The Corner

The Corner

cropped-Logo_round_grey-background.png

တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင်

Share မယ်

ဒီနှစ်ပိုင်းအတွင်းမှာ ဘီအမ်အိုင် (BMI) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း (Body Mass Index) ရဲ့ အန္တရာယ်ရှိပုံတွေ အကြောင်းဟာ ဆေးပညာနဲ့ သုတေသန နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေအကြားမှာ အဓိက ပြောစရာ အကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဆရာဝန်တွေဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကို ရောဂါရှာဖွေကုသရာမှာ BMI ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီညွှန်းကိန်းဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့အဆီဓာတ်ကို တိကျစွာမပြသနိုင်ဘူးဆိုတဲ့ အထောက်အထားတွေ တစ်ပုံတစ်ခေါင်း ရှိနေတာတောင် ဒီနည်းကိုပဲ သုံးစွဲနေကြဆဲပါ။ BMI ဟာ အရပ်နဲ့ ကိုယ်အလေးချိန်ကိုသာ တွက်ချက်တာဖြစ်ပြီး အမှန်တကယ်ရှိတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ (ကြွက်သားနဲ့ အဆီအချိုးအစား) ကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် သတ်မှတ်ထားကြတာက လူတစ်ယောက်ဟာ BMI ၂၅ မှတ်ရတယ်ဆိုရင် ကျန်းမာတယ်လို့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ BMI ၂၅ မှတ်ထက်ကျော်နေသူအများစုဟာ ကျန်းမာသန်စွမ်း နေတတ်ကြပြီး BMI ၂၅ “ပုံမှန်” ရှိသူအများစုကတော့ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါ (Metabolic disease) ဖြစ်ပွားဖို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတတ်ကြပါတယ်။ ဒီတော့ BMI တစ်ခုတည်းကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေတွေကို ပြောပြနေတာဟာ မှန်ပါ့မလားဆိုတဲ့ သံသယကြောင့် ဆေးပညာရှင် အများအပြားကတော့ ဒီ BMI ညွှန်းကိန်းကို ဖြစ်နိုင်ရင် ဒီထက် တိကျနိုင်မယ့် နည်းတစ်ခု မဟုတ် တစ်ခု နဲ့အစားထိုးဖို့ လိုလား တောင့်တနေကြပြီ ဖြစ်ပါတယ်။

အလားတူပဲ လူမျိုးစုအပေါ် အခြေခံတဲ့ ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မကျေနပ်မှုတွေ ရှိနေပါတယ်။ လူမျိုးစုများဟာ နေထိုင်မှုပုံစံနဲ့ လူမှုစီးပွားဘဝ အခြေအနေတွေလို ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အချက်အချို့နဲ့ ဆက်စပ်နေနိုင် ပေမယ့် မျိုးရိုးဗီဇကွဲပြားမှုတွေနဲ့ ဆက်စပ်မှုကတော့ အလွန်အားနည်းပါတယ်။ “လူမည်း” သို့မဟုတ် “အာရှသား” ဆိုတဲ့ သတ်မှတ်ချက် တွေဟာ မတူကွဲပြားတဲ့ နောက်ခံသမိုင်းကြောင်း အမျိုးမျိုးရှိကြတဲ့ လူဦးရေ အမြောက်အမြားကို လွှမ်းခြုံထားတာကြောင့် ဇီဝဗေဒဆိုင်ရာ ခွဲခြားမှုအဆင့်အတန်းအနေနဲ့ ပြောမယ်ဆိုရင် ဘာအဓိပ္ပာယ် ဖွင့်ဆိုရတာ ခက်ခဲပါတယ်။ ဆရာဝန်တွေဟာ လူမျိုးစုကို အခြေခံပြီး လူနာတွေရဲ့ ကျန်းမာရေးကို ဆန်းစစ်တဲ့အခါ ရောဂါရှာဖွေမှုတွေ လွဲချော်တာ၊ လူနာတွေအပေါ် ခွဲခြားဆက်ဆံတာမျိုးတွေ ဖြစ်ပေါ်ခဲ့မှာပါ။ အခုအခါမှာတော့ ကျွမ်းကျင်သူတွေက ဆေးပညာမှာ လူမျိုးစုအပေါ် အခြေခံသုံးစွဲနေတဲ့ ကိရိယာတော်တော်များများကို အန္တရာယ်ရှိပြီး ခေတ်နောက်ကျနေပြီလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပြီး စွန့်လွှတ်ဖို့အတွက် အားသန် နေကြပါတယ်။

ဒါပေမဲ့ သုတေသီတွေနဲ့ ကုသရေးဆရာဝန်တွေဟာ အချို့သော ကိစ္စရပ်တွေမှာ BMI ကိုရောကြည့်၊ လူနာရဲ့ လူမျိုးစု အခြေခံချက်တွေကိုပါ တစ်ပြိုင်နက်တည်း ထည့်တွက်ပြီး အပြင်းအထန် တိကျတဲ့ အဖြေတစ်ခုပေးဖို့ ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် type 2 diabetes လို့ခေါ်တဲ့ အမျိုးအစား (၂) ဆီးချို ရောဂါ ရှိမရှိ စစ်ဆေးရာမှာ လူမျိုးစု အလိုက် သီးခြားသတ်မှတ်ထားပြီး မတူတဲ့ BMI ကန့်သတ်ချက် စံနှုန်း တွေကို အသုံးပြုခြင်းက စံနှုန်း တစ်ခုတည်းကို သုံးတာထက် ရောဂါဖြစ်နိုင်ခြေရှိသူတွေကို ပိုမိုဖော်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ အကြား သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့လည်း လက်ရှိနည်းလမ်းတွေနေရာမှာ အစားထိုး သုံးစွဲမယ့် နည်းလမ်းသစ် တွေကို ရှာဖွေရာမှာတော့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို တွက်ချက်တဲ့အခါမှာ ဆရာဝန်တွေဟာ ယေဘုယျအားဖြင့် “ကိုယ်အလေးချိန် လွန်ကဲခြင်း” လို့ သတ်မှတ်လေ့ရှိတဲ့ BMI ၂၅ ဒါမှမဟုတ် အဲဒီထက် မြင့်မားမှုကို နောက်ထပ် စစ်ဆေးမှုတွေလုပ်ဖို့လိုပြီလို့ ချမှတ်ထားတဲ့ စံနှုန်းတွေကြည့်ပြီး ကောက်ချက်ချလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုတစ်ပြေးညီ သတ်မှတ်ချက်ဟာ အဓိပ္ပာယ်မရှိတော့ဘူးဆိုတာ ကျွမ်းကျင်သူ တွေ သိရှိခဲ့ကြတာ ကြာပါပြီ။ အကြောင်းက BMI ကိုကြည့်ပြီး တိုင်းတာခဲ့တဲ့ စနစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါးကတည်းက ပေါ်ပေါက်ခဲ့ တာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ မဟုတ်သလို ဥရောပတိုက်သား လူဖြူတွေကို အဓိကထားပြီး သူတို့အတွက် ဒီအချက်အလက်တွေ အပေါ်မှာသာ အခြေခံ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အာရှနွယ်ဖွားတွေ အတွက် ဆိုရင်တော့ ဒီလိုရောဂါရှာဖွေစစ်ဆေးမှုကို BMI စံနှုန်း နောက်တစ်ခု ဖြစ်တဲ့ “၂၃” မှာတင် စတင်လုပ်ဆောင်ဖို့ ကမ္ဘာတစ်ဝန်းက သုတေသီတွေ၊ ကုသရေးဆရာဝန်တွေနဲ့ မူဝါဒ ချမှတ်သူတွေက တွန်းအားပေး တောင်းဆို လာခဲ့ကြပါတယ်။ အမေရိကန် ဆီးချိုရောဂါအသင်း (ADA) နဲ့ အမေရိကန် ကာကွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ (USPSTF) တို့က ဒီလမ်းညွှန်ချက်ကို ထောက်ခံခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သလို အမေရိကန်ရဲ့ ရောဂါ ရှာဖွေရေးနှင့် ကာကွယ်ရေး ဌာနရဲ့ အွန်လိုင်း ဆီးချိုအကြိုအဆင့် (Prediabetes) စစ်ဆေးမှုမှာလည်း အာရှနွယ်ဖွား အမေရိကန်တွေ အတွက် BMI ကန့်သတ်ချက်ကို အခြား လူမျိုးစုတွေအတွက် စံနှုန်းထက် နှိမ့်ပြီး သတ်မှတ် ပေးထားပါတယ်။ တောင်ကိုရီးယားနဲ့ စင်္ကာပူလို အာရှနိုင်ငံတွေမှာဆိုရင်တော့ ဒီလိုမျိုး နှိမ့်ထားတဲ့ BMI စံနှုန်းကိုပဲ အမျိုးသားအဆင့် စံသတ်မှတ်ချက်အဖြစ် လက်ခံကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အာရှနွယ်ဖွားတွေ အတွက် လက်တွေ့အမှန်တရားကတော့ အတော်လေးကို ရှင်းလင်းနေပါတယ် – “အချို့သော အုပ်စုတွေအနေနဲ့ ပိုမိုနိမ့်ကျတဲ့ BMI စံနှုန်းတွေမှာတင် ပိုမိုပြင်းထန် ထိရောက်တဲ့ ကုသမှုတွေ ခံယူခြင်းအားဖြင့် အကျိုးကျေးဇူး ပိုရနိုင်တယ်ဆိုတာ ကျွန်မတို့ သိထားပါတယ်” လို့ Massachusetts အထွေထွေရောဂါကုဆေးရုံက အဝလွန်ခြင်းဆိုင်ရာ ဆေးပညာရှင် ဖာတီးမား ကိုဒီ စတန်းဖို့ဒ် (Fatima Cody Stanford) က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စရပ်မှာတော့ လူမျိုးစုအလိုက် ခွဲခြားပြီး ပြန်စစ်ထုတ်လိုက်ခြင်းက BMI ရဲ့ အားနည်းချက်အချို့ကို ကုစားပေးနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုများ အရ အာရှနွယ်ဖွားတွေ (အထူးသဖြင့် တောင်အာရှ နွယ်ဖွားတွေ) ဟာ အခြားလူမျိုးစုတွေထက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ပိုမိုအခက်အခဲရှိနိုင်ပြီး အဆီတွေ ကိုလည်း “မရှိသင့်တဲ့ နေရာတွေ” ဖြစ်တဲ့ ကလီစာတွေရဲ့ ပတ်ပတ်လည်၊ ဝမ်းဗိုက်၊ အသည်းနဲ့ ကြွက်သားတွေထဲမှာ ပိုပြီး သိုလှောင်ထားတတ် ကြပုံရတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် ဆန်ဖရန်စစ္စကို (UCSF) မှ ဆီးချိုသုတေသီ အယ်လ်ကာ ကာနာယာ (Alka Kanaya) က ပြောပါတယ်။ အဲဒီလို ခေါ်ဝေါ်ကြတဲ့ ကလီစာထဲက အဆီ (Visceral fat) တွေဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု နဲ့ အင်ဆူလင် ခုခံမှု (Insulin resistance) ကို ဖြစ်ပေါ်စေပြီး ပြင်းထန်တဲ့ ဆေးဘက်ဆိုင်ရာ ပြဿနာတွေဆီ ဦးတည် စေတတ်ပါတယ်။ ဒါပေမဲ့ BMI ဟာ ခန္ဓာကိုယ်တွင်း အဆီတည်ရှိတဲ့ နေရာကို ထည့်သွင်း တွက်ချက်နိုင်စွမ်း မရှိတဲ့ အတွက် ကြောင့် ခန္ဓာကိုယ် ပိန်သွယ်ပုံပေါက်နေပေမယ့် ဝမ်းဗိုက်ပိုင်းမှာ အဆီပိုစုနေတတ်တဲ့ လူဦးရေအုပ်စုတွေရဲ့ ဆီးချိုဖြစ်နိုင်ခြေကို ဖုံးကွယ်သွားစေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးဖို့အတွက် BMI ၂၅ ကို ဆက်လက် အသုံးပြု နေမယ်ဆိုရင် အမျိုးအစား (၂) ဆီးချိုရောဂါရှိတဲ့ အာရှနွယ်ဖွား အမေရိကန်တွေရဲ့ သုံးပုံတစ်ပုံကနေ တစ်ဝက်နီးပါးအထိကို ရောဂါ ရှာဖွေစစ်ဆေးရာမှာ အဖြေတွေ လွဲချော်သွားနိုင်ပါတယ်။ တစ်ဖက်မှာတော့ BMI ကန့်သတ်ချက်ကို ၂၃ အထိ လျှော့ချလိုက်မယ်ဆိုရင် အဲဒီလို လွဲချော်သွားနိုင်တဲ့ အချိုးအစားကို တစ်ဝက်အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

