The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန်တို့ နောက်ဆုတ်ရင် အီရန်စစ်ပွဲ အဆုံးသတ်နိုင်မှာလား (ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ် တို့၏ သုံးသပ်ချက်)

Share မယ်

အီရန်စစ်ပွဲ၏ လက်ရှိ သောင်မတင် ရေမကျ အခြေအနေ

အိမ်ဖြူတော်၏ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာအပေါ် အီရန်နှင့် သဘောတူညီမှုရရန် နီးစပ်နေပြီဟု အမေရိကန် သတင်းမီဒီယာ Axios တွင် ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ အသေးစိတ် ညှိနှိုင်းရေးအတွက် မူဘောင်တစ်ရပ် ချမှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အမေရိကန်ဘက်မှ တင်ပြလာသည့် အဆိုပြုချက်ကို စဉ်းစားသုံးသပ်နေပြီး တီဟီရန်အစိုးရ၏ သဘောထားကို ပါကစ္စတန် ကြားဝင်ညှိနှိုင်းသူများမှတစ်ဆင့် ပြန်လည်ပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် အပစ်ရပ်သဘောတူညီချက်ကို “စစ်ပွဲအား အပြီးတိုင် ရပ်တန့်သွားစေမည့် အခြေအနေတစ်ရပ်” အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ သို့သော် မေလ ၆ ရက်နေ့ကပင် သမ္မတထရမ့်က ၎င်း၏ Truth Social မီဒီယာပေါ်၌ “အီရန်ဘက်က သဘောတူညီချက်ကို လက်မခံပါက အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဖြစ်ပြီး အရင်ကထက် ပိုမိုပြင်းထန်လာလိမ့်မည်” ဟု ရေးသားခဲ့ကြောင်း သိရသည်။

credit: Mindsite News

အီရန်လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မရှင် ပြောခွင့်ရသူ အီဘရာဟင် ရီဇာအီ ကလည်း X လူမှုကွန်ရက်ပေါ်၌ “အီရန်သည် သေနတ်မောင်းပေါ် လက်ညှိုးတင်ထားသလို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေသည်” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ ထို့အပြင် အမေရိကန်ဘက်က လိုအပ်သော လိုက်လျောမှုများ မပေးပါက အီရန်ဘက်မှ “ပြင်းထန်ပြီး နောင်တရစေမည့် တုံ့ပြန်မှု” ပြုလုပ်သွားမည်ဟု သတိပေးခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော “Operation Epic Fury” အီရန်စစ်ဆင်ရေးသည် အီရန်ဘက်မှ သတ်မှတ်ချက်များကို လက်ခံမှသာ အဆုံးသတ်မည်ဟု ထရမ့်က ပြောဆိုထားသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ညပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဆက်လက် အသက်ဝင်နေဆဲဖြစ်သည်ဟု သမ္မတထရမ့်က ဆိုသည်။ သို့သော် တကျော့ပြန် တိုက်ခိုက်မှုကို မည်သည့်ဘက်က စတင်ခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ အစောပိုင်း ပြောကြားချက်အရမူ အီရန်စစ်ဆင်ရေးသည် ရည်မှန်းချက်များ အောင်မြင်ခဲ့သဖြင့် အဆုံးသတ်သွားပြီဖြစ်သည်။

ထရမ့်က အီရန်အနေဖြင့် နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးအပြင် “အမေရိကန်က ဖြစ်စေချင်သည့် အခြားအချက်များ” ကိုပါ သဘောတူထားကြောင်း ပြောဆိုခဲ့သော်လည်း တီဟီရန်ဘက်က ယင်းကို အတည်မပြုသေးပေ။ အီရန်၏ နျူကလီးယားအစီအစဉ်သည် နှစ်နိုင်ငံကြား အဓိက သဘောထားကွဲလွဲချက်အဖြစ် ရှိနေဆဲဖြစ်သည်။

ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ် တို့၏ သုံးသပ်ချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စတင်ခဲ့သော စစ်ပွဲသည် အမေရိကန်ဘက်မှ “အောင်မြင်စွာ ဆုတ်ခွာခြင်း” အစီအစဉ်ဖြင့် နိဂုံးချုပ်သွားနိုင်ဖွယ် ရှိနေသည်။ အမေရိကန်အနေဖြင့် ဆိုးရွားသော ထိခိုက်နစ်နာမှုများကို မခံစားရဘဲ ဤစစ်ပွဲကို ဆက်လက်ဆင်နွှဲရန် မဖြစ်နိုင်တော့ပေ။ စစ်ရေးတင်းမာမှုများ ထပ်မံမြင့်တက်လာပါက ဒေသတွင်းရှိ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေသန့်စင်ရေး အခြေခံအဆောက်အအုံများ ပျက်စီးကာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးဆိုးကြီး ဖြစ်ပေါ်လာနိုင်သည်။ အီရန်သည် အမေရိကန်တို့ အကုန်အကျ မခံနိုင်လောက်သည့် ဆုံးရှုံးမှုများကို ဖန်တီးနိုင်စွမ်းရှိသည်ဟု ယုံကြည်ထားသည်။ ထိုသို့သော ဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခများကို ကမ္ဘာ့ပြည်သူများက မျှဝေခံစားရခြင်းမျိုး မဖြစ်သင့်ပေ။

အမေရိကန်-အစ္စရေးတို့၏ စစ်ဗျူဟာမှာ “ခေါင်းနဲ့ကိုယ် အိုးစားကွဲရေး တိုက်ခိုက်မှု” (Decapitation Strike) ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် မော့ဆက် (Mossad) ညွှန်ကြားရေးမှူး ဒေးဗစ်ဘာနီယာတို့က ဤဗျူဟာကို သမ္မတထရမ့်ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။ လေကြောင်းဗုံးကြဲမှုများဖြင့် အီရန်အစိုးရ၏ အမိန့်ပေးစနစ်၊ နျူကလီးယားအစီအစဉ်နှင့် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ခေါင်းဆောင်ပိုင်းကို ဖြိုခွင်းရန်၊ ထို့နောက် တီဟီရန်တွင် ၎င်းတို့ စိတ်ကြိုက် ရုပ်သေးအစိုးရတစ်ရပ် တင်မြှောက်ရန် ရည်ရွယ်ခဲ့ကြသည်။

အီရန်သည် ဗင်နီဇွဲလား မဟုတ်

သမ္မတထရမ့်သည် အီရန်တွင် ဗင်နီဇွဲလားပုံစံအတိုင်း ဖြစ်လာမည်ဟု ယူဆခဲ့ပုံရသည်။ ၂၀၂၆ ဇန်နဝါရီလအတွင်း ဗင်နီဇွဲလား စစ်ဆင်ရေး၌ သမ္မတ မာဒူရိုကို ဖယ်ရှားနိုင်ခဲ့သည့် အောင်မြင်မှုကို အီရန်တွင်လည်း ရရှိမည်ဟု အခြားအချက်အလက်များကို ထည့်သွင်း စဥ်းစားတွက်ချက်ခြင်း မရှိပဲ နုံချာစွာဖြင့် ယုံကြည်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် အီရန်တွင်မူ အမေရိကန်အလိုကျ ပူးပေါင်းဆောင်ရွက်ပေးမည့် အင်အားစုမရှိသဖြင့် ထိုဗျူဟာ မအောင်မြင်ခဲ့ပေ။ အီရန်သည် သမိုင်း၊ နည်းပညာ၊ စစ်ရေးစွမ်းရည်နှင့် ပထဝီနိုင်ငံရေးအရ ဗင်နီဇွဲလားနှင့် အလွန်ပင် ကွာခြားလှသည်။

