ ရှုပ်ထွေးပွေလီတဲ့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့ လှည့်ပတ်ပြောနေစရာ မလိုဘူးလေ။

စတီဖင် – “ရှုပ်ထွေးတဲ့ စကားလုံးတွေ လုံးဝ မသုံးရ” ဆိုတဲ့ မူဝါဒပေါ့။ အိုဘားမား စင်တာရဲ့ နံရံပေါ်မှာ “ရှုပ်ထွေးပွေလီစွာ မပြောရ၊ သာမန်လိုပဲ ပြောပါ” လို့ ထွင်းထားသင့်တယ်လို့ မထင်ဘူးလား။

အိုဘားမား – အဆောက်အအုံက မပြီးသေးတော့ ကျွန်တော် အဲဒါကို တကယ်လုပ်ဖို့ စဉ်းစားဦးမယ်။ ကျောက်ပြားပေါ်မှာ “ရှုပ်ထွေးတဲ့ စကားလုံး မသုံးရ။ သာမန်လူတွေ ပြောသလိုပဲ ပြောပါ” လို့ ထွင်းလိုက်မယ်ဗျာ။ ဥပမာ— “အိမ်ငှားခတွေ အရမ်းကြီးနေတယ်။ လူတွေအတွက် အိမ်ငှားခ လျှော့ပေးဖို့ လိုတယ်” ဆိုတာမျိုးပေါ့။

စတီဖင် – ဒီနှစ် အစောပိုင်းတုန်းက ခင်ဗျား ဂြိုဟ်သားတွေနဲ့ ပတ်သက်ပြီး “တကယ်ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော် မတွေ့ဖူးသေးဘူး” လို့ ပြောခဲ့တယ်။ နောက်ရက်ကျတော့မှ အဲဒီစကားကို ပြန်ပြင်ဖို့ ကြိုးစားခဲ့တယ်။ ဘယ်သူမှ ခင်ဗျား ပြန်ပြင်ပြောတာကို မယုံကြဘူးဆိုတာ သိတယ်မဟုတ်လား။ ပထမအကြိမ် ပြောလိုက်တဲ့ စကားကမှ တကယ့် စကားဖြစ်နေတာလေ။ လူတစ်ယောက်က နောက်ဆုံးတော့ အမှန်အတိုင်း ထုတ်ပြောလိုက်သလိုမျိုးလေ။ နောက်တစ်ခါ ပြောတော့ကျမှ “ကျွန်တော် ဆိုလိုတာက စကြဝဠာကြီးရဲ့ အတိုင်းအဆမရှိတဲ့ သဘောအရ…” ဆိုပြီး လျှောက်ပြောနေတာ။ ဘယ်သူမှ မယုံဘူးဗျ။ အမှန်အတိုင်းသာ ဝန်ခံလိုက်ပါ။ ခင်ဗျားရဲ့ ပွင့်လင်းရိုးသားတဲ့ ဂုဏ်သတင်းကို အခုလို စကားတွေနဲ့ အညှိုးနွမ်းမခံပါနဲ့တော့ဗျာ။

အိုဘားမား – ကျွန်တော် ပြောချင်တဲ့ အဓိပ္ပာယ်က အရမ်း ရှင်းနေတယ်လို့ ကျွန်တော် ထင်ခဲ့တာဗျ။

စတီဖင် – ဟုတ်တယ်၊ ခင်ဗျား ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းနေပါတယ်။ ကျွန်တော်တို့ အားလုံး သဘောပေါက်ပါတယ်။

အိုဘားမား – မြေအောက်ထဲမှာ ဂြိုဟ်သားအစိမ်းရောင်လေးတွေ ရှိနေသေးတယ်လို့ ထင်နေတဲ့သူတွေအတွက် ပြောရရင် — သမ္မတ တစ်ယောက် အနေနဲ့ ခင်ဗျား သိလာရမယ့်အရာတစ်ခုက… အစိုးရဆိုတာ လျှို့ဝှက်ချက် ထိန်းသိမ်းတဲ့နေရာမှာ အရမ်း ညံ့ဖျင်းတယ်ဆိုတာပါပဲ။ တကယ်လို့သာ အမေရိကန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ဂြိုဟ်သားတွေ သို့မဟုတ် ဓာတ်ပုံတွေ၊ အထောက်အထားတွေ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော် ကတိပေးရဲပါတယ်—အဲဒီစခန်းကို စောင့်နေတဲ့ လုံခြုံရေးတစ်ယောက်ယောက်က အဲဒီဂြိုဟ်သားနဲ့ ဆယ်လ်ဖီရိုက်ပြီး သူ့ကောင်မလေး ဆီ ပို့လိုက်တာ ကြာလှပြီ။

စတီဖင် – ဒါပေမဲ့ အရိပ်အယောင်လေးတွေတော့ ရှိနိုင်တာပဲလေ… ဥပမာ—ချီကာဂိုမှာ လာဆင်းသက်ထားတဲ့ ဂြိုဟ်သားယာဉ်နဲ့ ဆင်တူတဲ့ သမ္မတစင်တာကြီးလိုမျိုးပေါ့။

အိုဘားမား – အဲဒါလည်း ဖြစ်နိုင်တာပဲ။

စတီဖင်: ဂြိုဟ်သားတွေ တကယ်ရှိစေချင်လား။

အိုဘားမား – တကယ်တော့ ရှိစေချင်တယ်ဗျ။ ကဲ… ကျွန်တော် အခုပဲ ကြော်ငြာဖြတ်ဝင်လိုက်မယ်။ “ပထမဆုံး ဆက်သွယ်မှု” လုပ်ချင်ရင် ကျွန်တော်က ဒီကမ္ဘာမြေရဲ့ အကောင်းဆုံး သံတမန် ဖြစ်မှာပါ။ ကျွန်တော့်မှာ နိုင်ငံရေးနဲ့ သံတမန်ရေးရာ အတွေ့အကြုံတွေ ရှိတယ်၊ ဖော်ရွေတယ်၊ ဒါကြောင့် ကျွန်တော် ဒီအလုပ်ကို ကောင်းကောင်း လုပ်နိုင်မယ်လို့ ထင်ပါတယ်။

စတီဖင် – ခင်ဗျား ကြော်ငြာတာ တော်တော်ကောင်းတယ်ဗျ။ မှတ်ထားလိုက်ပါ့မယ်။

အိုဘားမား – အခုထိတော့ ဖြစ်မလာသေးဘူးပေါ့။

စတီဖင် – ဖြစ်လာမှာပါ။ ခင်ဗျားရဲ့ ကိုယ်ရေး ရာဇဝင်ထဲမှာ ဖုန်းနံပါတ် ရှိပြီးသားပဲ။ ကဲ ဘာရက်… ဒီနေ့ အချိန်ပေး တဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ဒီလို ထူးခြားတဲ့ အိုဘားမား စင်တာကြီး တည်ထောင်နိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။

အိုဘားမား – နောက်နှစ်ပေါင်း ၅၀ ကြာရင် ဘာဖြစ်လာမလဲလို့ ခင်ဗျား မေးခဲ့တယ်နော်။ ကျွန်တော် မျှော်လင့်တာ ကတော့ — လာမယ့် နှစ်ပေါင်း ၅၀ အတွင်းမှာ လူငယ်တွေ အများကြီး ဒီကို လာကြပြီး ကမ္ဘာကြီးကို ပိုကောင်းအောင် သူတို့ ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ရသွားဖို့ပါပဲ။ အဲဒါကိုသာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျွန်တော် တော်တော်လေး ကျေနပ်မိမှာပါ။

စတီဖင် – ကောင်းပါပြီ။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အိုဘားမား – ကျေးဇူးပါ။

စတီဖင် – ကျွန်တော်တို့ ခေတ္တ နားပြီး ပြန်လာတဲ့အခါမှာတော့ သမ္မတ အိုဘားမားက ကျွန်တော့်ကို အိုဘားမား စင်တာ တစ်ခုလုံး လိုက်လံပြသ ရှင်းပြပေးမှာ ဖြစ်ပါတယ်။

ကိုးကား – The Late Show with Stephen Colbert, CBS, Youtube

credit: Jacobin
Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *