(ပုံစာ) ၂၀၂၆ နိုဝင်ဘာလ၌ တရုတ်နိုင်ငံ ရှင်ကျန်းမြို့တွင်ကျင်းပမည့် APEC ဒစ်ဂျစ်တယ်ဆိုင်းဘုတ်ရှေ့မှ လူများ ဖြတ်လျှောက် သွားကြစဥ်။ (photo credit: SCMP)
လာမည့် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့သည် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့၏ စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအတွင်း သီးခြား တွေ့ဆုံကြမည်ဟု မျှော်လင့်ရသည်။
အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များ သုံးလအတွင်းနှစ်ကြိမ် ထိပ်သီးတွေ့ဆုံခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် ရှားပါးသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။
၂၀၂၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သော စက်တင်ဘာလ ထိပ်သီးအစည်းအဝေးတွင် အထူးအလေးထား ဆွေးနွေး ခဲ့သည့် အကြောင်းအရာတစ်ခုမှာ ဉာဏ်ရည်တုနည်းပညာ ဖြစ်သည်။
ယခုအခါ AI နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ဆွေးနွေးရန် သီးခြားဆွေးနွေးရေးလမ်းကြောင်းတစ်ခု ရှိလာပြီဖြစ်သည်။ သို့သော် AI ပြိုင်ဆိုင်မှု၏ စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို ဆွေးနွေးရန် အလားတူ အမေရိကန်-တရုတ် ပူးတွဲမူဘောင်တစ်ခုကိုမူ မတည်ဆောက်ရသေးဟု ဆိုသည်။
မေလအတွင်း ထရမ့်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ် သွားရောက်စဉ် ခေါင်းဆောင် နှစ်ဦးသည် အစိုးရအချင်းချင်း AI ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။
စက်တင်ဘာလတွင် နယူးယောက်နှင့် ဝါရှင်တန်မြို့တို့၌ ကျင်းပခဲ့သော အဋ္ဌမအကြိမ် စီးပွားရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲအတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ‘စကော့ ဘက်ဆန့်’ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ‘ဂျေမီဆန် ဂရီးယား’နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် ‘ဟဲလီဖုန်း’တို့သည် ထိုမူဘောင်အောက်တွင် ပထမဆုံး AI ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် AI နှင့်ပတ်သက်သည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပါက အချင်းချင်း သတင်းအချက်အလက် ဖလှယ် ဆက်သွယ် နိုင်မည့် လမ်းကြောင်းတစ်ခု ထူထောင်ရန် သဘောတူခဲ့ကြသည်။ ထို့ပြင် နိုဝင်ဘာလမကုန်မီ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ကျင်းပရန်လည်း စီစဉ်ခဲ့ကြသည်။
ရှင်ကျန်းမြို့တွင် ရရှိနိုင်သည့် အခွင့်အရေး
ရှင်ကျန်းမြို့၌ နိုဝင်ဘာလတွင် ကျင်းပမည့် APEC ထိပ်သီး အစည်းအဝေးသည် ဤပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရန် ထူးခြားသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
APEC စီးပွားရေးအကြီးအကဲများ ထိပ်သီး အစည်းအဝေးသို့ စီးပွားရေးလုပ်ငန်းခေါင်းဆောင် ၁,၀၀၀ ခန့် တက်ရောက် လိမ့်မည်ဟု မျှော်လင့်ထားသည်။ AI သည် အစည်းအဝေး၏ တရားဝင် အစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး “ရှင်ကျန်း ပဏာမ အစီအစဉ်” (Shenzhen Initiative) ကိုလည်း ထုတ်ပြန်မည်ဖြစ်သည်။
APEC အစည်းအဝေးတွင် အောက်ပါ ရလဒ်သုံးခု ရရှိရေးကို အဓိကထား ဆောင်ရွက်သင့်သည်ဟု သုံးသပ်ထားကြသည်။
“ပထမအချက်” – လိုအပ်နေသော AI စီးပွားရေးဆွေးနွေးမှုကို ရှင်ကျန်းမြို့တွင် စတင်ရန်
အမေရိကန်နှင့် တရုတ်တို့သည် လက်ရှိ AI ဆွေးနွေးရေးလုပ်ငန်းစဉ်တွင် ပျောက်နေသည့် အရေးကြီးသော အစိတ်အပိုင်းတစ်ခုကို ရှင်ကျန်းမြို့၌ စတင် ဖြည့်စွက် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။
တရားဝင် AI ဆွေးနွေးပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်သည်။ ထို့ကြောင့် APEC ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံသည် AI စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများကို ပုံမှန်ပြုလုပ်နိုင်မည့် အမြဲတမ်းယန္တရားတစ်ခု စတင်တည်ထောင်သင့်သည်ဟု ဆိုထားသည်။ ဤယန္တရားကို သုတေသနအဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များက ပံ့ပိုးပေးနိုင်သည်။
ထို့ကြောင့် ပထမဆုံး AI စီးပွားရေးဆွေးနွေးပွဲကို APEC အစည်းအဝေးနှင့် တစ်ပြိုင်နက်တည်း ကျင်းပနိုင်သည်။ ယင်းကို အစိုးရဝန်ကြီးဌာနများက ဦးဆောင်ခြင်းထက် သုတေသနအဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်းအသင်းအဖွဲ့များက စီစဉ် ကျင်းပ သင့်သည်ဟု ဆိုထားသည်။
“ဒုတိယအချက်” – ပို့ကုန်ထိန်းချုပ်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အနည်းဆုံးသဘောတူညီချက်တစ်ခု ရရှိရန်
အမေရိကန်နှင့် တရုတ်တို့သည် ရှန်ကျန်းမြို့တွင် ပို့ကုန်ထိန်းချုပ်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအတွက် အနည်းဆုံး လက်ခံနိုင်သည့် စည်းမျဉ်းတစ်ခုကို သဘောတူသင့်သည်။ ဤကဲ့သို့သော အခြေခံကျသည့် ကိစ္စရပ်များအပေါ် တရားဝင်ညှိနှိုင်းနေကြောင်း နှစ်ဖက်စလုံးက လူသိရှင်ကြား ဖော်ပြရန် ခက်ခဲနိုင်သည်။
သို့သော် သီးသန့်ဆွေးနွေးပွဲတစ်ခုတွင် မိမိတို့ လက်မခံနိုင်သည့် အချက်များနှင့် အနီရောင်မျဉ်းများ (Red Lines) ကို အပြန်အလှန် ရှင်းလင်းပြောဆိုနိုင်သည်။
အကျပ်အတည်းအများစုသည် တမင်တကာ ရန်လိုမှုကြောင့် ဖြစ်ပေါ်လာခြင်းထက် တစ်ဖက်၏ ရည်ရွယ်ချက်ကို တစ်ဖက်က မှားယွင်းနားလည်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည်။ ထိုသို့ မှားယွင်းနားလည်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ကာကွယ်ရန် ကုန်ကျစရိတ်အနည်းဆုံး နည်းလမ်းမှာ အချိန်မီ ပြောဆိုထားသည့် ရှင်းလင်းသော စကားတစ်ခွန်းပင် ဖြစ်နိုင်သည်။
“တတိယအချက်” – အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်
အမေရိကန်နှင့် တရုတ်တို့သည် မိမိတို့၏ အဓိက ပြိုင်ဆိုင်မှု နယ်ပယ်အပြင်ဘက်ရှိ ပူးပေါင်းဆောင်ရွက်နိုင်သော ကဏ္ဍများ ကိုလည်း ပိုမိုအလေးထားသင့်သည်။ ဥပမာအားဖြင့် တတိယနိုင်ငံများတွင် AI နည်းပညာကို အသုံးချရာ၌ လိုက်နာသင့်သည့် စံနှုန်းများကို ပူးပေါင်းသတ်မှတ်နိုင်သည်။
ထိုစံနှုန်းများတွင် – – –
- အချက်အလက်များကို စီမံခန့်ခွဲခြင်းနှင့် ကာကွယ်ခြင်း။
- AI နည်းပညာ၏ ဘေးကင်းလုံခြုံမှုကို အကဲဖြတ်ခြင်း။
- AI ကြောင့် အလုပ်အကိုင်များ လျော့နည်းပျောက်ကွယ်လာနိုင်သည့် ပြဿနာကို ကိုင်တွယ်ခြင်း
စသည်တို့ ပါဝင်နိုင်ဖွယ်ရှိသည်။
ဤကိစ္စရပ်များသည် အမေရိကန်နှင့် တရုတ်တို့၏ အကျိုးစီးပွားကို အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်စေသည် မဟုတ်ပေ။ အမှန်တကယ်တွင် နှစ်ဖက်စလုံးက ယူဆထားသည်ထက် အကျိုးစီးပွားချင်း ထိပ်တိုက်မတွေ့သည့် အခြေအနေများက ပိုမို များပြားသည်။
ရှန်ကျန်းမြို့တွင် APEC ၏ “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒပူးပေါင်းဆောင်ရွက်ရေး မူဘောင်” (Policy Partnership on Science, Technology and Innovation) အောက်၌ တာဝန်ယူမှုရှိသော AI အသုံးပြုရေးဆိုင်ရာ ဆွေးနွေးမှုများကို ယခင် ကတည်းက ကျင်းပခဲ့ဖူးသည်။
ထို့ကြောင့် ဝါရှင်တန်နှင့် ပေကျင်းတို့က ဒေသတွင်းနိုင်ငံများအကြား မျှဝေလိုက်နာနိုင်မည့် စံနှုန်းများကို ထောက်ခံကြောင်း ပူးတွဲထုတ်ပြန်နိုင်ပါက ကုန်ကျစရိတ်နည်းပါးပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ယင်းသည် APEC စီးပွားရေး အကြီးအကဲများ ထိပ်သီးအစည်းအဝေး၏ ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီသည်။
ထို့အပြင် အမေရိကန်နှင့် တရုတ်တို့ သတ်မှတ်ထားသည့် စံနှုန်းများ အပြိုင်အဆိုင်ဖြစ်ပေါ်နေခြင်းမှ အခြားနိုင်ငံများက အခွင့်အရေးယူ၍ အကျိုးအမြတ်ရှာဖွေသည့် အခြေအနေကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
အချိန်က သိပ်မကျန်တော့
AI ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခွင့်ပြုခြင်းသည် ဝါရှင်တန် အတွက် အလျှော့ပေးခြင်း မဟုတ်ပေ။ ယင်းသည် ဖြေရှင်းရမည့် တာဝန်အချို့ကို သက်ဆိုင်ရာကဏ္ဍများထံ ခွဲဝေပေးခြင်းသာ ဖြစ်သည်။
စက်မှုလုပ်ငန်းခေါင်းဆောင်များနှင့် ပညာရှင်များက ဆွေးနွေးရေးတွင် အဓိကပါဝင်မည်ဖြစ်သောကြောင့် အမေရိကန်အစိုးရသည် ကတိကဝတ်အသစ်များ ထပ်မံပေးရန် မလိုအပ်ပေ။
တစ်ချိန်တည်းတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် AI လုပ်ငန်းကဏ္ဍ၏ ဘဏ္ဍာရေး တည်ငြိမ်မှုအခြေအနေကို ပိုမိုနားလည်သိရှိလာနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံအတွက်လည်း ဤဆွေးနွေးပွဲသည် အကျိုးရှိနိုင်သည်။
ပေကျင်းအနေဖြင့် တရုတ်၏ AI နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးသည် စစ်ရေးစီမံကိန်းတစ်ခုထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တစ်ခု ဖြစ်ကြောင်း ကာလကြာရှည် ပြောဆိုလာခဲ့သည့် ရပ်တည်ချက်ကို ပိုမိုခိုင်မာစေနိုင်သည်။
ထို့အပြင် အရင်းအနှီးအမြောက်အမြား လိုအပ်နေသော တရုတ် AI လုပ်ငန်းကဏ္ဍအနေဖြင့် ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်အောင် မလုပ်သင့်ကြောင်း ဆွေးနွေးတင်ပြနိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။
ထိုသို့ တင်ပြရာတွင် သံတမန်ရေး ဆိုင်ရာ အကြောင်းပြချက်များထက် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ အကြောင်းပြချက် များကို အဓိကထား အသုံးပြုနိုင်သည်။ ဤဆွေးနွေးမှုမှ ပူးတွဲကြေညာချက် သို့မဟုတ် တရားဝင် ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ် လာရန် မလိုအပ်ပေ။
အဓိက ရည်ရွယ်ချက်မှာ ဆွေးနွေးမှုကို ပုံမှန်ဆက်လက်ပြုလုပ်ရန် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ရေရှည် တည်တံ့ နိုင်သော AI ပြိုင်ဆိုင်မှုဆိုသည်မှာ မည်သို့သောပုံစံမျိုး ဖြစ်သင့်သည်ကို နှစ်ဖက်စလုံးက အပြန်အလှန် နားလည်နိုင်မည့် ဘုံဝေါဟာရနှင့် အမြင်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့သော် အရင်းအနှီးဈေးကွက်များသည် စောင့်ဆိုင်းနေတော့မည် မဟုတ်ပေ။
အမေရိကန်နှင့် တရုတ်တို့၏ AI လုပ်ငန်းကဏ္ဍများကို ဈေးကွက်က ယခုအချိန်ကတည်းက ပြန်လည် တန်ဖိုး သတ်မှတ်နေပြီ ဖြစ်သည်။ AI ရင်းနှီးမြှုပ်နှံမှု ပူဖောင်း အလွန်အကျွံကြီးထွားလာခြင်းကို ကြိုတင်တားဆီးနိုင်ရန် အမေရိကန်နှင့် တရုတ်တို့တွင် အခွင့်အရေး ရှိနေသေးသည်။ သို့သော် ထိုအခွင့်အရေးအတွက် အချိန်ကာလသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည်။
အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ဝါရှင်တန်မြို့ရှိ နိုင်ငံရေးအုပ်စုများအကြား သဘောထား ကွဲလွဲမှုများ ပိုမိုပြင်းထန်လာနေသည်။
ထိုအချိန်မှစ၍ AI ပြိုင်ဆိုင်မှုကို စနစ်တကျ မထိန်းချုပ်နိုင်ဘဲ လစဉ်နှင့်အမျှ အချိန်ကုန်ဆုံးသွားခြင်းသည် ပေကျင်းအနေဖြင့် AI ပြိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်များ ချမှတ်သင့်ကြောင်း ထောက်ခံသည့် အကြောင်းပြချက်များကို ပိုမို ခိုင်မာလာစေမည် ဖြစ်သည်။
References:
- What the US and China Should Discuss at APEC, ‘The Diplomat’, By Dingding Chen and Lu Qi, October 12, 2026
- Big Tech earnings to test AI boom amid market turmoil, By Aditya Soni, Reuters, October 27, 2026
- Examining China’s AI Financing, Report September 17, 2026, Rhodium Group.



