The Corner

The Corner

cropped-Logo_round_grey-background.png

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၀)

Share မယ်

စာရေးဆရာကြီး ကျွန်တော်ရဲ့ စာပေဗျူဟာ အပြောင်းအလဲ

Image Courtesy of the Author

ဒီခေတ်မှာ ဘယ်နားသွားသွား၊ ဘယ်သူ့ဆီကပဲကြားကြား “ဗျူဟာ၊ ဗျူဟာ” နဲ့ ဗျူဟာသံတွေ ညံလို့နေတာ တောမင်္ဂလာဆောင်မှာ  ကာလသားတွေ အရက်မူးပြီး   အသံပြဲကြီးတွေနဲ့သီချင်းဆိုကြလို့ပေါ်ထွက်လာတဲ့ လော်စပီကာသံထက်တောင် ကျယ်လောင်လို့နေပါသေးတယ်။

လမ်းထိပ်ကကွမ်းယာဆိုင်ကစလို့ Facebookပေါ်က “အောင်မြင်ရေးဆရာကြီး”တွေအထိ နှုတ်ခမ်းမွေး တလှုပ်လှုပ်နဲ့  ဗျူဟာ အကြောင်း  စကားဖောင်ဖွဲ့နေကြတာပါ။

ဒီမနက် လမ်းထိပ်က ဒေါ်လေးစိန် မုန့်ဟင်းခါးဆိုင်သွားပြီး စာနာစိတ်အပြည့်နဲ့ မုန့်ဟင်းခါးပွဲကို ကြည့်လိုက်မိတယ်။ ပြီးတော့… “ဒီနေ့တော့ ငါးဖယ်တုံးတွေက တော်တော်လေး စိတ်မကောင်းစရာ ဖြစ်နေတယ် ဒေါ်လေးစိန်ရေ၊ ကြည့်ရတာ အာဟာရ ချို့တဲ့နေတဲ့ ပုံပဲ” လို့ ကျွန်တော် ပေါ့ပေါ့ပါးပါး စလိုက်တဲ့အခါ…

ဒေါ်လေးစိန်က ယောက်မကြီးကို ဓားပြတိုက်မယ့် ဓားမြှောင်လို ခပ်တင်းတင်းကိုင်၊ မျက်မှောင်ကြီးကြုတ်ပြီး ချက်ချင်းဆိုသလို ရှင်းပြပါတော့တယ်။

“သြော်…  စာရေးဆရာကြီး ကမ္ဘောဇတိုင်း စိုင်းစိုင်း ရယ်၊ မင်းကလည်း ကမ္ဘာ့စီးပွားရေး အခြေအနေကို မလေ့လာဘူးပဲ။ ခေတ်ရေစီးကြောင်းအရ ကုန်ကြမ်းရရှိမှု ကွင်းဆက် (Supply Chain) အပေါ် မူတည်ပြီး ဒေါ်လေးတို့က ‘အသားတင်အမြတ် အများဆုံးရရှိရေး ဗျူဟာ’ (Profit Maximization Strategy) ကနေ ‘အရှုံးမရှိ ရေရှည်ရပ်တည်ရေး မဟာဗျူဟာ’ (Survival Strategy) ဘက်ကို ကူးပြောင်းလိုက်လို့ပါအေ။ နောက်ပြီး မုန့်ဟင်းခါးရည်ထဲက ကုလားပဲတွေရဲ့ သိပ်သည်းဆကိုလည်း ငါးဖယ်ရဲ့ တုံ့ပြန်မှုနှုန်းနဲ့ ညှိထားတာ” ဆိုပြီး ယောက်မကြီးကို လေထဲမှာ ဝှေ့ယမ်းပြတော့ ကျွန်တော့်မှာ မုန့်ဟင်းခါးစားတုန်း သီးမလိုတောင် ဖြစ်သွားရတယ်။

ခေတ်ကြီးကိုက ဗျူဟာခင်းနေကြတဲ့ ခေတ်ဖြစ်နေမှန်း ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်သွားပါရဲ့။ လမ်းထဲက အလုပ်မရှိ အားယားနေတဲ့ ကိုဘတုတ်တောင် မနေ့က သူ့မိန်းမဆီက  လက်ဖက်ရည်ဖိုး ငွေ ၂၀၀၀ တောင်းဖို့ ‘ဘတ်ဂျက် ညှိနှိုင်းရေး ဗျူဟာ’ သုံးနေတာ တွေ့ခဲ့ရသေးတယ်။

အဲဒီလို နေရာအနှံ့ ကြားနေရတဲ့ “မဟာဗျူဟာပြောင်းပြီး ဘယ်လိုခရီးဆက်မယ်” ဆိုတဲ့ ကော်ပိုရိတ်စကားလုံးကြီးက ကျွန်တော့်စိတ်ထဲ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှားဆီက စိတ်ဝင်စားစရာ အမှုတွဲ တစ်ခုလို ဆွဲဆောင် သွားပါတော့တယ်။ မောင်စံရှားသာ ဒီခေတ်ထဲရှိရင် ဒေါ်လေးစိန်ရဲ့ ငါးဖယ်တုံး ပျောက်ဆုံးမှုနဲ့ ဗျူဟာအောက်က လျှို့ဝှက်ချက်တွေကို မှန်ဘီလူးကြီးနဲ့ လိုက်ရှာနေရလောက်ပြီဗျာ။

ဒီတော့… ကျွန်တော် နိုင်ငံကျော်စာရေးဆရာကြီး (ကျော်ချင်လွန်းလို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် အတင်းကျော်ခိုင်းထားတာပါ) တွေးမိတာပေါ့။ (ဒါပေမဲ့ ကိုယ့်အမည်ကိုယ်ဖော် မသူတော်ခုနစ်ပါးထဲက တောက်တဲ့၊ ယောက်ဖခွေးခေါ်ငှက်၊ တစ်တီတူး၊ ဇီးကွက်၊ ဘုတ်ငှက်၊ ရွှေပြည်စိုး၊ ဥသြ ဆိုတဲ့ တိရစ္ဆာန်တွေထဲမှာတော့ ကျွန်တော် မပါဘူးဗျာ)

“နေစမ်းပါဦး… တစ်ကမ္ဘာလုံးလည်း ဗျူဟာတွေ ပြောင်း၊ တစ်နိုင်ငံလုံးလည်း ဗျူဟာတွေ ရွှေ့နေကြတာ၊ ငါသာ ဒီအတိုင်း ထိုင်နေရင်တော့ မိုးထဲရေထဲ ထီးမပါဘဲ ပျံနေရတဲ့ သာလိကာလေးလို ဖြစ်တော့မှာပဲ။ ငါလည်း ဗျူဟာပြောင်းပြီး စာရေးမှဖြစ်တော့မယ်”

ဒါပေမဲ့ ပြဿနာက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း မရှိတော့၊ ဆရာကြီး ပီမိုးနင်းကလည်း အကြံမပေးနိုင်တော့တဲ့အခါ ကျွန်တော့်ဗျူဟာက “ဘယ်ချောက်ထဲ ဆင်းရမှန်း” မသိဘဲ လမ်းပျောက်နေသလို ဖြစ်နေပါတယ်။ မြန်မာဆန်ဆန် တင်စားရရင်တော့ “ပျောက်သောလမ်းမှာ စမ်းတဝါးဝါး”  ဖြစ်နေလို့ပါ။

ကဲ… မိတ်ဆွေတို့ရေ၊ ကျွန်တော့်ကို ဝိုင်းပြီး အကြံဉာဏ် ပညာဒါနပြုကြပါဦး။ ကျွန်တော် ဘယ်လိုဗျူဟာမျိုး ပြောင်းရမလဲဟင်။

ကျွန်တော် စဉ်းစားမိတဲ့ ဗျူဟာ (၃) မျိုးကတော့ —

၁။ အချစ်ဝတ္ထုရေးရင် ဇာတ်လိုက်မင်းသားကို အရင်လို စန္ဒရားတီးခိုင်းမနေတော့ဘဲ ပိုက်ဆံရှင်းခါနီးမှ ပိုက်ဆံအိတ် ပျောက်သွား လို့ပါဗျာ ဆိုတဲ့ ဗျူဟာမျိုး သုံးရမလား။

၂။ စာဖတ်သူ ရင်တထိတ်ထိတ်ဖြစ်အောင် ဝတ္ထုတစ်ပုဒ်ထဲမှာ သရဲလည်းထည့်၊ လူသတ်မှုလည်းလုပ်၊ နောက်ဆုံးကျမှ “အိပ်မက်မက်နေတာပါ” လို့ ဇာတ်သိမ်းလိုက်ရမလား။

၃။ ခေတ်စားနေတဲ့ အကြောင်းအရာတွေကို ကောက်ချက်ချပြီး စာအုပ်ခေါင်းစဉ်ကို ‘မဟာဗျူဟာမြောက် ဖေ့စ်ဘွတ်ခ်ပွတ်နည်း’ လို့ ပေးရမလား။

“ပညာရှိ သတိဖြစ်ခဲ” ဆိုတဲ့အတိုင်း ကျွန်တော်ကတော့ “စာရေးဆရာ ဗျူဟာပျောက်” နေပါပြီ။ ခရီးဆက်ဖို့ လမ်းကြောင်းကို မိတ်ဆွေတို့ရဲ့ အလင်းပြချက် (ကွန်မန့်) တွေနဲ့ပဲ လမ်းခင်းပေးကြပါဦးဗျာ။

ကျွန်တော့် ကလောင်သွားလေး ခလုတ်မထိ ဆူးမငြိဘဲ ‘မဟာဗျူဟာမြောက်’ ငွေတွေ (စာမူခ + ဉာဏ်ပူဇော်ခ ) သိမ်းကျုံး ဝင်လာအောင် ဘယ်လိုစာမျိုး ပြောင်းရေးရမလဲ… ဟောဒီက စာရေးဆရာကြီးကို အကြံပေးစကား သနားတော်မူကြပါဦးနော်။

ဗျူဟာကစားနိုင်တဲ့ စာရေးဆရာကြီးအဖြစ် ရပ်တည်ဖို့ ဘာလိုအပ်လဲလို့ စဉ်းစားမိတဲ့အခါ တွေးမိတာကတော့…

“လွမ်းရေးထက် ဝမ်းရေးက ပိုအရေးကြီးတယ်” ဆိုတဲ့ ခေတ်ကြီးမှာ လူမှုရေးလုပ်ဖို့ နေနေသာသာ၊ ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံလေး မထွက်သွားအောင်၊ သူများထက် တစ်ပန်းသာအောင် လူတွေ သုံးနေကြတဲ့ “ဆန်းပြားတဲ့ လူမှုရေးဗျူဟာများ” နဲ့ Social Media ပေါ်က သူဌေးကွက်တွေအကြောင်းကို ဟာသမြောက်မြောက် ခွဲခြမ်းစိတ်ဖြာ တင်ပြဖို့ လိုမယ် ထင်ပါတယ်ဗျာ။

နောက်တစ်မျိုး က အိုင်တင်ထုတ် ဗျူဟာ လို့ ဆိုရလေမလား။

ပကတိအခြေအနေအရ အိမ်မှာ ငါးပိရည်နဲ့ တို့စရာစားနေရပါစေ၊ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ် ရောက်ရင်တော့ ကော်ဖီတစ်ခွက် ရှစ်ထောင်တန်ဆိုင်မှာ ထိုင်ပြီး “Life is too short, enjoy the moment” ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံတင်ရမှ ခေတ်မီတဲ့ ဗျူဟာပါ။ သူများတွေ နိုင်ငံခြားခရီးသွားတဲ့ လူမှုကွန်ရက် Post တွေတင်ရင်၊ ကိုယ်ကလည်း လူမှုရေးအဆင့်အတန်း တက်ချင်ဇောနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ဘုရားဖူးဓာတ်ပုံကို ‘Throwback’ ဆိုပြီး အခုပဲ ရောက်နေသလိုမျိုး အတင်းတင် တတ်ကြပါတယ်။

နောက်တစ်မျိုး အနေနဲ့ အထိအခိုက် အနည်းဆုံး ဗျူဟာ ခင်းရမှာလား ဗျာ။

ဒီခေတ်မှာ မင်္ဂလာဆောင်ဖိတ်စာ လာပေးတာဟာ “အကြောင်းကြားစာ” မဟုတ်ပါဘူး၊ “ငွေတောင်းခံလွှာ” လာပေးတာနဲ့ အတူတူပါပဲ။ ဒီတော့ လူတွေသုံးတဲ့ ဗျူဟာက ဖိတ်စာလာပေးမယ့်ရက်ဆို အိမ်ရှေ့တံခါးပိတ်၊ မီးပိတ်ပြီး အိမ်ထဲမှာ အသံမထွက်ဘဲ ပုန်းနေတာမျိုးပါ။ “ကျီးကန်းတောင်းမှောက် ကြည့်သလို” ပြတင်းပေါက်ကနေ ချောင်းကြည့်လို့ ဧည့်သည်ပြန်သွားမှ သက်ပြင်းချနိုင်ကြတယ်။ တကယ်လို့ လက်ထဲ ဖိတ်စာမိသွားရင်လည်း “အော်… အဲဒီရက်က နယ်ဘက် ခရီးထွက်စရာရှိလို့ စာအိတ်ပဲ ပို့ပေးလိုက်မယ်နော်” ဆိုပြီး လူချင်းမသွားဘဲ ပိုက်ဆံအနည်းဆုံးထည့်ရမယ့် ဗျူဟာကို သုံးကြပါတယ်။

မျက်နှာချိုသွေး၊ ကြွေးမပေးဗျူဟာကိုလည်း ကျင့်သုံး သင့်တယ် ထင်တာ ပေါ့။ ဘယ်နှနှစ်လောက် အဆက်အသွယ်မရှိတဲ့ သူငယ်ချင်းတစ်ယောက်က မက်ဆင်ဂျာကနေ “သူငယ်ချင်း… နေကောင်းလား၊ သတိရလို့” ဆိုပြီး လာနှုတ်ဆက်ရင် ၁၀၀ ရာခိုင်နှုန်း သေချာပါပြီ။ ဟင်းချက်နည်း လာမေးတာ မဟုတ်ဘူး၊ ပိုက်ဆံချေးဖို့  ဗျူဟာခင်းနေတာပါ။

“ရယ်၍ငို၍မရသော မျက်နှာ” ဆိုသလိုပါပဲ၊ အစပိုင်းမှာ ကျောင်းတုန်းကအကြောင်းတွေ ပြောပြီး အလွမ်းသယ်၊ ဇာတ်သိမ်းခါနီးကျမှ “ငါ အခု လုပ်ငန်းလေးတစ်ခု ချဲ့မလို့ အရင်းအနှီးလေး နည်းနည်းလိုနေတာ” ဆိုပြီး ဗျူဟာအစစ်ကို ထုတ်ပြတတ်ပါတယ်။ ဒါပေမဲ့ ဒီဘက်ကလည်း မညံ့ပါဘူး၊ “ငါလည်း အခု မိန်းမမွေးဖွားခါနီးမို့ လိုက်ချေးနေတာ၊ မင်းဆီကတောင် ရမလားလို့” ဆိုပြီး “ဆားပုလင်းနှင်းမောင်” လို ပြန်ပက်ရတဲ့ ဗျူဟာတွေ ခေတ်စားနေပါတယ်ဗျာ။

“ပါးစပ်က ဘုရား လက်က ကားယား” ကွန်မန့်ကမ္ဘာက ဆရာကြီးများ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ တစ်ခုခုဆို တရားဒေသနာတော် တွေ၊ ကမ္ဘာကျော်ကိုးကားချက်တွေနဲ့ အလွန်အမင်း ယဉ်ကျေးပြနေပေမယ့် တကယ့် လက်တွေ့မြေပြင်မှာတော့ လမ်းဘေး အမှိုက်ပစ်တာကအစ ရပ်ကွက်ထဲ ရန်ဖြစ်တာအဆုံး ခြေလှမ်းစိပ်စိပ်နဲ့ ဝင်ပါနေတဲ့ ဗျူဟာမျိုးပါ။

“သိုးရေခြုံတဲ့ ဝံပုလွေ” ဆိုသလိုပါပဲ၊ ဆိုရှယ်မီဒီယာပေါ်မှာ ဩဝါဒတွေ အလီလီပေးပြီး အမှတ်ယူထားတော့ လူမှုရေးအရ ဘယ်သူမှ လာမခုတ်ရဲ၊ မတုတ်ရဲတဲ့ ‘ဒိုင်းလွှားဗျူဟာ’ တစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

ကဲ… မိတ်ဆွေတို့ရေ၊ ဒီခေတ်ကြီးထဲမှာ အသက်ရှင်ရပ်တည်ဖို့ သုံးနေရတဲ့ လူမှုရေးဗျူဟာတွေက လတ်တလော ကမ္ဘာ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေက အမေရိကန်ရဲ့ စစ်ချီဗျူဟာတွေထက်တောင် ပိုပြီး နက်နဲဆန်းပြား လှည့်ပတ်နေပါသေးတယ်ဗျာ။

….

ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားပေးသည့် ဂျပန်ဒေါက်တာကြီး

Image Courtesy of the Author

ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားပေးသည့် ဂျပန်ဒေါက်တာကြီးတစ်ဦး ရှိပါသည်။၎င်းမှာ ဂျပန်နိုင်ငံ၏ ကမ္ဘာကျော် အသက် အရှည်ဆုံး ဆရာဝန်ကြီး ဒေါက်တာရှိဂေအာကီ ဟီနိုဟာရာ (Dr. Shigeaki Hinohara) ဖြစ်သည်။ ကျွန်တော် လေ့လာမိသလောက် သိရှိရသည်မှာ သူ ရေးသားခဲ့သည့် စာအုပ်တစ်အုပ်ကို ဆရာမကြီး ဒေါ်ခင်စောတင့်က “သက်ရှည်ကောင်းမွန်စွာ နေထိုင်ခြင်း” (Living Long, Living Good) အမည်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ဖူးပါသည်။ ထိုစာအုပ်သည် အသက်ရှည်ကျန်းမာပြီး အဓိပ္ပာယ်ရှိသော ဘဝနေထိုင်နည်းကို လမ်းညွှန်ပြသသည့် အဖိုးတန်စာအုပ်ကောင်းတစ်အုပ်အဖြစ် ကျွန်တော် လေ့လာ တွေ့ရှိရသည်။

ဤတွင် ဆရာမကြီး ဒေါ်ခင်စောတင့် (၁၉၃၇–၂၀၂၁)  နှင့် ပတ်သက်၍ ပရိသတ်များကို မိတ်ဆက် ပေးလိုပါသည်။ သူသည် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားလှသော အမျိုးသမီး စာရေးဆရာမကြီးတစ်ဦး ဖြစ်သလို တက္ကသိုလ်အသီးသီးတွင် နှစ်ပေါင်းများစွာ စာပေပို့ချခဲ့သည့် အင်္ဂလိပ်စာပြ  ဆရာမကြီး တစ်ဦးလည်း ဖြစ်ပါသည်။

 ၁၉၃၇ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ အိုင်စီအက်စ် (ICS) အရာရှိကြီး ဦးဘတင့်နှင့် ခေတ်စမ်းစာဆို စာရေးဆရာမကြီး ဒေါ်ခင်စောမူ (မြင့်မာလာ) တို့မှ မွေးဖွားခဲ့သည်။ စာရေးဆရာနှင့် အင်္ဂလိပ်စာပြ ဆရာကြီးအဖြစ် လူသိများသော ဦးနေအုပ်တင့် (နေအုပ်-စိန်ပေါလ်) ၏ အစ်မအရင်း ဖြစ်သည်။၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A.) ကို မြန်မာအနုစာပေ၊ အင်္ဂလိပ်စာပေ၊ မနုဿဗေဒ ဘာသာတွဲများဖြင့် အောင်မြင်ခဲ့သည်။

စာရေး သွက်တဲ့ ဂျပန်ကြီး

ဒေါက်တာ ဟီနိုဟာရာသည် သူ၏တစ်သက်တာတွင် စာအုပ်ပေါင်း ၁၅၀ ကျော်အထိ ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။ ထူးခြားချက်မှာ ထိုစာအုပ်အများစုကို အသက် ၇၅ နှစ်ကျော်မှ စတင်ရေးသားခဲ့ခြင်းဖြစ်ပြီး အသက် ၁၀၀ ပြည့်ပြီးသည့် တိုင်အောင် စာအုပ်များကို မနားမနေ ဆက်လက်ပြုစုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏စာအုပ်များသည် အသက်ရှည် ကျန်းမာရေး၊ နေထိုင်မှုပုံစံနှင့် စိတ်ခွန်အားဖြည့် စာပေများအဖြစ် ကမ္ဘာတစ်ဝန်း အထူးထင်ရှားကျော်ကြားလှပေသည်။

သူ၏စာပေများသည် အသက်ရှည်ကျန်းမာရေး၊ ကောင်းမွန်သော ဘဝနေထိုင်မှုပုံစံ၊ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုနှင့် အသက်ကြီးလာသော်လည်း ဘဝရည်မှန်းချက် အစဉ်ရှိနေစေရေးတို့အပေါ် အဓိက အလေးပေးထားပါသည်။

 သူ၏စာအုပ်အများစုကို ဂျပန်ဘာသာဖြင့် ထုတ်ဝေခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ဩဇာညောင်းသည့် အချို့စာအုပ်များကိုမူ အင်္ဂလိပ်၊ တရုတ် နှင့် ဗီယက်နမ်ဘာသာစကားများသို့ ပြန်ဆိုထုတ်ဝေခဲ့ကြသည်။

ဒေါက်တာဟီနိုဟာရာ၏ အထင်ရှားဆုံးသော စာပေလက်ရာမွန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဘာသာပြန်ဆိုထုတ်ဝေထားသည့် ထင်ရှားသောစာအုပ်များ

၁။ Living Long, Living Good

ဤစာအုပ်သည် အုပ်ရေ ၁ ဒသမ၂ သန်းကျော်အထိ ရောင်းချခဲ့ရသည့် သူ၏ အကျော်ကြားဆုံးနှင့် အရောင်းရဆုံး လက်ရာမွန် ဖြစ်ပါသည်။ အသက် ၁၀၀ ကျော်အထိ တက်ကြွသော ဆရာဝန်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးခဲ့သည့် စားသောက်မှုနှင့် လှုပ်ရှားမှုအလေ့အထများ၊ စူးစမ်းလိုစိတ်ကို ထိန်းသိမ်းခြင်းနှင့် သိက္ခာရှိရှိ အသက်ကြီးလာစေရန် လမ်းညွှန် ပေးထားသည့် ဘဝဒဿနစာအုပ် ဖြစ်သည်။

၂။ To My 10-Year-Old Friends: From a 95-Year-Old Me

ကလေးများနှင့် လူငယ်မျိုးဆက်သစ်များအတွက် တိုက်ရိုက်ရည်ညွှန်းရေးသားထားပြီ:  ငြိမ်းချမ်းခြင်း၏တန်ဖိုး၊ အချိန်၏ ဖြတ်သန်းမှုနှင့် ဘဝ၏စစ်မှန်သောအဓိပ္ပာယ်တို့အကြောင်း နက်နက်ရှိုင်းရှိုင်း လမ်းညွှန်ပေးထားသည့် စိတ်လှုပ်ရှားဖွယ်ရာ စာအုပ်ဖြစ်ပါသည်။

၃။ “The Japanese Secret to Longevity”.

ဗီယက်နမ်ဘာသာစကားဖြင့် ရေးသားထားသော “The Japanese Secret to Longevity” ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ “ဂျပန်လူမျိုးတို့၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်” ဖြစ်ပါသည်။

ဤစာအုပ်သည် ကမ္ဘာကျော်ဂျပန်ဆရာဝန်ကြီး ၏ ဆေးပညာအတွေ့အကြုံများနှင့် ဘဝဒဿနများကို ဗီယက်နမ်ဘာသာသို့ ပြန်ဆိုထားသည့် အထူးထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်သည်။

သူ၏ဆေးပညာအတွေ့အကြုံများနှင့် ဘဝ၏ သဘာဝအတိုင်း မွေးဖွားခြင်း၊ သေဆုံးခြင်း သံသရာအပေါ် ထားရှိသည့် ကိုယ်ပိုင်အမြင်များကို စုစည်းတင်ပြထားသော အဆင့်သတ်မှတ်ချက်မြင့် ဗီယက်နမ်ဘာသာပြန်စာအုပ် ဖြစ်သည်။

၄။ Live Well (Love the World Again) / The Japanese Doctor’s Tips for Longevity

အသက် ၆၀ ကျော်နောက်ပိုင်းတွင် စိတ်ပိုင်းဆိုင်ရာ ကြည်လင်လန်းဆန်းနေစေရန် နည်းလမ်းများ၊ နေ့စဉ်ကျန်းမာရေးဆိုင်ရာ အတွေးအခေါ်များနှင့် လက်တွေ့ကျသော အာဟာရဗေဒ လမ်းညွှန်ချက်များကို တရုတ်ဘာသာသို့ ပြန်ဆိုထားသည့် လူကြိုက် များသော စာအုပ် ဖြစ်သည်။

ဂျပန်ဘာသာဖြင့် ရေးသားထားသော အခြားထင်ရှားသည့် စာအုပ်များ ရှိပါသေးသည်။

ဘဝကို ပျော်ရွှင်စေမည့် အလေ့အထ

ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ နိုးကြားမှုကို အမြင့်မားဆုံးဖြစ်စေရန် စားသောက်မှုကန့်သတ်ချက်များမှသည် လူမှုပတ်ဝန်းကျင်ကို အစဉ်တစိုက် အကျိုးပြုခြင်းအထိ နေ့စဉ်လုပ်ဆောင်ရမည့် အလေ့အထများ ကို ဖော်ပြထားပါသည်။

သမိုင်းဝင်ဆေးပညာရှေ့ဆောင် ဆာ ဝီလျံ အော့စလာ (Sir William Osler) အကြောင်း စာအုပ်မှာလည်း တစ်မူထူးခြားလှသည်။

ဒေါက်တာဟီနိုဟာရာ၏ “လူနာကို ဦးစားပေးသော” ဆေးပညာအတွေးအခေါ်ကို များစွာလွှမ်းမိုးခဲ့သည့် သမိုင်းဝင် ဆေးပညာရှေ့ဆောင် ဆာ ဝီလျံ အော့စလာ (Sir William Osler) အကြောင်းကို ဝေဖန်ချက်များနှင့်တကွ  သုံးသပ် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။

ခန္ဓာကိုယ်တွင်း စွမ်းအင်များ၊ အသက်ရှူစနစ် နည်းစနစ်များနှင့် ခေတ်သစ်ဆေးပညာနှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုတို့အကြား ဆက်စပ်မှုကို စိတ်ဝင်စားဖွယ် တင်ပြထားသည့် စာအုပ်ဖြစ်ပါသည်။

အသက် ၁၀၅ နှစ်အထိ ကျန်းမာစိုပြည်စွာ နေထိုင်သွားခဲ့သည့် ကမ္ဘာကျော်ဂျပန်ဆရာဝန်ကြီး ဒေါက်တာဟီနိုဟာရာ ညွှန်းဆိုခဲ့သော ကျန်းမာရေးနှင့် လူနေမှုပုံစံ လျှို့ဝှက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ကယ်လိုရီ ထိန်းချုပ်သည့် စားသောက်မှုစနစ်

  • ဒေါက်တာကြီးသည် အစာကို ဗိုက်ပြည့် ဗိုက်ကားသည်အထိ မစားဘဲ ၈၀ ရာခိုင်နှုန်း ခန့်သာ စားသုံးလေ့ရှိသည်။
  • နံနက်စာမှာ ကော်ဖီ၊ နွားနို့နှင့် သံလွင်ဆီ အနည်းငယ် တွဲဖက်ထားသော လိမ္မော်ရည် ဖြစ်၏။
  • နေ့လယ်စာ မှာ  နွားနို့တစ်ခွက်နှင့် ကွတ်ကီးအနည်းငယ် (အလုပ်များသည့် ရက်များတွင် နေ့လယ်စာကို ကျော်ပစ် တတ်သည်)
  • ညစာမှာ  ဟင်းသီးဟင်းရွက်၊ ငါးနှင့် ထမင်းအနည်းငယ် ဘာဖြစ်သည်။ အဆီမပါသော အမဲသား (Lean Meat) ဂရမ် ၉၀ ခန့်ကိုမူ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သာ ဖြည့်စွက် စားသုံးသည်။

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု

လှေကားတက်ခြင်းမှာ ဆရာဝန်ကြီး၏ နိစ္စဓူဝ လေ့ကျင့်ခန်းပင် ဖြစ်သည်။ နေ့စဉ် ကိုယ်တိုင် လှေကားတက်ခြင်းဖြင့် ခြေထောက်ကြွက်သားများကို သန်မာစေခဲ့ရာ အသက် ၁၀၀ ကျော်သည့်တိုင် ခြေလှမ်းကျဲကျဲ ဖြင့်  လှေကားထစ် တစ်ထစ် ကျော်၍ တက်နိုင်ခဲ့သည်။

ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း

အသက် ၃၀ အရွယ်က ရှိခဲ့သော ကိုယ်အလေးချိန်အတိုင်း မပြောင်းလဲအောင် နေ့စဉ် စနစ်တကျ ထိန်းသိမ်းခြင်းသည် သူ၏ အဓိကဗျူဟာ ဖြစ်သည်။

ကိုယ်တိုင် ပစ္စည်းသယ်ခြင်း

မိမိ၏ ခရီးဆောင်အိတ်နှင့် ပစ္စည်းများကို သူတစ်ပါး အကူအညီမယူဘဲ ကိုယ်တိုင် အမြဲသယ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားစေသည်။

စိတ်ပိုင်းဆိုင်ရာနှင့် လူနေမှုအလေ့အထ

အသက်ကြီးလာသော်လည်း အလုပ်မှ အပြီးအပိုင် အနားမယူဘဲ လူ့အဖွဲ့အစည်းကို ဆက်လက်အကျိုးပြုရန် တိုက်တွန်းသည်။ သူကိုယ်တိုင်လည်း ကွယ်လွန်ခါနီးအချိန်အထိ လူနာများကို မနားမနေ ကုသပေးခဲ့သည်။

စည်းကမ်းချက်များ အရမ်းများလွန်းလျှင် စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။ အပူအပန် ကင်းသော ကလေးငယ်များကဲ့သို့ စိတ်ကို လွတ်လွတ်လပ်လပ်နှင့် ပျော်ရွှင်အောင် ထားရှိရမည်။

အသက် ၁၀၀ ကျော်သည့်တိုင်အောင် နောက်ထပ် ငါးနှစ်စာ၊ ၁၀ နှစ်စာ လုပ်ဆောင်မည့် အစီအစဉ်များကို မိမိ၏ ဒိုင်ယာရီတွင် ကြိုတင်ရေးဆွဲလေ့ရှိခြင်းမှာ သူ၏ ကျန်းမာရေး အမြော်အမြင်ပင် ဖြစ်ပါသည်။

Key Books by Dr. Shigeaki Hinohara

  • Headline: Living Long, Living Good (Best-selling guide on staying happy and healthy in old age)
  • Headline: Habits of 15 to be fun to live…
  • Source: ThriftBooks Listing
  • Headline: This Japanese doctor lived to 105. Here’s his advice for a long life
  • Source: World Economic Forum
  • Headline: Dr Shigeaki HINOHARA : 1911-2017 Japan’s most eminent physician
  • Source: WONCA (World Organization of Family Doctors)

ကမ္ဘာ့ဖလား မီးရောင်စုံများ အလွန် ၁၀ ရက်မြောက်ည

Image Courtesy of the Author

ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ ၁၀ ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အိမ်ရှင်နိုင်ငံများ (အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို သုံးနိုင်ငံ ပူးတွဲအိမ်ရှင်) ၏ ခမ်းနားကြီးကျယ်လှသော ကွင်းကြီးများအတွင်းမှ မီးရောင်စုံများ မှိတ်သွားခဲ့ သကဲ့သို့ ပရိသတ်များ၏ သောင်းသောင်းဖြဖြ အော်ဟစ်အားပေးသံများမှာလည်း လေထုအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ စိမ်းလန်းစိုပြည်သော မြက်ခင်းစိမ်းထက်တွင် အောင်ပွဲခံရွှေဖလားကြီးကို ကိုင်မြှောက်ကာ ပျော်ရွှင်ခဲ့ကြသည့် ကစားသမားများ၏ အောင်ပွဲခံမျက်ရည်များသည်လည်း သတင်းစာမျက်နှာဟောင်းများအောက်တွင် နစ်မြုပ် ပျောက်ကွယ် သွားခဲ့လေပြီ။ တစ်ကမ္ဘာလုံးကို ရင်ခုန်စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးများဖြင့် လွှမ်းမိုးခဲ့သော ကမ္ဘာ့ဖလားပွဲကြီး ပြီးဆုံး သွားခဲ့ချိန် တွင် လူတိုင်းမှာ မိမိတို့၏ မူလရုန်းကန်လှုပ်ရှားရသည့် နေ့ရက်များဆီသို့ မလွှဲမရှောင်သာ ပြန်လည်ခြေဦးလှည့်ခဲ့ကြရသည်။

ခဏတာ စိတ်ထွက်ပေါက်အဖြစ် ပေးစွမ်းခဲ့သော ဘောလုံးပွဲစဉ်များ ပြီးဆုံးသွားချိန်တွင် လူအများသည် မိမိတို့ ရင်ဆိုင် နေရဆဲဖြစ်သော နေ့စဉ်လူမှုဘဝ စိန်ခေါ်မှုများဆီသို့ နိုးထလာကြရသည်။ အရှိန်အဟုန်ဖြင့် မြင့်တက်နေသော ကုန်ဈေးနှုန်းများ၊ မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသော လုပ်ငန်းခွင်အခြေအနေများနှင့် အနာဂတ်အတွက် ပူပန်မှုများသည် ကမ္ဘာ့ဖလား ပြီးနောက် ပိုမိုသိသာထင်ရှားစွာ ပြန်လည်ဦးမော့လာခဲ့သည်။

လက်တွေ့ဘဝ၏ ခါးသီးမှုများနှင့် ပူပန်မှုများ ရှိနေသည့်ကြားမှ ဘဝအမောဖြေရင်း  စမ်းချောင်းမြို့နယ် မြောင်းမြလမ်းထောင့်ရှိ ဘီယာဆိုင်လေးတစ်ဆိုင်အတွင်း အတူတကွ ဆုံစည်းနေကြသည့် သူငယ်ချင်းလေးဦး၏ စားပွဲဝိုင်းစကားဝိုင်းက မိုးအေးအေးမှာ နွေးထွေးစရာ သက်ဝင်လှုပ်ရှားနေတော့သည်။ ဆိုင်အပြင်ဘက်တွင် ကျဆင်းနေသည့် မိုးဖွဲဖွဲလေးက ဆိုင်အတွင်းရှိ ဝေမှုန်မှုန် လျှပ်စစ်မီးရောင်အောက်မှ လေးလံထိုင်းမှိုင်းသော လေထုကို ပိုမိုသိသာစေသည်။ လွန်ခဲ့သည့် ဆယ်ရက်ခန့်က ဤစားပွဲဝိုင်းလေး မှာပင် ၎င်းတို့သည် မိမိတို့ အားပေးသည့်အသင်းများအတွက် စိတ်လှုပ်ရှားစွာ အော်ဟစ်ငြင်းခုံခဲ့ကြပြီး ဘဝအမောများကို ခဏတာ မေ့လျော့ထားနိုင်ခဲ့ကြသည်။

သို့သော် ယနေ့ညတွင်မူ လေထုက မတူညီတော့ချင်။ စားပွဲပေါ်ရှိ ဘီယာခွက်များအတွင်းမှ အမြှုပ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသကဲ့သို့ သူတို့၏ မျက်နှာထက်မှ အပြုံးများကလည်း ပျောက်ဆုံးနေသည်။ တစ်ဦးက အလုပ်အကိုင် အဆင်မပြေမှုကြောင့် သက်ပြင်းကို အကြိမ်ကြိမ် ချနေမိပြီး အခြားတစ်ဦးကလည်း စီးပွားရေးအကျပ်အတည်းနှင့် မိသားစုတာဝန်များအကြောင်းကို ခေါင်းငိုက်စိုက်ချရင်း ရေရွတ်နေရှာသည်။ ရွှေဖလားကြီးကို မည်သည့်နိုင်ငံကပင် ဆွတ်ခူးသွားခဲ့ပါစေ မြောင်းမြလမ်းထောင့်ရှိ ဤစားပွဲဝိုင်းလေးထက်မှ အခြေခံလူတန်းစား လူငယ်လေးဦး၏ ဘဝတိုက်ပွဲကမူ လုံးဝမပြီးဆုံးသေးဘဲ ယခုမှပင် ပိုမိုပြင်းထန်စွာ ဆက်လက်ကစားရတော့မည့်အလား တိတ်ဆိတ်ငြိမ်သက်လို့ နေပါတော့သည်။

နိုင်ငံရေးသိပ္ပံ ပညာကျောင်းသား ရဲမင်း၊ စီးပွားရေးပညာ ကျောင်းသား သီဟ၊ ဒဿနိကဗေဒ ကျောင်းသား မြတ်စိုး နှင့် စိတ်ပညာ ကျောင်းသား ဇင်မင်း တို့သည် စားပွဲပေါ်မှ ဘီယာခွက်များ၊ အမြည်းပန်းကန်များနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ပေးချန်ခဲ့သော သင်ခန်းစာများ၊ နောက်ဆက်တွဲ ရိုက်ခတ်မှုများနှင့် လက်တွေ့ဘဝ၏ သက်ရောက်မှုများကို နက်နက်နဲနဲ ဝေဖန်သုံးသပ် ဆွေးနွေး ခဲ့ကြသည်။

နိုင်ငံရေးသိပ္ပံကျောင်းသား ရဲမင်းက မြေပဲဆားလှော်ကို ပါးစပ်ထဲတစ်လုံးချင်း ပစ်ထည့်ရင်း စကားဝိုင်းကို စတင်လိုက်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း အိမ်ရှင်နိုင်ငံများ အသုံးပြုခဲ့သော Soft Power (ပျော့ပျောင်းသောအာဏာ) ဟာ ပြိုင်ပွဲပြီးသည်နှင့် ဆပ်ပြာပူဖောင်းလို ပေါက်ထွက်သွားရပုံကို သူက ထောက်ပြခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း အိမ်ရှင်အမေရိကန်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံတကာ မီဒီယာများရှေ့တွင် ပွင့်လင်းလွတ်လပ်ပြီး ဧည့်ဝတ်ကျေပွန်သည့် ဒီမိုကရေစီနိုင်ငံကြီးတစ်ခုအဖြစ် Soft Power (ပျော့ပျောင်းသောအာဏာ) ကို အသုံးပြုကာ လှပသော ပုံရိပ်ကောင်းများကို အစွမ်းကုန် ပြသခဲ့သည်။  ဖီဖာ (FIFA) ထံမှ ငြိမ်းချမ်းရေးဆု ရယူခြင်း နှင့် အားကစားပွဲကြီးဖြင့် ကမ္ဘာ့အမြင်ကို လွှဲပြောင်းရန် ကြိုးပမ်းမှုများကြောင့် ယင်းလုပ်ရပ်သည် Sportswashing (အားကစားဖြင့် အပြစ်ဖုံးခြင်း) ဖြစ်သည်ဟု ဝေဖန်မှုများ ရှိခဲ့သော်လည်း ပြိုင်ပွဲကျင်းပနေစဉ်တွင်မူ ထိုတင်းမာမှုများကို ကွင်းတွင်းအလှအပများဖြင့် ဖုံးကွယ်ထားနိုင်ခဲ့သည်။ (၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်က ဝါရှင်တန်ဒီစီရှိ Kennedy Center ၌ ကျင်းပခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ် မဲခွဲပွဲအခမ်းအနား (Final Draw for the FIFA World Cup 2026) အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ငြိမ်းချမ်းရေးဆု ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။)

စိတ်ပညာကျောင်းသား ဇင်မင်း ကလည်း ထိုစကားကို ထောက်ခံလျက် ပြိုင်ပွဲကာလအတွင်း မြင့်တက်လာခဲ့သော အမျိုးသားရေး စိတ်ဓာတ် (Nationalism) ဟာ ရေတိုမျှသာဖြစ်ပြီး တစ်ခဏတာ စုပေါင်းစိတ်အာရုံ (Collective Consciousness) ဆိုသည်မှာ သုံးရက်ထက် ပိုမခံဘဲ ယခုအခါ လေဖြတ်သွားသလို ပျောက်ကွယ်သွားပြီဟု သုံးသပ်ခဲ့သည်။

ရဲမင်းက ဆက်လက်၍ နိုင်ငံရေးသမားများသည် ပြိုင်ပွဲကြီးကို အသုံးချကာ ပြည်တွင်းမှ ကုန်ဈေးနှုန်း တက်ခြင်းကဲ့သို့ အရေးကြီးသော ပြဿနာများကို ပြည်သူများ မမြင်အောင် အာရုံလွှဲ (Distraction) ခဲ့ကြပြီး ဘောလုံးပွဲပြီးသွားချိန်တွင် ပြည်သူများ ဘိန်းပြတ်သွားကာ လျှပ်စစ်မီးလည်း ပုံမှန်အတိုင်း ပြန်ပျက်နေပြီဖြစ်၍ Nationalism မှာလည်း အမှိုက်ပုံးထဲ ရောက်သွားပြီဟု ဝေဖန်ခဲ့သည်။

ဒဿနိကဗေဒကျောင်းသား မြတ်စိုးက ကားလ်မာ့က်စ် (Karl Marx) ၏ သဘောတရားကို ကိုးကား၍ ဘောလုံးပွဲက ပေးသော စည်းလုံးမှုဆိုသည်မှာ အိမ်လခပေးရမည့်ရက် မရောက်ခင်အထိသာ ခံပြီး အားလုံးဟာ လူတန်းစားတိုက်ပွဲ (Class Struggle) ထဲ ပြန်ရောက်ကာ ရုံးတက်ဖို့ ပူနေကြရပြီဟု မှတ်ချက်ပြုခဲ့သည်။

ဆွေးနွေးပွဲသည် စီးပွားရေး ရှုထောင့်သို့ တိုးဝင်လာသောအခါ စီးပွားရေးပညာကျောင်းသား သီဟ က ပြိုင်ပွဲကာလအတွင်း ခရီးသွား၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ ခဏတာ ဝင်ငွေတိုးပွားခဲ့သည့် Short-term Boost (ရေတိုစီးပွားရေးနှိုးဆွမှု) အကြောင်းကို ရှင်းပြခဲ့သည်။ သို့သော် ယင်းသုံးစွဲမှုများမှာ “ပျော်ရွှင်မှုအပေါ် အခြေခံသည့် သုံးစွဲမှုစိတ်ပညာ” (Dopamine-driven Spending) ကြောင့် ဖြစ်ပေါ်လာသည့် ရေပူဖောင်း စီးပွားရေးမျှသာ ဖြစ်ကြောင်း ဇင်မင်းက ထောက်ပြခဲ့သည်။

အခြေခံအဆောက်အအုံ (Infrastructure) များ ကျန်ရစ်ခဲ့သည်ဆိုသော်လည်း သီဟ၏ ရှင်းပြချက်အရ အဆိုးရွားဆုံးအချက်မှာ ဒေါ်လာဘီလီယံချီ ကုန်ကျခဲ့သော ကွင်းကြီးများသည် ပြိုင်ပွဲအပြီးတွင် သုံးသူမရှိတော့ဘဲ “ဆင်ဖြူတော်” (White Elephant) ဝန်ထုပ်ဝန်ပိုးကြီးများ ဖြစ်ကျန်ခဲ့ခြင်းပင် ဖြစ်သည်။ သုံးမရတော့သော ကွင်းကြီးများကို နှမြော၍ ဘဏ္ဍာငွေများ ထပ်မံစိုက်ထုတ် ထိန်းသိမ်းနေရသည့် “ရှုံးမှုကို ဆက်တိုးမိသည့် အမှား” (Sunk Cost Fallacy) ကြောင့် အရှုံးပေါ် အရှုံးဆင့်စေပြီး ယင်းထိန်းသိမ်းစရိတ် များကို ပြည်သူများဆီမှ ကောက်ခံသည့် အခွန်ငွေဖြင့် စိုက်ထုတ်နေရသဖြင့် ရေရှည်တွင် တိုင်းပြည်အတွက် ဘဏ္ဍာရေး အပေါက်ကြီး ဖြစ်လာရသည်။

စကားဝိုင်းအတွင်း  ပင်နယ်တီ လွဲချော်ခဲ့သော ကစားသမား၏ ကံကြမ္မာအကြောင်းကိုလည်း စိတ်ပညာကျောင်းသား ဇင်မင်းက အမှတ်ရစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခင်ပွဲစဉ်များ၌ ကယ်တင်ခဲ့သူ ဖြစ်သော်လည်း ယခုအခါ လိုင်းပေါ်တွင် လူမျိုးရေးအရပါ “နိုင်ငံသစ္စာဖောက်” ဟု ပြောဆိုခံနေရပုံကို ထောက်ပြရာ သီဟကလည်း ယင်းပင်နယ်တီ လွဲချော်မှုကြောင့် လောင်းကစား ဒိုင်များ၌ ငွေကုန်သွားရုံသာမက စပွန်ဆာပေးထားသည့် အားကစားကုမ္ပဏီများ၏ ရှယ်ယာဈေးကွက် တန်ဖိုးများပါ ထိုးကျ သွားရသည့် ဒိုမီနို ရိုက်ခတ်မှုကို ရှင်းပြခဲ့သည်။

[(ကမ္ဘာ့ဖလားပွဲစဉ် ၃၂ သင်းအဆင့် ပွဲစဉ်တွင် နယ်သာလန်အသင်းသည် မော်ရိုကိုအသင်းအား ပင်နယ်တီအဆုံးအဖြတ် (Tiebreaker) ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်အတွင်း နယ်သာလန်ကစားသမား ကွင်တန် တင်ဘာ (Quinten Timber) သည် ပင်နယ်တီ လွဲချော်ခဲ့ခြင်း ဖြစ်သည်။]

ဒဿနိကဗေဒကျောင်းသား  မြတ်စိုးက ထိုကစားသမားအနေဖြင့် အမုန်းတရားများကို ခံယူရင်း “အထက်တန်းလူသား” ဖြစ်အောင် ကြိုးစားရမည်ဖြစ်သလို၊ မိမိတို့လည်း ကမ္ဘာ့ဖလားပြီး၍ လောင်းကြေးရှုံး ကာ အလုပ်ပြန်သွားရသော်လည်း ဘီယာကို သောက်နေကြဆဲဖြစ်ရာ ဒါဟာ ကံကြမ္မာကို ရဲရဲဝံ့ဝံ့ ချစ်မြတ်နိုးခြင်းပင် ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

လူမှုရေး ရှုထောင့် (Social Perspective) ဆီသို့ ကူးပြောင်းလာသောအခါ ကမ္ဘာ့ဖလားသည် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် “ကမ္ဘာလုံး ဆိုင်ရာ မိသားစုစိတ်ဓာတ်” ကို ပြသနိုင်ခဲ့သော်လည်း ထိုသို့ အသိအမှတ်ပြုမှုများသည် ပြိုင်ပွဲကျင်းပသည့် ရက်ပေါင်း ၃၀ သာ ခံပြီး အားလုံးမှာ မိမိတို့ အစွဲများဆီသို့ ပြန်ရောက်သွားကြပြီဟု မြတ်စိုးက ဆိုသည်။

ကွင်းအတွင်းပြသခဲ့သော ‘No Racism’ နှင့် ‘Anti-Discrimination’ ကြွေးကြော်သံများ၏ နောက်ကွယ်၌ စီးပွားရေး အကျိုးအမြတ် များသာ ရှိပြီး လက်တွေ့တွင်မူ ခါးသီးသော လူမှုရေးထိခိုက်မှုများ အဖြစ် အားကစားကွင်းများနှင့် လမ်းများချဲ့ရန် ဆင်းရဲသားရပ်ကွက်များကို အဓမ္မ ဖယ်ရှားခဲ့ကြသလို ဆောက်လုပ်ရေး အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် သေဆုံးမှုများသည် ပြိုင်ပွဲ၏ မီးရောင်များအောက်တွင် မှေးမှိန် ပျောက်ကွယ်သွားခဲ့ရသည်။

မြတ်စိုးက ယင်းကို အစိုးရများသည် တိုင်းပြည်ပုံရိပ်အတွက် အားနည်းသည့် လူတန်းစားများကို အသုံးမဝင်သော ကုန်ကြမ်းများ ကဲ့သို့ ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဆွေးနွေးပွဲ၏ နောက်ဆုံးနှင့် အခါးသီးဆုံး အပိုင်းမှာ အွန်လိုင်းလောင်းကစား (Online Gambling) ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွား ပြိုလဲမှုများအကြောင်း ဖြစ်သည်။ ဖုန်းတစ်လုံးရှိရုံဖြင့် အလွယ်တကူ လောင်းကစားနိုင်သဖြင့် လူများသည် “ထီပေါက်ချင်စိတ် ထောင်ချောက်” ထဲ ကျရောက်ကာ စွဲလမ်းသွားကြပြီး ပွဲအပြီးတွင် စိတ်ကျရောဂါ (Depression) များ ရရှိလာကြသည်။

စီးပွားရေးအရလည်း နိုင်သူအကုန်ယူ၊ ရှုံးသူပြုတ်ပြုတ်ပြုန်းသည့် Zero-Sum Game ဖြစ်သဖြင့် မိသားစုများ အကြွေးနွံနစ်ကာ အိမ်၊ ကား၊ ရွှေများ ပေါင်နှံရောင်းချခဲ့ကြရသည်။ နောက်ဆက်တွဲအဖြစ် ခိုးဆိုးလုနှိုက်မှု ရာဇဝတ်မှုများ မြင့်တက်လာပြီး တရားဥပဒေစိုးမိုးရေး ပျက်ပြားလာသလို လောင်းကြေးရှုံး၍ အိမ်ပြန်လာကာ မိသားစုကို ရန်ရှာခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း တို့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားကာ မိသားစုများ ပြိုကွဲနေရသည်။

အသိတရားနှင့် ဥပဒေ မရှိပါက လူသားတို့သည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေသည့် စစ်မြေပြင်သို့ ရောက်ရှိ သွားတတ်ကြ ကြောင်း သတိပေးခဲ့ကြသည်။

ဆိုင်မီးများ အားလုံး ပိတ်သွားသည့်အချိန်တွင် သူငယ်ချင်းလေးဦးသည် ဘီယာဖိုး မျှရှင်းကာ ဆိုင်အပြင်သို့ ထွက်ခွာခဲ့ကြသည်။ လမ်းမထောင့်တွင် ဖုန်းကိုယ်စီပွတ်ရင်း လောင်းကြေးရှုံး၍ မျက်နှာပျက်နေသော လူငယ်အချို့ကို ဖြတ်ကျော်သွားခဲ့ကြသည်။

လေထဲတွင် တဖျတ်ဖျတ် လွင့်မျောနေသော ကမ္ဘာ့ဖလား အမှတ်တရ ပိုစတာဟောင်းကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသကဲ့သို့ ကမ္ဘာ့ဖလား၏ တောက်ပသော မီးရောင်စုံများ ငြိမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ယင်းပြိုင်ပွဲကြီးက ချန်ထားခဲ့သော နိုင်ငံရေး မာယာများ၊ စီးပွားရေး ‘ဆင်ဖြူတော်’ အကြွေးများနှင့် လောင်းကစားကြောင့် ပျက်စီးသွားသော လူမှုရေး ဒဏ်ရာဒဏ်ချက်များ သည်ကား လူထု၏ လက်တွေ့ဘဝ မီးရောင်စုံများအောက်တွင် ယနေ့တိုင် ထင်ရှားစွာ ကျန်ရစ်နေဆဲ ဖြစ်ပါတော့သည်။

  • Headline: World Cup 2026: what is the economic impact?
  • Source: CPR Asset Management
  • Headline: Concern over rise in online racist abuse at World Cup
  • Source: BBC

ခြောက်ဘာသာဂုဏ်ထူး၊ ၅၄၁ မှတ်ဖြင့် လာကပုံရွာ၏ ဂုဏ်ဒြပ်ကို တစ်ဟုန်ထိုး မြှင့်တင်ပေးလိုက်သည့် သားကောင်းရတနာ

Image Courtesy of the Author

တွံတေးမြို့နယ်၊ လာကပုံကျေးရွာ ရွာဦးကျောင်းဇရပ်ပေါ်တွင် ထုံးစံအတိုင်း မွန်းလွဲပိုင်း စကားဝိုင်း ကျနေလေသည်။

မိုးဥတုကာလ နေရောင် ပါးပါးလေး ကျနေချိန် အုန်းပင်၊ ထန်းပင်များ အရိပ်ခြုံထားသည့် ကျောင်းဝင်းကြီးအတွင်းဝယ် လေပြည် အေးအေးလေးက ခပ်သွက်သွက် တိုက်ခတ်နေသည်။ ဇရပ်၏ သစ်သားကြမ်းပြင်သည် နှစ်ပေါင်းများစွာ ပွတ်တိုက်ဖန် များ၍ ပြောင်လက်နေပြီး ဝိုင်းဖွဲ့ထိုင်နေကြသော လူကြီးများ၏ စကားပြောသံသည် ဆိတ်ငြိမ်သော မွန်းလွဲပိုင်းကို သက်ဝင် လှုပ်ရှားစေသည်။

သစ်သားပလ္လင်ပေါ်၌ သီတင်းသုံးနေတော်မူသော ဆရာတော်သည်  ရွာသူရွာသားများ၏  ရပ်ရေး ရပ်ရွာ စကားဝိုင်းကို  နားစွင့် နေတော်မူသည်။ ဆရာတော်၏ တည်ငြိမ်အေးချမ်းလှသော မျက်နှာတော်သည် ရွာသားများအတွက် အားကိုးရာ တရားတစ်ပုဒ် ကဲ့သို့ပင် ဖြစ်သည်။

ဘေးနားတွင်မူ ယွန်းကွမ်းအစ် အဟောင်းကြီးကို ဘေးချကာ ကွမ်းရွက်ကို ထုံးသုတ်နေသည့် ရွာသူကြီး ဦးဘချို ရှိနေသည်။ သူက ကွမ်းတစ်ယာကို ပါးစပ်ထဲ သွင်းလိုက်ရင်း…

“ဒီနှစ် မိုးကတော့ အဆင်ပြေဖို့ ကောင်းတယ်ဗျာ၊ လယ်သမားတွေလည်း စောစောစီးစီး လက်ခုပ်တီးနိုင်ကြလိမ့်မယ်” ဟု တွံတေးသံဝဲဝဲဖြင့် စကားစတင် ပျိုးလိုက်သည်။

မျက်မှန်ထူထူအောက်ကနေ စာအုပ်တစ်အုပ်ကို ရင်ဘတ်မှာ ပိုက်ထားသည့် ကျောင်းအုပ်ကြီး ဦးဘမှန်က မျက်မှန်ကို နှာခေါင်းပေါ်ရောက်အောင် ပြန်ပင့်တင်ရင်း “မိုးတင်မကဘူး ဦးဘချို၊ ကျုပ်တို့ လာကပုံကျေးရွာရဲ့ ပညာရေးကိုလည်း အရှိန်အဟုန်မြှင့်ရမယ်၊ ဒီမှာ … မြို့က ပညာရေးရုံးက ညွှန်ကြားချက်အသစ်တွေ ရောက်နေပြီ” ဟု သူပိုက်ထားသော စာအုပ်ကြားထဲမှ စာရွက်အချို့ကို ပုတ်ပြကာ လေသံခပ်လေးလေးဖြင့် ဝင်ပြောသည်။

ထိုစဉ် ဘေးနားတွင် ဉာဏ်စမ်းပဟေဠိတစ်ခုကို စဉ်းစားနေသကဲ့သို့ တက်ကြွစွာ  စဉ်းစားခန်း ဝင်နေသည့် သိပ္ပံဘွဲ့ရ ကျောင်းဆရာလေး မောင်ခန့်က ..

“ဟုတ်ကဲ့ ဆရာကြီး၊ ကျွန်တော်တို့ ရွာက ကျောင်းသားတွေကို ဒီနှစ် သိပ္ပံလက်တွေ့စမ်းသပ်ချက်တွေ ပိုပြီး လုပ်ပေးချင်တယ်ဗျ၊ ကလေးတွေက မျက်စိပွင့်နားပွင့် ရှိလာမှာ” ဟု သူ၏ ဆန္ဒများကို လက်ဟန်ခြေဟန်ဖြင့်ပါ ရှင်းပြနေသည်။

ဘေးပတ်ပတ်လည်တွင် ထိုင်နေကြသော ရွာသားအချို့ကလည်း မိမိတို့ရွာ၏ လယ်ယာစိုက်ပျိုးရေးနှင့် အနာဂတ်အရေးများကို စိတ်အားထက်သန်စွာ ဝင်ရောက်ဆွေးနွေးကြသဖြင့် မွန်းလွဲပိုင်း စကားဝိုင်းသည် ပိုမိုစိုပြည်စည်ကားလာလေသည်။

စကားဝိုင်း အရှိန်တက်လာချိန်တွင် ဆွေးနွေးခန်း၏ အထွတ်အထိပ် အချိန်သို့ ဆိုက်ရောက်လာတော့သည်။ ယင်းအကြောင်းအရာ မှာ အခြားမဟုတ်— ကံဘဲ့ အထက်တန်းကျောင်းတွင် ဂုဏ်ထူး ခြောက်ဘာသာ၊ အမှတ်ပေါင်း ၅၄၁ မှတ်ဖြင့် လာကပုံရွာ၏ ဂုဏ်ဒြပ်ကို တစ်ဟုန်ထိုး မြှင့်တင်ပေးလိုက်သည့် မူလတန်းလွန်ကျောင်းထွက် ရွာသားလေး မောင်တိုးဝေယံ အကြောင်းပင် ဖြစ်သည်။ တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်နှင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမဆုံး ဖြစ်နေရသည့် ထိုထူးချွန်ကျောင်းသားလေး၏ သတင်းစကား ကြောင့်ပင် ယနေ့ မွန်းလွဲပိုင်း ဇရပ်အိုကြီးပေါ်က စကားဝိုင်းသည် ပုံမှန်ရက်များထက် ပိုမိုသက်ဝင်လှုပ်ရှားပြီး အားရကျေနပ်စရာ အတိပြီးနေခြင်း ဖြစ်တော့သည်။

ဆရာတော်က ဝါးယပ်တောင်လေးကို ခပ်မှန်မှန် ခတ်ရင်း ကရုဏာအပြည့်ရှိသော လေသံဖြင့် မိန့်တော်မူရန် ဟန်ပြင်လိုက်ရာ ဇရပ်ပေါ်တွင် ရှိနေကြသူအားလုံးက ဆရာတော်၏ နှုတ်ကပတ်တော်ကို ငြိမ်သက်စွာ နားစွင့်လိုက်ကြသည်။

“ဒီ မောင်တိုးဝေယံလေး ခြောက်ဘာသာ ဂုဏ်ထူးရတာဟာ ပုဗ္ဗေစ ကတပုညတာ လို့ ခေါ်တဲ့ အတိတ်ကံ ပါရမီကြောင့်ပဲ။ ရှေးဘဝက ပညာဒါနတွေ ပြုခဲ့လို့၊ သူတစ်ပါးကို အလင်းပြခဲ့လို့ ယခုဘဝမှာ တိဟိတ်ဉာဏ်နဲ့ မွေးဖွားလာတာ။ အဲဒီ ပါရမီအခံပေါ်မှာမှ ယခုဘဝ ဥဋ္ဌာနသမ္ပဒါ ဆိုတဲ့ ကြိုးစားမှု ဝီရိယနဲ့ ပညာပါရမီကို ထပ်ဖြည့်လိုက်တော့မှ ဒီလို ထူးချွန် သွားတာကွယ့်။ အတိတ်ကံကောင်းရုံနဲ့တင် မပြီးဘူး၊ ပစ္စုပ္ပန် ဝီရိယပါမှ ထိပ်ဆုံးကို ရောက်တာ” ဟု ဆရာတော်က ကံနှင့် ဝီရိယ မျှတပုံကို တရားသဘောဖြင့် လမ်းညွှန်ပြသလိုက်သည်။

ကျောင်းအုပ်ကြီး ဦးဘမှန်က နှာခေါင်းပေါ်က ထူထဲလှသော မျက်မှန်ကို ပင့်တင်ရင်း ခေါင်းကို တဆတ်ဆတ် ညိတ်သည်။ သူ၏ မျက်ဝန်းများတွင်လည်း ကျောင်းသားဟောင်းတစ်ယောက်အတွက် ဂုဏ်ယူဝမ်းမြောက်မှု အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။

“မှန်လှပါ ဘုရား… ဆရာတော်မိန့်တာ အရမ်းကို အချက်ကျပါတယ်” ဟု ဦးဘမှန်က လက်အုပ်ချီ လျှောက်ထားပြီးနောက် ရွာသူကြီးဘက်သို့ လှည့်ကာ …

“ကျောင်းအုပ်တစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒီကလေးဟာ မူလတန်းလွန်ကျောင်းမှာ ကတည်းက အတန်းထဲမှာတင်မကဘဲ ကျောင်းစာကြည့်တိုက်ထဲမှာ အမြဲအချိန်ဖြုန်းတတ်တာ။ ညဘက်ဆိုရင်လည်း ဆီမီးခွက်လေးနဲ့ စာကြည့်လွန်းလို့ သူ့အမေမှာ ဆီဖိုးမတတ်နိုင်လို့ ညည်းရရှာတာဗျာ။ အခုလို အမှတ်ပေါင်း ၅၄၁ မှတ်အထိ ရတာဟာ သူ့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲကြောင့်ပါပဲ ဦးဘချိုရာ” ဟု အားရပါးရ ထောက်ခံလေသည်။

“မှန်လှပါ ဘုရား… ဆရာတော် မိန့်တာ အလွန်မှန်ပါတယ်။ ဒါပေမဲ့  တပည့်တော် ဆရာကြီးအမြင်ပြောရရင် ကျေးလက်ကလေး မဟုတ်ဘဲ မြို့ပြလို ဖျော်ဖြေရေး၊ ဂိမ်းရုံတွေ မရှိတော့ အာရုံစူးစိုက်မှု (Concentration) အပြည့်ရသွားတာလည်း ပါတာပေါ့။ မြို့မှာက ပြင်ပအထောက်အပံ့ ကျူရှင်တွေ၊ နည်းပညာတွေ သာပေမယ့် ကလေးတွေ အာရုံပျံ့လွင့်တယ်။ ကျုပ်တို့ ကျေးလက် မှာက မီးမမှန်ဘူး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ဒါပေမဲ့ အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားချင်တဲ့ ဇွဲနဲ့ မိဘကို လုပ်ကျွေး ချင်တဲ့ ခိုင်မာတဲ့ ရည်မှန်းချက်ကြောင့် ထူးချွန်တဲ့ ကလေးဖြစ်သွားတာ…”

ထိုသို့  အပြန်အလှန် ဆွေးနွေးနေကြစဉ် လက်ထဲတွင် ကွမ်းညှပ်ကို ကိုင်ထားသည့် ရွာသူကြီး ဦးဘချိုက ထုံးသုတ်ပြီးသား ကွမ်းရွက်ကို သပ်သပ်ရပ်ရပ် ခေါက်ကာ ပါးစပ်ထဲသို့ သွင်းလိုက်လေသည်။ သူသည် ကွမ်းကို တမြုံ့မြုံ့ဝါးရင်း မျက်မှောင်ကို အနည်းငယ် ကြုတ်ကာ တစ်ခုခုကို အလေးအနက် စဉ်းစားနေသကဲ့သို့ ရှိနေသည်။ ရွာ၏ အုပ်ချုပ်သူပီပီ ထူးချွန်ကျောင်းသားလေး မောင်တိုးဝေယံ၏ အနာဂတ် ပညာရေးခရီးအတွက် မည်သို့ ဝိုင်းဝန်းပံ့ပိုးရမည်နည်းဟူသော အတွေးများက သူ၏ ဦးနှောက်ထဲ တွင် နေရာယူနေဟန် တူလှပေသည်။

အခြားတစ်ဖက်တွင်မူ ရိုးရာယုံကြည်မှုများနှင့် မတူညီသော ခေတ်ပညာတတ် သိပ္ပံဘွဲ့ရ ကျောင်းဆရာလေး မောင်ခန့်ကမူ ဆရာတော်၏ ကံ၊ ပါရမီ တရားစကားနှင့် ကျောင်းအုပ်ကြီး၏ ဝီရိယ ရှုထောင့်များကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ သူ၏ မျက်ဝန်းများက တက်ကြွလှုပ်ရှားနေပြီး ဆရာတော်နှင့် ဆရာကြီးတို့၏ စကားအပြီးတွင် မိမိ၏ သိပ္ပံနည်းကျ ခေတ်သစ်ပညာရေး အတွေးအမြင်အသစ်များကို လိုတိုးပိုလျှော့ ဝင်ရောက်ဆွေးနွေးရန်အတွက် နှုတ်ခမ်းကို အသာအယာ လှုပ်ရှား လိုက်လေ တော့သည်။ ခေတ်ဟောင်းနှင့် ခေတ်သစ်၊ ရိုးရာနှင့် သိပ္ပံတို့ ဆုံစည်းရာ ထိုဇရပ်ပေါ်က စကားဝိုင်းသည် ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာတော့မည့် အသွင် ရှိနေတော့သည်။

ဒီအချိန်မှာပဲ စိတ်လှုပ်ရှား တက်ကြွနေသည့် သိပ္ပံဘွဲ့ရ ဆရာလေး မောင်ခန့်က စကားဝိုင်းထဲသို့ သူ၏ လက်ကို ခပ်ဆတ်ဆတ် ထမြှောက်၍ ဝင်ရောက်ဆွေးနွေးလိုက်တော့သည်။

“ဆရာကြီးနဲ့ ဆရာတော် မိန့်တော်မူတာတွေကလည်း မှန်ပါတယ်ဘုရား… သို့သော် ခေတ်သစ် သိပ္ပံနည်းကျ နျူရို ပလတ်စတစ် စီးတီး (Neuroplasticity) အယူအဆအရ ကြည့်ရင်တော့ ဒါဟာ လူ့ဦးနှောက်ရဲ့ ပြောင်းလဲနိုင်စွမ်း ခံနိုင်ရည်ရှိမှုကြောင့်ပါပဲ! လူ့ဦးနှောက်ဆိုတာ စုံနေအောင် လေ့ကျင့်ပေးလေလေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်လေလေ ဆိုင်းနက်ပ် (Synapse) လို့ခေါ်တဲ့ ဦးနှောက်ဆဲလ် အချင်းချင်း ဆက်သွယ်မှုတွေ ပိုပြီး အားကောင်း ခိုင်မာလာလေလေပါပဲ။ ဒါကို သိပ္ပံပညာမှာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု (Genetics vs Environment) ငြင်းခုံချက်တွေအရ တွက်ချက်ကြည့်မယ်ဆိုရင်တော့… တိုးဝေယံမှာ ‘ငါကြိုးစားရင် မုချဖြစ်ရမယ်’ ဆိုတဲ့ ဂရိုး မိုင်းဆက် (Growth Mindset) လို့ခေါ်တဲ့ တိုးတက်လိုစိတ် အပြည့်ရှိနေလို့ သူ့ရဲ့ ဦးနှောက်ဆဲလ်တွေ ပိုမို ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်သွားတာပါ” ဟု လက်ဟန်ခြေဟန်များဖြင့် အားရပါးရ ရှင်းပြလေသည်။

ကျောင်းဆရာလေး၏ ပါးစပ်မှ နားမလည်နိုင်သော ခေတ်သစ် အင်္ဂလိပ် စကားလုံးကြီးများ တသီတတန်းကြီး ထွက်လာသဖြင့် ရွာသူကြီး ဦးဘချိုမှာ လက်ထဲတွင် ကိုင်ထားသည့် ထုံးတို့ထားသော ကွမ်းရွက်ကို ပါးစပ်ထဲသို့ ခပ်သွက်သွက် အမြန် ထည့်လိုက်ရင်း မေးဆတ်ကာ ဝင်တားလိုက်ရတော့သည်။

“နေပါဦး… နေပါဦး ဆရာလေးရဲ့… ညုရို ဘာဆိုလား မာဆယ်လား… အဲဒီ သိပ္ပံစာလုံးကြီးတွေတော့ ငါတို့ လူကြီးတွေ မသိဘူး။ ငါသိတာကတော့ တိုးဝေယံကောင်လေး ဂုဏ်ထူး ခြောက်ဘာသာ၊ အမှတ် ၅၄၁ မှတ်နဲ့ ရသွားတာဟာဖြင့် ကျုပ်တို့ လာကပုံရွာ အတွက်တော့ အင်မတန် ကျက်သရေရှိလှတဲ့ သမိုင်းမှတ်တိုင်ပဲ! ဒါပေမဲ့ ငါ့မှာ မေးစရာ အချက်တစ်ခုတော့ ရှိသေးတယ်ဗျာ…” ဟု ဆိုကာ ပါးစပ်ထဲက ကွမ်းကို တမြုံ့မြုံ့ဝါးရင်း စကားကို ခဏ ဖြတ်လိုက်သည်။

ထို့နောက် ဇရပ်ပေါ်ရှိ လူအားလုံးကို ဝေ့ကြည့်ကာ— “အဲဒီလောက် သိပ္ပံနည်းကျ ပါရမီတွေ ဖြည့်ထားပြီး ဆရာလေးပြောတဲ့ နျူရိုပလတ်စတစ် ဖြစ်နေတဲ့ ကောင်လေးက… အခု ရွာကျောင်းက သူ့ရဲ့ ညီ၊ ညီမတွေနဲ့ အခြား ရွာခံကလေးတွေကို စာပြန်သင်ပေးရင်း… သူ့ရဲ့ ရှေ့ဆက်မယ့် အနာဂတ် အိပ်မက်က ‘သင်္ဘောသားကြီး’ လုပ်ချင်တာတဲ့… အဲဒါ ဟုတ်စ…” ဟု လူကြီးပီပီ သံသယလေသံဖြင့် မေးခွန်းထုတ်လိုက်လေသည်။

သူကြီး ဦးဘချို၏ မမျှော်လင့်ဘဲ လက်တွေ့ကျလှသော ထိုအမေးစကားကြောင့် စောစောက အပြန်အလှန် အသံဗလံများဖြင့် ဆူညံနေသည့် ဇရပ်အိုကြီးတစ်ခုလုံးသည် မွန်းလွဲပိုင်း လေညင်းတိုးသံမှအပ ခဏမျှ ရုတ်ခြည်း တိတ်ဆိတ် ငြိမ်သက် သွားလေတော့သည်။

ခဏမျှ ငြိမ်သက်သွားပြီးနောက် ကျောင်းအုပ်ကြီး ဦးဘမှန်က သူ၏ရင်ဘတ်မှာ ပိုက်ထားသော စာအုပ်ကြီးကို ပြန်လည် ပြင်ကိုင်ရင်း အလေးအနက် လေသံဖြင့် ဝင်ပြောသည်။

“အင်း… သင်္ဘောသား ဆိုတော့လည်း လက်ရှိခေတ်ကာလအရ အလုပ်အကိုင် အခွင့်အလမ်းကလည်း ကျယ်ပြန့်၊ ဝင်ငွေကလည်း အရမ်းကောင်းတာပေါ့ သူကြီးရ။ မိသားစု ဘဝအခြေအနေကို တစ်ဟုန်ထိုး မြှင့်တင်ချင်တဲ့ ကောင်လေးရဲ့ ရည်မှန်းချက်ကိုး” ဟု ခေါင်းတညိတ်ညိတ်ဖြင့် ဆိုသည်။

ဆရာတော်ကလည်း ဝါးယပ်တောင်လေးကို အသာချကာ တင့်တယ်စွာ ပြုံးတော်မူရင်း— “အေးလေ ဒကာတို့ရဲ့… ပညာဉာဏ် ပဋိဘာန် ထက်မြက်တဲ့ ကလေးဆိုတော့လည်း လာကပုံရွာလေးထဲတင် စိတ်မကျေနပ်ဘဲ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်သန်းပြီး ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ချင်တာပေါ့။ ဒါဟာလည်း လောကီကြောင်းအရ ပညာပါရမီ တစ်မျိုးပါပဲ ဒကာတို့ရ” ဟု မိန့်တော်မူကာ စကားဝိုင်းကို အေးချမ်းစွာ ထိန်းပေးလိုက်သည်။

ထိုသို့ လူကြီးများက  ဆွေးနွေးနေကြစဉ် ဆရာလေး မောင်ခန့်ကမူ မျက်မှန်ကို အသာချွတ်၊ ရှပ်အင်္ကျီစွန်းဖြင့် သုတ်ရင်း မျက်လုံးကို ဝင့်ကာ ရွှတ်နောက်နောက် လေသံဖြင့် ရယ်သွမ်းသွေးလိုက်တော့သည်။

“အင်း… ကျုပ်တို့ ရွာဦးကျောင်း ဇရပ်အိုကြီးပေါ်မှာတော့ ဆရာတော်ရဲ့ ‘ပုဗ္ဗေစ ကတပုညတာ’ တရားနဲ့ ကျွန်တော့်ရဲ့ ‘နျူရိုပလတ်စတစ်စီးတီး’ သိပ္ပံအယူအဆတွေ လွန်ဆွဲလို့ အားရပါးရ ကောင်းနေတုန်း… တိုးဝေယံလေးကတော့ တွံတေးတူးမြောင်း ထဲမှာ တဖုတ်ဖုတ် သွားနေတဲ့ စက်လှေတွေကို ကြည့်ပြီး ‘ပင်လယ်ကြီးဆီ ငါသွားမယ်’ ဆိုပြီး အကြီးအကျယ် သင်္ဘောသား အိပ်မက် မက်နေပြီပေါ့ဗျာ! ကျုပ်တို့ကသာ ဇရပ်ပေါ်မှာ အမောခံပြီး နျူရိုပလတ်စတစ် လုပ်နေကြတာ၊ သူကတော့ သင်္ဘောမောင်းဖို့ ပြင်နေပြီ” ဟု ပြောချလိုက်လေသည်။

ဆရာလေး မောင်ခန့်၏ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရွှတ်နောက်နောက် နှိုင်းယှဉ်ပြောဆိုလိုက်သည့် စကားကြောင့် ဆရာတော်ကိုယ်တိုင် သဘောကျကာ လှိုက်လှဲစွာ ပြုံးတော်မူလိုက်ရာ ဇရပ်ပေါ်မှ ရွာသူကြီး ဦးဘချို၊ ကျောင်းအုပ်ကြီး ဦးဘမှန်နှင့် ရွာသားအားလုံးပါ ပြိုင်တူ ဟားတိုက် ရယ်မောလိုက်ကြလေတော့သည်။

ရယ်သံ ဝါးဝါးများဖြင့် လာကပုံကျေးရွာလေး၏ မွန်းလွဲပိုင်း စကားဝိုင်းလေးသည် ရိုးရာ၊ သိပ္ပံနှင့် ကလေးတစ်ယောက်၏ အိပ်မက်တို့အကြား ကြည်နူးဖွယ်ရာ သာယာလှပစွာဖြင့် ပြီးဆုံးသွားလေတော့သည်။

Click to rate this post!
[Total: 1 Average: 2]

Leave a Comment

Your email address will not be published. Required fields are marked *