The Corner

The Corner

cropped-Logo_round_grey-background.png

စစ်ရေးယန္တရားတည်ဆောက်နေသည့်ဟူသီ – ဖိုးစု

Share မယ်

ယီမင်နိုင်ငံကသူပုန်များသည်  ယင်းတို့ကိုကျောထောက်နောက်ခံပြုပေးနေသည့် နိုင်ငံကိုအားထား နေရသည့် အဆင့်ထက် ကျော်လွန်ကာ အင်အားတောင့်တင်းလာကြသည်။

အလီ အယ်လ် ဝါဇီယာသည် သာမန် စီးပွားရေးသမားတစ်ဦးမဟုတ်ပါ။ “မင်းသား” (Prince) ဟုထင်ပေါ် ကျော်ကြားသည့် အသက် ၄၇ နှစ်အရွယ် ယီမင်နိုင်ငံသားတစ်ဦးသည် တရုတ်ပြည်တောင်ပိုင်းရှိ ကွမ်ကျိုးမြို့ကြီးတွင် သူကျွမ်းကျင်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အရောင်းအဝယ် စည်ကားဖွံ့ဖြိုးလှသည့် အဆိုပါဆိပ်ကမ်းမြို့ကြီးသည် ယီမင်နိုင်ငံမှ ကီလိုမီတာ ၇ဝဝဝ ခန့်ကွာဝေးသည်။ သို့ရာတွင် ထိုမျှလောက်ကွာလှမ်းနေလွန်းခြင်းက သူ့နိုင်ငံတွင် ကာလရှည်ကြာ ဖြစ်ပွား နေသော ပြည် တွင်းစစ်ပွဲတွင် တစ်စိတ်တစ်ပိုင်း သူပါဝင်ဆောင်ရွက်ရေးအတွက် မစ္စတာ ဝါဇီယာကို ဟန့်တားပေးနိုင်စွမ်း မရှိပေ။

၂ဝ၂၄ ခုနှစ်က သူသည် အီရန်နိုင်ငံက ကျောထောက်နောက်ခံ ပြုပေးထားပြီး ယီမင်နိုင်ငံ၏ နယ်မြေအများစုကို စိုးမိုးထားသည့် သူပုန်အဖွဲ့ ဖြစ်သော ဟူသီတို့ကို  လက်နက်များ  အပြည့်အစုံ တပ်ဆင်တည်ဆောက်နိုင်ရေးအတွက်  လိုအပ်သော ပစ္စည်းပစ္စယ များ ဖြည့်ဆည်း ပေးခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနက သူ့ကို ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ၂ဝ၂၅ခုနှစ်တွင် သူအပါအဝင် အလားတူ လုပ်ငန်းများ ဆောင်ရွက်ကာ ဟူသီတို့နှင့် အဆက်အသွယ် ရှိသူ ကုန်သည် အတော်များများကိုလည်း နာမည်ပျက်စာရင်း (အမည်မည်းစာရင်း) သွင်းထားလိုက်သည်။

ယခင်က ဖရိုဖရဲနှင့် ညှပ်ဖိနပ် စီးထားသည့် လက်နက်ကိုင်သူပုန်များ အဖြစ် အထင်အမြင် သေး ခံခဲ့ရသောဟူသီများသည် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်တွင် အန္တရာယ်အရှိဆုံး  လက်နက်ကိုင် အဖွဲ့များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ယီမင်နိုင်ငံ မြောက်ပိုင်းကို ၎င်းတို့ ထိန်းချုပ်လိုက်သည့် အချိန်က စပြီး မစ္စတာ ဝါဇီယာ ကဲ့သို့သော သူများ၏ အကူအညီဖြင့် ဒရုန်းများနှင့် ဒုံးကျည် လက်နက်များပါဝင်သည့် ခံ့ညားလောက်သော လက်နက် တိုက်ကြီး တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ဟူသီတို့၏ လက်နက်ခဲယမ်းမျိုးစုံ တင်သွင်းသည့် ကွန်ရက်များမှာ အာဖရိကတိုက် ဦးချိုဒေသ မှသည် တရုတ်ပြည်အထိ ကျယ်ပြန့်သည်။

များမကြာသေးမီ ရက်သတ္တပတ်အတွင်းကပင် ဟူသီသူပုန်တို့သည် ယီမင်နိုင်ငံ၏ နိုင်ငံတကာက အသိအမှတ်ပြုခံထား ရသော အစိုးရကို ထောက်ခံအားပေးသည့် ဆော်ဒီအာရေဗျနိုင်ငံကို တိုက်ခိုက်မှု တစ်ခုပြီး တစ်ခု ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလဆန်းက ကျင်းပခဲ့သော တီဟီရန်မြို့ ထိပ်သီးဆွေးနွေးပွဲတွင် ဆော်ဒီ အာရေဗျနိုင်ငံက ဟူသီ တို့ကို ထိန်းချုပ်ပေးရန် အီရန်နိုင်ငံကို ဖိအားပေးတောင်းဆိုခဲ့သည်။ သို့ရာတွင် အခင်းဖြစ်ပွားရာ ဒေသကြီးမှာ စစ်ဖြစ်ရေး အတွက်သာ ပိုမိုပြင်ဆင်လျက် ရှိကြသည်။

ဟူသီအဖွဲ့သည် ၂ဝ၁၄ ခုနှစ်တွင် ယီမင်နိုင်ငံ၏ မြို့တော် ဆာနာ (Sana’a) ကို သိမ်းပိုက်ပြီး နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် အဆင့်မြင့် လက်နက်ကြီးများကို စတင်ရရှိခဲ့ကြခြင်းဖြစ်သည်။ သမ္မတဟောင်း အလီ အဗ္ဗဒူလာ ဆာလေ (Ali Abdullah Saleh) နှင့် စစ်တပ်အတွင်းရှိ သူ၏ သစ္စာခံများ အချိန်တို တခဏတာ ပူးပေါင်းခဲ့မှုကြောင့် ၎င်းတို့သည် ဆိုဗီယက်စတိုင် စကဒ် (Scud) နှင့် တော့ချ်ကာ (Tochka) ဒုံးကျည်လက်နက်များကို လက်လှမ်းမီ ရယူနိုင်ခဲ့ကြသည်။

ထိုအချိန်မှာပင် ရှီယာမူဆလင်များ ဖြစ်သော ဟူသီအဖွဲ့ ကို ၎င်း၏ “ခုခံရေးဝင်ရိုး” (axis of resistance) အစိတ်အပိုင်းတစ်ခုအဖြစ် ပျိုးထောင်ပေးနေသည့် ရှီယာမူဆလင်နိုင်ငံ ဖြစ်သည့် အီရန်နိုင်ငံကလည်း ထောက်ပံ့မှုများကို တိုးမြှင့်ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ဆော်ဒီတပ်ဖွဲ့များ ယီမင်နိုင်ငံအတွင်းသို့ ဝင်ရောက်ကျူးကျော်လာသည့်အခါ အီရန်သည် ဟူသီသူပုန်များကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများနှင့် အခြားလက်နက်ကြီးများကို ထောက်ပံ့ပေးခဲ့သည်။ လီဘနွန်ရှိ ဟဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့မှ အီရန်အကြံပေးများနှင့် တိုက်ပွဲဝင် စစ်ရေးနည်းပြများက ဟူသီတို့ကို အဆိုပါလက်နက်များ မည်သို့အသုံး ပြုရမည်ကို သင်ကြားပြသပေးခဲ့ကြသည်။

ယနေ့အချိန်တွင်မူ ဟူသီတို့သည် ၎င်းတို့ ကိုယ်ပိုင် စစ်မက်ယန္တရားကို တည်ဆောက် လျက်ရှိကြ သည်။ စက်တင်ဘာ ၂၁ ရက်နေ့တွင် ဟူသီသူပုန် ခေါင်းဆောင် အဗ္ဗဒူလ်မာလစ် အယ်လ်ဟူသီ (Abdul-Malik al-Houthi) က ၎င်းတို့သည် ယခုအခါ လက်နက်များကို “အစကနေ အဆုံးအထိ” အသစ်ပြန်လည် ဖန်တီး တည်ဆောက်နိုင်သည့် အခြေအနေဖြင့် ကိုယ်တိုင် ထုတ်လုပ် နေပြီ ဖြစ်ကြောင်း ခပ်ကြွားကြွား ပြောဆိုခဲ့သည်။ ထိုစကားသည် လေလုံးထွားခြင်းမျှသာ ဖြစ်နိုင်သော်လည်း ဟူသီတို့၏ လက်နက်အများအပြားမှာ ယီမင်နိုင်ငံအတွင်း၌ပင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက စိတ်ချ ယုံကြည်မှု ပိုမိုရှိလာကြသည်။

ပဋိပက္ခများဆိုင်ရာ လက်နက်သုတေသနအဖွဲ့ [Conflict Armaments Research (CAR)] က တရားမဝင် လက်နက် ကုန်သွယ်ရေးကို ခြေရာခံစောင့်ကြည့် လေ့လာသူ ဖေဘီယန် ဟင်းဇ် (Fabian Hinz) က “ဟူသီတို့ရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှု မြန်ဆန်မှုနဲ့ ရည်မှန်းချက် ကြီးမားမှုတို့ဟာ လေ့လာစောင့်ကြည့်သူ တော်တော်များများကို အံ့အားသင့်စေခဲ့တယ်” ဟု ပြောကြားခဲ့သည်။ ထိုအဖွဲ့၏ လက်နက် အများစုသည် အီရန် ဒီဇိုင်းများကို အခြေခံ ထားဆဲ ဖြစ်သော်လည်း တာလတ်ပစ် ဒရုန်းများ ကဲ့သို့ အချို့သော လက်နက်များကိုမူ အီရန်က ပြုလုပ်သည့် အစိတ်အပိုင်းများ မပါဘဲ ပမာဏ အများအပြား ထုတ်လုပ် နိုင်နေပြီဖြစ်သည်။

ထုတ်လုပ်မှု လုပ်ငန်းအများစုကို ယီမင်ကုန်းမြင့်ဒေသရှိ လိုဏ်ဂူများထဲတွင် မမြင်ကွယ်ရာ၌ လုပ်ဆောင်ကြခြင်းဖြစ်ရာ စောင့်ကြည့် ထောက်လှမ်းရန် ခက်ခဲလှသည်။ သို့သော်လည်း နယူးယောက် အခြေစိုက် သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် The Century Foundation ၏ ရရှိထားသော အချက်အလက်များအရ ၎င်းတို့၏ လှုပ်ရှားမှုပုံစံ ပြောင်းလဲလာသည်ကို အထင်အရှား မြင်နေရသည်။

၂၀၁၀ ခုနှစ်များအတွင်း ဟူသီ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဝင်ရောက်စဉ် ဖမ်းဆီးရမိခဲ့သည့် ကုန်ပစ္စည်းအများစုမှာ သေနတ် များနှင့် ဒုံးကျည်များကဲ့သို့သော အသင့်အသုံးပြုနိုင်သည့် လက်နက်များ ပါဝင်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ်များ ကာလအတွင်း ဖမ်းဆီး ရမိခဲ့သည့် ဟူသီတို့၏ နယ်မြေအတွင်းသို့ ပို့ဆောင်မည့် လက်နက်တင်ပို့မှု အများစုတွင် သေနတ်များနှင့် ဒုံးကျည်များ ကဲ့သို့ အသင့်အသုံးပြုနိုင်သော လက်နက်များ ပါဝင်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ်များကာလ မှ စ၍ ယခုအချိန်အထိ အီရန်နိုင်ငံသည် လက်နက် ဖြည့်တင်းပေးသည့် အကြီးမားဆုံး နိုင်ငံဖြစ်ခဲ့သည်။ ယခုအခါတွင်မူ အဆိုပါ ကုန်ပစ္စည်းတင်ပို့မှု အများစုတွင် မော်တာများ၊ ဝိုင်ယာကြိုးများနှင့် ပန်ကာဒလက်များကဲ့သို့သော လက်နက်တည်ဆောက်ရန် အစိတ်အပိုင်းများ ပါဝင်လာသည်။ လက်ရှိ အခြေအနေတွင် တရုတ်ပြည်သည် အီရန်နိုင်ငံကိုကျော်လွန်ကာ ထိုကဲ့သို့သောပစ္စည်းများ တင်ပို့သည့် အဓိက ရင်းမြစ်နိုင်ငံ ဖြစ်လာခဲ့သည်။

