The Corner

The Corner

cropped-Logo_round_grey-background.png

ယူကရိန်းစစ်ပွဲ ပြီးတော့မယ်လို့ ပြောတဲ့ ရုရှားသမ္မတ

Share မယ်

ပူတင်၏ ပြောကြားချက်တွေကို အသေးစိတ်ဆန်းစစ်မယ်ဆိုရင်…

ယူကရိန်းစစ်ပွဲ မကြာမီ ပြီးဆုံးနိုင်မည်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မကြာသေးမီက ပြောကြားချက်များအပေါ် မီဒီယာများက အမျိုးမျိုး ခန့်မှန်းတွေးဆနေကြသော်လည်း ရုရှားသမ္မတရဲ့ စကားများဟာ ပကတိနဲ့ ကင်းကွာနေပြီး သူ့ရဲ့ အန္တိမစစ်ပွဲ ရည်မှန်းချက်များကနေ လုံးဝသွေဖည်သွားခြင်းမရှိကြောင်း ရုရှား အရေး ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။

အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ သုံးရက်ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး ကာလအတွင်းမှာ ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် မော်စကိုတွင် စစ်ရေးပြအခမ်းအနားကို ခပ်ကျဉ်းကျဥ်း ကျင်းပခဲ့ ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် သူစတင်ခဲ့သော စစ်ပွဲ “ပြီးဆုံးတော့မည်” လို့ ပူတင်ရဲ့ အရိပ်အမြွက် အပြောကြောင့် တစ်ကမ္ဘာလုံး အာရုံစိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Credit: CNA

ဒါပေမဲ့လည်း International Crisis Group မှ အကြီးတန်း လေ့လာဆန်းစစ်သူ အိုလက်ကတော့ ပူတင်အနေဖြင့် ဒွန်ဘတ်စ် (Donbas) ဒေသမှ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာပေးရန် တောင်းဆိုချက်ကို လက်လျှော့မည်မဟုတ်ကြောင်း တနင်္လာနေ့တွင် ပြောခဲ့ပါတယ်။ တကယ်တော့ ပူတင်ရဲ့ တောင်းဆိုချက်ဟာ ကိဗ် (Kyiv) အစိုးရအတွက် လက်မခံနိုင်သော အချက်ပဲ ဖြစ်ပါတယ်။

ယူကရိန်း ဒရုန်းများဟာ ရုရှားနိုင်ငံ အတွင်းပိုင်းအထိ ဆက်လက်တိုက်ခိုက်နေချိန်မှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် မြို့တော်တွင် မိုဘိုင်းအင်တာနက် ကန့်သတ်ချက်များ ပြုလုပ်ခဲ့ရပြီး စနေနေ့က Red Square တွင် မည်သည့် စစ်လက်နက် ပစ္စည်းကိုမှ ပြသနိုင်ခြင်း မရှိကြောင်း ကရင်မလင်က ပြောကြားခဲ့တယ်။ ပူတင်ရဲ့ ဝါဒဖြန့်ပွဲတစ်ခုဖြစ်သည့် အဆိုပါ စစ်ရေးပြ အခမ်းအနားကို အကျဉ်းချုံး ကျင်းပခဲ့ရခြင်းကို ကြည့်မယ်ဆိုရင် စစ်ပွဲကြောင့် ထိခိုက်နေတဲ့ စီးပွားရေးနဲ့ အာဏာပိုင်များ အပေါ် ဝေဖန်မှုများ ပိုမိုကျယ်လောင်လာသည့် ရုရှားပြည်သူများကြားမှာ ရုရှားခေါင်းဆောင်ရဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်လို့ ရပါလိမ့်မယ်။

စစ်ရေးပြ အခမ်းအနားပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ Rossiya ရုပ်သံလိုင်းမှ Pavel Zarubin က နယ်စပ်နဲ့ ဝေးကွာတဲ့ နေရာများကို ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုများတွေမှာ အနောက်အုပ်စု ပါဝင်ပတ်သက်မှုနဲ့ အနောက်နိုင်ငံများက ကိဗ်ကို ထောက်ခံတဲ့နေရာမှာ “လွန်လွန်ကဲကဲ” ဖြစ်နေပြီလားလို့ မေးမြန်းခဲ့ပါတယ်။

စစ်ရေးပြ အခမ်းအနားအပြီး မစ္စတာ ပူတင်၏ သတင်းစာ ရှင်းလင်းပွဲ
(credit: Global Times)

အဲဒီမေးခွန်းကို ပူတင်က ကျူးကျော်စစ် စတင်ပြီးတဲ့နောက် မကြာမီကာလများအတွင်း အစ္စတန်ဘူလ်မှာ ရုရှားနဲ့ ယူကရိန်းတို့ ညှိနှိုင်းခဲ့သည့် ငြိမ်းချမ်းရေး မူကြမ်းစည်းကမ်းချက်များကို ရည်ညွှန်း ပြောဆိုရှင်းပြခဲ့တယ်။ အဲဒီအထဲမှာ ယူကရိန်းအနေနဲ့ နေတိုး (NATO) အဖွဲ့ထဲကို မဝင်ရောက်ရန် ကတိပြုခြင်းနဲ့အတူ တပ်ဖွဲ့များ ရုပ်သိမ်းရေးတို့လည်း  ပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပူတင် ပြောတာကတော့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက ဒါကို လက်မခံချင်ကြဘူးတဲ့။ “သူတို့က ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ကိုပဲ ဒီနေ့ထိ တောက်လျှောက် တွန်းပို့နေကြတာ” လို့ သူက ဆိုတယ်။ ပြီးတော့ သူက ထပ်ပြော သေးတယ်… “ဒီကိစ္စကတော့ ပြီးဆုံးတော့မယ်လို့ ထင်တာပဲ၊ ဒါပေမဲ့ ဒါက တကယ် အလေးအနက်ထားရမယ့် ကိစ္စဖြစ်နေတုန်းပဲ” တဲ့။

သူ့ရဲ့ ပြောစကားကို ရုရှားမီဒီယာတွေနဲ့ နိုင်ငံခြားသတင်းဌာနတွေက စစ်ပွဲပြီးတော့မယ့် အရိပ်အမြွက်လို့ ယူဆပြီး ဖော်ပြကြပေမယ့် ပူတင်ကိုယ်တိုင်ကတော့ ဘယ်လိုအသေးစိတ် အချက်အလက်နဲ့ ပြီးမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ချပြ မသွားဘူး။

ဝါရှင်တန်က ISW (Institute for the Study of War) အဖွဲ့ကတော့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပူတင်ကို ခပ်စပ်စပ်လေး ဝေဖန်ထားတယ်။ ပူတင်က သူ့ရဲ့ ပြည်တွင်းပရိသတ်ကို စည်းရုံးဖို့ ကြိုးစားနေတာပဲ ဖြစ်နိုင်တယ်တဲ့။ ယူကရိန်းဘက်က အဝေးပစ် ဒုံးကျည်တွေနဲ့ လှမ်းပစ်နေတာကို ရုရှားက မတွန်းလှန်နိုင်တော့ ပြည်သူတွေ ကြောက်နေ တာကို ပြန်ထိန်းချင်တာပေါ့။ ISW က ဆက်ပြောတာကတော့ ပူတင်ဟာ ယူကရိန်းကို အပြတ်အသတ် အောင်နိုင်ဖို့ပဲ အာရုံစိုက်ခိုင်းနေတုန်းပဲ၊ ယူကရိန်းအစိုးရကို လက်နက်ချခိုင်းမယ့် အစွန်းရောက် ရည်မှန်းချက်တွေကို သူ မစွန့်လွှတ် သေးဘူးဆိုတာ ပြနေတာပဲတဲ့။

Ignatov ဆိုတဲ့ ပညာရှင်ကလည်း ဘာပြောလဲဆိုတော့ “ပူတင်က ဒီစစ်ပွဲ ပြီးတော့မှာပါလို့ ယူဆချက်မျိုးနဲ့ ပြောသွားတာ။ သူ့အမြင်မှာက ယူကရိန်းဘက်ကသာ လက်ခံမယ်ဆိုရင် ဖြေရှင်းချက်က အဆင်သင့်ရှိပြီးသားလို့ ဆိုလိုတာ။ အဲဒါကို လက်ခံလိုက်ရင် အပစ်ရပ်စဲရေး ဖြစ်သွားပြီး စစ်ပွဲက ပြီးသွားမှာပဲ” တဲ့။

ဒါပေမဲ့ ပြဿနာက ယူကရိန်းဘက်က ဒွန်ဘတ်စ်ဒေသကနေ ဆုတ်မပေးနိုင်ဘူးလို့ ခါးခါးသီးသီး ငြင်းထားတာပဲ။ အဲဒီနေရာတွေက ရုရှားက သူတို့ပိုင်တယ်လို့ ကြေညာထားပေမယ့် အပြည့်အဝတောင် မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေလေ။ Ignatov က ဆက်ပြောတာကတော့ “ပူတင်က ဆွေးနွေးပွဲတွေတော့ ဆက်လုပ်ချင်ပုံရတယ်၊ ဒါပေမဲ့ ယူကရိန်းဘက်က သူလိုချင်တဲ့အတိုင်း ဆုံးဖြတ်ပေးဖို့ကိုပဲ ဇွတ်အတင်း ပြောနေတာ။ ပူတင်ကတော့ သူ့ရပ်တည်ချက်ကို မပြင်ဘူး၊ သူဘာလိုချင်လဲ သူသိသလို ယူကရိန်းကလည်း သူဘာလိုချင်လဲဆိုတာ ကောင်းကောင်းသိတယ်” တဲ့။

နောက်အချက်တစ်ခုက ထရန့်အစိုးရက အခု အရှေ့အလယ်ပိုင်းက အီရန်အရေးကို ပိုအာရုံစိုက်နေတော့ ယူကရိန်းစစ်ပွဲက ဒုတိယတန်းစား ကိစ္စလို ဖြစ်နေတယ်။ တစ်ဖက်မှာလည်း ရုရှားက စစ်မြေပြင်မှာ လူအင်အားတွေ အများကြီး အဆုံးရှုံးခံနေရပေမယ့် ထူးထူးခြားခြား အသာစီးရတာ သိပ်မရှိဘူး။ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် ရုရှားလူမှုကွန်ရက်တွေပေါ်မှာ အာဏာပိုင်တွေကို ဝေဖန်တာတွေ ပိုများလာတယ်။ ပူတင်ကို တိုက်ရိုက်ကြီး မပြောရဲကြပေမယ့်ပေါ့။

စီးပွားရေးပညာရှင် Konstantin Sonin ကတော့ ရှင်းရှင်းလေးပဲ ပြောတယ်… “အစိုးရက ဘယ်လိုပဲ အကောင်းပြောပြော စစ်ပွဲအတွင်းမှာ ပြည်သူတွေရဲ့ တကယ့်ဝင်ငွေက တိုးမလာဘဲ ကျဆင်းသွားတာ” တဲ့။ လူတွေက စစ်ပွဲမရှိရင် ရမယ့် လူနေမှုဘဝထက် ပိုဆိုးနေတာကို ခံစားနေရတော့ ဖြစ်ပျက်နေတာတွေကို မပျော်ကြတော့ဘူး။

ပူတင်အပေါ် ထောက်ခံမှုတွေ ကျဆင်းနေချိန်မှာ ပေါက်ကြားလာတဲ့ သတင်းတစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ ကရင်မလင်ကနေ “ငြိမ်းချမ်းရေး သဘောတူညီချက်” တစ်ခုကို အောင်ပွဲတစ်ခုလို ပုံဖော်ဖို့ စီစဉ်ထားတဲ့ အဆိုပြုချက် တွေပဲ။

အဲဒီအစီအစဉ်ထဲမှာ ဘာတွေပါလဲဆိုတော့ – ဇလန်းစကီးကို သမ္မတရာထူးမှာ ဆက်ထားမယ်။ ဒိုးနက်စ်၊ လူဟန့်စ်နဲ့ ခရိုင်းမီးယားကိုတော့ ရုရှားက ဆက်ယူထားမယ်။ ဒါပေမဲ့ ဆူမီနဲ့ ခါကိဗ်ကနေတော့ ရုရှားတပ်တွေ ပြန်ဆုတ်ပေးမယ်။

ဒါက ပူတင်ရဲ့ စစ်ပွဲရည်မှန်းချက်တွေကို အများကြီး လျှော့ချထားတာပေါ့။ “ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ သိရမယ်၊ အလွန်အကျွံလုပ်ရင် ရှုံးသွားလိမ့်မယ်” လို့တောင် အစီရင်ခံစာမှာ ပါသတဲ့။ ရုရှားဝါဒဖြန့်ချိရေးသမားတွေကိုလည်း အခုစစ်ပွဲကြီးကို “အနောက်အုပ်စုကို အောင်မြင်အောင် ရင်ဆိုင်နိုင်ခဲ့တယ်” ဆိုတဲ့ ပုံစံမျိုးပဲ ပြောဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။

ဒါပေမဲ့လည်း ပူတင်က ဒီအစီအစဉ်ကို တကယ်သဘောတူမလားဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး။ Ignatov ကတော့ “ကရင်မလင် အရာရှိတွေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းမှန်သမျှကို တွက်ချက်နေတာကတော့ ထုံးစံပါပဲ” လို့ပဲ မှတ်ချက်ပေးသွားပါတယ်။

မူရင်း – Newsweek မဂ္ဂဇင်းပါ Is Ukraine War Coming to an End? Putin’s Comments Dissected ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *