သမုဒယ အနုအလှတွေရဲ့နောက်ကွယ်မှာ သံယောဇဉ်အမျှင်တန်းပြီး ရှည်လျားတဲ့ ရာသက်ပန်ချစ်ခရီးလမ်း ဟာ ဖြောင့်တန်း နိုင်ပါ့မလား။ မြင်မြင်ချင်းချစ်မိတယ်ဆိုတာ ကို ဖူးစာလို့သတ်မှတ်ကြတယ်။ တကယ်တော့လည်း အချစ်ဆိုတာ ကြိုတင် ပြင်ဆင်စရာမလိုဘူးတဲ့လား။ ချစ်ခြင်းအစ မျက်စိက လို့ပြောကြတယ်။ မြင်မြင်ချင်း ချစ်တာနှင့် ချစ်ခြင်းအစ မျက်စိကဆိုတာ အဓိပ္ပာယ်ချင်း မကွဲပြားလှပါဘူး။ ဘာပဲပြောပြော ကြိုတင်ပြင်ဆင်မှု မပါတဲ့ ဘာကိစ္စမဆို အလွဲလွဲ အချော်ချော်ဖြစ်ဖို့ သေချာသလောက်ပါပဲ။
မြင်မြင်ချင်း ချစ်မိပြီး တစ်ဇွတ်ထိုးစုံလုံးကန်းတာကို ချစ်ခြင်းမေတ္တာ အစစ်အမှန်လို့ ယူဆပါသလား။ လျှပ်ပေါ်လော်လီတဲ့ အချစ်ဟာ လျှပ်စီးလက်သလို ပျက်ပြယ်တတ်ပါတယ် ။ ရုတ်တရက်တော့ အချစ်ဆိုတာ အပြစ်မှန်သမျှကို ဖုံးကွယ်လေ့ရှိတယ်။ ဒါကလည်း အချိန်အကြာကြီး မဖုံးကွယ်ထားနိုင်ပါဘူး။ အပြစ်မြင်လာတဲ့ တစ်နေ့ ချစ်တဲ့စိတ်တွေ တစ်စတစ်စ လျော့နည်း လာရာက ဘယ်အရာမှတားဆီးလို့ မရတော့ပါဘူး။ ရည်းစားဘဝ နှင့် ချစ်စိတ်ကုန်ရင် တော်ပါသေးရဲ့။ ရည်းစားချင်းလမ်းခွဲတာက အထူးအဆန်း မဟုတ်လှပါဘူး။ တစ်ဦးက ချစ်စိတ်ကုန်လို့ လမ်းခွဲရင် ချစ်စိတ်မကုန်တဲ့သူက အသည်းကွဲ ကျန်ရစ်ကောင်း ကျန်ရစ်မယ်။ ဒါပေမဲ့ လင်မယား အဖြစ် စုံဖက်ပြီးကာမှ အပြစ်မြင်လာရင်တော့ နှစ်ဦးသဘောတူပြတ်စဲတာက တကယ့်ပြဿနာ။ သားသမီးတွေ ရှိလာပြီးမှ ပြတ်စဲရင်တော့ ပင်မြက်မြေစာဖြစ်ရတဲ့ ရင်နှစ်သည်းချာတွေက ရင်နာစရာဇာတ်လမ်းအဖြစ် မှတ်တမ်းတင်ရစ်မှာပါ။
“ရှင်ကလူပျိုကြီးဆိုတော့ ချစ်တာကိုအပြစ်လို့မြင်ပြီး အပြစ်တင်မဆုံးဖြစ်နေတာ၊ ကိုယ်က မချစ်တတ်လို့ အပြစ်လို့ သတ်မှတ်နေတာ မဆန်းပါဘူး”
ကျွန်တော်က အပြစ်ကင်းသန့်တဲ့ ချစ်ခြင်းရနံ့တွေ ဖြန့်ဝေပေးဖို့ အက်ဆေးလေးတစ်ပုဒ် နိဒါန်းငယ်လေး အစပျိုးကောင်းတုန်း ပြောမနာဆိုမနာငယ်သူငယ်ချင်း ရုတ်တရက်ဝင်ရောက်လာပြီး ရေးလက်စစာရွက်ကို ဆွဲယူဖတ်ရှု လို့ ကောက်ကာငင်ကာ ပြောဆိုပါတော့တယ်။
“Love is the triumph of imagination over intelligence “လို့ H.L. Mencken က အချစ်ဆိုတာ စိတ်ကူးယဉ်ရာက အသိဉာဏ်အပေါ် အနိုင်ယူသွားတာတဲ့၊ ဟုတ်လောက်တယ်၊ ဆင်ခြင်တုံတရားကို ကျော်လွန်သွားတဲ့ စွမ်းအားတစ်ရပ်ပဲ”
“ဟုတ်ပါတယ်၊ ဆယ်ကျော်သက်အရွယ် ကလေးတွေက လက်တွေ့ဘဝကို မတွေးဆနိုင်လို့ စိတ်ကူးယဉ်ပြီး ထင်ရာစိုင်းတတ်တယ်၊ ရှင်တို့စာရေးဆရာတွေကို အပြစ်ပြောရမယ်၊ ရှင်တို့က တစ်ချစ်တည်းချစ်နေလို့ ဆယ်ကျော်သက်ကလေးတွေက ရှင်တို့ရေးတဲ့စာဖတ်ပြီး လက်တည့်စမ်းကြတာ”
“တကယ်တော့ ကိုယ်တို့စာရေးဆရာတွေက လူငယ်ပညာပေးဝတ္ထုတွေ ရေးချင်လှပေါ့၊ ဒါပေမဲ့ လူငယ်တွေက ပညာပေးဆိုတဲ့စကား မကြားချင်ကြဘူး၊ အဲဒါကြောင့် ဆေးခါးကြီးကို sugar-coated လုပ်သလို အချစ်ကိုပါးပါးလေး ဖုံးအုပ်ပြီး ကိုယ်ပြောချင်တာကို ပြောရတာ၊ ကိုယ်ပေးချင်တဲ့ message ပေးရတာ လွယ်မှတ်လို့ “
“ဒါက ရှင်တို့လို အချစ်ဝတ္ထုရေးဆရာတွေရဲ့ အချစ်ကို အကာအကွယ်ပေးတဲ့ ဆင်ခြေစကားပဲ၊ Love reasons without reasonလို့ ရှိတ်စပီးယားက အချစ်ဟာ အကြောင်းမဲ့ဆင်ခြေပေးတတ်တာလို့ ဆိုထားတာမဟုတ်လား “
သူငယ်ချင်းကလည်း ကျွန်တော့်အပေါ် ဖတ်ထားမှတ်ထားတာလေးတွေ ကိုးကားပြီး ပြောလာတယ်။
“ဒါကတော့ကွယ်၊ အချစ်ကိုချည်း တစ်ဖက်သတ် အပြစ်မြင်လို့ မရပါဘူး၊ Love had made heroes of many and fools many more လို့ အချစ်ဟာ သူရဲကောင်းတွေကို ထုဆစ်ပေးပြီး ပိုမိုများပြားတဲ့ သူရူးတွေကို လည်း ထုဆစ်ပေးခဲ့တယ်ဆိုတဲ့ ဆွီဒင်စကားပုံလည်း ရှိသေးတာပဲ”

အချစ်ဆိုတာ တစ္ဆေလိုပါပဲ၊ လူတိုင်းပြောနေကြပေမယ့် တွေ့ဖူးတဲ့လူ နည်းပါတယ်တဲ့
“နင်ကဆွီဒင်စကားပုံကို ပြောလို့ No thief steal love, but Love often made thieves လို့ အချစ်ကို ဘယ်သူမှ ခိုးလို့မရ၊ ဒါပေမဲ့ အချစ်ဟာ ရံဖန်ရံခါ သူခိုးတွေ ဖြစ်စေတယ်လို့ဆွီဒင်စကားပုံကဆိုထားတယ်လေ၊ အချစ်ဆိုတာအရူးမဟုတ် အကောင်းမဟုတ် ဘာတွေမှန်းလဲမသိပါဘူး”
သူငယ်ချင်းပြောလည်း ပြောစရာပဲ။ ကျွန်တော်တို့ စာရေးဆရာတွေ ရေးသာရေးနေရတာ အချစ်အကြောင်း ကို တိတိကျကျ နားမလည်နိုင်ကြပါ။ True love is like ghosts, which everyone talks about, but few have seen ဟူ၍ Roche Foucold က အချစ်ဆိုတာ တစ္ဆေလိုပါပဲ၊ လူတိုင်းပြောနေကြပေမယ့် တွေ့ဖူးတဲ့လူ နည်းပါတယ်တဲ့လေ။
“တကယ်တော့ မျက်ကန်းအချစ်ဟာ မိုက်ရူးရဲဆန်ပြီး သံယောဇဉ်အစစ် မဖြစ်နိုင်ပါဘူး၊ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာကသာ အကျိုးကို လိုလားတဲ့ သံယောဇဉ်အစစ်ဖြစ်ပါတယ်၊ ကိုယ်တို့ရေးတဲ့ဝတ္ထုက ဖိုမအချစ်လို့ ဆိုပေမယ့် မျက်ကန်းအချစ်လို မရမ်းကားဘူး၊ စစ်မှန်တဲ့ မေတ္တာကိုသာ ဦးတည်ရည်ရွယ်ခဲ့တာပါ”
“မဖြစ်နိုင်ဘူး၊ ရှင့်ဝတ္ထုတွေ အကုန်ဖတ်ဖူးထားတယ်၊ ဘာစစ်မှန်တဲ့ မေတ္တာ မဟုတ်ဘူး၊ ဖေတော့ မောင်တော့လို မပေါ့တန်ပေမယ့် မေတ္တာစစ် မေတ္တာမှန်တော့ မဟုတ်ဘူး”
“တဏှာပေမအချစ် ဆိုပေမယ့် ကိုယ်တို့ခံယူထားတဲ့ အချစ်က ကိုယ်ကျိုးဆန္ဒ ကိုယ့်အတ္တကို ရှေ့တန်း မတင်ဘူး”
“ရှင်စကားလှလှ မသုံးနဲ့၊ ကိုယ်ကျိုးဆန္ဒ ကိုယ့်အတ္တကို ရှေ့တန်းမတင်ဘူးဆိုရင် ကိုယ့်ကိုမချစ်ဘဲ တခြားသူကို ချစ်သွားမှာ မစိုးရိမ်ဘူးတဲ့လား၊ စိုးရိမ်လို့ပဲ သူများထက်ဦးအောင် ချစ်ရေးဆိုတာမဟုတ်လား”
ကျွန်တော့်မှာ သူငယ်ချင်းလက်ခံလာအောင် ပြောစရာစကား မရှိသလိုဖြစ်နေတယ်။ အချစ်နှင့် မေတ္တာဟာ ဝေးကွာ လှတာတော့ မဟုတ်။ ဆရာနန္ဒာသိန်းဇံကတော့ ” အချစ်ဆိုတာ မေတ္တာယောင်ဆောင်ထားတဲ့ တဏှာ” တဲ့။ ဆရာ့စကားကို ငြင်းပယ်စရာ မရှိပါ။ ဆရာသော်တာဆွေကတော့ ” မေတ္တာဆိုတာ ပေးလှူခြင်းနဲ့ တူတယ်၊ ချစ်တာက အရင်းအနှီး မြှုပ်နှံခြင်းနဲ့တူတယ်” လို့ရေးထားပါတယ်။ တကယ်တော့ အချစ်ဝတ္ထုတွေသာ ရေးလာ တယ်။ အချစ်လား၊ မေတ္တာလား ကွဲကွဲပြားပြား မသိပါဘူး၊ အချစ်လိပ်ပြာနှင့် ကိုယ်ကျင့်သိက္ခာကို တွေးတုံဆတုံ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ရေးမိပါလားလို့ တွေးမိတယ်။ အချစ်နှင့်မေတ္တာကို ရောသမမွှေပြီး ရေးမိလေသလား မပြောတတ်တော့ပါ။
“ကိုယ်တို့တစ်တွေက အချစ်အကြောင်း ဟန်ကျပန်ကျ ပြောနေတာ၊ ကိုယ်ကအချစ်နဲ့ ဝေးဝေးနေလာတဲ့ လူပျိုကြီး၊ နင်ကကော ဘာထူးသေးလဲ ၊ တစ်ကိုယ်တည်းအပျိုကြီး၊ ဒီတော့ theoryတွေ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ practical အရပဲ ပြောရအောင်”
“ဘာလဲ၊ ဆယ်တန်းစာမေးပွဲဖြေခါနီး ရှင် propose လုပ်ဖူးတာကို သတိရလာလို့လား “
“အဲဒီတုန်းက ဘာဖြစ်လို့ အသည်းအသန် ငြင်းပယ်ခဲ့တာလဲ “
“ဘာဖြစ်လို့ မငြင်းပယ်ရမှာလဲ၊ စာမေးပွဲနီးလို့ စာပြီးရင်းစာ ဖြစ်နေတာကို ရှင်က အရေးမပါတဲ့ နှလုံးသားဝေဒနာ ကြေညာရသလား”
“နင်ကသာ စာပြီးရင်းစာ ဖြစ်နေတာ၊ နင်နဲ့ဝေးမှာစို့းလို့ မေတ္တာခြေလှမ်းဦးမိတာကို နင်မို့ငြင်းရက်တယ်၊ နင်ငြင်းလိုက်လို့ စာမေးပွဲဖြေဖို့ စိတ်မပါလက်မပါဖြစ်ပြီး အောင်ရုံလောက်ပဲအောင်လို့ ဝိဇ္ဇာဘာသာရပ်နဲ့ ကျောင်းပြီး လိုက်ရတယ်၊ နင်ကတော့ ဘာသာစုံဂုဏ်ထူးနဲ့ ဆေးတက္ကသိုလ်ကို ကြော့ကြော့လေး တက်သွားတာလေ”
“ဒါကတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ၊ ရှင်ကြိုးစားရင် ကြိုးစားသလို အကျိုးထူးပေးနိုင်တာပဲ၊ မကြိုးစား ရင်တော့ ဒုံရင်းဒုံရင်းနဲ့ ခုန်ဆင်းမယ်သာမှတ်”
“ဒါဆို တို့တစ်တွေ အရွယ်မညောင်းသေးပါဘူး၊ နင်တစ်ချိန်က ငါ propose လုပ်တာကို ငြင်းပယ်ခဲ့ဖူးတယ်လေ၊ ခုပြောင်းလဲချိန် တန်ပါပြီ”
“အချစ်ဝတ္ထုရေးဆရာကို အလွမ်းဇာတ်လမ်းလေး တစ်ပုဒ်ပြောရဦးမယ်၊ ခု ရှင့်ဆီကိုလာတာက လာမယ့် တနင်္ဂနွေနေ့မှာ ငါ ဆေးတက္ကသိုလ်တုန်းက တွဲလာခဲ့တဲ့ ချစ်ဦးမောင်နဲ့ မင်္ဂလာဆောင်ဖို့ ဖိတ်စာ လာဖိတ်တာ”