အဆိုပါ ပစ္စည်းအများစုမှာ အရပ်ဘက်တွင်ရော စစ်ဘက်ဆိုင်ရာတွင်ပါ အသုံးချ နိုင်ခြေရှိသည့် “နှစ်မျိုးသုံး” (dual-use) ပစ္စည်းများ ဖြစ်ကြသည်။ ဟူသီ မှောင်ခိုသမားများသည် တစ်ခါတစ်ရံ ဒရုန်းတပ်ဆင်ရေး ပစ္စည်းအစုံလိုက်များပေါ်တွင် “စက်မှု လုပ်ငန်းသုံး ပစ္စည်းကိရိယာများ” ဟူသော စစ်ဖက်နှင့် မပတ်သတ်သော “အန္တရာယ်မရှိ” တံဆိပ်များ ကပ်ခြင်းဖြင့် ယီမင် အာဏာပိုင်များကို လှည့်စားရန်ံ ကြိုးပမ်း လေ့ရှိသည်။ အခြားပစ္စည်းများမှာမူ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းအတွက် အထူးတလည် ရည်ရွယ်ထုတ်လုပ်ထားပုံ ရသည်။

အစိုးရထိန်းချုပ်ထားသည့် အေဒင် ဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သော အီရန် ပုံစံထုတ် ပဲ့ထိန်းဒုံးကျည် အစိတ်အပိုင်းများကို တရုတ်ကုမ္ပဏီတစ်ခုက အမှာစာအတိုင်း အထူးပြုလုပ်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း CAR အဖွဲ့က အောက်တိုဘာလအတွင်းတွင် ထောက်ပြခဲ့သည်။ ဆော်ဒီ အာဏာပိုင်များက တရုတ်နိုင်ငံထံ ကန့်ကွက် ပြောဆိုခဲ့သော်လည်း အရာမထင်ခဲ့ပေ။ “ဟူသီတွေရဲ့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကို ထောက်ပံ့ ပေးနေတဲ့ ကုန်သွယ်မှု တွေမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတာကို တရုတ်အစိုးရက မသိကျိုးကျွန်ပြုပေးရတာ ကျေနပ်နေပုံ ရတယ်” ဟု အနောက်တိုင်း သံတမန်တစ်ဦးက ဆိုသည်။

အဆိုပါ ထောက်ပံ့ရေး ကွင်းဆက်ကို ဖြတ်တောက်ရန်မှာ ခက်ခဲမည်။ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများမှာ ထိရောက်မှု အနည်းငယ်သာရှိခဲ့ပြီး ဟူသီ စီးပွားရေး လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံတွင် လုပ်ငန်းများကို ဆက်လက် လှုပ်ရှား ဆောင်ရွက် နေကြဆဲ ဖြစ်သည်။ ဟူသီ သူပုန်အဖွဲ့ သည် ကုလသမဂ္ဂ၏ လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းကို ခံထားရသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်နေပြီ ဖြစ်သည်။ သို့ရာတွင် ဟူသီတို့ ထိန်းချုပ်ထားသည့် ဆိပ်ကမ်းများဆီသို့ ဦးတည်ခုတ် မောင်းနေသည့် ကုန်တင်သင်္ဘောများကို စစ်ဆေးရသည့်အဖွဲ့မှာ ထိရောက်မှု မရှိလှပေ။ ထိုအဖွဲ့သည် မသင်္ကာဖွယ်ရာ ရေယာဉ်များကို ဆော်ဒီအာရေဗျနိုင်ငံနှင့် ယင်းတို့၏ မဟာမိတ် နိုင်ငံများထံသို့ သတင်းပို့ရုံသာ ဆောင်ရွက်နိုင်ပြီး ၄င်းတို့ ကိုယ်တိုင်က ကြားဖြတ် တားဆီးပိုင်ခွင့် အာဏာမရှိပေ။

အကယ်၍ တားဆီးနိုင်ခဲ့လျှင်ပင် ကုန်ပစ္စည်း အများအပြားမှာ လွတ်မြောက်သွားဦးမည် ဖြစ်သည်။ အချို့ ပစ္စည်းများမှာ အာရပ် စော်ဘွားများ ပြည်ထောင်စု ယူအေအီး (UAE) နှင့် အိုမန်နိုင်ငံများကို ဖြတ်ပြီး ကုန်းလမ်းဖြင့် ရောက်ရှိ လာကြခြင်း ဖြစ်သည်။ အချို့ကိုမူ အာဖရိကတိုက်ရှိ ဂျီဘူတီနှင့် ဆိုမာလီယာနိုင်ငံ များက တစ်ဆင့် မှောင်ခိုသွင်းကြသည်။ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ ယီမင်နိုင်ငံဆိုင်ရာ အမေရိကန် သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တင်မ်လန်ဒါကင်းက ဟူသီများသည် မှောင်ခို ပစ္စည်း များကို “သင်္ဘောကြီးများ ပေါ်ကနေ သင်္ဘောလေးတွေဆီ၊ အဲဒီကနေ လှေစုတ်လေးတွေဆီ၊ ဝန်တင် တိရစ္ဆာန်တွေပေါ်ဆီ နဲ့ နောက်ဆုံး အထမ်းသမားတွေရဲ့ ကျောပေါ်အထိ” အဆင့်ဆင့် ရွှေ့ပြောင်း သယ်ယူကြသည်ဟု ပြောပြခဲ့သည်။

မှောင်ခိုသမားများသည် လက်နက် ခဲယမ်း မီးကျောက်များကို သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကို တင်ဆောင်လာသည့် ကုန်တင်ကားများ အတွင်းတွင်း သိုဝှက်ပြီး သယ်ဆောင်ကြသည်။ တစ်ဖက်တွင်လည်း အချင်းချင်း သဘောထား ကွဲလွဲနေသည့် အုပ်စုများ စုပေါင်း ထားသည့် ယီမင်အစိုးရအဖွဲ့သည်တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်း နေကြရသည်။ လန်ဒန်အခြေစိုက် Royal United Services Institute သုတေသနအဖွဲ့မှ ဘာရာ ရှီဘန် (Baraa Shiban) က “စစ်ဆင်ရေး ကွပ်ကဲမှုခန်း အသီးသီးကို မတူညီတဲ့ အုပ်စုအသီးသီးက ထိန်းချုပ်ထားကြတာပါ။ တကယ့်ကို ထိတ်လန့်စရာ၊ မနှစ်မြို့စရာဖြစ် ရပ်ပါပဲ” ဟုပြောပြခဲ့သည်။

ကိုယ်ပိုင်လက်နက်များ ထုတ်လုပ်နိုင်ခြင်းက အီရန်နိုင်ငံထံမှ ထောက်ပံ့မှုများ အနှောင့်အယှက်ခံရပြီး ပြတ်တောက် သွားချိန်မျိုး ကြုံသည့် အခါတွင်ပင် ဟူသီသူပုန်များကို ဆက်လက်တိုက်ပွဲဝင်နိုင်အောင် အထောက်အကူ ဖြစ်ပေမည်။ သို့ရာတွင် ဟူသီတို့၏ယ ခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးနိုင်မှုမှ နေ၍ အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံကလည်း အကျိုးအမြတ် ပြန်ရနေသည်။ အီရန်အစိုးရသည် ၎င်း၏ အစိတ်အပိုင်းအသီးသီး ခွဲခြား ခုခံကာကွယ်ရေး (Mosaic Defense) မူဝါဒအောက်တွင် ယင်းနိုင်ငံ ၏ လက်နက်ကိုင် တပ်ဖွဲ့ အစိတ်အပိုင်း အသီးသီးကို သီးခြားလွတ်လပ်စွာ တိုက်ခိုက်နိုင်စွမ်းရရှိစေရန် ကြိုးပမ်း တည်ဆောက် ထားသည်။

အလားတူ အယူအဆမျိုးကိုပင် ယင်းနိုင်ငံ၏ “ခုခံတော်လှန်ရေး ဝင်ရိုးတန်း” (Axis of Resistance) မဟာမိတ် အဖွဲ့နိုင်ငံများတွင်ပါ ကျင့်သုံးထားသည်။ “အီရန်ဟာ သူ့ရဲ့ မဟာမိတ်တွေ သူတို့ကိုယ်တိုင် ပြည်တွင်းမှာတင် ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိအောင် ကြိုးပမ်းပေးခဲ့ပါတယ်” ဟုမစ္စတာ ဟင့်ဇ် (Mr Hinz) က ဆိုသည်။ ဟစ်ဇ်ဘိုလာ  အဖွဲ့သည် ဒရုန်းများကို  ၎င်းတို့ ဘာသာ တည်ဆောက်ခဲ့သကဲ့သို့ပင် ဒုံးကျည်များကိုလည်း ပစ်မှတ်တိကျသည့်ပဲ့ထိန်းဒုံးကျည်များအဖြစ် သူတို့ဘာသာ ပြောင်းလဲရန်ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် ထိုလက်နက်ကိုင်အဖွဲ့သည် အစ္စရေး၏ တိုက်ခိုက်မှုများနှင့်အတူ ဘာရှာ အယ်လ်-အာဆတ် ပြုတ်ကျသွားပြီးနောက်ပိုင်း ဆီးရီးယားကို ဖြတ်သန်းသွားရသည့် မှောင်ခိုလမ်းကြောင်းများ ပြတ်တောက် သွားသောကြောင့် အင်အားချည့်နဲ့ သွားခဲ့ရသည်။

ဟူသီများကမူ ပိုကောင်းသည့် အနေအထားတွင် ရှိသည်။ ဟူသီသူပုန်များသည်ယခုအချိန်ထိတိုင် အီရန်နိုင်ငံထံမှ လက်နက်နှင့် ထောက်လှမ်းရေးသတင်း အများအပြားကို ဆက်လက်ရရှိနေဆဲ ဖြစ်သော်လည်း အီရန်အစိုးရအပေါ်  မှီခိုနေရမှုကို ကျော်လွန်ပြီး ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း ရှိလာနေပြီ ဖြစ်သည်။ ထိုအချက်ကပင်အမေရိကန်နှင့် အစ္စရေးတို့က စတင်ခဲ့ကြသည့် စစ်ပွဲကြောင့် သူ့တို့ကို ကျောထောက် နောက်ခံ ပြုပေးထားသော အီရန်နိုင်ငံ အင်အားချည့်နဲ့ သွားချိန်မျိုးမှာပင်လျှင် ဟူသီသူပုန်များ အဘယ် အကြောင်းကြောင့် ဦးမညွတ်ဘဲ ဆက်လက် တင်းခံနေနိုင်သနည်းဆိုသည်ကို သဘောပေါက်စေခဲ့ ပေသည်။ ဟူသီတို့သည် သူတို့ကိုယ် သူတို့ အီရန်၏ လက်ဝေခံ သက်သက်ထက် ပိုပြီး ယီမင်နိုင်ငံ၏ အုပ်စိုးသူ အစစ်အမှန် ဖြစ်သည်ဟု ရှုမြင်ထား ကြသည်။ ၎င်းတို့သည် ရုရှားနိုင်ငံထံမှ ထောက်ပံ့ကူညီမှုများ  တောင်းခံထားသကဲ့သို့ အာဖရိကတိုက်က လက်နက်ကိုင် အဖွဲ့များနှင့်လည်း အဆက်အသွယ်များ တိုးမြှင့် လျက်ရှိကြသည်။ အမေရိကန် သံတမန်ဟောင်း ဘာဘရာ လိဖ် (Barbara Leaf) က “ဟူသီတွေဟာ သူတို့ရဲ့ ဒေသငယ်လေးထဲမှာ ‘အီရန်အငယ်စားလေး’ တစ်ခု ဖြစ်ချင်နေကြတာပါ” ဟု ပြောကြားလိုက်သည်။ သူတို့၏ ရည်မှန်းချက် သာမက သူတို့၏ လက်နက်အင်အားကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါပြီ ။

ရည်ညွှန်း  –  The Economist November 7th -13th, 2026

ယီမင် အာဏာပိုင်များက ဟူသီတင်သွင်းလာသည့် ပစ္စည်းတစ်ခုကို ဖမ်းမိထားသည့်ပုံ (photo credit: longwirejournal)
Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *