The Corner

The Corner

cropped-Logo_round_grey-background.png

အိန္ဒိယဟာသ

Share မယ်

အိန္ဒိယနိုင်ငံသား ဆစ်ခ်လူမျိုးစာရေးဆရာ ကွတ်ရှ်ဝမ့်ဆင်းရ်1 (၁၉၁၅-၂၀၁၄) ၏ Indian Humour ကိုပြန်ဆိုသည်။

အမေရိကန်စာရေးဆရာ လီးဆီးဂဲလ်ရဲ့ “ရယ်မောခြင်းကအရေးကြီးတယ်” စာအုပ်ဖတ်ရကာမှ ကျုပ်တို့အိန္ဒိယတိုင်းသားတွေမှာ ရှေးခေတ်ဟောင်းကနေ ဒီကနေ့အထိ လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ဟာသအစဉ်အလာကြီးရှိမှန်းသိရသဗျ။ ကျုပ်တို့ဘိုးဘေးဘီဘင်တွေက သူတို့ရဲ့ဘုရင်တွေ၊ နိုင်ငံရေးသမားတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေကို တယ်ကလိထိုးခဲ့ကြသကိုး။ အဲသလိုအရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေကို မယားကြီး မယားငယ်တွေရဲ့ ကြိုးဆွဲခံနေရသူတွေ၊ ဇနီးမယားတွေက ဒူးမနာသားတွေထုတ်လုပ်ပြီး သူတို့ရဲ့ခေါင်းပေါ်ကိုအတင်ခံနေရသူတွေအဖြစ် လှောင်ပြောင်ခဲ့ကြသတဲ့။ ပြီးတော့ ကျုပ်တို့မှာ ဘာဘဲလ်, တီနာလီ၊ ရာမန်၊ ဂိုပေါလ်ဘိုးလို နန်းတွင်းပျော်တော်ဆက်တွေရှိသလေ။ သူတို့အလုပ်က သူတို့သခင်ထုတ်တဲ့ ဉာဏ်စမ်းပုစ္ဆာကိုပြေလည်အောင်ဖြေရှင်းရတာလည်းရှိရဲ့။ တခြားသခင်တွေရဲ့ အကြံပေးတွေ ပျော်တော်ဆက်တွေနဲ့ အပြိုင်နွှဲရတာလည်းရှိရဲ့။ သူတို့ရဲ့ ဟာသ ဇဝနဉာဏ်နဲ့ ပြက်လုံးတွေက သိပ်ထူးထူးကဲကဲကြီးတော့မဟုတ်ပေဘူး။ သို့ပေမဲ့ ဒီကနေ့အထိ သူတို့ဉာဏ်စမ်းပုစ္ဆာတွေ ဟာသတွေကို လူတွေကတန်ဖိုးထားကြတုန်း။ အိန္ဒိယမျိုးဆက်တိုင်းက သူတို့ခေတ်ပိုင် ပျော်တော်ဆက်တွေမွေးထုတ်ပေးခဲ့ကြတယ်လို့ ဆီးဂဲလ်က ဆိုတယ်။ ဒီလိုဆိုရင် ကျုပ်က ဒီကနေ့မျိုးဆက်ရဲ့ ပျော်တော်ဆက်တစ်ဦးဖြစ်မယ်။

ကျုပ်တို့အိန္ဒိယသားတွေမှာ ဟာသအစဉ်အလာကြီးကြီးမားမားရှိချင်ရှိခဲ့ပေလိမ့်မယ်။ သို့ပေမဲ့ ဒီကနေ့ခေတ်မှာတော့ ကျုပ်တို့က ဟာသဇဝနဉာဏ်ခေါင်းပါးသူတွေဖြစ်နေကြလေရဲ့။ ဒီလိုဘာ            ကြောင့်ဖြစ်ရတယ်ဆိုတာ ကျုပ်ကို ဆန်းစစ်ခွင့်ပြုပါ။ ပထမဦးဆုံး အဓိကအချက်ကတော့ ကျုပ်တို့မှာ ကိုယ့်ကိုယ်ကိုယ် ရယ်မောနိုင်စွမ်းမရှိတဲ့အချက်ပဲဗျ။ ဒီအစွမ်းသတ္တိမရှိခဲ့ရင် ဟာသမြောက်တဲ့ အရာ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်ထုတ်လုပ်နိုင်မယ်မဟုတ်ပေဘူး။ ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် သိပ်အရေးပါတယ်လို့ ထင်နေကြသူတွေ။ တခြားသူတစ်ဦးဦးက ဒီအမြင်ကိုလက်မခံဘူးဆိုတာနဲ့တင် မကျေမနပ် ဖြစ်ကြတော့တာ။ ကျုပ်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန်မှာ ပေါကြောင်ကြောင်အလုပ်တွေလုပ်မိတတ်တယ်။ ဒါပေမဲ့ အိန္ဒိယတိုင်းသားတစ်ယောက်က သူ့ရဲ့ အူကြောင်ကျား လုပ်ရပ်တွေကြောင့် သူ့ကိုယ်သူရယ်သွမ်းသွေးတာ၊ ဟာသလုပ်တာ ခင်ဗျားတို့ကြားဖူးကြရဲ့လား။ ဒါမျိုးက တကယ့်ရှားပါးပစ္စည်းဗျ။

ကျုပ်တို့လူမျိုး သူ့ကိုယ်သူသိပ်အမွှမ်းတင်တဲ့ပုံပြင်တချို့ ခင်ဗျားတို့ကို ကျုပ်ပြောပြမယ်။ အစိုးရဝန်ကြီးတစ်ပါးရဲ့ တကယ့် ပုံပြင်ဗျ။ ကျုပ်တို့ဝန်ကြီးအများစုက ဘယ်အစားထဲကလဲဆိုတာ ခင်ဗျားတို့သိပါ့။ သူတို့ခမျာ ဝန်ကြီးရာထူး ရသွားတာနဲ့ တစ်ပြိုင်နက် ဘယ်ဟာက အလေးထားစရာ၊ ဘယ်ဟာက အလေးထားစရာမဟုတ်ဘူးဆိုတာ မသိတော့ဘူးဗျ။ သူတို့ခမျာ ချက်ချင်းဆိုသလို စိတ်ကြီးဝင်ကြတော့တာ။ ကျုပ်ပြောမယ့် ဝန်ကြီးက တစ်ရက် စားသောက်ဆိုင်ထောင့်မှာ တစ်ယောက်တည်း ထိုင်နေတယ်။ ဒါနဲ့ကျုပ်သူ့ဆီလျှောက်သွားပြီး ကျုပ်တို့ဝိုင်းနဲ့ပေါင်းဖို့ဖိတ်ခေါ်တဲ့အခါ ကျုပ်ဖိတ် ကြားချက်ကို သူက ဣန္ဒြေရရ လက်ခံတယ်။ သူ့ကို ကျုပ်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးပြီးတဲ့နောက် ကျုပ်က “ဒီတိုင်းပြည်ရဲ့ အထင်ကရပုဂ္ဂိုလ်အားလုံးထဲမှာ ခင်ဗျားတစ်ယောက်ပဲ သွေးနားထင်မရောက်ဘဲ အရင်လိုရိုးရိုးအေးအေးနေတယ်လို့ ကျွန်တော့်မိတ်ဆွေတွေက ပြောကြတယ်” လို့ဆက်ပြောလိုက်မိတယ်။

ကျုပ်စကားအဆုံးမှာ ဝန်ကြီးခမျာ မုတ်ဆိတ်ဖြူတွေပါမကျန် မျက်နှာတစ်ခုလုံးရဲတက်သွားပြီး ကျုပ်စကားကို သို့ကလို တုံ့ပြန်တယ်။

“ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော့်ကို သိပ်ရိုးသိပ်အေးတယ်လို့ လူတိုင်းကပြောကြတယ်။ ကျောင်းတုန်းက ကောလိပ်တုန်းက အတန်းထဲမှာ ကျွန်တော်ဘယ်တုန်းကမှ ဒုတိယမစွဲခဲ့ဘူး။ (ဒါက အိန္ဒိယသားတွေရဲ့ ကြွားနည်းဗျ။ အဓိပ္ပာယ်က အတန်းတိုင်း ကျုပ်ကထိပ်ဆုံးကလို့ပြောနေတာ။ ခင်ဗျားတို့မသိမှာစိုးလို့) ဒါပေမဲ့ ရိုးရိုးအေးအေးနေတာကို ကျွန်တော်ဘယ်တုန်းကမှ မစွန့်ခဲ့ဘူး။ ကျွန်တော်ရဲ့ရှေ့နေလုပ်ငန်းက ဒီခရိုင်မှာအကြီးဆုံးပဲ။ ဒါပေမဲ့ ရိုးရိုးအေးအေးနေတာကို ကျွန်တော်ဘယ်တုန်းကမှ မစွန့်ခဲ့ဘူး။ အခုဆိုရင် ဝန်ကြီးအခန့်ခံရတဲ့လူတွေထဲ ကျွန်တော်ကအသက်အငယ်ဆုံးပဲ။ ဒါပေမဲ့ ကျွန်တော်က အရင်လို ရိုးရိုးအေး အေးနေမြဲပါပဲဗျာ” တဲ့။

ကျုပ်မှာ ဟားတိုက်ရယ်ချင်စိတ်ကို အတော်ကြီးခက်ခက်ခဲခဲထိန်းထားရသဗျ။ သို့ပေမဲ့ ဒီလောက်တန်ဖိုးရှိလှတဲ့၊ ကျုပ်တို့ရဲ့ အမျိုးသားရေး လက္ခဏာကို ထွန်းပြတဲ့ ဒီဟာသကိုဖြင့် ကျုပ်ဝမ်းထဲ သိပ်ကြာကြာထိန်းမထားနိုင်ပေဘူး။ ဧည့်ခံပွဲတွေ တော်တော်များများမှာ ဒီအကြောင်း ကျုပ်ပြန်ပြောဖြစ်တယ်။ ဒီအကြောင်း ကျုပ်ရေးဖြစ်တယ်။ ကျုပ်တို့လူမျိုးက အောင်မြင်မှုကို ခံနိုင်စွမ်းမရှိဘူး။ လူရိုးလူအေး အိန္ဒိယသားတစ်ယောက်က သူဟာကမ္ဘာပေါ်မှာအရိုးသားဆုံး အအေးဆေးဆုံးလူပါလို့ သူ့ကိုယ်သူ သက်သေမထူနိုင်မချင်း သူ့အနေနဲ့ ပျော်ရွှင်လိမ့်မယ်မဟုတ်ပေဘူးဆိုတာ ပြောစရာမလိုဘူးထင်ပါရဲ့။ ကျုပ်စကားအားလုံး ဝန်ကြီးမင်းဆီရောက်သွားတာပ။ သူ့ကို အူကြောင်ကျားအဖြစ် ဖန်တီးရမလားဆိုပြီး ကျုပ်ကိုဘယ်တော့မှ ခွင့်မလွှတ်တော့ဘူး။ တစ်ခါသား အကူအညီတစ်ခုတောင်းဖို့ ကျုပ်သူ့ကိုသွားတွေ့တယ်။ သူက ကျုပ်ကို “ခင်ဗျားက ကျွန်တော့်ကို တောက်လျှောက် ဟာသလုပ်နေတာပဲ” လို့ခပ်ပြတ်ပြတ်ပြောပြီး မောင်းထုတ်တော့တာဗျို့။

နောက်ထပ် အမှန်အကန်ပုံပြင်တစ်ခုကတော့  လူငယ်တစ်ယောက်အကြောင်းပါ။ သူက အင်မတန်ဉာဏ်ကောင်းတယ်။ ဖြေသမျှစာမေးပွဲတိုင်း ထိပ်ဆုံးကအောင်တယ်။ နောက်ဆုံးမတော့ အောက်စ် ဖို့ဒ်တက္ကသိုလ်ပညာသင်ဆုရတယ်။ အဲဒီမှာလည်း သူကပထမအဆင့်ကို ထိပ်ဆုံးကအောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ သူကဆရာတစ်ဆူလိုဖြစ်လာပြီး ဝေဒန္တဒဿနအကြောင်းတွေဘာတွေ ဟောပြောတော့တာကိုးဗျ။ သူ့ဟောပြောချက်အနှစ်ချုပ်က မကောင်းမှုအားလုံးရဲ့ဇာစ်မြစ်က ငါဆိုတဲ့အတ္တဖြစ်ကြောင်း၊ အဲဒီအတ္တက မောက်မာမှုအဖြစ် တဖြည်းဖြည်းဖောင်းကားကြီးထွားလာကြောင်း … ။ ဒီတော့ကာ သင်ဟာအတ္တကို မအောင် နိုင်သရွေ့ မိမိကိုယ်ကိုကောင်းသည်ထက်ကောင်းအောင်လုပ် ၍မရနိုင်ကြောင်း …  စသည်ဖြင့်ပေါ့ဗျာ။ တစ်နေ့မှာ အနီးနေ တပည့်တစ်ယောက်က “ဆရာကြီးခင်ဗျား၊ ဆရာကြီးမိန့်ကြားတာတွေအားလုံး ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ မိမိရဲ့အတ္တကိုဘယ်လိုလုပ်ပြီးအောင်နိုင်မလဲ” လို့သူ့ကိုမေးလျှောက်တယ်။

“အင်မတန်ကောင်းတဲ့မေးခွန်းပဲ”လို့ ကျုပ်တို့ဒဿနဆရာကြီးကဖြေတယ်။

“မိမိအတ္တကိုအောင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆရာသိထားတာရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆရာ့ဘဝမှာ အောင်မြင်မှုတွေ တအားများတော့ ဒီကိစ္စက မင်းတို့နဲ့စာရင် ဆရာ့အတွက်ပိုခက်ခဲတယ်။ ဒီကိစ္စကို မင်းတို့ တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြဖို့ ဆရာအကြံ ပေးချင်တယ်။ ဆရာ့နည်းကတော့ ပဒုမ္မာသန*ပုံစံထိုင်ပြီး ဖြေသမျှစာမေးပွဲတိုင်းမှာ ထိပ်ဆုံးက အောင်ခဲ့တဲ့ မောင်ဘယ်သူဘယ်ဝါဆိုတာ ငါမဟုတ်ဘူး။ ငါ့တို့တက္ကသိုလ်ရဲ့စာမေးပွဲစံချိန်တွေအားလုံးကို ချိုးဖျက်ခဲ့တဲ့ မောင်ဘယ်သူဘယ်ဝါဆိုတာ ငါမဟုတ်ဘူး။ တက္ကသိုလ် သမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မောင်ဘယ်သူဘယ်ဝါဆိုတာ ငါမဟုတ်ဘူး။ အရှေ့တိုင်းရဲ့ အတောက်ပဆုံးဒဿနဆရာ မောင်ဘယ်သူဘယ်ဝါဆိုတာ ငါမဟုတ်ဘူး။ ငါဟာ အနန္တတန်ခိုးတော်ကြီးရဲ့ မီးပွားကလေးမျှသာလို့ မနက်တိုင်း၊ ညနေတိုင်း အခေါက်ခေါက် အခါခါရွတ်တယ်။”

ဒီတစ်ချီလည်း ပြောစရာမလိုဘူးထင်ပါရဲ့။ မိမိအတ္တကို အောင်မြင်ကျော်လွှားရေးပုံသေနည်းကို မေတ္တာရိဖြန့်ချီပေးခဲ့ကြတဲ့ ကျုပ်တို့အဖွဲ့ခမျာ အနန္တတန်ခိုးတော်ကြီးရဲ့အဖျားအနားက လူသားမီးပွါးကလေးရဲ့ရှုတ်ချခြင်းကို ပယ်ပယ်နယ်နယ် ခံလိုက်ရပါ သဗျ။

ကျုပ်တို့အိန္ဒိယသားတွေ ဟာသကင်းမဲ့ရခြင်းရဲ့ ဒုတိယအကြောင်းရင်းက ကျုပ်တို့မှာ တို့လို့ထိလို့ မရတဲ့ နတ်နေကိုင်းတွေ အတော်တော်များများရှိသကိုးဗျ။ ဘုရားသခင်ကို ဘာသာတရားကို ကျုပ်တို့ပြက်လုံးထုတ်လို့မရဘူး။ လူကြီးမိဘ သက်ကြီးဝါကြီး တွေကို ကျုပ်တို့ပြက်လုံးထုတ်လို့မရဘူး။ အိန္ဒိယသမိုင်းထဲက လူအများကြည်ညို လေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျုပ်တို့ပြက်လုံးထုတ်လို့မရဘူး။ ရိုးရာအစဉ်အလာအရ ခွင့်ပြုထားတဲ့ပုံပြင်တချို့ကလွဲလို့ပေါ့ဗျာ။ ဥပမာ အက္ကဘာဘုရင်ကြီးနဲ့ ပညာရှိအမတ်ကြီး ဘီရ်ဘယ်လ်တို့ကြားကဟာသပုံပြင်တွေ၊ ဒါမှမဟုတ် ဆစ်ခ်ဘုရင် မဟာရာဂျာ ရန်ဂျစ်ဆင်းနဲ့ သူရဲကောင်း အာကာလီ ဖူလာဆင်းတို့ကြားကဟာသပုံပြင်တွေ။ သို့ပေမဲ့ မဟာရာ့ရှ်ထရာ ပြည်နယ်သားတစ်ဦးရဲ့ နားတစ်ကမ်းမှာ မဟာရာဂျာ ချာဟာတြပတီ ရှီဗာဂျီးကိုဟာသသွားမလုပ်လေနဲ့။ ကျုပ်ပြောတာ ခင်ဗျားသဘောပေါက်။ ကျုပ်တို့က ကျေးလက်ဟာသတွေ မြို့ပြဟာသတွေကိုလည်း မတို့ရဲမထိရဲကြပြန်ဘူး။ သူများနိုင်ငံတွေရဲ့ဟာသတွေထဲ ဒီလိုရပ်ရေးရွာရေးဟာသတွေ တစ်ပုံကြီးပါနေလေရဲ့။

ကျုပ်တို့နိုင်ငံမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေ၊ လူမျိုးစုတွေ အမျိုးမျိုးအဖုံဖုံရှိတယ်။ ဂျူလာဟာတွေ၊ နာအီတွေ၊ ဂျတ်တွေ၊ ဗာနီယာတွေ၊ မာရဝါရီတွေ … ။ သူတို့တွေကိုညွှန်းထားတဲ့စကားပုံတွေက ပေါမှပေါ။ အဲ … သို့ပေမယ့် လူမျိုးစုဝင်တစ် ဦးဦးကို ကလိထားတဲ့ စကားပုံတွေ ဒါမှမဟုတ် ပြောနေကျဟာသတွေကို အဲဒီလူမျိုးစုဝင်တွေရှေ့တော့ သွားမပြောလေနဲ့ဗျို့။ ဒီနေရာမ တော့ ဂျူးတွေနဲ့ ကျုပ်တို့နဲ့ကွာပါ့။  ဂျူးတွေက သူတို့ကိုတွယ်ထားတဲ့ပြက်လုံးတွေကို သူတို့ကိုယ်တိုင်လည်းပြောတယ်။ ဒီပြက်လုံးတွေကို တခြားလူတွေပြောတဲ့အခါမှာလည်း သူတို့ကိုယ်တိုင်စိတ်ပါလက်ပါ ဝင်ရောက်ဆင်နွှဲကြသတဲ့ဗျ။ ကဲ … ကျုပ်တို့နဲ့မကွာလား။

ဟိုဟာမထိရ ဒီဟာမတို့ရဆိုတဲ့ရှောင်ရန်တွေ များလွန်းလှတဲ့နိုင်ငံမှာ ကျုပ်တို့ပြက်လုံးထုတ်စရာ ဘာကျန်သေးတုံး။ ဘာမှ သိပ်မကျန် လောက်ဘူး။ ကျုပ်တို့မဂ္ဂဇင်းတွေလှန်ကြည့်ပါလား။ မဂ္ဂဇင်းအများစုက ရယ်စရာလို့သူတို့ထင်တဲ့ဟာတွေကို တစ်မျက်နှာစာပဲပေးထားကြတာ။ ဒီအထဲ လူကြိုက်အများဆုံးတစ်ခုက “မေး၍ဖြေသည်” ဆိုတဲ့ကဏ္ဍ။ စာဖတ်သူရဲ့ မေးခွန်းတွေကို အယ်ဒီတာကိုယ်တိုင်ဖြစ်ဖြစ်၊ မဂ္ဂဇင်းတိုက်ရဲ့အခစားစာရေးဆရာတစ်ဦးကဖြစ်ဖြစ် ဝင်ဖြေပေးတဲ့ကဏ္ဍပါပဲ။ အဲဒီကဏ္ဍကို ကျုပ်မြည်းစမ်းကြည့်လိုက်တဲ့အခါ ကျုပ်မှာ ရယ်ရမှာလား၊ ငိုရမှာလား မဝေခွဲနိုင်ဘူး။ ခပ်ကြောင်ကြောင် ခေါင်းစဉ်တွေတပ်ထားတဲ့ ကဏ္ဍတွေကရှိသေး။ “ခဏလေးပြုံးပါ” တို့၊ “ရယ်ပါ”တို့၊ “ရယ်တာအရေးကြီးတယ်” တို့လို ဟာမျိုးတွေပါ။ ဒီပြက်လုံးနဲ့ ဟာသတွေအားလုံးက ခြွင်းချက်မရှိ နိုင်ငံတကာသတင်းစာတွေ၊ နိုင်ငံရပ်ခြားမဂ္ဂဇင်းတွေက “မ”လာတာ။ တစ်ခါတလေ ဒီပြက်လုံးတွေကို အိန္ဒိယနံ့ရအောင် ပြန်ပြင်ရေးလိုက်သေးဗျား။ ဒီက ကာတွန်း တိုရှည်အားလုံး လိုလိုကလည်း နိုင်ငံခြားကာတွန်းတွေကနေ ယူထားတာတွေ။ ကျုပ်ဆီမှာ ဟာသအကြောင်းရေးသားတင် ပြထားတဲ့ စာအုပ်တွေကျမ်းတွေ အတော်စုံစုံလင်လင်ရှိပါ့။ သို့ပေမဲ့ နိုင်ငံခြားစာအုပ်တွေကနေလုံးဝ ဥဿုံနီးပါးခိုးမချဘဲ ရေးသားပြုစုထားတဲ့ အိန္ဒိယဟာသကျမ်းရယ်လို့ တစ်ကျမ်းမှ ကျုပ်မတွေ့ဖူးသေးဘူး။

ပြည်နယ်လွှတ်တော်တွေ၊ ဥပဒေပြုလွှတ်တော်တွေဆိုတာက တိုင်းပြည်တိုင်းနိုင်ငံတိုင်းမှာ ပြက်လုံး ထုတ်စရာ ရတနာသိုက်ကြီး တွေဗျ။ ဒီပြက်လုံးမျိုးက ဇဝနဉာဏ် အင်မတန် ထက်သန်လျင်မြန်တဲ့ နိုင်ငံရေး သမားမှ လုပ်နိုင်တာ။ တစ်ဖက်က တစ်ခုခု ပြောလိုက်တာနဲ့ ကောက်ကာငင်ကာ ပြန်ပက်လိုက်တာမျိုး။ ဒီပြက်လုံးမျိုးက ပြင်သစ်တွေပြောတဲ့ “လှေကားဆင်း ပြက်လုံး” (staircase wit) ဆိုတာလို အတော်ကြာကြာ စဉ်းစားပြီးမှပေါ်လာတဲ့ပြက်လုံးမျိုးမဟုတ်ဘူး။

“လှေကားဆင်း”လို့ ခေါ်တာက လွှတ်တော်ပြီးလို့ လှေကားက ဆင်းလာကာမှ ‘လွှတ်တော်ထဲမှာ ငါဒီလိုပြောလိုက်ရရင် ကောင်းသား’ ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်လို့။ တစ်ရေးနိုးတဲ့အခါကျမှ ပေါ်လာတတ်တဲ့ ပြက်လုံးမျိုး။ 

ကျုပ်တို့ လွှတ်တော်ထဲမလည်း ဒီလို တင်္ခဏုပ္ပတ္တိ ဉာဏ်ကောင်းတဲ့ အမတ်တွေရှိပါရဲ့။ သို့ပေမဲ့ သူတို့ရဲ့ အကောင်းဆုံး ပြက်လုံးတွေကိုက ထူးထူးခြားခြား မှတ်မှတ်ထင်ထင် ဖြစ်စရာမရှိဘူး။ ဗြိတိသျှ အောက်လွှတ်တော်ထဲ အေပီဟားဘတ်တို့၊ အနျူရင်ဘီဗင်တို့**၊ သူ့ထက်သူလူစွမ်းကောင်း ဝင်စတန်ချာချီတို့ အပြန်အလှန်နှုတ်လှန်ထိုးခဲ့ကြတဲ့ ဉာဏ်ရည်ပြိုင်ပွဲ ဟာသဉာဏ်ပြိုင်ပွဲ တချို့ကတော့ အမှတ်ရစရာအကောင်းဆုံး ပေပဗျာ။ သူတို့ရဲ့ဟာသတွေ ကလိချက်တွေက ခင်ဗျားတို့ ကြားဖူးပြီးသားဖြစ်ဖို့များတဲ့အတွက် ဒီနေရာမှာ ကျုပ်ထပ်မပြောတော့ပါဘူး။ သို့ပေမဲ့ ဥရုဂွေးလွှတ်တော်ထဲမှာပြောခဲ့တဲ့ ပြန်လည်ချေပချက် တစ်ခုက တောက်ပြောင်လွန်းလှသမို့ ဒီအကြောင်းတော့ဖြင့် ကျုပ်ပြောပါရစေ။

လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တစ်ဦးက ဝန်ကြီးတစ်ပါးကို ပြင်းပြင်းထန်ထန်ဝေဖန် တိုက်ခိုက်နေသတဲ့။ ဝန်ကြီးက ကြားဖြတ်ရှင်းလင်းဖို့ ထရပ်လိုက်တဲ့အခါ အမတ်မင်းက “ကျုပ်ပြောလို့မှမပြီးသေးဘဲ”လို့ပြန်အော်သတဲ့။ ဒီဖြစ်ရပ်က အကြိမ်ကြိမ် အထပ်ထပ်ဖြစ်နေသတဲ့။ ဝန်ကြီးက သူ့ကိုယ်သူကာကွယ်ဖို့ မတ်တပ်ရပ်လိုက်တိုင်း အမတ်မင်းက “ထိုင်ဦး။ ကျုပ်ပြောလို့မှ မပြီးသေးဘဲ” လို့အော်ငေါက်သတဲ့။ နောက်ဆုံး အမတ်မင်း သူ့မိန့်ခွန်းရှည်ကြီးပြီးဆုံးသွားတဲ့အခါ ဝန်ကြီးက “အခုကော ခင်ဗျားပြောလို့ပြီးပြီလား” လို့မေးသတဲ့။ အမတ်မင်းက သူ့နေရာသူပြန်ထိုင်ပြီး “ပြီးပြီ” လို့ဖြေသတဲ့။ ဒီအခါမှာ ဝန်ကြီးက “ဒါဆိုရင် အိမ်သာရေဆွဲသံကြိုး***ကို ဆွဲလိုက်တော့”လို့ ကောက်ကာငင်ကာပြောချလိုက်တယ်။ လွှတ်တော်ထဲက လက်ခုပ်ဩဘာသံကြီးက ဘဝဂ်ထိရောက်သတဲ့ဗျာတို့။

၅ ဇွန် ၂၀၂၆

စာညွှန်း။ Khushwant Singh. 2014. Indian Humour. 99 unforgettable fiction, non-fiction, poetry & humour. New Delhi. Aleph Book Company

ပဒုမ္မာသန* = ကြာပွင့်ထိုင်နည်း / ပလ္လင်ပြည့်ထိုင်ခြင်း

အေပီဟားဘတ်တို့၊ အနျူရင်ဘီဗင်တို့**

၂၀ ရာစု ဗြိတိသျှနိုင်ငံရေးနှင့်ပါလီမန်သမိုင်း၌ ထူးခြားပြောင်မြောက်သောစကားပြောစွမ်းရည်၊

ထက်မြက်သောဟာသဉာဏ်နှင့် ထိုးထွင်းမြော်မြင်မှုများကြောင့် နာမည်ကျော်ကြားခဲ့သည့် အောက်လွှတ်တော်အမတ်များဖြစ်သည်။

၁။ အေပီ ဟားဘတ် (A. P. Herbert)2 (၁၈၉၀-၁၉၇၁)

နိုင်ငံရေးသမားအဖြစ်သာမက စာရေးဆရာ၊ ဟာသစာဆို၊ ဥပဒေပညာရှင်တစ်ဦးအဖြစ်လည်း ထင်ရှားကျော်ကြားသူဖြစ်သည်။ ဗြိတိန်၏ နာမည်ကြီးဟာသမဂ္ဂဇင်း Punch တွင် နှစ်ပေါင်းများစွာရေးသားခဲ့။

ထင်ရှားသည့်အချက် – လွှတ်တော်တွင်း ခြောက်ကပ်ကပ်ဥပဒေရေးရာကိစ္စများကိုပင်လျှင် ဟာသဉာဏ်ကစားပြီး လူတိုင်း စိတ်ဝင်စားအောင် ပြောနိုင်စွမ်းရှိသူ။ ခေတ်မမီတော့သည့် ကွာရှင်းပြတ်စဲခြင်းဆိုင်ရာဥပဒေများကို ပြုပြင်ပြောင်းလဲဖို့ရာ လွှတ်တော်ထဲတွင်ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူ။

၂။ အန်နျူရင် ဘီဗင် (Aneurin Bevan3) (၁၈၉၇-၁၉၆၀)

ဝေလပြည်နယ် ကျောက်မီးသွေးတွင်းအလုပ်သမား ဘဝမှ တက်လာသူ။ ဗြိတိသျှသမိုင်း၌ဩဇာ ကြီးမားခဲ့သော လေဘာပါတီ ခေါင်းဆောင်တစ်ဦး။

ဒုတိယကမ္ဘာစစ်အပြီး လေဘာပါတီအစိုးရတက်လာသည့်အခါ ကျန်းမာရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့။ ဗြိတိန်နိုင်ငံ၏ လက်ရှိ ဂုဏ်ယူစရာ အကောင်းဆုံးဖြစ်သည့် NHS (National Health Service – လူထုတစ်ရပ်လုံး အခမဲ့ဆေးကုသခွင့်စနစ်) ကို မွေးဖွားပေးခဲ့သော အဓိကဗိသုကာကြီးတစ်ဦး။

အောက်လွှတ်တော်ထဲ၌ “အကြောက်တရားအကင်းမဲ့ဆုံး စကားပြောကောင်းသူ”ဟုသတ်မှတ်ခံရ။ ဝင်စတန်ချာချီလို ဩဇာတိက္ကမကြီးသူကိုပင်လျှင် လွှတ်တော်ထဲ၌ အပြန်အလှန်ငြင်းခုံရဲ၊ နှုတ်လှန်ထိုးရဲသူ။ ချာချီကိုယ်တိုင်က တလေးတစား အသိအမှတ် ပြုခံရသူ။

အိမ်သာရေဆွဲသံကြိုး*** = ဘိုထိုင်အိမ်သာတွေမှာ အညစ်အကြေးစွန့်ပြီးတဲ့အခါ ရေကျလာအောင် ဆွဲရတဲ့သံကြိုး။ ခုနင်က မင်းပြောခဲ့တဲ့ (မင်းစွန့်ခဲ့တဲ့) ဟာတွေအားလုံးက အညစ်အကြေးတွေ။ ဒါ့ကြောင့် ရေဆွဲချလိုက်တော့လို့ ဝန်ကြီးကတွယ်လိုက်တာ။

ကွတ်ရှ်ဝမ့်ဆင်းရ်၏ ဟာသတစ်ပုဒ်ကို အမြည်းအဖြစ်ဖော်ပြလိုက်ပါသည်။

စိတ်ကူးနဲ့ ပိုက်ဆံ

သူများရဲ့ခေါင်းထဲ ကိုယ့်စိတ်ကူးထည့်ဖို့။ သူများရဲ့ပိုက်ဆံ ကိုယ့်အိတ်ကပ်ထဲကဲ့ဖို့။
ပထမကိစ္စအောင်မြင်သွားသူကို ကျုပ်တို့က “ဆရာ” ခေါ်သဗျ။
ဒုတိယကိစ္စအောင်မြင်သွားသူကို ကျုပ်တို့က “ဘော့စ်” ခေါ်သဗျ။
ဒီအရေးကိစ္စနှစ်ခုလုံးအောင်မြင်သွားသူကို ကျုပ်တို့က “ဇနီးမယား” ခေါ်သဗျ။
ဒီအရေးကိစ္စနှစ်ခုလုံးကျရှုံးသွားသူကို ကျုပ်တို့က “လင်ယောက်ျား” ခေါ်သဗျ။

“To plant your idea in someone’s head. To plant someone’s money in your own pocket.
He who succeeds in the former, we call teacher.
He who succeeds with the latter, we call boss.
The one who succeeds in both, we call wife.
The one who fails in both, we call husband.”

― Khushwant Singh, Khushwant Singh’s Joke Book 9

  1. https://en.wikipedia.org/wiki/Khushwant_Singh ↩︎
  2. https://en.wikipedia.org/wiki/A._P._Herbert ↩︎
  3. https://en.wikipedia.org/wiki/Aneurin_Bevan ↩︎

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *