သိပ်မကြာသေးမီ ကာလကပဲ ကမ္ဘာကြီးဟာ ပိုမိုပြီး ယဥ်ကျေး လာတဲ့ လက္ခဏာတွေ ပြခဲ့သေးတယ်။ စစ်အေး ကာလ အဆုံးသတ်မှုဟာ စည်းမျဥ်းအခြေခံတဲ့ စနစ်ရဲ့ အောင်ပွဲကို ယူဆောင်လာခဲ့တယ်။ သဘောထားကြီးတဲ့ မဟာ အင်အားကြီး နိုင်ငံတွေက ထောက်ကူအားပေးတဲ့အသိဉာဏ်ပညာ ပြည့်ဝတဲ့ စံနှုန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အတိတ် ကာလ က မင်းမဲ့အသွင်အပြင်တွေရဲ့ နေရာမှာ အစားထိုးနေရာ ယူလာမှာ ဖြစ်တယ်။ ထိုအဖြစ်ဟာ စိတ်ဓာတ် တက်ကြွ စရာကောင်းတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မှားယွင်းတဲ့ အတွေးအမြင်တစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။
ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်းမှာ စည်းမျဥ်း ဥပဒေတွေကို သိပ်ပြီး အရေးတယူ ပြောမနေကြတော့ပါဘူး။ ရန်လိုမှုတွေ၊ ကျူးကျော် ရန်စမှုတွေနဲ့ အောင်ပွဲခံမှုတွေဟာ တစ်ရှိန်ထိုး မြင့်တက် လျက်ရှိနေပါတယ်။ စီးပွားရေးအရ အကျပ်ကိုင်မှုနဲ့ နိုင်လို မင်းထက် စီးပွားရှာမှုတွေဟာ ထကြွ သောင်းကျန်းလျက် ရှိနေတယ်။ နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို လေးစားလိုက်နာမှုဟာလည်း ပျောက်ကွယ်နေပါပြီ။ လက်နက်ထိန်းချုပ်မှု လုပ်ငန်းစဥ်တွေဟာလည်း ကျဆင်းနေပါတယ်။
မဟာ အင်အားကြီး နိုင်ငံတွေဟာ အင်ပါယာထူထောင်ရေး အိပ်မက်တွေကို ပြန်မက် လာကြတယ်။ အမေရိကန် ပြည်ထောင်စု ဆိုရင် တစ်ကမ္ဘာလုံး ဆိုင်ရာ ဖွဲ့စည်းမှု စနစ်ကို အသုံးချပြီး မိမိရဲ့ ကျဥ်းမြောင်းတဲ့ အမျိုးသားရေးဆိုင်ရာ ဦးဆောင်မှု ရရှိရေး အတွက် သွေးဆောင် ကြိုးပမ်းနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေ ပျက်ယွင်းလာချိန်မှာတော့ အင်အားကြီး ခေါင်းဆောင်တွေဟာ မိမိတို့ နိုင်ငံအတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ အပေါ်မှာ နိုင်ငံရေးအရ ကန့်သတ် အုပ်ချုပ်မှု တွေ ပိုမိုပြုလုပ်လာကြတယ်။
ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ လူဆိုးဂိုဏ်းဝင်တွေနဲ့ သုခဘုံတစ်ခုဖြစ်လာနေတဲ့ အန္တရာယ်ကို ကြုံတွေ့နေရပါတယ်။ ကမ္ဘာမှာ တစ်ချိန်တုန်းက လွှမ်းမိုးခဲ့တဲ့ စည်းမျဥ်း ဥပဒေတွေရဲ့ အရေးပါမှုဟာ တစ်ချိန်တုန်းက ရှိခဲ့တဲ့ အခြေအနေထက်များစွာ လျှော့ကျ ကာ အဓမ္မဝါဒီတွေက ပိုမိုပြီး ရှေ့တန်းကို ရောက်လာခဲ့တယ်။
ဒီအဖြစ်ဟာ ကြင်နာမှုတရားတွေ ပိုမိုရရှိခဲ့တဲ့ အချိန်ကာလမှာ ရှိခဲ့တဲ့ တွေးခေါ်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေအတွက် ကြမ်းတမ်း ခက်ထန်တဲ့ ပြောင်းလဲမှုတစ်ခုပဲ ဖြစ်ပါတယ်။ ထိုအဖြစ်မျိုးက သည်းခံ ခွင့်လွှတ် နိုင်ခြင်း အလျင်းမရှိတဲ့ ခေတ်ကို ဖြတ်သန်းရမယ့် ခေါင်းဆောင်တွေ အတွက် ပြင်းထန်တဲ့ စမ်းသပ် စိန်ခေါ်မှုတွေကို ပေးပါလိမ့်မယ်။
ဒီနေရာမှာ စစ်အေးလွန်ကာလ လူ့အဖွဲ့အစည်းပုံစံ ကျဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်း နေမှုဟာ တစ်နည်းတစ်ဖုံ အကောင်းမြင် ဘက်က ကြည့်လို့ရပါတယ်။ ကျွန်ုပ်တို့ရဲ့ တာဝန်ကတော့ စစ်အေးလွန်ခေတ် ကမ္ဘာမှာ ရှင်သန်နေထိုင်ရေးအတွက် လိုအပ်ချက် တွေကို နားလည်သဘောပေါက်ဖို့ပဲ ဖြစ်တယ်။ ဒီတော့ ဒီအက်ဆေးရဲ့ ရည်ရွယ်ချက်က ကျွန်ုပ်တို့ ချဥ်းနင်း ဝင်ရောက်နေတဲ့ ခေတ်သစ်ရဲ့ မြေပုံကို ပုံကြမ်းရေးဆွဲဖို့နဲ့ ရှေ့လာတော့မယ့် ဆိုးရွားတဲ့ အချိန်တွေမှာ အကောင်းဆုံး ပြင်ဆင်ထားဖို့ ပါပဲ။
စည်းမျဥ်း ဥပဒေ အခြေခံ လူ့အဖွဲ့အစည်းပုံစံနဲ့ ပတ်သတ်တဲ့ အိမ်မက်ဟာ သမိုင်း အဖြစ်သို့ မှေးမှိန် ပျောက်ကွယ် သွားခဲ့ပါပြီ။ သို့ပေမယ့် အဲဒီကိစ္စဟာ အနာဂတ်မှာ ပြန်လည် ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မြင်ရတဲ့ အချိန်တစ်ချိန်ရှိခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ဝါရှင်တန်နဲ့ ၎င်းရဲ့ အနောက် မဟာမိတ်တွေဟာ လွတ်လပ်တဲ့ ကမ္ဘာအတွင်းမှာ ကရင်မလင် (ရုရှားနိုင်ငံ) ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု အဖြစ် ဝေစုခွဲထားတဲ့ သတ်မှတ်ချက်နဲ့ နိုင်ငံ နယ်နမိတ်တွေကို ကျော်လွန်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ထူထောင်ကာ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက် ဆက်ဆံရေး တစ်ရပ်ဖြစ်တဲ့ တစ်ဝက်တစ်ပျက် စည်းမျဥ်းဥပဒေ အခြေခံတဲ့ စနစ်ပုံစံတစ်ရပ်ကို တည်ဆောက်ခဲ့ ကြတယ်။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် စစ်အေးကာလ အဆုံးသတ် သွားတာနဲ့ တစ်ပြိုင်နက်မှာပဲ ပရိုဂျက် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရခဲ့တယ်။
စည်းမျဥ်းအခြေခံ လူ့အဖွဲ့အစည်း စနစ်ပုံစံရဲ့ အဓိက အချက်ကတော့ လစ်ဘရယ် ကျင့်စဥ်တွေနဲ့ အခြေခံမူတွေကို ချမှတ် ကျင့်သုံးခြင်းဖြင့် ဟောင်းနွမ်းနေပြီး စိတ်ထင်ရာ ပြုတတ်တဲ့ အဖျက်အင်အားစုတွေကို အနိုင်ယူကာ အမေရိကန် ပြည်ထောင်စုရဲ သြဇာအာဏာကို ထာဝရ ကျင့်သုံးဖို့ပဲ ဖြစ်ပါတယ်။ ရှင်သန် ဝပြောတဲ့ ပွင့်လင်းသော စီးပွားရေး စနစ်က ပါဝင်တဲ့ နိုင်ငံအားလုံးကို ချမ်းသာကြွယ်ဝ စေပါလိမ့်မယ်။
ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို သွင်းကုန် အခွန်၊ ပို့ကုန်အခွန် တိုးကောက်ခြင်းဖြင့် အခွန်အကောက်စစ်ပွဲ မဆင်နွှဲကြပဲ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နဲ့ စည်းမျဥ်းအခြေခံ လုပ်ထုံးလုပ်နည်းအရ ဖြေရှင်းကြဖို့ပဲ ဖြစ်ပါတယ်။ အနိုင်ယူမှုနဲ့ စိုးမိုးမှုဆိုတဲ့ အလေ့အထတွေကို အားမပေးဖို့ပဲ ဖြစ်ပါတယ်။ အသက် သွေးကြောသဖွယ် အရေးပါတဲ့ နှုန်းစံတွေဖြစ်တဲ့ ရေကြောင်း သွားလာမှု လွတ်လပ်ခွင့်နဲ့ နယ်နမိတ်တွေကို လေးစားရေး ကိစ္စတွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ရပါမယ်။
စစ်အေးကြောင့် သွက်ချာပါဒ ဖြစ်မှုမှ လွတ်ကင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လွှမ်းမိုးမှုကို ရရှိရပါမယ်။ မဟာအင်အားကြီး ပြိုင်ဖက်တွေဟာ အဖျက်သမားဖြစ်လာနိုင်တဲ့ အခြေအနေကနေ တစ်ဖြေးဖြေး မှေးမှိန် သွားနိုင်ပြီး အင်အားကြီးနိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ တက်လှမ်းနေတဲ့ တရုတ်နိုင်ငံနဲ့ ပြန်လည် ရှင်သန်ထကြွလာတဲ့ ရုရှားနိုင်ငံတို့ဟာလည်း ချမ်းသာကြွယ်ဝမှုနဲ့ ငြိမ်းချမ်းရေးကို ယူဆောင်ပေးလာတဲ့ စနစ်အတွင်းမှာ ကြေနပ်မှုရှိတဲ့ အကျိုးစီးပွားများကြောင့် ပါဝင် ပတ်သက်သူတွေ ဖြစ်လာပါ လိမ့်မယ်။
စည်းမျဥ်းဥပဒေ အခြေခံခဲ့တဲ့ စနစ်နဲ့ အတွေးအမြင်ကတော့ အဖျက်အမှောင့် ဆန္ဒတွေကို လစ်ဘရယ် လွတ်လပ်မှုဆိုင်ရာ ကျင့်စဥ်တွေနဲ့ မူဝါဒကို ချမှတ်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ အာဏာကို စဥ်ဆက်မပြတ် ကျင့်သုံးရေးဆိုတဲ့ အတွေးအမြင်ပဲ ဖြစ်ပါတယ်။
အဆိုပါ အမြင်ကတော့ နှစ်ဆယ်ရာစုနှစ်အတွင်းမှာ ကမ္ဘာကြီးကို တစ်စစီ ဖြစ်သွားအောင် ထပ်ကာ ထပ်ကာ ဆုတ်ဖြဲပစ်ခဲ့တဲ့ အဖျက်အမှောင့် အင်အားစုတွေကို ယဥ်ကျေးလာအောင် ကြိုးပမ်းရမယ်ဆိုတဲ့ အမြင်ပဲ ဖြစ်တယ်။ ထိုအယူအဆဟာ နောက်ပိုင်းမှာ ထပ်မြင်ရသလောက် လက်တွေ့ဆန်ပါတယ်။ ဥပဒေတွေ စိုးမိုးလာအောင် ရဲအရာရှိတွေ (sheriff – ပုလိပ်) တွေက စောင့်ထိန်းနေရသလိုပါပဲ။ တရားဥပဒေ အခြေခံ လူ့အဖွဲ့အစည်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ အင်အား သို့မဟုတ် အာဏာပါဝါ အပေါ် တည်မှီ နေမှာပါ။
အမေရိကန်ရေတပ်က ပင်လယ်ရေပြင်တွေမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ရေး အတွက် ပင်လယ်ဓားပြတွေနဲ့ အခြားသော ခြိမ်းခြောက်မှုတွေကို ချေမှုန်းတိုက်ခိုက်ပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်ဟာ ကျူးကျော်ရန်စမှုတွေကို တားဆီးဖို့အတွက် မဟာမိတ်တွေကို စုစည်းခဲ့တယ်။ ဝါရှင်တန်ဟာ အကြမ်းဖက် ဝါဒ ဆိုးသွမ်းနိုင်ငံတွေ တိုးပွားလာမှုနဲ့ အခြားသော ဘေးအန္တရာယ် ဆိုးတွေကို တိုက်ခိုက်တဲ့ ညွန့်ပေါင်းအဖွဲ့ကို စုစည်းခဲ့တယ်။
စည်းမျဥ်းဥပဒေ အခြေခံ လူ့အဖွဲ့အစည်း စနစ်ဟာ အမေရိကန်နိုင်ငံမှာ ပြုလုပ်သည် ဆိုတာပါပဲ။ အခြားသော ဇာတ်ဆောင်တွေ ထက် ဝါရှင်တန်ဟာ နိုင်ငံတကာ တည်ငြိမ်ရေးဆိုတဲ့ ဝေါဟာရကို ချမှတ်ခဲ့ပါတယ်။ အမေရိကန်က အလေးပေးတဲ့ သဘောထား အမြင်ကတော့ လွတ်လပ်တဲ့ စျေးကွက်စနစ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ကမ္ဘာတစ်ဝန်းမှာ တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက စဥ်းမျဥ်း အခြေခံတဲ့ စနစ်ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ ဗိုလ်ကျစိုးမိုးမှုကို ဖုံးကွယ်ဖို့ ပြင်ဆင် ထုတ်လုပ်ထားတဲ့ ဝတ်ရုံတစ်ခုပဲလို့ ရုရှားသမ္မတ ဗလာဒီမှာ ပူတင်က ဒေါသတကြီးနဲ့ ပြောခဲ့ပါတယ်။ ဗလာဒီမာပူတင် ဒီလိုပြောခဲ့မှုဟာ စည်းမျဥ်း ဥပဒေ အခြေခံတဲ့စနစ်ကို အမေရိကန်က မလုပ်ခဲ့ခြင်း အကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်တယ်။
စည်းမျဥ်း ဥပဒေတွေကို ချမှတ်ဆောင်ရွက်တဲ့ အလုပ်တစ်ခုကိုလုပ်ရင် တန်ဖိုးတစ်ခုတော့ ပြန်ပေးရတာ ထုံးစံပါ။ တန်ဖိုးတစ်ခု မပေးပဲနဲ့ ပြန်ရတယ်ဆိုတဲ့ ထုံးစံမရှိပါဘူး။ ဝါရှင်တန်ရဲ့ စည်းမျဥ်း ဥပဒေတွေဟာ ဖိနှိပ် ချုပ်ချယ်မှုရှိတဲ့ လက္ခဏာတွေကို မြင်ရရုံ မကပဲ မိမိတို့ရဲ့ ပြည်တွင်းမှာရှိတဲ့ လစ်ဘရယ်တွေကို နှိပ်ကွပ်ဖို့ အကြောင်းရှာနေရုံသာမကပဲ ပြည်ပမှာလည်း အင်ပါယာတွေ ထူထောင်နေတဲ့ အာဏာရှင်အစိုးရတွေကိုလည်း သိသိသာသာ ခြိမ်းခြောက်နေလို့ မြင်ကြပါတယ်။
ပူတင်ရဲ့ ရုရှားနိုင်ငံဟာ မိမိမှာ အင်အားပြန်လည်ရရှိလာတာနဲ့ ချက်ခြင်းပဲ ဆိုဗီယက်လွန်ခတ်ရှိ နယ်မြေတွေမှာ နယ်စပ် နယ်နိမိတ် တွေကို အင်အားသုံးပြီး ပြောင်းလဲပစ်ဖို့ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ စီးပွားရေး စနစ်ထဲ ဝင်ရောက်လာပြီး မိမိရဲ့ အားထုတ်မှုနဲ့အတူ စီးပွားရေး ကြီးထွားလာမှုကို အသုံးပြုကာ စစ်အင်အား တည်ဆောက်မှုကို စံချိန်တင် အောင် လုပ်ဆောင် ခဲ့တယ်။ ဒါ့အပြင် အနာဂတ်ကာလ စက်မှုလုပ်ငန်းတွေကို လွှမ်းမိုးဖို့အတွက် ဆုံးဖြတ်ချက် ရှိရှိ ဆောင်ရွက်လျက်ရှိပြီး တောင်တရုတ် ပင်လယ်ကို စိုးမိုးဖို့လည်း အားထုတ်လျက်ရှိတယ်။
ဝါရှင်တန်ရဲ့ စည်းမျဥ်း ဥပဒေတွေနဲ့ အတူ သြဇာလွှမ်းမိုးရေး ကြိုးပမ်းမှုဟာ အနောက်အုပ်စု ပတ်ဝန်းကျင်မှာပဲ လွှမ်းမိုးခဲ့တယ်။ သို့ပေမယ့် ဟန်ချက်ရွေ့သွားတဲ့အခါမှာတော့ အဆိုပါ ဝါရှင်တန်ရဲ့ စည်းမျဥ်းဥပဒေတွေနဲ့ ချုပ်ကိုင်ရေးဟာ တအိအိနဲ့ ပြိုလဲကျ သွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာလည်း ၎င်းရဲ့ ကိုယ်ပိုင် ကမ္ဘာလုံးဆိုင်ရာ ပရိုဂျက်စီမံကိန်းကို စိတ်ကုန်သွားပုံ ရပါတယ်။
အမေရိကန်တွေဟာ အရှေ့အလယ်ပိုင်း ရန်ပွဲတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းတွေ အတွင်းမှာ အားအင် ကုန်ခန်းကာ အကျိုးမဲ့ ဖြစ်ခဲ့ရပြီးနောက်မှာ (Sheriff) ခေါ် ပုလိပ် အလုပ်ကို ငြီးငွေ့လာခဲ့တယ်။ ၂၀၁၃-၁၄ ခုနှစ်တွေတုန်းက ဆိုရင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ ဆီးရီးယား အာဏာရှင် ဘာရှား အယ်လ်အာဆတ်က သူ့ပြည်သူတွေကို ဓာတု လက်နက်တွေနဲ့ တိုက်ခိုက်နေတာကို ပြင်းပြင်းထန်ထန် သတိပေးတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါ့အပြင် ယူကရိန်းကို ပထမအကြိမ် ကျူးကျော်စဥ်တုန်းကလည်း မဆိုသလောက်သာ လုပ်ဆောင်ခဲ့ပါတယ်။
ပင်ပန်းနွမ်းနယ်မှုရဲ့ နောက်မှာ စိတ်ပျက် ဒေါသထွက်မှုများ ကပ်ပါလာခဲ့တယ်။ အမေရိကန် နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ရပ်စလုံးမှ နိုင်ငံရေးသမားများက အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေး စနစ်အတွက် တာဝန်ယူရမှု များလွန်းနေပြီး မဟာမိတ်နိုင်ငံများက (အမေရိကန်အပေါ်) ရေသာခိုလိုက်နေကြခြင်းကြောင့် အကျိုးအမြတ် ရသင့်သလောက် မရပဲ အမေရိကန်အနေနဲ့ ရင်းနှီးထားရသလောက် ရလဒ် အနည်းငယ်သာ ရရှိကြောင်း ငြင်းခုံ ထောက်ပြ လာကြသည်။
တရုတ်နိုင်ငံ အရှိန်အဟုန်ပြင်းစွာနဲ့ မြင့်တက်နေမှုက လက်ရှိ စနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဆန့်ကျင် နေသူများဟာ အကျိုးစီးပွားပိုဖြစ် နေပြီလားဆိုတဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ ပွင့်လင်းပြီး မျှတတဲ့ ကမ္ဘာ့စီးပွားရေးက အမေရိကန် ပြည်ထောင်စုရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ကလီစာတွေကို ထုတ်ယူပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပြိုင်ဘက်တွေကို ချမ်းသာ ကြွယ်ဝစေတယ် ဆိုတဲ့ ခံစားမှု ပေါ်ပေါက် လာပါတယ်။
စည်းမျဥ်း ဥပဒေ အခြေခံတဲ့ စနစ်ဟာ ၎င်းရဲ့ အကြီးမားဆုံး ကာကွယ်စောင့်ရှောက်သူအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု သို့မဟုတ် ဆိုးရွားတဲ့ လုပ်ဆောင်မှု အဖြစ် မြင်လာကြတယ်။ ယခုအခါမှာတော့ အဆိုပါ အစီအစဥ်ဟာ အကောင်အထည် ပေါ်မလာတဲ့ အတွက် ကျွန်ုပ်တို့ဟာ အချိန်ကာလ အသစ်တစ်ခုအတွင်းကို ရောက်ရှိနေပါပြီ။

ကျွန်ုပ်တို့ဟာ စည်းမျဥ်းဥပဒေ အခြေပြု စီးပွားရေးမှ အလွန်ဝေးကွာခဲ့ပါပြီ။ ကူးသန်း ရောင်းဝယ်ရေး နဲ့ မဟာဗျူဟာ ပြိုင်ဘက် တွေဟာ ထိုစနစ်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ခဲ့ကြပါပြီ။ နိုင်ငံတွေဟာ ကုန်သွယ်ရေးတိုက်ပွဲတွေကို မိမိတို့ရဲ့ သဘောအတိုင်း ဆင်နွှဲနေကြတဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဟာ ပျက်သုဥ်းလုနီးပါး ဖြစ်နေပါပြီ။ အစိုးရတွေက သော့ချက်ကျတဲ့ စက်မှုလုပ်ငန်းတွေလို စိုးမိုးထားခြင်း သို့မဟုတ် ယင်းတို့ကို နိုင်ငံခြားတိုင်းပြည်တွေရဲ့ ယှဥ်ပြိုင်မှုမှ ကာကွယ်ပေးခြင်းတွေ လုပ်နေတဲ့အတွက် ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပ ယှဥ်ပြိုင်မှုမှ အကာအကွယ်ပေးတဲ့ ဝါဒ (protectionism) ဟာ တိုးပွား ပြန့်နှံ့လျက်ရှိနေပါတယ်။
၂၀၂၅ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်း မပြုမီမှာပင် ပြည်ပ သွင်းကုန်တွေ အပေါ်မှာ ကောက်ခံတဲ့ အခွန်အခတွေနဲ့ ကုန်သွယ်ရေး လိမ်လည်လှည့်ဖြားမှုတွေမှာ မြင့်တက်နေခဲ့တယ်။
အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ဟာ စီးပွားရေးအရ အကျပ်ကိုင်မှုနဲ့ ပထဝီနိုင်ငံရေး ယှဥ်ပြိုင်မှု တွေရနဲ့ လက်နက် ကိရိယာတွေ အဖြစ်နဲ့ သော့ချက်ကျတဲ့ ထောက်ပံ့မှုကွင်းဆက်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းကြတယ်။ နိုင်ငံတွေဟာ တစ်ချိန်က လေးစားလိုက်နာခဲ့တဲ့ စည်းမျဥ်းတွေကို ဘေးချိတ်ပြီး အာဏာအတွက် ပဋိပက္ခ ဖြစ်နေကြတဲ့ အချိန်မှာတော့ ကမ္ဘာ့ စီးပွားရေး နယ်ပယ်ဟာ စစ်မြေတလင်း ဖြစ်လာပါတော့တယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက စနစ်ဟောင်းဟာ မညီမျှဘူးလို့ မကြာခဏဆိုသလို ခါးခါးသီးသီးပြောဆို တိုက်ခိုက်နေကြပေမယ့်လည်း ၎င်းတို့ဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု စီးဆင်းခြင်းတွေမှ ကြီးမားတဲ့ အမြတ်အစွန်းကို ရရှိနေပြီး မြင့်မားတဲ့ နံရံတွေ ကာရံထားတဲ့ ကမ္ဘာကြီးအတွင်းမှာ ပိုမိုအားကောင်းတဲ့ စီးပွားရေး ကြီးထွားမှု အလားအလာတွေနဲ့ ကြုံနေကြတာ ဖြစ်ပါတယ်။
ထို့အတူပါပဲ ကမ္ဘာကြီးရဲ့ လုံခြုံရေး ဝန်းကျင်အခြေအနေဟာလည်း ပိုပြီး ကသောင်းကနင်းဖြစ်လာတယ်။ စစ်အေးလွန်ခေတ် ငြိမ်းချမ်းရေးဟာ အဆုံးသတ်သွားခဲ့ပါပြီ။ နိုင်ငံအဆင့် အခြေခံ ပဋိပက္ခတွေဟာ ဆယ်စုနှစ်တွေအတွင်း ၎င်းတို့ရဲ့ အမြင့်ဆုံး အမှတ်ကို ရောက်ရှိခဲ့တယ်။ အမေရိကန်ပြည်ထောင်စု နဲ့ ရုရှားနိုင်ငံတို့ရဲ့ နျူကလီးယား သဘောတူညီချက် သို့မဟုတ် မြေမြှုပ်မိုင်း အသုံးပြုမှု ဆန်ကျင်တဲ့ သဘောတူညီချက်စတဲ့ လက်နက် ထိမ်းချုပ်ရေး လုပ်ငန်းဘောင်တွေဟာ ဖြည်းဖြည်းချင်း ပြိုကျပျက်စီး နေပါပြီ။
တရုတ်နိုင်ငံမှသည် ရဝမ်ဒါ နိုင်ငံအထိရှိ နိုင်ငံတွေဟာ ၎င်းတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေ အပေါ် ကျူးကျော်ဝင်ရောက်ကြတဲ့ ဖြစ်ရပ်တွေက နယ်မြေချဲ့ထွင်မှုဟာ သမားရိုးကျ ဖြစ်နေပြီဆိုတာကို ပြသနေပါတယ်။ အဆိုပါ စိုးရိမ်ထိပ်လန့်စရာကောင်းတဲ့ ဦးတည်ရာ လမ်းကြောင်းမှာ စံနမူနာ အမြောက်ဆုံးသော ဥပမာကတော့ ရုရှားနိုင်ငံက ယူကရိန်းကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ပါပဲ။ ဒါ့အပြင် နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လေးစားမှုဟာ ကျဆင်းလာပြီး နိုင်ငံအချင်းချင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဘယ်အရာကိုမဆို အဆုံးအဖြတ် ပေးနိုင်ခွင့် ရှိတယ်ဆိုတဲ့ အသိအမြင်ဟာလည်း တစ်မူ ထူးခြား နေပါတယ်။
နယ်နိမိတ်များကို လေးစားလိုက်နာမှု တစ်ခုတည်းသာ အကျပ်အတည်း ကြုံနေရသည့် စံနှုန်းမဟုတ်ပါ။ မိမိတို့၏ အုပ်ချုပ်သူများ ကိုယ်တိုင်၏ ဖိနှိပ်ညှဉ်းပန်းမှုကို ခံနေရသော ပြည်သူများကို “ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်” ဟု တစ်ချိန်က နိုင်ငံတကာ ခေါင်းဆောင်များက ကြွေးကြော်ပြောဆိုခဲ့ကြသည့် နေ့ရက်များသည်လည်း ကုန်ဆုံးသွားခဲ့ပြီ။
အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်သူတွေဟာ ဒဏ်ခတ်မခံရပဲ လွတ်ငြိမ်းခွင့် ရနေတဲ့ အဖြစ်တွေဟာ တိုးပွား လာနေပါတယ်။ အင်အားကြီးမားတဲ့ အာဏာရှင်တွေဟာ ၎င်းတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မဆိုသလောက်သာ ပြန်လည်ပေးဆပ်ရပါတယ်။ ဥပမာ တရုတ်နိုင်ငံဟာ အူဂါမျိုးနွယ်စုတွေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ဖိနှိပ်နေပေမယ့်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေရဲ့ သာမန်ကာလျှံကာ မေးမြန်း စောကြောမှုလောက်ကိုသာ ခံရပါတယ်။ အာဏာရှင်တွေက ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့ကို ဝေဖန်သူတွေကို မီးခိုးကြွက်လျှောက် လိုက်ကာ ဖမ်းဆီးနေတဲ့ အထိ နိုင်ငံ ဖြတ်ကျော် ဖိနှိပ်မှုတွေဟာလည်း မြင့်တက်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးများကို ရှင်သန် ကြီးထွားအောင် လုပ်နေတဲ့ အချိန်မှာပဲ လွတ်လပ်စွာ ရေကြောင်းသွားလာမှာဟာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးမှာ တင်းမာစွာ ဆက်ဆံလျက်ရှိပါတယ်။ ဟူသီသူပုန်တွေက ပင်လယ်နီအတွင်းမှာ သွားလာ ခုတ်မောင်းနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေပါတယ်။ ရုရှားနိုင်ငံက မြောက်ဘက်ပင်လယ် ရေကြောင်းလမ်း အပေါ်မှာ မိမိတို့ အချုပ်အခြာ ပိုင်တယ်လို့ ကြေညာပါတယ်။ ထိုအရာတွေနဲ့အတူ အီရန်နိုင်ငံရဲ့ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှု အပါအဝင် အရာအားလုံးဟာ သားရဲမင်းရဲ စီးနေတဲ့ လောဘသားတွေက ပင်လယ်ပြင်တွေကို ဝိုင်းပတ်ပိတ်ဆို့ဖို့ လုပ်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာနိုင်ငံရေးတို့ဟာ မျဥ်းပြိုင်သဖွယ် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်နေပါတယ်။ စစ်အေးလွန်ခေတ် ဤကမ္ဘာကြီးမှာ အမေရိကန် ပြည်ထောင်စုဟာ အခြေအနေတွေ ဆိုးဆိုးဝါးဝါး မဖြစ်အောင် ထိန်းညှိပေးတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နေတာပါ။
တကယ်တော့ ယခုအခြေအနေတွေဟ အပြည့်အဝ မင်းမဲ့ဝါဒကို ရောက်ရှိနေတာတော့ မဟုတ်ပါဘူး။ စည်းမျဥ်းစည်းကမ်း အခြေခံ အစီအစဥ်ဟာ ခေတ်သစ် အင်ပါယာခေတ်ကို ဦးတည်စေပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ပေါ်လစီ ချမှတ်သူတွေအတွက် လွှမ်းမိုးမှု ရရှိအောင် လုပ်တဲ့ လုပ်ဆောင်မှုတွေဟာ ခွင့်မပြုနိုင်တဲ့ ခေတ်နောက်ပြန်ဆွဲမှုဝါဒတွေပဲ ဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ပြောဆိုခဲ့တယ်။
သို့ပေမယ့် တရုတ်နိုင်ငံဟာ ၎င်းရဲ့ နယ်နိမိတ်နဲ့ ဟိမဝန္တာဒေသမှ အရှေ့တရုတ်ပင်လယ် အထိ တစ်နံတစ်လျှား ကြီးမား ကျယ်ပြော တဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ အစွန်အဖျား ဒေသတွေအထိ ၎င်းရဲ့ အစဥ်အလာ လွှမ်းမိုးမှုကို တည်ဆောက်နေပါတယ်။ ထိုနိုင်ငံဟာ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ကြီးမားတဲ့ နယ်မြေတစ်ခွင်တစ်ပြင်ကို ဝိုင်းပတ်ကာ ဒီဂျစ်တယ် ပိုင်နက် နယ်ပယ် တစ်ရပ်လည်း ထူထောင်နေပါတယ်။
ရုရှားနိုင်ငံဟာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပ တို့ရဲ့ တစ်ချို့ အစိတ်အပိုင်းတွေမှာ ၎င်းရဲ့ သြဇာ အာဏာထူထောင်ရေးအတွက် မဟာဗျူဟာဆိုင်ရာ အကျင့်ပျက်မှုတွေကို အသုံးပြုကာ ရက်စက်တဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်။ တူရကီနိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့ဟာ အာဏာရှင်ဟောင်း အာဆတ် အလွန် ဆီးရီးယားနိုင်ငံကို ထိထိရောက်ရောက်ပဲ ထွင်းထု ပုံဖော် နေကြပါတယ်။ အင်ကာရာ (တူရကီ) ဟာ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာ အော့တိုမန်အင်ပါယာ ပြန်လည် ပေါက်ပေါက်လာဖို့ နည်းလမ်းရှာနေပါတယ်။
ထို့နောက်မှာတော့ ဝါရှင်တန်ရဲ့ အင်ပါယာထူထောင်ရေး ရည်ရွယ်ချက်ဟာ ပြန်လည်နိုးထလာတာတွေ့ရတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံကို သူ့ရဲ့ အစေအပါးနိုင်ငံအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပြီး လက်တင်အမေရိက ကမ္ဘာလုံးခြမ်း တစ်ခုလုံးဟာ သူ့ရဲ့ စိုးမိုးမှုအောက်မှာ ရှိနေတယ်လို့ ပြောဆိုခဲ့တယ်။ ယင်းဟာ ယူရေးရှန်း (ဥရောပ-အာရှ) အစွန်အဖျား ဒေသတစ်ဝိုက်မှာ ရှိတဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လက်ဆောင်ပဏ္ဏာ ဆက်သမှု အစစ်အမှန်ပါပဲ။
မိမိရဲ့ တိုင်းပြည်တွင်းမှာ အခိုင်အမာ အဖွဲ့အစည်းတွေ ပြိုကွဲနေမှုက ပြည်ပမှာလည်း သတ်မှတ်ချက် စံနှုန်းတွေကို ပျက်ပြား စေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအကြားကဆိုရင် အမေရိကန် ပြည်ထောင်စု သမ္မတစ်ဦးဟာ ဒီမိုကရက်တစ် အင်စတီ ကျူးရှင်း တွေရဲ့ လာလတံ့သော အောင်မြင်မှုကို အမွှန်းတင် ပြောဆိုခဲ့ကြတယ်။ ယခုအခါမှာတော့ ဒီမိုကရက်တစ်တွေ တစ်ဝက် တစ်ပျက် ဒီမိုကရက်တွေနဲ့ အာဏာရှင်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ထရမ့်၊ ပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်၊ ဒီနောက် အိန္ဒိယခေါင်းဆောင် မိုဒီနဲ့ တူရကီခေါင်းဆောင် ရီဆက်တေယစ်ပ် အာဒိုဂန်တို့ဟာ ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာအပေါ် ကန့်သတ်ချက် တွေကို ပယ်ဖျက်ခဲ့ကြတယ်။
သူတို့ဟာ စွမ်းရည် ထက်မြက်တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အင်အားနဲ့ သြဇာတိက္ကမအပေါ်မှာ အခြေပြုကာ လူပုဂ္ဂိုလ် အခြေခံ နိုင်ငံရေးကို တည်ဆောက်ကြပါတယ်။ ရှိဟာ အာဏာသက်တမ်း ကန့်သတ်မှုကို ဖျက်သိမ်းခဲ့တဲ့အတွက် သူဟာ တရုတ်နိုင်ငံ ပြန်လည်အားကောင်း ဖွံ့ဖြိုးလာစေမယ့် မျိုးဆက်ဆိုင်ရာ မဟာဗျူဟာကို ဆောင်ရွက်နိုင်ခဲ့တယ်။
ထရမ့်ဟာ အပြန်အလှန် စစ်ဆေး ထိန်းညှိရေးမူကို အထင်သေးခဲ့မှုကြောင့် အခွန်အကောက်စစ်ပွဲတွေ လိမ်လည်လှည့်ဖြားတဲ့ စီးပွားရေး အပေးအယူ သဘောတူညီချက်တွေနဲ့ မယုံနိုင်ဖွယ်ရာ ကောင်းတဲ့ အင်အားသုံး စွဲမှုတွေကို ဖြစ်စေခဲ့တယ်။ ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံတကာ နိုင်ငံရေးတို့ဟာ မျဥ်းပြိုင်သဖွယ် ပြောင်းလဲ ဖြစ်ပေါ် နေတယ်။ စည်းမျဥ်း ဥပဒေတွေရဲ့အလွန် ကမ္ဘာကြီးမှာ အမေရိကန်ပြည်ထောင်စုဟာ ဆိုးဆိုးရွားရွား ဖြစ်မလာအောင် ထိန်းသိမ်းပေးသူနေရာမှ ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။
တရားမျှတမှုရှိအောင် ပြောရမယ် ဆိုရင်တော့ ထရမ့်ရဲ့ မှတ်တမ်းဟာ စည်းမျဥ်းတွေကို ဖောက်ဖျက်ရုံ သက်သက်သာ မဟုတ်ပါဘူး။ သူတာဝန်ယူတဲ့ ကာလမှာ အမေရိကန် ပြည်ထောင်စုရဲ့ စစ်တပ်ဟာ လွတ်လပ်စွာရေကြောင်း သွားလာရေးကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေနဲ့ အီရန်နိုင်ငံတို့လို ဆိုးသွမ်းတဲ့ နိုင်ငံတွေနဲ့ စစ်ပွဲတွေ ဆင်နွှဲနေရပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက နျူးကလီးယားလက်နက် မပျံ့ပွားရေးအတွက် အီရန်နိုင်ငံရဲ့ နျူးကလီးယားစက်ရုံတွေကို တိုက်ခိုက် ဖျက်စီး ခဲ့တယ်။
ထရမ့်အစိုးရဟာ အာဖရိက ဆာဟာရအောက်ပိုင်းဒေသမှ အရှေ့တောင်အာရှ ဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြားဝင်ဆောင်ရွက်ခဲ့တယ်။ ထရမ့်အစိုးရဟာ ကာရာကတ်စ် (ဗင်နီဇွဲလားနိုင်ငံ)။ ဟာဗာနာ (ကျူးဘား)နဲ့ တီဟီရန် (အီရန်) နိုင်ငံတွေမှာရှိတဲ့ ဆိုးသွမ်းအစိုးရတွေကိုလည်း ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ခဲ့တယ်။
ဒါပေမဲ့ သမ္မတထရမ့်ရဲ့အစိုးရဟာ ရုရှားနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံဖို့အတွက် ချီတုံချတုံ ဖြစ်နေပါတယ်။ သူနဲ့ သူ့ရဲ့အကြံပေးတွေက အကယ်၍ သမ္မတဟာ လူ့ကျင့်ဝတ်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို စည်းကမ်းသတ်မှတ်ပေးသူ မဟုတ်ခဲ့ရင်တော့ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်တဲ့ ကမ္ဘာကြီးမှာ အသက်ရှင်ကျန်ရှိရေးအတွက် ပေးရတဲ့ အဖိုးအခဟာ ရက်စက်ကြမ်းကြုတ်မှုပဲ ဖြစ်တယ်လို့ စောဒက တက်ကြပါတယ်။
ကမ္ဘာကြီးရဲ့ စည်းမျဥ်းစည်းကမ်းတွေ အပေါ်မှာ အစွဲအလန်းကြီးတဲ့ မဟာအင်အားကြီးနိုင်ငံဟာ သူ့ကို မထေမဲ့မြင် ပြုနေတဲ့ ရန်သူတွေရှေ့မှာ သူဟာသူ လက်နက်ဖြုတ်သိမ်းလိုက်ပါတယ်။
တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာပဲ ဝါရှင်တန်ကလည်း မလိုက်နာပါ နိုင်ပါဘူး။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အစိုးရတွေနဲ့ အကြမ်းဖက်ဝါဒကို ထောက်ခံသူတွေ သို့မဟုတ် ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံးလက်နက်တွေကို ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေသူတွေကို နိုင်ငံတကာ ဥပဒေတွေက အကာအကွယ် ပေးတာမျိုးကို ခွင့်မပြုသင့်ပါဘူး။
ဒီနေရာမှာ ထိုကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောစရာရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ရပ်ကို တည်ဆောက်ဖို့ အတွက် လိုအပ်တာ ကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ၎င်းရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အတွက် ပိုင်းဖြတ်မှုရှိရပါမယ်။
ပြဿနာကတော့ ထရမ့်ဟာ စနစ်ဟောင်းကို ကျဆုံးသွားအောင် ဆုတ်ဖြဲပစ်နေတဲ့ ပြန်လည်ပြင်ဆင်ရေး သမားလား သရုပ်ဆောင်တွေနဲ့အတူ သွယ်ဝိုက်သော နည်းလမ်းနဲ့ ဖြစ်စေ ပေါ်ပေါ်ထင်ထင်ဖြစ်စေ ဘုံကိစ္စရပ်အဖြစ် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။
ကိုးကား – How to Survive in a World Without Rules, Foreign Policy