အီရန်အစိုးရသည် ပြိုကွဲမသွားသည့်အပြင် IRGC တပ်ဖွဲ့သည် အမိန့်ပေးစနစ်ကို ပိုမိုတင်းကျပ်ကာ အာဏာကို ပိုမိုခိုင်မာအောင် တည်ဆောက် နိုင်ခဲ့သည်။ အမြင့်ဆုံးခေါင်းဆောင်နှင့် ဘာသာရေးအဖွဲ့အစည်းများကလည်း စည်းလုံးစွာ ရပ်တည်နေကြသလို အီရန် ပြည်သူများကလည်း ပြင်ပကျူးကျော်မှုကို ဆန့်ကျင်၍ အစိုးရဘက်မှ ဝန်းရံလာကြသည်။

credit: The Guardian

အမေရိကန်၏ ညံ့ဖျင်းသည့် အတွက်အချက် မှားယွင်းမှု

နှစ်လအကြာတွင် ထရမ့်နှင့် နေတန်ယာဟုတို့သည် ၎င်းတို့လိုချင်သော ရုပ်သေးအစိုးရကို မထူထောင်နိုင်ခဲ့သလို အီရန်၏ အညံ့ခံမှုကိုလည်း မရရှိခဲ့ကြပေ။ စစ်ရေးအရ အောင်ပွဲရရန် နည်းလမ်းမရှိတော့သဖြင့် “အောင်မြင်စွာ ဆုတ်ခွာရေး” လမ်းကိုသာ ရွေးချယ်ရတော့မည့် အနေအထားဖြစ်သည်။ အမေရိကန်၏ အတွက်အချက် မှားယွင်းမှုကို အချက် (၄) ချက်ဖြင့် ရှင်းပြနိုင်သည် –

၁။ သမိုင်းကြောင်းကို နားလည်မှုလွဲခြင်း – အီရန်သည် နှစ်ပေါင်း ၅,၀၀၀ သမိုင်းရှိသည့် နိုင်ငံဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ဒီမိုကရေစီအစိုးရကို အမေရိကန်က ဖြုတ်ချခဲ့သည့် သမိုင်းကြောင့် အီရန်ပြည်သူများသည် အမေရိကန်၏ ဖိအားကို အလွယ်တကူ ဒူးထောက်မည်မဟုတ်ပေ။

၂။ နည်းပညာစွမ်းရည်ကို လျှော့တွက်ခြင်း – အီရန်တွင် ကမ္ဘာ့အဆင့်မီ အင်ဂျင်နီယာနှင့် သင်္ချာပညာရှင်များရှိသည်။ ပိတ်ဆို့မှုများကြားမှ ကိုယ်ပိုင်ဒုံးပျံ၊ ဒရုန်းနှင့် အာကာသနည်းပညာများကို အံ့အားသင့်ဖွယ် တည်ဆောက်နိုင်ခဲ့သည်။

၃။ စစ်ရေးကုန်ကျစရိတ် အချိုးမညီခြင်း – အီရန်၏ ဒေါ်လာ ၂၀,၀၀၀ တန် ဒရုန်းကို ကြားဖြတ်တိုက်ရန် အမေရိကန်က ဒေါ်လာ လေးသန်းတန် ဒုံးခွင်းဒုံးကို သုံးရသည်။ အီရန်၏ သင်္ဘောဖျက်ဒုံးကျည်များသည် ဒေါ်လာ ဘီလီယံချီတန်သော အမေရိကန် စစ်သင်္ဘောများကို ခြိမ်းခြောက်နေသဖြင့် စစ်ဆင်ရေးကုန်ကျစရိတ်မှာ အမေရိကန် ခံနိုင်ရည်ထက် ကျော်လွန်လာခဲ့သည်။

၄။ မူဝါဒချမှတ်မှု ယန္တရား ပျက်ပြားခြင်း – အီရန်စစ်ပွဲကို မာရာလာဂိုအိမ်တော်ရှိ လူနည်းစုကသာ ဆုံးဖြတ်ခဲ့ပြီး ဌာနဆိုင်ရာ ညှိနှိုင်းမှုမရှိခဲ့ပေ။ အမျိုးသားလုံခြုံရေးကောင်စီအတွင်း အားနည်းပျက်စီးနေကာ အရေးပါသော အရာရှိများ နုတ်ထွက်ခဲ့ကြသည်။ (မာရာလာဂိုအိမ်တော်သည် ထရမ့်ပိုင် အဆင့်မြင့် အိမ်ရာတစ်ခုဖြစ်ပြီး အိမ်ဖြူတော်ကဲသို့ စစ်ရေး ကွပ်ကဲမှု အသုံးအဆောင်နှင့် လိုအပ်ချက်များ တပ်ဆင်မထားသည့် အပန်းဖြေ အိမ်ရာအဆင့်သာ ရှိသည်။ အယ်ဒီတာ)

ထရမ့်၏ အဓမ္မအာဏာလွှမ်းမိုးရေး စစ်ပွဲ

ဤစစ်ပွဲသည် မဖြစ်မနေ ဆင်နွှဲရမည့် စစ်ပွဲမဟုတ်ဘဲ “အဓမ္မအာဏာလွှမ်းမိုးရေး” (Hegemony) ကို အခြေခံသည့် စိတ်ကူးပေါက်ရာ စစ်ပွဲသာဖြစ်သည်။ အမေရိကန်သည် မိမိတို့ မပိုင်ဆိုင်နိုင်တော့သော ကမ္ဘာလုံးဆိုင်ရာ အာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခြင်းဖြစ်သည်။ စစ်ပွဲအဆုံးသတ်တွင် အခြေအနေမှာ မူလအတိုင်း ပြန်ဖြစ်သွားနိုင်သော်လည်း (၁) အီရန်က ဟောမုဇ်ရေလက်ကြားကို လက်တွေ့ထိန်းချုပ်လာခြင်း၊ (၂) အီရန်၏ ဟန့်တားနိုင်စွမ်း မြင့်တက်လာခြင်းနှင့် (၃) ပင်လယ်ကွေ့တွင် အမေရိကန် စစ်ရေးအင်အား လျော့နည်းသွားခြင်းဟူသော အချက်သစ်များ ပေါ်ပေါက်လာလိမ့်မည်။

အမေရိကန် နောက်ဆုတ်သွားသော်လည်း အီရန်အနေဖြင့် အိမ်နီးချင်းများအပေါ် အင်အားသုံးမည်မဟုတ်ပေ။ အကြောင်းမှာ အီရန်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိုသာ လိုလားခြင်း၊ စစ်ပွဲပြန်မစလိုခြင်းနှင့် ရုရှား၊ တရုတ်တို့ကဲ့သို့ မဟာမိတ်များက ဒေသတည်ငြိမ်ရေးကို အလိုရှိနေခြင်းတို့ကြောင့် ဖြစ်သည်။

အစိုးရပြောင်းလဲစေရန် ကြံစည်သည့် စစ်ဆင်ရေးများ ရပ်သင့်

ဒေါ်နယ်ထရမ့်သည် ဤဆုတ်ခွာမှုကို အောင်ပွဲတစ်ခုအဖြစ် ပုံဖော်ပေလိမ့်မည်။ သို့သော် အမှန်တရားမှာ အီရန်သည် အမေရိကန် ထင်ထား သည်ထက် ပိုမိုနက်ရှိုင်းသည့် နိုင်ငံဖြစ်ကြောင်းနှင့် စစ်ပွဲသည် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်းပင် ဖြစ်သည်။ အမေရိကန်အနေဖြင့် အခြားနိုင်ငံများ၏ “အစိုးရပြောင်းလဲရေး စစ်ဆင်ရေးများ” ကို ရပ်တန့်ကာ အပြည်ပြည် ဆိုင်ရာ ဥပဒေနှင့် သံတမန်ရေး လမ်းကြောင်း အတွင်းသို့ ပြန်လည်ဝင်ရောက်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြ နှိုးဆော် လိုက်ရပါသည်။

ကိုးကားချက်များ –

  • The war on Iran will likely end in American retreat: By Jeffrey Sachs and Sybil Fares, 9 May 2026, Al Jazeera.
  • US-Israel attacks on Iran: Death toll and injuries live tracker, 5 May 2026, Al Jazeera.
  • အီရန်နှင့် တိုက်ခိုက်မှုများရှိသော်လည်း အပစ်ရပ်သဘောတူမှု မပျက်သေးကြောင်း ထရမ့်ပြောကြား၊ မေလ ၈ ရက်၊ ဘီဘီစီ။
Click to rate this post!
[Total: 2 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *