The Corner

The Corner

cropped-Logo_round_grey-background.png

တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်)

Share မယ်

ဒေါ်နယ်ထရမ့်လိုပဲ ကျွန်မကိုယ်တိုင်လည်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ အခြေအနေကို တစ်ခါက အထင်သေးခဲ့မိဖူးတယ်။ ၂၀၀၄ ခုနှစ် ဆောင်းဦးပေါက်တုန်းက ကျွန်မက လောက်လောက်လားလား အလုပ်မရှိသေးတဲ့ အလွတ်တန်း သတင်းထောက်ပေါက်စတစ်ယောက် ဖြစ်တာကြောင့် နိုင်ငံတကာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေနောက်ကို လိုက်ချင်နေတော့ သတင်းထောက်ဗီဇာ မဟုတ်ဘဲ အလည်အပတ် ဗီဇာနဲ့ပဲ တံခါးပိတ်ထားတဲ့ နိုင်ငံထဲကို သွားကြည့်ဖို့ စိတ်ကူးပေါက်ခဲ့တာ။ တကယ်တော့ အီရန်ကို သတင်းထောက် ဗီဇာနဲ့ သွားဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့်လည်း ဘယ်သူ့ခိုင်းစေချက်မှ မပါဘဲ ကိုယ့်ဘာသာကိုယ် လေ့လာရေးခရီး ထွက်ခဲ့တာပါ။ ကျွန်မလို နာမည်မရှိတဲ့ သတင်းထောက်တစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလည်းလို့လည်း တွေးခဲ့မိတာပေါ့။ ဟိုရောက်ရင် ခရီးသွားသလိုလိုနဲ့ လည်ပတ်ရင်း အီရန်က နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ ပညာရှင်တွေ၊ ကျောင်းသားတွေ၊ ရုပ်ရှင်လောကသားတွေနဲ့ ပြည်ပရောက် အီရန်တွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံစကားပြောခွင့် ရမှာပဲလို့ ရိုးရိုးလေးပဲ ထင်ခဲ့မိတာ။

တကယ်တော့ အီရန်အစိုးရဆိုတာ ဒီလိုမျိုး ပေါ့ပေါ့ဆဆ သဘောထားလို့ရတဲ့အထဲမှာ မပါပါဘူး။ သူတို့ရဲ့ ဗီဇာ စည်းကမ်းတွေက အရမ်းတင်းကျပ်သလို၊ နိုင်ငံခြားသားတွေအပေါ် ထားရှိတဲ့ အစိုးရရဲ့ သံသယစိတ်ကလည်း ကြီးမားလှပါတယ်။ အမေရိကန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေဆိုရင် အစိုးရက စိစစ်အတည်ပြုပေးထားတဲ့ လမ်းပြတစ်ယောက်နဲ့ပဲ အတူသွားလာရမယ်ဆိုတဲ့ စည်းကမ်းရှိတယ်။ ဒါကြောင့် လေးပတ်ကြာ ခရီးစဉ်အတွင်းမှာ ကျွန်မဟာ ‘ပါဒစ်’ လို့ အမည်ရတဲ့ အမျိုးသမီးငယ်လေးရဲ့ နောက်ကွယ်က အမှန်တရားကို မြင်နိုင်ဖို့ အတော်လေး ကြိုးစားခဲ့ရတယ်။ သူက ဧည့်လမ်းညွှန်အဖြစ် ဟန်ဆောင်နေသလို ကျွန်မကလည်း ကမ္ဘာလှည့် ခရီးသွား တစ်ယောက် အဖြစ် ဟန်ဆောင်နေခဲ့ရတာပါ။ ပါဒစ်က သူ့အလုပ်မှာ အရမ်းတော်တယ်။ သူက ကျွန်မကို ဗီဇာစည်းကမ်းတွေအတိုင်း သွားလာနေလား ဆိုတာကိုပဲ စောင့်ကြည့်တာ မဟုတ်ဘူး။ ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းနဲ့ ပြောသမျှ စကားတိုင်းကို အထက်ကို အစီရင်ခံသလို ကျွန်မ မြင်သမျှ အရာရာတိုင်းကို ဝေဝါးသွားအောင်လည်း ဖုံးကွယ်တတ်သေးတယ်။

တစ်နေ့မှာတော့ တီဟီရန်မြို့လယ်က လမ်းဆုံတစ်ခုမှာ ဘတ်စ်ကားတစ်စီးပေါ်ကနေ ယူနီဖောင်းဝတ်ထားတဲ့ ဘာဆစ်ဂျ် (Basij) အစ္စလာမ္မစ် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်အဖွဲ့ဝင်တွေ အုပ်စုလိုက်ကြီး ဆင်းလာတာကို ကျွန်မ မြင်လိုက်ရတယ်။

“သူတို့က ဘယ်သူတွေလဲ” လို့ ကျွန်မက ပါဒစ်ကို မေးလိုက်တယ်။

“ဪ… လူငယ်အဖွဲ့အစည်းကလေ၊ တစ်ခါတလေ ရဲတွေကို ကူညီပေးကြတယ်” လို့ သူက ပြန်ဖြေတယ်။

တီဟီရန်မြို့လယ်ဟာ နိုင်ငံရေးအရ အချက်အချာဖြစ်ပြီး အဲဒီနေရာမှာ Basij တွေကို ချထားတာဟာ အစိုးရက မြို့တော်ရဲ့ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုတာကို ပြပါတယ်။

တကယ်တော့ ပါဒစ်က ဘာသာရေးအယူအဆတွေ စည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာတဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ဆံပင်တွေ အပြင်ထွက်နေအောင် ပဝါခြုံတယ်၊ နိုင်ငံခြားက အမျိုးသားတွေ အွန်လိုင်းကနေတစ်ဆင့် ရင်းနှီးစွာ မိတ်ဖွဲ့လာရင် အလိုက်အထိုက် ပြန်ပြောတတ်တဲ့ အသက် ၃၁ နှစ်အရွယ် ပျော်ပျော်နေတတ်သူပါ။ ဒါပေမဲ့ သူဟာ ကျွန်မကို နိုင်ငံရဲ့ တကယ့်အခြေအနေတွေနဲ့ မထိတွေ့မိအောင် အမြဲတမ်း စနောက်ပြီး စကားလမ်းကြောင်း လွှဲပေး တတ်တယ်။

ကျွန်မတို့ ဈေးတန်းတွေထဲ လျှောက်သွားရင်း တွေ့သမျှ အဆိုးဆုံး ပစ္စည်းတွေကို တစ်ယောက်ကိုတစ်ယောက် ဝယ်ပေးကြမယ်ဆိုပြီး နောက်ပြောင်ကျီစယ်ခဲ့ကြတယ်။ ဥပမာ ဧရာမ အနီရောင် ဖဲအတွင်းခံဘောင်းဘီကြီး တစ်ထည်၊ ဆံပင်တု တစ်ခု၊ ပြီးတော့ ကြည့်ရဆိုးတဲ့ ကမ္ဘာဦးမြင်းကျား အစင်းပါတဲ့ စကတ်တစ်ထည် စတာမျိုးတွေပေါ့။

လက်သည်းဆိုးဆေးပုလင်း

ပြီးတော့ ကျွန်မတို့ အီရန်လေကြောင်းလိုင်း (IranAir) နဲ့ ရှီရပ်ဇ် (Shiraz) မြို့ကို လေယာဉ်နဲ့ သွားခဲ့ကြတယ်။ လေယာဉ်ရဲ့ အလယ်က လူလျှောက်လမ်း တစ်ဖက်တစ်ချက်မှာတော့ ခေါင်းပေါင်းနက် ပေါင်းထားတဲ့ အစ္စလာမ် ဘာသာရေးပညာရှင် မိုလား (Mullah) တစ်ဦး ထိုင်နေတယ်။ ပါဒစ်က လက်သည်းဆိုးဆေးပုလင်းကို ထုတ်၊ သူမလက်သည်းတွေကို စတင်နေဆိုးရင်းက ကျွန်မကိုကြည့်ပြီး နောက်ပြောင်ချင်တဲ့ အမူအရာနဲ့ ပြုံးပြတယ်။ “မိုလား (Mullah) ရှေ့မှာတင် ဆိုးပြလိုက်မယ်!” လို့ သူမရဲ့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ (အဲဒီဘာသာရေးဆရာကတော့ လေယာဉ်ပေါ်ကပေးတဲ့ ပန်းသီးဖျော်ရည်ဘူးလေးကို ဖွင့်ဖို့ပဲ အာရုံရောက်နေရှာပါတယ်)။

ပါဒစ်ဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်က အလေးအနက်ထားတဲ့ ဘယ်အရာအပေါ်မှာမှ စိတ်ဝင်စားမှုမရှိပါဘူး။ ဒါပေမဲ့ သူဟာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းရှိဖို့ကိုတော့ အတော်လေး အားထုတ်ခဲ့တယ်။ ကျွန်မရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူမရဲ့ အကာအကွယ်ပေးမှု မရှိဘဲ ဘယ်မှ မသွားရဘူး လို့သာ အတင်းအကျပ် တောင်းဆိုတတ်တယ်။ ဒါပေမဲ့ သူ အခန်းထဲဝင်လာရင် ကျွန်မတို့ ဘာတွေပဲ ပြောနေ ပြောနေ ဟီဂျပ် (Hijab) ခြုံပဝါ ဝတ်ဆင်ရခြင်းအကြောင်း ပြောနေရင်တောင် လူတိုင်း စကားစဖြတ်ပြီး ငြိမ်ကုပ်သွား ကြပါတယ်။

ပုဂ္ဂိုလ်ရေးအရ ခင်မင်လာတော့ သူက သူ့ရဲ့ အချစ်ရေးအကြောင်းတွေ ကျွန်မကို ခိုးပြောတတ်တယ်။ ဒီနိုင်ငံမှာက လက်မထပ်ဘဲ တွဲတာ တားမြစ်ထားတာကိုး။ ပြောပြီးရင်လည်း သူ ပြန်ကြောက်သွားပြီး “ဘယ်သူ့မှ မပြောနဲ့နော်” လို့ မှာတတ်သေးတယ်။ ခရီးစဉ် အဆုံးသတ်ခါနီးမှာတော့ သူ စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ ဆေးလိပ်သောက်ရင်း ကျွန်မ တည်းတဲ့ ဟိုတယ်အခန်းထဲမှာ ထိုင်နေတယ်။ ကျွန်မက “အီရန်အမျိုးသမီးတွေရဲ့ ဘဝက တော်တော်လေး ရုန်းကန်ရခက်ခဲပုံပဲ” လို့ ပြောလိုက်တော့ သူက အရင်နဲ့မတူဘဲ ပွင့်ပွင့်လင်းလင်းကြီး ပြန်ပြောတယ်…..။

“ဒီက အမျိုးသမီးတွေဟာ သူတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေနဲ့ ခံစားချက်တွေကို ကိုယ့်ဘာသာကိုယ် မေ့ပျောက်ပစ်ဖို့ နည်းလမ်း ရှာနေ ကြရတာပါလို့ ပြောရင် ပိုမှန်လိမ့်မယ်” တဲ့။

အတွင်းကနေ လွတ်လပ်ခွင့် ပိုရအောင်

ပါဒစ်က နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ကျွန်မကတော့ စိတ်ဝင်စားတယ်။ ကျွန်မကို အီရန်နိုင်ငံဆီ ဆွဲခေါ်လာတာကတော့ မွတ်စလင် ကမ္ဘာမှာ ထူးခြားလှတဲ့ နိုင်ငံရေးနဲ့ အတွေးအခေါ် လှုပ်ရှားမှုတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ တော်လှန်ရေးရဲ့ ထိပ်တန်းအသိုင်းအဝိုင်းက လူတွေ (ဓားစာခံဖမ်းဆီးသူတွေ၊ ဘာသာရေး ပညာရှင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကို တည်ထောင်ခဲ့သူတွေအထိ) ဟာ အာဏာရှိသူတွေရဲ့ ငြိုငြင်မှုကို ခံရပြီး ဖယ်ထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တစ်ခုနီးပါးမှာတော့ သူတို့ဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး သမားတွေအဖြစ် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခဲ့ကြတယ်။ သူတို့က အနောက်တိုင်းနဲ့ အစ္စလာမ် အရင်းအမြစ်တွေကို ပေါင်းစပ်ပြီး သီအိုရီအသစ်တွေ ထုတ်ခဲ့သလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လူငယ်တွေကို စည်းရုံးခဲ့ကြတယ်။

ဒီပြုပြင်ပြောင်းလဲရေးသမားတွေဟာ လက်ရှိစနစ်ကို ဖျက်ဆီးဖို့ မဟုတ်ဘဲ အတွင်းကနေ လွတ်လပ်ခွင့် ပိုရအောင် လုပ်ဆောင်ချင်ကြတာပါ။ သူတို့က “အမြင့်ဆုံးခေါင်းဆောင် (Supreme Leader) ကို အင်္ဂလန်ဘုရင်မကြီးလိုပဲ အာဏာမရှိတဲ့ အဆောင်အယောင် ခေါင်းဆောင် တစ်ယောက် ဖြစ်စေချင်တာ” လို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ခေါင်းဆောင်ကြီးမှာတော့ သူတို့နဲ့မတူတဲ့ အခြားအစီအစဉ်တွေ ရှိနေခဲ့ပါတယ်။

ကျွန်မရဲ့ ပထမဆုံး အီရန်ခရီးစဉ်ကတော့ တကယ့်ကို ထူးဆန်းပါတယ်။ ပါဒစ်က နေ့ဘက်ဆို ကျွန်မအချိန်တွေအကုန်လုံးကို ယူထားတာ။ နန်းတော်တွေ၊ ပန်းခြံတွေနဲ့ ပြတိုက်တွေ လိုက်ပို့ပေးပါတယ်။ ဒါပေမဲ့ အစ္စလာမ်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေးကာလ (Ramadan) လည်း ရောက်ရော ပြတိုက်တွေအကုန်ပိတ်သွားလို့ ပါဒစ်က သူ့အိမ်မှာပဲ ကျွန်မကို ပိတ်ထားပြီး ဂီတဗီဒီယိုတွေပဲ ထိုင်ကြည့်ခိုင်းတော့တာပေါ့။

ညဘက် သူပြန်သွားပြီဆိုမှ ကျွန်မက ခိုးထွက်ပြီး ကိုယ့်ဘာသာ ချိတ်ထားတဲ့လူတွေနဲ့ သွားတွေ့တယ်။ ဒါကို သူသိသွားတော့ အရမ်းစိတ်တိုပြီး “ရှင်နဲ့အတူ ကျွန်မလိုက်ရမယ်၊ မဟုတ်ရင် ကျွန်မအလုပ်ပြုတ်လိမ့်မယ်” ဆိုပြီး ပြဿနာရှာတယ်။ “ရှင် ဘယ်သူတွေနဲ့ တွေ့လဲဆိုတာ နာမည်တွေပေး၊ မဟုတ်ရင် ဟိုတယ်ရှေ့မှာ သန်းခေါင်ယံအထိ ထိုင်စောင့်နေမယ်” လို့တောင် ခြိမ်းခြောက်ဖူးတယ်။

2006 တီဟီရန် (credit: The Atlantic)
2025 တီဟီရန် (credit: Times of Isreal)

“အေးပါ… ပြန်ခါနီးရင် နာမည်တွေ ပေးခဲ့မယ်” လို့ ကျွန်မက လိမ်ပြောလိုက်ပေမယ့် သူ နောက်ထပ် တစ်ခါမှ ထပ်မတောင်း တော့ပါဘူး။ သူက ကျွန်မကို သူငယ်ချင်းလို ခင်သွားလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်မကို ပြောပြထားမိလို့ပဲဖြစ်ဖြစ် ကျွန်မကို လွှတ်ပေး လိုက်တာ ဖြစ်နိုင်ပါတယ်။ နယူးယောက်ကို ကျွန်မပြန်ရောက်တဲ့အခါ ပါဒစ် ကိုပဲ အမှတ်ရနေမိတယ်။ လူတစ်ယောက်ဟာ စနစ်ဆိုးတစ်ခုရဲ့ လက်ကိုင်တုတ် ဘယ်လိုဖြစ်သွားရသလဲဆိုတာကိုပေါ့။

၁၉၉၇ ကနေ ၂၀၀၅ ခုနှစ်အထိ Mohammad Khatami သမ္မတဖြစ်တဲ့ အချိန်မှာတော့ အီရန်မှာ လွတ်လပ်ခွင့်လေး နည်းနည်း ရလာခဲ့တယ်။ သတင်းစာအသစ်တွေ ထွက်လာတယ်၊ လူငယ်တွေကလည်း လူမှုရေးအဖွဲ့အစည်းတွေ ထောင်ကြတယ်၊ ကျောင်းသားလှုပ်ရှားမှုတွေကလည်း လမ်းပေါ်အထိ ရောက်လာခဲ့ပြီး ဒီမိုကရေစီအတွက် မျှော်လင့်ချက် လေးတွေ ရှိလာခဲ့တဲ့ အချိန်ပေါ့။

အမြင့်ဆုံးခေါင်းဆောင် Ali Khamenei ကတော့ ပွင့်လာတဲ့ လွတ်လပ်ခွင့်တွေကို အတင်းပြန်ပိတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ သူ့လူတွေက သတင်းထောက်တွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးနှိပ်စက်ပြီး နိုင်ငံပိုင်တီဗီပေါ်မှာ အရှက်ခွဲ ဝန်ခံခိုင်းတယ်။ ပညာရှင်တွေကိုလည်း လူမြင်ကွင်းမှာ ရိုက်နှက်တာတွေ လုပ်ခဲ့ကြတယ်။ ဒါတောင်မှ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် အခြေခံအဆောက်အအုံကတော့ အတော်လေး ခိုင်မာနေသေးတယ်။ သတင်းစာတွေ၊ အဖွဲ့အစည်းတွေကို လည်ပတ်နိုင်တဲ့ လူတွေ ရှိနေသေးတာကိုး။

သမ္မတရွေးကောက်ပွဲ နှစ်ကြိမ်စလုံးဟာ ဒီပြုပြင်ပြောင်းလဲရေး ယန္တရားရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပြုလုပ်တဲ့ ပထမအကြိမ် ရွေးကောက်ပွဲကိုတော့ ကျွန်မဟာ တရားဝင် သတင်းထောက်ဗီဇာ၊ ပြီးတော့ အသက် ၄၀ ကျော်အရွယ် လမ်းပြ (minder) အမျိုးသမီးတစ်ဦးနဲ့အတူ သတင်းသွားယူခဲ့တယ်။ ဘာဟာ (Bahar) လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ဆေးလိပ် အလွန်အကျွံ သောက်တာကြောင့် အသံသြရှရှဖြစ်နေပြီး ဖော်ရွေ ပျူငှာလွန်းသူ တစ်ယောက် ပါ။

ဘာဟာဟာ ၁၉၇၉ တော်လှန်ရေးကြောင့် လူမှုအသိုင်းအဝိုင်းနဲ့ လူတန်းစားအဆင့်အတန်း ရုတ်တရက် ပျောက်ဆုံး သွားခဲ့ရတဲ့ “လွတ်လပ်စွာ နေထိုင်တတ်သော” ဘေဘီဘူးမား (Baby Boomers) မျိုးဆက်ထဲက တစ်ဦးဖြစ်ပါတယ်။ တစ်ချိန်က ပြည်ပမှာ နေထိုင်ပညာသင်ခဲ့ဖူးတဲ့ ဒီအမျိုးသမီးတွေဟာ အခုတော့ ဘိန်းနံ့သင်းနေတဲ့ အိမ်တွေထဲမှာပဲ စုဝေးနေကြရတယ်။ သူတို့ရဲ့အိမ်တွေမှာ အထီးကျန်ဆန်မှုတွေ ကြီးစိုး နေရတာဟာ ငွေကြေးအခက်အခဲတွေ၊ ထောင်ဒဏ်ကျခံ ခဲ့ရတဲ့ အတိတ်တွေနဲ့ လူနည်းစု (သို့မဟုတ်) ဘာသာရေးအရ ဖယ်ကြဉ် ခံရမှုတွေကြောင့် ဖြစ်မယ်ဆိုတာကို နောက်ပိုင်းမှ ကျွန်မ သိခဲ့ရတယ်။

ဟီဂျပ်ဥပဒေ

ကျွန်မ အီရန်ကို ၂၀၀၆၊ ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ တစ်ခေါက်စီ ပြန်သွားခဲ့တယ်။ အဲဒီခရီးစဉ်တစ်လျှောက် ကျွန်မဆီ တာဝန်ပေးခံရတဲ့ လမ်းပြတွေထဲမှာ ဘာဟာဟာ သူအလုပ်လုပ်တဲ့ အေဂျင်စီအပေါ် အလေးအနက်မထားဆုံး လူတစ်ယောက်ပါ။ ကျွန်မက တွေ့ဆုံမယ့်သူတွေရဲ့ စာရင်းကို ပေးခဲ့တယ်။ အဲဒီစာရင်းထဲမှာ ပြုပြင်ပြောင်းလဲရေးသမား နိုင်ငံရေးသမားတွေ၊ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အများကြီးပါဝင်ပါတယ်။

သူ့ရဲ့ အထက်လူကြီးကတော့ “မင်းတို့ သေကုန်ကြလိမ့်မယ်” လို့ သတိပေးခဲ့တယ်။ ဒါပေမဲ့ ဘာဟာကတော့ မတုန်လှုပ်ခဲ့ဘူး။ ကျွန်မစာရင်းထဲက လူတွေဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်နေသူတွေဖြစ်လို့ သူ့အတွက်တော့ သူရဲကောင်းတွေပါပဲ။ သူက အေဂျင်စီကို “ဒီသတင်းထောက်မလေးက အနေအေးပြီး မိန်းကလေးချင်းမှ စိတ်ချရမှာမို့ အမျိုးသမီးဒရိုင်ဘာတစ်ယောက် ငှားမှဖြစ်မယ်” ဆိုပြီး လှည့်ပြောလိုက်တယ်။ အဲဒီလိုနဲ့ သူရဲ့ အရင်းနှီးဆုံးသူငယ်ချင်း နီကီ (Niki) ကို ဒရိုင်ဘာအဖြစ် ခေါ်ထုတ်နိုင်ခဲ့ပြီး နီကီရဲ့ Peugeot ကားအနီလေးနဲ့ ကျွန်မတို့ တစ်မြို့လုံးကို ပတ်ခဲ့ကြတာပေါ့။

နီကီဟာ ဖက်ရှင်မော်ဒယ်တစ်ယောက်လို ထင်ရှားပေါ်လွင်တဲ့ အလှမျိုးရှိပေမယ့် ခန္ဓာကိုယ်ကတော့ ပိန်ချုံးပြီး နွမ်းနယ် နေပုံရတယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း ဘာကိုမှ ဂရုမစိုက်တော့ဘဲ ငေးကြောင်နေတတ်သလိုပဲ။ နောက်ပြီး သူက ဆံကေသာက ခေါင်းတုံးနီးပါး ဖြစ်နေတယ်။ သူဟာ ၁၉၇၉ ခုနှစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့တွေကို ရွဲ့စောင်းတဲ့အနေနဲ့ ဦးခေါင်းကို စပြီး ကတုံးတုံးခဲ့တာပါ။ သူမပြောပြချက်အရဆိုရင် အမျိုးသမီးတွေ ဆံပင်ဖုံးရမယ်ဆိုတဲ့ ဟီဂျပ်ဥပဒေကို စမ်းသပ်တဲ့အနေနဲ့ သူဟာ ခေါင်းတုံးနဲ့ပဲ အပြင်ကို ထွက်ခဲ့တာဖြစ်ပါတယ်။

ကျွန်မ လာကြည့်တဲ့ ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးသမားတွေ အလွဲလွဲအချော်ချော်ဖြစ်ပြီး ရှုံးသွားကြတယ်။ လူတွေကလည်း သူတို့ကို စိတ်ကုန်နေကြတာကိုး။ အဲဒီမှာတင် အစွန်းရောက်သမား Ahmadinejad က သမ္မတ ဖြစ်လာတော့တာပဲ။ ရလဒ်တွေ ထွက်လာတဲ့မနက်မှာ Bahar နဲ့ Niki တို့ဟာ Niki ရဲ့ Peugeot ကားလေးထဲမှာ ဘာစကားမှ မပြောနိုင်ဘဲ ဝမ်းနည်းနေကြတယ်။ ကျွန်မတို့က Hashem Aghajari ဆိုတဲ့ တက္ကသိုလ် ပညာရှင်ကြီးဆီကို သွားနေတာ။ သူက အီရန်-အီရက် စစ်ပွဲမှာ ခြေတစ်ဖက် ဆုံးရှုံးထားတဲ့သူဖြစ်သလို “မွတ်စလင်တွေဟာ ခေါင်းဆောင်တစ်ယောက် နောက်ကို မျက်စိမှိတ်ပြီး ကျေးကျွန်လို လိုက်နေစရာမလိုဘူး” လို့ ပြောခဲ့လို့ သေဒဏ်ပေးခံထားရသူပါ။

ကျွန်မက “အခု ရွေးကောက်ပွဲရလဒ်ကြောင့် ကြောက်နေလား” လို့ မေးတော့ သူက ပါရှန်းစကားပုံတစ်ခုနဲ့ ပြန်ဖြေတယ် – “အမည်းရောင်ထက် ပိုမှောင်တဲ့ အရိပ်ဆိုတာ မရှိတော့ဘူး” တဲ့။ “အဆိုးဆုံးကတော့ ငါ့ကို ကွပ်မျက်တာပေါ့၊ ငါကတော့ အသင့်ပဲ။ ငါစိုးရိမ်တာက ငါ့အတွက် မဟုတ်ဘူး၊ အီရန်ပြည်သူတွေနဲ့ နောက်ပေါက် လူငယ်တွေအတွက်ပါ။ လွတ်လပ်ခွင့် မရှိတဲ့ ဒီလူ့အဖွဲ့အစည်းကြီးကိုယ်တိုင်က အကျဉ်းထောင်ကြီး တစ်ခုပဲလေ” လို့ သူက ပြောခဲ့တယ်။

သူ့ရုံးခန်းအပြင်ဘက် ရောက်တော့ ဘာဟာ နဲ့ နီကီ တို့ဟာ နေပူထဲမှာ ထိုင်ရင်း တအိအိနဲ့ ငိုကြပါတော့တယ်။ သူတို့ အတွက်တော့ မျှော်လင့်ချက်ဆိုတာ ပျောက်ဆုံးသွားသလို ခံစားနေရတာပါ။

၂၀၀၉ ခုနှစ်မှာတော့ “အစိမ်းရောင်လှုပ်ရှားမှု” (Green Movement) ဆိုတာကြီး ဖြစ်လာတယ်။ အဲဒီနှစ် ရွေးကောက်ပွဲမှာ အရင်က မဲမထည့်ဘဲ နေခဲ့တဲ့သူတွေတောင် ပြုပြင်ပြောင်းလဲရေးသမားတွေကို အားတက်သရော မဲပေးခဲ့ကြတာ။ ဒါပေမဲ့ မဲရုံတွေ ပိတ်ခါနီးမှာပဲ အစိုးရက Ahmadinejad ပဲ နိုင်တယ်လို့ ဇွတ်အတင်း ကြေညာလိုက်ရော။ အဲဒီမှာတင် ပြည်သူတွေ ဒေါသထွက်ပြီး လမ်းပေါ်ကို သန်းနဲ့ချီ ထွက်လာကြ တော့တာပဲ။ သူတို့က စနစ်ကြီးကို ဖျက်ဆီးပစ်ဖို့ မဟုတ်ဘဲ “ငါတို့ပေးတဲ့ မဲတွေ ဘယ်ရောက်သွားလဲ” ဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုခဲ့ကြတာပါ။

ဘာဟာက နယူးယောက်မှာရှိတဲ့ ကျွန်မဆီကို ဖုန်းဆက်ပြီး အရမ်းစိတ်လှုပ်ရှားနေတဲ့အကြောင်း ပြောပြတယ်။ “လူတွေကြား ထဲမှာ စည်းလုံးမှုတွေ ရှိနေတယ်၊ အရင်က ကြောက်စိတ်တွေ အားငယ်စိတ်တွေလည်း မရှိတော့ဘူး” တဲ့။ ဒါပေမဲ့ အစ္စလာမ္မစ်အစိုးရဟာ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လာတယ်ဆိုပြီး အကြမ်းဖက်ပြီး နှိမ်နင်းပစ်ခဲ့ပါတယ်။

သတင်းထောက်မဟုတ်ဘဲ သူလျှိုဖြစ်နိုင်တယ်

၂၀၁၂ ခုနှစ်၊ အီရန်နိုင်ငံကို သွားတဲ့ ကျွန်မရဲ့ နောက်ဆုံးခရီးစဉ်မှာတော့ အရင်ကနဲ့မတူဘဲ အစိုးရရဲ့ ဖိနှိပ်ချုပ်ကိုင်မှုတွေကို အတိုင်းသား မြင်ခဲ့ရတယ်။ ကျွန်မ နိုင်ငံထဲက မထွက်ခွာခင် နာရီပိုင်းအလိုမှာပဲ ဟိုတယ်ကနေ အစောင့်မပါဘဲ အပြင်ထွက်ခဲ့လို့ဆိုပြီး IRGC (အီရန် တော်လှန်ရေး အစောင့်တပ်) က ကျွန်မကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သူတို့က ကျွန်မကို “နင်က သတင်းထောက်မဟုတ်ဘဲ သူလျှို ဖြစ်နိုင်တယ်” လို့တောင် ခြိမ်းခြောက်ခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ “ကိုယ်ကျင့်တရားထိန်းသိမ်းရေးရဲတပ်ဖွဲ့” လက်ထဲမှာ အမျိုးသမီးငယ်လေးတစ်ယောက် သေဆုံးခဲ့ရတာကို အကြောင်းပြုပြီး အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေဟာ သူတို့ရဲ့ “ဟီဂျပ်” (ခြုံပဝါ) ကို တော်လှန်ရေးရဲ့ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြတယ်။ “Women, Life, Freedom” (အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု) လှုပ်ရှားမှုဟာ ထူးခြားတဲ့ အမွေအနှစ်တစ်ခု ချန်ထားခဲ့နိုင်တယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ ဖမ်းဆီးခံရမှာကို မကြောက်တော့ဘဲ ခေါင်းစည်းပဝါမပါဘဲ လူမြင်ကွင်းမှာ သွားလာလာကြတာပါပဲ။

အီရန်နိုင်ငံဟာ ကျွန်မအတွက်တော့ အမြဲတမ်း စိတ်နှလုံးထိခိုက်ရတဲ့ နိုင်ငံတစ်ခုပါ။ အီရန်မှာ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်တာကလည်း မဖြစ်နိုင်တာကို မျှော်လင့်နေသလိုပါပဲ။ ဒါပေမဲ့ အပြောင်းအလဲ မဖြစ်ဘူးလို့ ပြောရမှာကလည်း ရက်စက်ရာကျနေပြန်တယ်။ အီရန်နိုင်ငံထဲက မိတ်ဆွေတစ်ယောက်ကတော့ အမြဲတမ်း အကောင်းမြင်တတ်သူပါ။ သူက ၂၀၂၂ တုန်းက WhatsApp ကနေ ကျွန်မကို အခုလို ဥပမာ ပေးခဲ့ဖူးတယ် – “သစ်ပင်တစ်ပင်ကို လဲအောင် ပုဆိန်နဲ့ အချက် ၁၀၀ ခုတ်ရမယ်ဆိုရင် ရှေ့က ခုတ်ခဲ့တဲ့ ၉၉ ချက်ဟာ အလကား ဖြစ်သွားတယ် လို့ ပြောလို့မရဘူး” တဲ့။

အခုနောက်ပိုင်းမှာ အတိုက်အခံတွေကြားမှာ အယူအဆ နှစ်ခြမ်းကွဲနေတာပါ။ တစ်ဖက်က ၁၉၇၉ တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တာနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးချင်တာကို ဆက်ပြီး ဆုပ်ကိုင် ထားကြတယ်။ နောက်တစ်ဖက်ကတော့ အစ္စလာမ္မစ် စနစ်တင်မကဘဲ အဲဒီ ၁၉၇၉ တော်လှန်ရေးကိုယ်တိုင်က လမ်းမှားခဲ့ တာလို့ ယူဆကြပြီး ဖြုတ်ချခံခဲ့ရတဲ့ ရှားဘုရင် (Shah) ရဲ့ သားဖြစ်သူကို ခေါင်းဆောင်အဖြစ် ပြန်တင်မြှောက်ဖို့ စဉ်းစားနေကြတယ်။

ကျွန်မကတော့ နှစ်ဖက်လုံးကို လေးလေးစားစား နားထောင်ပေးနေပေမယ့် အမှန်အတိုင်းပြောရရင် ဒီစစ်ပွဲကနေ အီရန်ပြည်သူတွေ လွတ်မြောက်မှု ရနိုင်ပါ့မလားဆိုတာ ကျွန်မ စိတ်ကူးကြည့်လို့တောင် မရတော့ပါဘူး။ ဒါပေမဲ့ ဒီလို အဆိုးမြင်တဲ့စကားမျိုးကို ဘယ်လိုပြောထွက်ပါ့မလဲ၊ ဖုန်းပြောတိုင်းမှာ “တစ်နေ့ကျရင် တီဟီရန် (Tehran) မြို့မှာ ပြန်ဆုံပြီး စကားတဝကြီး ပြောကြရအောင်” ဆိုတဲ့ ကတိတွေပေးနေကြတုန်းပဲလေ။

SOURCE: THE ATLANTIC

Headline: Someday in Tehran, The heartbreak of hoping for a democratic Iran by Laura Secor (01 Apr 2026) ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ဤဆောင်းပါးပါ အချက်များသည် စာရေးသူ Laura Secor ၏ အာဘော်သာ ဖြစ်ပါသည်။

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *