ရက်အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီးတဲ့နောက် ပင်လယ်ကွေ့စစ်ပွဲဟာ တစ်ခါပြန်ပြီး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်သွားခဲ့တယ်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှာ ကုန်တင်သင်္ဘောတွေကို လမ်းပြပေးမယ့် ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ဟာ နှစ်ရက်ပဲ ကြာလိုက်တယ်။ အစီအစဉ် ပြန်ဆိုင်းငံ့သွားခဲ့တယ်။
အီရန်ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို တိုက်ခိုက်ပြီး အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်လိုက်ပေမယ့် အမေရိကန်ကတော့ ဒီတိုက်ခိုက်မှုကို အသေးအဖွဲ ကိစ္စတစ်ခုလိုပဲသဘောထားခဲ့တယ်။ ထရမ့်က မကြာခင်မှာ သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခု ရရှိတော့မယ့်ပုံမျိုး လေလုံးထွားနေတယ်။
ထရမ့်ရဲ့ လွတ်လပ်မှု စီမံချက်(Project Freedom) ကဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရတာနဲ့ပတ်သက်ပြီး စိတ်ပျက်လက်ပျက် အားမလိုအားမရဖြစ်ရာကနေ ထွက်ပေါ်လာတာပါ။ အမေရိကန်က အီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ပြီး ရေနံတင်ပို့မှုတွေကို ဖြတ်တောက်မယ်လို့ ကြေညာခဲ့တာ သုံးပတ်ကျော်သွားခဲ့ပေမယ့် ထရမ့် မျှော်လင့်ထားသလို အီရန်အတွက် ဆိုးဆိုးရွားရွား ကပ်ဆိုးကြီး ဖြစ်မလာခဲ့ဘူး။ ဧပြီလ ၂၆ ရက်နေ့က အီရန်ရဲ့ ပိတ်ဆို့ခံထားရတဲ့ ရေနံသိုလှောင်ရုံတွေဟာ သုံးရက်အတွင်း “ပေါက်ကွဲ” သွားလိမ့်မယ်လို့ ထရမ့်က ခန့်မှန်းခဲ့တယ်။ ဒါပေမဲ့ ဒီခန့်မှန်းချက်ကလည်း အခြားခန့်မှန်းချက်တွေလိုပဲ ဘာမှဖြစ်မလာဘဲ ပြီးသွားခဲ့တယ်။
ဒီပိတ်ဆို့မှုတွေက ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ရတဲ့ အီရန်နိုင်ငံကို ထိခိုက်နစ်နာစေပြီး အီရန် စီးပွားရေး ကမောက်ကမ ဖြစ်သွားပေမယ့် အီရန်ဆီကနေ အဓိကလိုက်လျောမှုတွေ ရချင်တဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်ကတော့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့်လည်း ရေလက်ကြားထဲက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါ။ အမေရိကန် ဖျက်သင်္ဘောတွေဟာ မေလ ၄ ရက်နေ့မှာ အမေရိကန်အလံစိုက်ထားတဲ့ သင်္ဘောနှစ်စင်းကို ဟော်မုဇ် ရေလက်ကြားထဲကနေ အောင်အောင်မြင်မြင် လမ်းပြစောင့်ရှောက်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီ “စီမံချက်” ဟာ ပိတ်မိ နေသေးတဲ့ တခြားသင်္ဘောအစင်းပေါင်း ရာချီအတွက်တော့ အထောက်အကူဖြစ်ဖို့ မရှိပါဘူး။ သင်္ဘောကုမ္ပဏီတွေကတော့ ဒီရေလက်ကြားကို ဖြတ်သန်းတာဟာ လက်ခံလို့မရနိုင်တဲ့ စွန့်စားမှုတစ်ခုအဖြစ် မြင်နေတုန်းပါပဲ။
အထူးသဖြင့် ယူအေအီး (UAE) အမျိုးသားရေနံကုမ္ပဏီပိုင် ရေနံတင်သင်္ဘောတစ်စင်းနဲ့ တောင်ကိုရီးယားသင်္ဘောတစ်စင်းကို အီရန်က တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ ပိုဆိုးသွားတာပါ။
ဒီစီမံချက်က တကယ့်တကယ်တော့ အီရန်အတွက် သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ပြန်ပြီးတိုက်ခိုက်ဖို့ အကြောင်းပြစရာခု ဖြစ်သွားတာပါ။ ဧပြီလ ၈ ရက်၊ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အီရန်ဟာ မေလ ၄ ရက်နေ့မှာ ယူအေအီး (UAE) နိုင်ငံကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အနည်းဆုံး ၁၉ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီဒရုန်းတွေကြောင့် ပါရှန်းပင်လယ်ကွေ့အပြင်ဘက်မှာရှိတဲ့ ယူအေအီးရဲ့ တစ်ခုတည်းသော အဓိကဆိပ်ကမ်းဖြစ်ပြီး စစ်ဖြစ်နေချိန်မှာ ရေနံစိမ်းတင်ပို့ဖို့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ဖူဂျိုင်ရာ (Fujairah) ရေနံဆိပ်ကမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်။
ယူအေအီးဘက်က ဒေါသတကြီးဖြစ်သွားတာဟာ နားလည်ပေးလို့ရပြီး ပင်လယ်ကွေ့ဒေသက တာဝန်ရှိသူ အတော်များများကလည်း အမေရိကန်က လက်တုံ့ပြန်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေကို အမေရိကန်က အသေးအဖွဲလို သဘောထားခဲ့တယ်။ မကြာခင်မှာပဲ ထရမ့်က အမေရိကန်နဲ့ အီရန်ကြားမှာ ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ရဲ့ တောင်းဆိုချက်အရလို့ အကြောင်းပြပြီး “လွတ်လပ်ရေး စီမံချက်” ( Project Freedom) ကို ဆိုင်းငံ့လိုက်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ထရမ့်က စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်ရရှိရေးမှာ “ကြီးမားတဲ့ တိုးတက်မှု” တွေရရှိနေပြီလို့ ကြွေးကြော်ခဲ့တယ်။ ဒါဟာ လွန်လွန်ကဲကဲ ပြောတာမျိုးဖြစ်ဖို့ သေချာသလောက်ပါပဲ။ နှစ်ဖက်စလုံးဟာ နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ အကြမ်းဖျင်းမူဘောင်တစ်ခုဆီ ချဉ်းကပ်မိနေတဲ့ သဘောပါ။ သူတို့ဟာ ရက်ပေါင်း ၃၀ အတွင်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေကို အပြန်အလှန် ဖယ်ရှားပေးကြမှာဖြစ်ပြီး အဲဒီအချိန်ကို အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အီရန်ရဲ့တောင်းဆိုချက်နဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်တယ်။
ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေ အောင်မြင်လိမ့်မယ်လို့ ဘာအာမခံချက်မှ မရှိတဲ့အပြင် ဆွေးနွေးပွဲ ပျက်ပြားသွားမှာနဲ့ နောက်ထပ်စစ်ပွဲ ထပ်ဖြစ်လာမှာကို စိုးရိမ်စိတ်တွေကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အခြားကုန်စည်တွေ စီးဆင်းမှုကိုတော့ ဆက်ပြီး အဟန့်အတား ဖြစ်နေစေဦးမှာပါ။
ပင်လယ်ကွေ့အရေး စောင့်ကြည့်လေ့လာသူ တော်တော်များများကတော့ အခုတိုက်ခိုက်မှုတွေမှာ အီရန်က ယူအေအီး (UAE) တစ်နိုင်ငံတည်းကိုပဲ သီးသန့် ရွေးချယ်တိုက်ခိုက်ခဲ့တာကို သတိပြုမိပြီး အံ့ဩခဲ့ကြတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီစစ်ပွဲရဲ့ အစောပိုင်းတုန်းက အီရန်ဟာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ခြောက်နိုင်ငံစလုံးကို တိုက်ခိုက်ခဲ့ဖူးလို့ပါ။
အီရန်မှာ ရည်ရွယ်ချက် နှစ်ခု ရှိပုံရတယ်၊ အဲဒါတွေကတော့ ယူအေအီးကို အစ္စရေးရဲ့ ကိုယ်ပွား(Proxy) တစ်ခုလို သဘောထားပြီး ကိုင်တွယ်တာနဲ့ ယူအေအီးနဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် ဆော်ဒီအာရေဗျ) ကြားက အက်ကြောင်းကို ပိုမိုနက်ရှိုင်းအောင် လုပ်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။


ယူအေအီးဟာ ၂၀၂၀ ပြည့်နှစ်မှာ အစ္စရေးနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး အေဗရာဟင် သဘောတူညီချက် (Abraham Accords) အရ ပထမဆုံး ဆောင်ရွက်ခဲ့တဲ့ အာရပ်လေးနိုင်ငံထဲက ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့တယ်။ ဒီခြေလှမ်းဟာ ဆော်ဒီက လွှမ်းမိုးထားတဲ့ GCC ရဲ့ လက်အောက်ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒတစ်ခုကို ဖော်ဆောင်ဖို့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တခြား ပင်လယ်ကွေ့နိုင်ငံတွေအားလုံးမှာလည်း အစ္စရေးနဲ့ တိတ်တဆိတ် ဆက်ဆံရေး ရှိကြပေမယ့် ဘာရိန်းနဲ့ ယူအေအီးနိုင်ငံပဲ ဒီသဘောတူညီချက်မှာ ပါဝင်ခဲ့ကြတာပါ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဂါဇာမှာ အစ္စရေး ဆင်နွှဲခဲ့တဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကြောင့် အာရပ်အစိုးရတွေအတွက် အစ္စရေးနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ပြသဖို့ ခက်ခဲသွားစေခဲ့ပါတယ်။ ဒါပေမဲ့ ယူအေအီးကတော့ အစ္စရေးနဲ့ မဟာမိတ်အဖြစ် ရပ်တည်မှုကို လူသိရှင်ကြား ပိုပြီးခိုင်မာအောင် လုပ်ဆောင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။
ယူအေအီးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စစ်ပွဲမစတင်ခင်ကတည်းက အစ္စရေးရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တပ်ဆင်ထားပြီးသား ဖြစ်ပါတယ်။ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ စတင်ပျံသန်းလာတာနဲ့ တစ်ပြိုင်နက် အစ္စရေးဟာ ယူအေအီးရဲ့ ကာကွယ်ရေးစနစ်ကို အားဖြည့်ဖို့ အတွက် အစ္စရေးစစ်သားတွေ မောင်းနှင်တဲ့ Iron Dome ဘက်ထရီစနစ် အပြင် အဆင့်မြင့်အာရုံခံကိရိယာတွေနဲ့ လေဆာ စနစ်တွေကိုပါ အလျင်အမြန် စေလွှတ်ပေးခဲ့ပြီး အချို့ဟာ စမ်းသပ်ဆဲ ရှေ့ပြေးပုံစံတွေတောင် ဖြစ်ပါတယ်။
အစ္စရေး ကာကွယ်ရေးအရာရှိတစ်ဦးကတော့ ဒီပူးပေါင်းဆောင်ရွက်မှုအဆင့်အတန်းဟာ “တစ်ခါမှမရှိဖူးသေးတဲ့ အခြေအနေ” လို့ ပြောခဲ့ပါတယ်။ ဒီနှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ကာကွယ်ရေးကဏ္ဍတစ်ခုတည်းတင် မကပါဘူး။ မကြာသေးမီနှစ်တွေအတွင်းမှာ ယူအေအီးဟာ နှစ်နိုင်ငံစီးပွားရေး “မိတ်ဖက်သဘောတူညီချက်” တွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံး သဘောတူညီချက်ကို အိန္ဒိယနဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယတစ်ခုကိုတော့ အစ္စရေးနဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။
ဒီနှစ်နိုင်ငံစလုံးဟာ တူညီတဲ့ ကမ္ဘာ့အမြင် ရှိကြတယ်။ အီရန်ရဲ့ ကိုယ်ပွားအုပ်စုတွေနဲ့ လက်ဝေခံနိုင်ငံတွေ အားနည်းသွားတာနဲ့အမျှ သူတို့ဟာ တူရကီက လွှမ်းမိုးထားတဲ့ ဝင်ရိုးအသစ်တစ်ခု ဒေသတွင်းမှာ (အထူးသဖြင့် အရင်က အီရန် သြဇာလွှမ်းမိုးခဲ့တဲ့) အီရတ်၊ လက်ဘနွန်နဲ့ ဆီးရီးယားတို့မှာ အာဏာပိုကြီးထွားလာမှာကို စိုးရိမ်နေကြပါတယ်။
ပင်လယ်ကွေ့ဒေသမှာ တာဝန်ကျဖူးတဲ့ အစ္စရေးသံတမန်တစ်ဦးက “ယူအေအီးဟာ မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုကို လုပ်လိုက်တာပါ၊ သူတို့အမြင်အရ အစ္စရေးဟာ သူတို့ရဲ့ လုံခြုံရေးအစီအစဉ်တွေမှာတင် မကဘဲ စီးပွားရေးနဲ့ သံတမန်ရေးရာ အစီအစဉ်တွေမှာပါ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်” လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ယူအေအီးဟာ ဆော်ဒီအာရေဗျနဲ့ ပိုပြီးတော့ အလှမ်းဝေးကွာလာပါတယ်။ မေလ ၁ ရက်နေ့မှာ ကမ္ဘာ့ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (OPEC) ကနေ နုတ်ထွက်ဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။
သူတို့ဟာ အဖွဲ့အစည်း (Cartel) က သတ်မှတ်ခွင့်ပြုထားတာထက် ရေနံကို အဆမတန် ပိုပြီးထုတ်လုပ်ချင်နေကြတာပါ။ ဒါပေမဲ့ ဆူဒန်၊ ယီမင်နဲ့ တခြားနေရာတွေက နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ လအတော်ကြာ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲခဲ့ပြီးတဲ့နောက်မှာတော့ ဒီလုပ်ရပ်ဟာ ဆော်ဒီကို ပစ်ပယ်လိုက်တာ (ဒဏ်ခတ်လိုက်တာ) လို့ပဲ လူအများက ရှုမြင်ခဲ့ကြတယ်။
ယူအေအီး (UAE) က အစိုးရကျောထောက်နောက်ခံပြု ဝေဖန်သုံးသပ်သူတချို့ဆိုရင် GCC နဲ့ အာရပ်လိဂ် (Arab League) ထဲကနေပါ နုတ်ထွက်ဖို့အထိ ပြောဆိုနေကြပါတယ်။ အာရပ်လိဂ်ကတော့ ဘာမှအသုံးမဝင်ဘဲ စကားပဲပြောနေတဲ့ အဖွဲ့အစည်းမျိုးဖြစ်လို့ အဲဒီထဲက ထွက်တာက အမည်ခံသဘောလောက်ပဲ ရှိမှာပါ။ ဒါပေမဲ့ GCC ကနေ ထွက်လိုက်မယ်ဆိုရင်တော့ ပိုပြီးသက်ရောက်မှု ရှိနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီအဖွဲ့အစည်းဟာ ကုန်စည်တွေနဲ့ ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ကို ပေးထားလို့ပါ။ ဒီကောင်စီကြီး ဆက်ပြီးရပ်တည်နေနိုင်ဦးမယ် ဆိုရင်တောင် ဆော်ဒီနဲ့ ယူအေအီးကြားက အက်ကြောင်းကြောင့် နိုင်ငံရေးအရတော့ လှုပ်ရှားလို့မရဘဲ သေဆုံးနေမှာ ဖြစ်ပါတယ်။
အီရန်အတွက်တော့ ဒါတွေအားလုံးဟာ အခွင့်ကောင်းယူပြီး သွေးခွဲဖို့ အကွက်အကွင်းကောင်းတစ်ခုလို့ မြင်နိုင်ပါတယ်။ ဆော်ဒီဟာ တစ်ချိန်တုန်းက ထရမ့်ကို စစ်ပွဲဆက်တိုက်ဖို့ လိုလားခဲ့ကြပေမယ့် အပစ်အခတ်ရပ်စဲရေး လုပ်ပြီးကတည်းက ငြိမ်းချမ်းရေးဘက်ကို သိသိသာသာ လှည့်သွားခဲ့ကြပါတယ်။
သူတို့ရဲ့ ရေနံမြေတွေ (ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ နေရာတွေ) ထပ်ပြီး တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ဆော်ဒီဟာ အီရန်နဲ့ ဘယ်လို သံတမန်ရေးရာ သဘောတူညီချက်မျိုး ရမလဲဆိုတာ မျှော်လင့်နေသလိုပဲ အမေရိကန်ကိုလည်း စစ်ပွဲပြန်မစဖို့ တိုက်တွန်းနေကြတယ်။
အီရန်ဟာ ယူအေအီးကိုပဲ ဦးတည်တိုက်ခိုက်ခြင်းအားဖြင့် လက်တုံ့ပြန်ချင်တဲ့ ယူအေအီးရဲ့ ဆန္ဒနဲ့ ငြိမ်ငြိမ်သက်သက် ရှိစေချင်တဲ့ ဆော်ဒီရဲ့ ဆန္ဒကြားမှာ တင်းမာမှုတွေ ဖြစ်အောင် ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ အကယ်၍ အမေရိကန်နဲ့ အီရန်တို့ဟာ အကြိုနားလည်မှုတစ်ခု ရသွားမယ်ဆိုရင်တော့ အဲဒီတင်းမာမှုက လျော့ပါးသွားနိုင်ပါတယ်။ ဒါပေမဲ့လည်း စစ်ပွဲဖြစ်ပွားခဲ့တာ နှစ်လကျော်ရှိလာပြီဖြစ်တဲ့ အချိန်အထိ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကတော့ ဝေးနေဆဲပဲ ဖြစ်ပါတယ်။ ■
Ref: Despite Donald Trump’s talk, a lasting peace is some way off. The Economist, May 9


