တစ်နေ့တခြား အန္တရာယ်ပိုများလာတဲ့ ကမ္ဘာကြီးမှာ အလေးထားမခံရတဲ့ ပင်လယ်ရေကြောင်းသွား
သင်္ဘောသားတွေဟာ အန္တရာယ်တွေ တိုးပြီးရင်ဆိုင်နေကြရတယ်။
“ကျွန်တော်တို့တစ်တွေဟာ စစ်သုံ့ပန်းတွေလို ဖြစ်နေတယ်” လို့ သူ့ပတ်ပတ်လည်မှာ ဒုံးကျည်တွေ တဝှီးဝှီး ပျံနေတဲ့ ပါရှားပင်လယ်ကွေ့ထဲမှာ စောင့်စားနေရတဲ့ ပင်လယ်ကူးသင်္ဘောကပ္ပိတန် ခန်းက ဆိုပါတယ်။ ဒုံးကျည်တစ်စင်းကတော့ သူ့သင်္ဘောနားက ရေနံတင် သင်္ဘောကြီး တစ်စင်းကို ထိမှန်ပြီး မီးစွဲလောင်လို့ သင်္ဘောကြီး ပေါက်ကွဲထွက်သွားတယ်။ တခြားဖြစ်ရပ်တစ်ခုမှာတော့ အဲဒီက လွင့်စဥ်လာတဲ့ အပိုင်းအစတွေက သူ့ရှေ့မီတာနည်းနည်းလောက်ပဲ ကွာတဲ့နေရာရှိ သင်္ဘောတစ်စင်းကို ထိမှန်တာမို့ အဲဒီသင်္ဘောပါ နစ်မြုပ်သွားတာပါပဲ။
မစ္စတာခန်းရဲ့ သင်္ဘောသားတွေဟာ ဟော်မုန့်ဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ဖို့ ကြိုးပမ်းတာ သုံးကြိမ်ရှိပါပြီ။ အကြိမ်တိုင်းမှာပဲ အီရန်တပ်ဖွဲ့တွေက ပြန်လှည့်ခိုင်းလို့ ပြန်လှည့်ခဲ့ရတယ်။ ရေလက်ကြားကို ဖြတ်သန်းခွင့်မရခဲ့ပါဘူး။ “ကျွန်တော်တို့ အားလုံး ရင်တထိတ်ထိတ် နဲ့ပေါ့ဗျာ၊ ကြောက်လန့်နေကြရတာပေါ့၊ ကျွန်တော်တို့ အိမ်ကို ပြန်ရတော့မှာပါပဲ” လို့ သူ့နာမည်အပြည့်အစုံနဲ့ သူ့သင်္ဘောနာမည်ကိုပါ မပြောလိုတဲ့ မစ္စတာခန်းက ဆိုပါတယ်။

နည်းနည်းပါးပါးပဲ ရှိပါတော့တယ်။ မေလ ၃ ရက်နေ့မှာ မစ္စတာထရမ့်က ဟော်မုန့်ဇ်ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ သင်္ဘောတွေကို ထွက်လို့ရအောင် “လမ်းညွှန်” အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အီရန်နိုင်ငံနဲ့ သဘောတူညီချက်တစ်ခုရအောင် ကြိုးပမ်းနေတာမို့ အဲဒီအစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တယ်။ ပင်လယ်ကူးသင်္ဘောသား ၂၀,၀၀၀ ပတ်ဝန်းကျင်ဟာ ပင်လယ်ကွေ့ထဲမှာ ပိတ်မိနေတုန်းပဲ ရှိပါတယ်။
အဲဒီထဲက အများစုကတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယတို့လို အာရှတိုက်က အတော်ကလေး ဆင်းရဲတဲ့ နိုင်ငံတွေက နိုင်ငံသားတွေပါ။ ဒီနိုင်ငံတွေဟာ ရေနံကအစ စမတ်ဖုန်း၊ ဓာတ်မြေဩဇာနဲ့ စားနပ်ရိက္ခာတွေအထိ ပမာဏအရဆိုရင် တစ်ကမ္ဘာလုံးက ကုန်သွယ် ရောင်းဝယ် ကြတဲ့ ကုန်ပစ္စည်းအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ပေးနေတဲ့ ကုန်သင်္ဘောတွေအတွက် သင်္ဘောသား အမြောက်အမြားကို ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီသင်္ဘောသားတွေဟာ သူတို့ဘယ်အခန်းကဏ္ဌကမှ ဝင်မပါခဲ့ဘဲ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိခဲ့တဲ့ ပဋိပက္ခ အရေးအခင်းကြီးတစ်ခုထဲမှာ ပိတ်မိခံနေကြရတာပါ။
ပင်လယ်ကွေ့အတွင်း ပင်လယ်ကူးသင်္ဘောသား အတော်များများ ဘာကြောင့် ပိတ်မိနေရသလဲဆိုတာရဲ့ တစ်ခုတည်းသော အကြောင်းရင်း ကတော့ ဟော်မုန့်ဇ်ရေလက်ကြား ပိတ်လိုက်တာပါပဲ။ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ဖက်ဒရေးရှင်း (The International Transport Workers’ Federation – ITF) က သူ့ရဲ့အဖွဲ့ဝင်တွေကို အဲဒီဒေသထဲကို သင်္ဘောလိုက်ဖို့ ငြင်းဆိုပိုင်ခွင့်နဲ့ သက်ဆိုင်ရာ နိုင်ငံရင်းကို ပြန်လည်ခေါ်ယူခွင့်တွေကို ရရှိစေဖို့ အာမခံချက်ရအောင် စီစဉ်ပေးထားခဲ့တယ်။
ဒါပေမဲ့ သင်္ဘောကုမ္ပဏီကတော့ အစားထိုးလိုက်ပေးမယ့် လူစားမရမချင်း သင်္ဘောသားများ မိမိသင်္ဘောကို တရားဝင် စွန့်လွှတ်နိုင်ခြင်းမရှိပေ။ သူတို့ကို အစားထိုးဖို့ ကိုယ်သဘောဆန္ဒနဲ့ကိုယ် စေတနာ့ဝန်ထမ်း လိုက်ပေးမယ့် သင်္ဘောသားမျိုးကတော့ နည်းနည်းပါးပါးပဲ ရှိပါတယ်။ အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာဖို့ လေယာဉ်လက်မှတ်တွေကလည်း ရှားကလည်းရှား၊ ဈေးကလည်း မတန်တဆဖြစ်နေတယ်။ အဲဒီအချိန်မှာ ပင်လယ်ကွေ့ဒေသနိုင်ငံတွေကို ဝင်ရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာကလည်း ရဖို့အတော်ကို ခက်ပါတယ်။ အဲဒီအချက်က ဘာကို ဆိုလိုသလဲ ဆိုတော့ ဟော်မုန့်ဇ်ရေလက်ကြား တကယ်လို့ ပြန်ဖွင့်လိုက်တဲ့တိုင်အောင် ဒေသတွင်းက ပင်လယ်ကူး သင်္ဘောသားတွေ အတွက်ကတော့ “ပုံမှန်အခြေအနေမျိုး ပြန်မရောက်ခင် အနည်းဆုံး ခြောက်လလောက်တော့ စောင့်ရဦးမယ်” ဆိုတဲ့ သဘောပဲဖြစ်တယ်လို့ သင်္ဘောကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ IMEC က ဖရန်ဆက်စကို ဂါဂီယူလိုက ပြောကြားခဲ့ပါတယ်။
တချို့တွေဆိုရင် အပြန်အလှန်ပစ်ခတ်တိုက်နေတဲ့ကြားထဲမှာ ရောက်နေပြီး ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ ဆက်ပြီး နေကြရတာပါ။ သင်္ဘောနှစ်စင်းပေါ်မှာရှိတဲ့ ဖိလစ်ပိုင်သင်္ဘောသား ဆယ့်ငါးယောက်ကို ဧပြီလကုန်ပိုင်းမှာ အီရန်တို့က ဖမ်းဆီးထားလိုက်တယ်။ သူတို့ကတော့ ဘေးမသီရန်မခ ဖြစ်ခဲ့ပေမယ့် အိန္ဒိယနဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် ပင်လယ်ကူးသင်္ဘောသား ဆယ်ယောက်ထက်မနည်းဟာ စစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတယ်။
အာဂျွန်း (နာမည်ရင်းမဟုတ်) ရဲ့ သင်္ဘောသားတွေဟာ နေ့လယ်စာစားဖို့ ပြင်ဆင်နေတုန်း ဒုံးကျည်တစ်စင်း ထိမှန်လို့ သင်္ဘောသားတစ်ယောက် သေဆုံးသွားရတယ်။ ပုံမှန်ဆိုရင်တော့ သင်္ဘောက သက်ရှိသတ္တဝါလို အသက်ဝင်လှုပ်ရှားနေတတ်ပေမယ့် ဒုံးကျည်ပေါက်ကွဲပြီးတဲ့နောက်တော့ ဘာသံမှလည်း မကြားရတော့။ ပုံမှန်စည်းချက်ကျ လှုပ်ရှားမှုဆိုတာမျိုးလည်း မရှိတော့ပါဘူး။ လူသူကင်းမဲ့ပြီး ချောက်ချားစရာ သရဲသင်္ဘောကြီး တစ်စင်းလို ခံစားနေရပါတော့တယ်။ သင်္ဘောသားတွေက ရေပုံးတွေကိုဆွဲပြီး ပင်လယ်ရေတွေကိုခပ်လို့ သင်္ဘောပေါ်က မီးလုံးကြီးနဲ့ မီးတောက်မီးလျှံတွေကို ပက်ပြီး ငြှိမ်းသတ်ခဲ့ကြတယ်။ အဲဒီနောက်မှ သူတို့ ကယ်ဆယ်ခံလိုက်ရပါတယ်။
ပင်လယ်ကွေ့ထဲမှာ အခုထိတိုင် ရှိနေသေးတဲ့ ပင်လယ်ကူးသင်္ဘောသားတွေရဲ့ အခြေအနေကတော့ အမျိုးမျိုးပါပဲ။ သင်္ဘောပိုင်ရှင်တချို့ကတော့ စစ်ဖြစ်နေတဲ့ နယ်မြေအတွင်းမှာ ရောက်ရှိနေတဲ့ ပင်လယ်ကူးသင်္ဘောသားတွေကို လစာနှစ်ဆတိုး ရရှိရေးအပြင် သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံရင်းကို ပြန်ခွင့်ရရှိစေဖို့ အာမခံချက်နဲ့ သေချာအောင် စုပေါင်းဆောင်ရွက်တဲ့ အပေးအယူ သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ တချို့သင်္ဘောသားတွေကတော့ ပုံမှန်လုပ်နေကျလို ပင်ပင်ပန်းပန်း မလုပ်ရတော့ဘဲ အလုပ်လျှော့လုပ်ရပြီး ဆုကြေးတွေ များများရတာကို ပျော်နေကြလေရဲ့။ ဒါပေမဲ့ အိုင်တီအက်ဖ်အဆိုအရကတော့ ကုန်သွယ်ရေးကြောင်း သင်္ဘောတွေရဲ့ ထက်ဝက်တောင် မပြည့်တဲ့ အရေအတွက်ကပဲ ဒီသဘောတူညီချက်အရ ဆောင်ရွက်ပေးတာရှိတယ်လို့ သိရပါတယ်။
ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပိုင်ရှင်တွေရဲ့သင်္ဘောမှာတောင် သင်္ဘောသားတွေရဲ့ဘဝက ပိုပြီး အခက်အခဲကြုံလာတယ်။ ကပ္ပတိန်ခန်းကတော့ “သောက်သုံးရေ ရဖို့ အခက်အခဲ အကျပ်အတည်း” တစ်ရပ်နဲ့ ရင်ဆိုင်နေရတယ်။ အခုဆို သောက်ရေတစ်တန်ကို နှစ်ဒေါ်လာဝန်းကျင်ပဲ ပေးရကနေ ဒေါ်လာ ၅၀ အထိ တက်ဈေးပေးဝယ်နေရတယ်။ သူ့သင်္ဘောသားတွေအတွက် သောက်ရေကို ခွဲတမ်းနဲ့ သောက်စေတယ်။ တခြားသင်္ဘောသားတွေဆိုရင် စားနပ်ရိက္ခာပါ ပြတ်လပ်ကုန်တယ်ဆိုတာကို မစ္စတာ ထရမ့် သတိပြုမိခဲ့ပါတယ်။ ဒါပေမဲ့ ပင်လယ်ကွေ့ထဲကနေ ထွက်ဖို့လမ်းကို ရွေးချယ်လိုက်ပြန်တော့လည်း အဲဒါ စွန့်စားမှုတစ်ရပ်လို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ကူး သင်္ဘောသား အများစုဟာ စာချုပ်သက်တမ်းအလိုက် တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်ကိုင်နေကြရတဲ့သူတွေ ဖြစ်နေလို့ပါပဲ။
ပင်လယ်ကူးသင်္ဘောသားတွေကတော့ ဒီစစ်ပွဲဟာ သူတို့များမကြာသေးခင်က ကြုံရတဲ့ အခက်အခဲ အတော်များများထဲက နောက်ဆုံး တစ်ခုသာဖြစ်တယ်လို့ မြင်ကြပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုက အမြဲတမ်းပဲ အခက်အခဲတွေနဲ့ အန္တရာယ်မျိုးစုံကို ရင်ဆိုင်နေကြရတာပါပဲ။ လုပ်ငန်းခွင်ကြုံရတဲ့ အန္တရာယ်တွေထဲမှာ အာဖရိကတိုက်ဦးချိုဒေသနဲ့ ဂီနီပင်လယ်ကွေ့ထဲမှာ ပင်လယ်ဓားပြ တိုက်ခိုက်မှုတွေဟာ အခုချိန်အထိ ပါဝင်နေတုန်းပါပဲ။ အထူးသဖြင့် ကပ်ရောဂါတွေ ကျရောက်ချိန်မျိုးမှာ နိုင်ငံအစိုးရတွေက သင်္ဘောသားတွေ ကို ဆိပ်ကမ်းမှာ ကုန်းပေါ်တက်ခွင့်မပေးတာနဲ့ သင်္ဘောသားတွေ အပန်းဖြေအနားယူခွင့်ကို ပိတ်ပင်တဲ့အခါမျိုးမှာလည်း အခက်အခဲတွေ ကြုံရတာပါပဲ။ အာဂျွန်းဆိုရင် သူ့ဇနီးနဲ့ မတွေ့ရတာ လပေါင်းနှစ်ဆယ်လောက် ရှိပြီ။ သင်္ဘောသားတွေကို လုပ်ခလစာမပေးဘဲ သင်္ဘောပေါ်မှာပဲ ပစ်ထားကြတဲ့ အလုပ်ရှင်တွေ တိုးလာနေတာမို့ သင်္ဘောသားတွေဟာ စိတ်နာကြည်းခဲ့ကြတယ်။
တချို့ကတော့ ဒီအကျပ်အတည်းဟာ အပြောင်းအလဲတွေကို မြန်ဆန်စေမယ့် အချက်တစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သမဂ္ဂတစ်ခုကို ဦးဆောင်နေတဲ့ ကပ္ပတိန် အာနန် ချောက်ဒရီးက အနာဂတ်စစ်ပွဲတွေအတွက် စီစဉ်နေကြတဲ့ ခေါင်းဆောင်တွေကို ရိုးရိုးရှင်းရှင်း မေတ္တာရပ်ခံလိုက်တာက “ပင်လယ်ကူးသင်္ဘောတွေကို ငရဲပြည်ကနေ ထွက်လို့ရအောင် အချိန်လေး ပေးကြပါဗျာ၊ ခင်ဗျားတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေအတွက် သူတို့ကို ဓားစာခံမဖြစ်စေပါနဲ့ဗျာ” လို့ တိုက်တွန်းလိုက်တယ်။

တကယ်တော့ ဒီပင်လယ်ကွေ့ဒေသတစ်ခုတည်းမှာသာ ပင်လယ်ကူးသင်္ဘောသားတွေ အန္တရာယ်ဝိုင်းနေတာ မဟုတ်ပါဘူး။ ဟူသီသူပုန်တွေရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကြောင့် ပင်လယ်နီမှာ သင်္ဘောသား အတော်များများ သေဆုံးခဲ့ရပါသေးတယ်။ ရုရှားတွေရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်လည်း ပင်လယ်နက်မှာ သင်္ဘောသားတွေ ထိမှန်သေဆုံးခဲ့ကြရသေးတယ်။
အာရှတိုက်နိုင်ငံတွေက အစိုးရတွေကတော့ စွမ်းဆောင်ရည်ရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အင်အားစုတစ်ရပ်ဖြစ်တဲ့ ပင်လယ်ကူး သင်္ဘောသား တွေကို စာနာထောက်ထားမှုရှိကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ပင်လယ်ကူးသင်္ဘောသား ၅၉၀,၀၀၀ ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ အရေအတွက် အများဆုံး သင်္ဘောသား အစုအဖွဲ့ပဲဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံကျော် မိခင်နိုင်ငံဆီ ငွေတွေ ပြန်လွှဲပေးနေကြတာ ဖြစ်တယ်။ အဲဒီပမာဏဟာ ဒီနိုင်ငံရဲ့ နိုင်ငံခြားက လွှဲပြောင်းပေးငွေ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံ ရှိပါတယ်။ စောစောပိုင်းတုန်းကဆိုရင် အင်ကာလာ (Angkla) (“anchor”) လို့ခေါ်တဲ့ သူတို့ပိုင်တဲ့ နိုင်ငံရေးပါတီတစ်ခုတောင် ရှိသေးတယ်။ အဲဒါကြောင့် ဖိလစ်ပိုင်အစိုးရက သူ့နိုင်ငံက ပင်လယ်ကူး သင်္ဘောသားတွေကို ပင်လယ်ကွေ့ဒေသမှာ ဖြန့်ကြက်ချထားရင် လက်မခံဘဲ ငြင်းဆိုနိုင်တယ်ဆိုတာကို အလေးထား ပြောကြားခဲ့တာဟာ တကယ်တော့ အံ့ဩစရာ မဟုတ်တော့ပါဘူး။ အဲဒီအချက်က ပင်လယ်ကွေ့မှာ အခုအချိန်အထိ ပိတ်မိနေတဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေ သက်သာရာရရှိဖို့ ပိုပြီးခဲယဉ်းစေဖွယ်ရာ ရှိတယ်။ အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ အဲဒီဒေသမှာရှိနေတဲ့ ပင်လယ်ကူးသင်္ဘောသားတွေကို သူ့နိုင်ငံရင်းဆီ ပြန်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒါ့ပြင် သူတို့ရဲ့ ကြိုးပမ်းချက်ကိုလည်း ပြည်သူလူထုက သတိထားမိအောင် ဆောင်ရွက်တယ်။
နိုင်ငံအားလုံးမှာ ပင်လယ်ကူးသင်္ဘောသားတွေရဲ့ ဘဝတွေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာမှာ အရင်းအနှီးတွေကတော့ ရှိတာပါပဲ။ စစ်ပွဲမတိုင်ခင်ကတောင် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အရည်အချင်းပြည့်ဝတဲ့ ပင်လယ်ကူးသင်္ဘောသား ဦးရေ အတော်ကို နည်းနည်းပဲ ရှိပါတယ်။ ဒီအလုပ်ဟာ အာဂျွန်တို့လို လူမျိုးတွေအတွက် ဆင်းရဲတွင်းက လွတ်မြောက်ဖို့ လမ်းစတစ်ခုအဖြစ် ကာလရှည် ဖြည့်ဆည်းပေးခဲ့တယ်။ သူတို့ပြည်တွင်းမှာ ရနိုင်တဲ့ လုပ်အားခထက် မနှိုင်းယှဉ်သာအောင် အပုံကြီးမြင့်မားတဲ့ လစာမျိုးကို ရရှိစေခဲ့တယ်။ ဒါ့ပြင် ကမ္ဘာတစ်ဝန်းလုံးအနှံ့ လှည့်လည်သွားလာနိုင်တဲ့ အခွင့်အရေးတစ်ရပ်ကိုလည်း ရစေတယ်။ ဒါပေမဲ့လို့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာ ရေယဉ်ကြော တိုးလာနေတဲ့ အန္တရာယ် အမျိုးမျိုးကြားမှာ သင်္ဘောငယ်ကလေးတစ်စင်းနဲ့ အထီးကျန်သွားရတဲ့ ဘဝကို နှစ်တွေနဲ့ချီပြီး ကုန်ဆုံးစေနေရတယ်လို့လည်း အဓိပ္ပာယ်ဆောင်နိုင်ပါတယ်။
ရည်ညွှန်း: The Economist