credit: Magnific

သို့သော်လည်း တစ်ပြိုင်နက်တည်းမှာပဲ လူမျိုးစုအလိုက် စံနှုန်းခွဲခြားသတ်မှတ်မှုတွေဟာ လူမျိုးစုအပေါ် လုံးဝဥဿုံ အားကိုးခြင်းရဲ့ အားနည်းချက်တွေကိုလည်း ပေါ်လွင်စေပါတယ်။ “အာရှသား” လို့ပြောလိုက်ရင် လူဦးရေ ဘီလီယံပေါင်း များစွာ ပါဝင်တဲ့ လူစုကြီး တစ်ခု ဖြစ်တာ အားလုံးသိကြပါတယ်။ သုတေသီတွေက ဗီယက်နမ် နွယ်ဖွားတွေနဲ့ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တရုတ်၊ ကိုရီးယား ဒါမှမဟုတ် ပစိဖိတ်ကျွန်းစုသား နောက်ခံရှိသူတွေကို ခွဲခြားစိတ်ဖြာပြီး လေ့လာတဲ့အခါမှာ လူမျိုးစုအားလုံးရဲ့ ရောဂါ ဖြစ်ပွားနိုင်ခြေဟာ မတူညီကြတာကို တွေ့ရပါတယ်။ “သူတို့ကို ဘယ်လိုအုပ်စုထဲ ထည့်ပြီး ခွဲခြားမလဲ” လို့ ကယ်လီဖိုးနီးယား တက္ကသိုလ် ဆန်ဒီယေဂို (UCSD) မှ ကူးစက်ရောဂါ ပြန့်ပွားမှုဗေဒပညာရှင်နဲ့ ဆီးချိုသုတေသီ မာရီယာ ရိုဆာရီယို အာရာနီတာ (Maria Rosario Araneta) က မေးခွန်း ထုတ်ခဲ့ပါတယ်။ အကောင်းဆုံး ရောဂါရှာဖွေရေးကိရိယာတွေဟာ ရောဂါဖြစ်နိုင်ခြေရှိတဲ့ လူနာတွေကို တိတိကျကျ ဖော်ထုတ်နိုင်သလို ကျန်းမာတဲ့ သူတွေကိုလည်း ချန်ထားခဲ့ခြင်းမရှိဘဲ စနစ်တကျ ခွဲထုတ်ပေးနိုင်စွမ်း ရှိရပါမယ်။ သို့သော်လည်း အာရှနွယ်ဖွားတွေအတွက် BMI ကန့်သတ်ချက်ကို လျှော့ချ သတ်မှတ်လိုက်ခြင်းဟာ နောက်ထပ်စစ်ဆေးမှုတွေ မလိုအပ်ဘဲနဲ့ လုပ်ဆောင်ဖို့ အချက်ပြ ခြင်းခံရမယ့် လူနာ အရေအတွက် ကို သိသိသာသာ တိုးပွားသွားစေနိုင်ပါတယ်။

credit: Magnific

ရောဂါရှာဖွေစစ်ဆေးရာမှာ BMI အစား ဘာကို အစားထိုးအသုံးပြုနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ကျွမ်းကျင်သူတွေ အကြား သဘောထားကွဲလွဲနေကြဆဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ စကန်ဖတ်စစ်ဆေးခြင်း (Body-composition scans) တွေက အဆီဓာတ်ကို တိုက်ရိုက်တိုင်းတာပေးနိုင်ပေမယ့် ကုန်ကျစရိတ်ကြီးမားပြီး လူတိုင်းအတွက် လက်တွေ့မကျပါဘူး။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ သတ်မှတ်ထားတဲ့ အသက်အရွယ်ထက် ကျော်လွန်သူ လူတိုင်းကို သွေးတွင်းသကြားဓာတ် အစာရှောင်စစ်ဆေးခြင်း (Fasting glucose test) သို့မဟုတ် A1C ဟုခေါ်သော သွေးတွင်းသကြားဓာတ် တိုင်းတာပြီး ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အစာရှောင် စစ်ဆေးမှုတွေ က အမှန် အစာရှောင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် သံသယရှိတဲ့ လူနာတွေဘက်က လိုက်နာဆောင်ရွက်ဖို့ အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ ဘော့စတွန်မြို့ရှိ Joslin Diabetes Center မှ သိပ္ပံအရာရှိချုပ် ဂျော့ချ် ကင်း (George King) က “ဟုတ်ပါတယ်၊ BMI က ပြည့်စုံမှုမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို လမ်းညွှန်ပေးနိုင်မယ့် အခြားအရာလည်း ထွေထွေထူးထူး မရှိသေးပါဘူး” လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ လူမျိုးစုအလိုက် သီးခြားသတ်မှတ်ထားတဲ့ BMI ကန့်သတ်ချက်တွေကို ပိုမိုကျယ်ပြန့်စွာ အသုံးချသင့်နေဆဲ ဖြစ်ကြောင်း သုတေသီအတော်များများက ပြောကြပါတယ်။ BMI အကြောင်းကို လေ့လာခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန်နဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုဗေဒပညာရှင် ရီရှီ ကာလေယာချက်တီ (Rishi Caleyachetty) ၏ ပြောကြားချက်အရ – ယူနိုက်တက်ကင်းဒမ်း (UK) တွင် အမျိုးသား ကျန်းမာရေးဝန်ဆောင်မှု (NHS) က အာရှနွယ်ဖွားများ အပါအဝင် အချို့သော လူမျိုးစုများအတွက် BMI ၂၃ စံနှုန်းကို အသုံးပြုနေသော်လည်း ထိုစံနှုန်းများကို နိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ တိတိကျကျ ကျင့်သုံးခြင်း မရှိသေးကြောင်း သိရပါတယ်။ အမေရိကန်ပြည်ထောင်စု မှာဆိုရင်လည်း Mass General Weight Center အနေနဲ့ လူနာတွေကို လက်ခံကုသပေးဖို့အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ တစ်ပြေးညီ BMI စံနှုန်းတွေကိုပဲ သုံးစွဲနေဆဲဖြစ်ပြီး အချို့သော လူနာတွေ ကုသခွင့်ရရှိစေဖို့အတွက် အဲဒီစံနှုန်းတွေကို သူမကိုယ်တိုင် အထက်လူကြီးအနေနဲ့ အကြိမ်ကြိမ် ဝင်ရောက်ကျော်လွှား ဆုံးဖြတ်ပေးခဲ့ရဖူးကြောင်း စတန်းဖို့ဒ်က ပြောပါတယ်။ ဒါ့အပြင် အာမခံကုမ္ပဏီအများအပြားဟာလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေရဲ့ ထူးခြားတဲ့ ရောဂါဖြစ်နိုင်ခြေ နောက်ခံတွေကို ခြွင်းချက်မထားဘဲ GLP-1 (ကိုယ်အလေးချိန်ကျဆေး/ဆီးချိုဆေး) အတွက် အာမခံကြေးပေးချေရမလားဆိုတာကို ဆုံးဖြတ်ဖို့ BMI အပေါ်မှာပဲ ဆက်လက်အခြေခံ တွက်ချက်နေကြဆဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ “BMI ၂၃ မှာတင် ရောဂါရှာဖွေစစ်ဆေးဖို့” တိုက်တွန်းနှိုးဆော်ချက်တွေက ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလဲဆိုတာကို စနစ်တကျ သုတေသနမပြုလုပ်နိုင်ကြသေးပါဘူး။ အကြောင်းရင်းတစ်ခုကတော့ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ခန့်မှန်းချက်တွေ ပါဝင်တဲ့ အမေရိကန် အမျိုးသားကျန်းမာရေးနှင့် အာဟာရစစ်တမ်း (NHANES) မှာ ၂၀၁၁ ခုနှစ်မတိုင်ခင်အထိ အာရှနွယ်ဖွား အမေရိကန်တွေရဲ့ ကိုယ်စားပြုပါဝင်မှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ကင်းကတော့ လက်ရှိရရှိထားတဲ့ အထောက်အထားတွေအရ အာရှနွယ်ဖွား အမေရိကန် လူထုကြားထဲမှာ ရောဂါရှိမှန်း မသိဘဲ ဖြစ်နေတဲ့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းသွားတဲ့ လက္ခဏာတွေ ပြသနေတယ်လို့ ယူဆပါတယ်။ သို့သော်လည်း မိမိကိုယ်တိုင် တင်ပြထားတဲ့ ဆီးချိုစစ်ဆေးမှု အချက်အလက်တွေအပေါ် အခြေခံထားတဲ့ ၂၀၂၂ ခုနှစ်က သုတေသန အသေးစားတစ်ခုမှာတော့ လမ်းညွှန်ချက်တွေ ပြောင်းလဲသွားပြီးနောက်ပိုင်းမှာ အာရှနွယ်ဖွား အမေရိကန်တွေအကြား ဆီးချိုစစ်ဆေးမှုနှုန်း ပြောင်းလဲသွားခြင်း မရှိတာကို တွေ့ရှိခဲ့ရပါတယ်။

နာတာရှည် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါတွေကို ရှာဖွေဖော်ထုတ်ကုသဖို့အတွက် သုတေသီတွေက ပိုမိုကောင်းမွန်တဲ့ ကိရိယာတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်လာကြတာနဲ့အမျှ လူမျိုးစုအပေါ် အခြေခံထားတဲ့ BMI စံနှုန်း သတ်မှတ်ချက်တွေဟာ သက်တမ်းတိုသွားနိုင်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ BMI ကို နေရာတိုင်းမှာ သုံးစွဲနေရခြင်းမှာ ခိုင်လုံတဲ့ အကြောင်းရင်းတစ်ခု ရှိနေပါတယ် – “ရိုးရှင်းလွယ်ကူမှုအပိုင်းမှာတော့ ဘယ်စံနှုန်းကမှ BMI ကို မယှဉ်နိုင်ပါဘူး” လို့ ဗာဂျီးနီးယား ဓနသဟာယတက္ကသိုလ် (VCU) ပြည်သူ့ကျန်းမာရေးကျောင်းမှ အမျိုးသမီးကျန်းမာရေး သုတေသီနဲ့ ကူးစက်ရောဂါပြန့်ပွားမှုဗေဒပညာရှင် ဆာမာ အယ်လ် ခူဒါရီ (Samar El Khoudary) က ပြောပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော် စကားပြောခဲ့တဲ့ သုတေသီအားလုံးက BMI နဲ့ လူမျိုးစုခွဲခြားမှုတွေကို တစ်ခုချင်းစီဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ အလွန်အကျွံ သုံးစွဲခြင်း သို့မဟုတ် လွဲမှားစွာ အသုံးပြုခြင်းရဲ့ ကြီးမားတဲ့ အားနည်းချက်တွေနဲ့ စိုးရိမ်စရာ အန္တရာယ်တွေကို သူတို့ ကောင်းကောင်းနားလည်ကြောင်း ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ ဒီခွဲခြား သတ်မှတ်မှုတွေကို အလျင်စလို စွန့်ပယ်ပစ်လိုက်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ “ဒါကို ဖယ်ရှားပစ်ချင်တယ်ဆိုရင် ၎င်းရဲ့နေရာမှာ အစားထိုးနိုင်မယ့်အရာ ရှိဖို့လိုပါတယ်” ဟု အယ်လ် ခူဒါရီက ဆိုသည်။ သို့သော်လည်း BMI ရဲ့ အားနည်းချက်တွေအားလုံးကို ရှောင်လွှဲနိုင်ပြီး ၎င်းရဲ့နေရာမှာ အစားထိုး အသုံးပြုနိုင်မယ့် မည်သည့်စံနှုန်းစနစ်ကိုမဆို ဖော်ထုတ်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ အစီအစဉ်မျိုး ရှိမနေသေးတာကို သူမ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။

ကိုးကား – What Adding Race to BMI Can Do, The Atlantic, 4th May 2026

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *