နွေနေပူရှိန်းရှိန်းအောက်မှ ကြွေကျသွားသော သစ်ရွက်ခြောက်များ၊ မိုးစက်အောက်တွင် တရွေ့ရွေ့ ကူးပြောင်းသွားသော သစ်တော၏ အရောင်အသွေး၊ ထို့နောက် ဆောင်း၏ နှင်းငွေ့ကြားတွင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသော ခြေရာများ။ လောကကြီး၏ အချိန်ဆိုသည့် တူရိယာသံစဉ် အတိုင်း အေးဆေးတည်ငြိမ်စွာတီးခတ်ရင်းဖြင့် ရှင်သန် နေမှုများကို ဖျော်ဖြေလျှက် ရှိသည်။
သို့သော်လည်း ထိုသံစဉ်များကြားတွင် လူတို့သည် ကိုယ့်အတ္တ မီးတောက်၏ အပူဒဏ်ကြောင့် တရံတဆစ်မျှသာ သတိရအား ကြ၏။ မြင့်မားသော တံတိုင်းကြီးများနောက်တွင် ပိတ်လှောင်ခံထားရ သော ကလေးတစ်ယောက်နှယ်။ ဒီရေသည် အချိန်တန်လျှင် တက်မည်၊ အချိန်တန်လျှင် ကျမည်။ ဤသည်တွင် ကမ်းခြေ၌ သဲရုပ်ထုဆောက်နေသော ကလေးငယ်တစ်ဦးက ထိုသဲရုပ်ထုကို “ငါ့အိမ်၊ ငါ့ရတနာ” ဟု စွဲလမ်းနေသကဲ့သို့ပင်။ လူတို့သည်လည်း မမြဲသော ရာထူး၊ အာဏာ၊ စည်းစိမ်နှင့် ရုပ်ရည်တို့ကို သဲရုပ်ထု ကဲ့သို့ အပိုင်ကိုင်ထားချင်ကြသည်။ ဒီရေတက်လာပြီး သဲရုပ်ထု ပျက်စီး သွားသည့်အခါမှသာ ညည်းတွားကြ၏။ အမှန်စင်စစ်မူ ရေတက်၊ ရေကျခြင်းသည် ကမ်းခြေ၏ အလှတရားဖြစ်ခြင်းကို မေ့လျော့နေကြသည်။
ခေတ်သစ် လူမှုဗေဒပညာရှင် ဟားတမုသ် ရိုဆာ (Hartmut Rosa) က သူ၏ Alienation and Acceleration ကျမ်းတွင် “လူမှု အဖွဲ့အစည်း၏ အရှိန်အဟုန် လွန်ကဲလာမှုသည် အာကာသ၊ အချိန်နှင့် သဘာဝကမ္ဘာကြီးထံမှ နက်နဲသော စိတ်ဝမ်းကွဲ တိမ်းစောင်းမှုကို ဖြစ်ပေါ်စေသည်” ဟု ထောက်ပြခဲ့သည်။ သဘာဝတရား၏ အချိန်သည် အေးငြိမ်းစွာ စီးဆင်းနေသော်လည်း လူတို့မှာ အချိန်နှင့်အမျှ အလျင်စလိုပြေးလွှားနေရသည်။ တချိန်က နွားလှည်း၊ မြင်းတို့ဖြင့် ခရီးအမြန်ဆုံးသွားနိုင်ခြင်းမှ သည် ယနေ့စက်မှုထွန်းကားသောခေတ်တွင် တစ်နေရာမှ တစ်နေရာသို့ အမြန်ဆုံး သွားနိုင်ဖို့ကိုသာဦးတည်ကြိုးပမ်းလာခဲ့ကြသည်။ အချိန် တစ်နာရီ (မိနစ် ၆၀) ဖြင့်ရောက်မည့် ခရီးကို အချိန် မိနစ် ၃၀ လောက်ဖြင့် သွားနိုင်အောင်ကြိုးစားကြသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် သွားလာနိုင်ခြင်းကို လုပ်နိုင်သည်ကိုက ခေတ်စားမှုတစ်ခု ဖြစ်လာနေသည်မှာ စက်မှုတော်လှန်ရေး ခေတ်မှစ၍ ဆိုလျှင် ရနိုင်ပေသည်။
မှတ်မိသေးသည်။ ကျနော်က ငယ်စဉ်ကတည်းက ခရီးသွားလာရခြင်းကို နှစ်သက်သူ ဖြစ်မှန်းမသိဖြစ် ခဲ့ဖူးသည်။ ထိုကြောင့် အိပဲ့အိပဲ့နှင့် ခရီးသွားနေရင်း မီးရထား မီးပေါင်ကျ၍ လမ်းတွင် တစ်ထောက် နားရခြင်းမျိုး၊ ကား ဆီပျောက် မီးပျောက်ဖြစ်၍ ရောက်ရာနေရာတွင် အေးအေးလူလူ စောင့်နေရခြင်းမျိုးကို ကြုံခဲ့ဖူးသည်။ ကားနှင့်ပဲ ခရီးသွားသွား ၊ ရထားနှင့်ပဲ ခရီးသွားသွား အပြင်ကို ငေးကြည့်ခွင့်ရသည့် ပြတင်းပေါက် နေရာမျိုးတွင်သာ ထိုင်ချင်သည်။ ထိုသို့ ထိုင်ခွင့်မရလျှင်လည်း ကိစ္စမရှိ။ ထိုင်ခုံ တွင် မထိုင်တော့ပဲ အတက်အဆင်းအပေါက်ဝတွင် မတ်တပ်ရပ်လိုက်စီးသည်။ ထိုစဉ်က မြန်လွန်းလှသည့်ဆိုသည့် ယာဉ်များပေါ်ကပင် ပတ်ဝန်းကျင် ရှု့ခင်းကို တိတိပပ ခံစားနိုင်သေးသည်။ သို့သော်လည်း တဖြည်းဖြည်း အရှိန်အဟုန် ကောင်းလာသော ယနေ့ ခေတ်တွင် ထိုခံစားချက်မျိုး ပျောက်ဆုံးသွားသည်။ တရိပ်ရိပ်ဖြင့် ကျန်နေရစ်သည်မှာ ရုပ်ရှင်ပြသည့်အခါတွင် ဖလင်ကို ဆွဲရစ် လိုက်သလိုမျိုး ဖြစ်နေသည်။ ဤသို့ဖြစ်ခြင်းကို လူတိုင်းအလိုရှိကြသည်။ လူတိုင်း တောင့်တကြသည်။ လူတိုင်း မက်မော ကြသည်။ ခရီးစဉ်အတွင်း၌ ခေတ္တမျှ အဆင်မပြေမှု ရှိလာပါက ဒေါသထွက်ကြသည်။ စိတ်ဆိုးကြသည်။ ဤအဖြစ်အပျက်သည် ကျနော်တို့တတွေ သဘာဝနှင့်တဖြေးဖြေး ဝေးကွာလာနေကြောင်းကို သတိထားမိကြသူ နည်းလိမ့်မည်ဟု ထင်သည်။ သတိထားမိ ပါကလည်း ခေတ်အခြေအနေရပဲဟု မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ ထိုကြောင့်ပင် အက်ခ်ဟာတ် တိုလီ (Eckhart Tolle) က The Power of Now တွင် “အတ္တစိတ်သည် အတိတ်နှင့် အနာဂတ်တွင်သာ သက်ဝင် လှုပ်ရှားပြီး လက်ရှိ အခိုက်အတန့် (Now) တည်းဟူသော သဘာဝတရား ကို အမြဲတမ်း ငြင်းပယ်လေ့ရှိသည်”ဟု စိတ္တဗေဒ အမြင်ဖြင့် ဆိုခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဤနေရာတွင် တစ်ခု စဉ်းစားမိသည်က ထိုမျှအရှိန် အဟုန်ကောင်းကောင်းဖြင့် လှုပ်ရှားဖို့ လူသားများ ဆထက်တပိုး ကြိုးစား နေခြင်းသည် မည်သည်ကို ရည်ရွယ်ပါသနည်း ဆိုတာပင်ဖြစ်သည်။ အလုပ် အမြန်ပြီးရန်အတွက်လား။ ခရီး အမြန်ဆုံးရောက် နိုင်ရန်အတွက်လား။ မြေကမ္ဘာကြီး၏ ရင်နှစ်သည်းခြာ သယံဇာတများကို အတောမသတ် ထုတ်လုပ်နိုင်ရန် အတွက်လား။ သို့တည်းမဟုတ် ကျနော်တို့လူသား များအတွက် မည်သည့်နေရာတစ်ခုခုသို့ ရောက်နိုင်စေခြင်း အတွက်လား။ (ကောင်းမွန်သည့် သုခဘုံ တစ်ခုခုသို့ရည်ရွယ်လိုခြင်းဖြစ်သည်။ ) နောက်တစ်ခုထပ်သိချင်သည်က ဤသို့အရှိန်အဟုန်ဖြင့် စွမ်းအားမြင့် လှုပ်ရှားမှု များကြောင့် သဘာဝနိယာမဆွဲငင်အားတို့အပေါ် သက်ရောက်မှုတစ်စုံတစ်ရာ မရှိနိုင်ဘူးလား ဆိုသည့် အတွေးပင် ဖြစ်သည်။ ဥပမာအနေဖြင့် ပန်ကာတစ်လုံး၏ လှုပ်ရှားမှုကို ကြည့်မည်ဆိုလျှင် လျှင်မြန်စွာ လည်ပတ်နေမှုကြောင့် ပတ်ဝန်းကျင်တွင် လေလှိုင်းများ ဖြစ်ပေါ်စေသည်။ ထိုလေလှိုင်းများ အားကောင်းစေရန် ပန်ကာဒလက်များကို ဖန်တီးထားသဖြင့် ပတ်ဝန်းကျင်တွင် သက်ရောက်နိုင်မှု စွမ်းအားရှိနေသည်။ သို့ဆိုလျှင် ကမ္ဘာပေါ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် အရှိန်အဟုန်ဖြင့် သွားလာနေသည်ကို ပန်ကာတစ်ခုနှယ် ကြည့်မည်ဆိုလျှင် ထိုပန်ကာမှ လည်ပတ်မှု အရှိန်သည် မဖြစ်မနေ ကြိမ်းသေထွက် ရမည်ပင်။ ထိုအရှိန်သည် ကမ္ဘာတည်ရှိမှု နိယာမ တစ်ခုခုအပေါ် သက်ရောက်မှုမရှိဟု ဆိုလျှင် အတော်လေး စဉ်းစားရကျပ်သည့် ကိစ္စတစ်ရပ် သို့မဟုတ် အံ့ဩဖွယ်ရာ ကိစ္စတစ်ရပ်ဟု သတ်မှတ်နိုင်ပေလိမ့်မည်။
ကိုယ်မကျွမ်းကျင်သည့် ကိစ္စဖြစ်၍ စဉ်းစားရုံသာ တတ်နိုင်ပေသည်။ ဟုတ်ချင်လည်း ဟုတ်လိမ့်မည် မှားသည်လည်းဖြစ်နိုင်သည်။ သေချာသည်ကတော့ ထိုလှိုင်းလုံးများကြားတွင် အားလုံးနစ်မျောနေကြ ခြင်းအတွက် ကျေနပ်နေကြလိမ့်မည်ဟု မထင်။ အရှိန်အဟုန်၏ စီးကြောင်းထဲတွင် အသစ် အသစ်တို့က တစ်ခုပြီးတစ်ခု မရပ်မနား အချိန်မခြားပဲ ပေါ်ထွက်လာနေသည်။ တစ်စုံတစ်ခုကို ဆုပ်ကိုင်၍ မပူသေးခင်တွင် ထိုအရာ ထက်ကောင်းသည့်နောက်တစ်ခုက လိုချင်တပ်မက်ဖွယ်ရာ ဆွဲဆောင် နေပြန်သည်။

မတ်စ် ဝေဘာ (Max Weber) က ၁၉၀၅ ခုနှစ်ထုတ် The Protestant Ethic and the Spirit of Capitalism ကျမ်းတွင် အရင်းရှင် စနစ်နှင့် ဗျူရိုကရေစီ ယန္တရားများကြောင့် လူသားတို့၏ လွတ်လပ်ခွင့်နှင့် ဖန်တီးနိုင်စွမ်းများ ပျောက်ဆုံးကာ စနစ်ဆိုးအတွင်း ပိတ်မိလာပုံကို “သံလှောင်အိမ်” (Iron Cage)ဟု ဆိုခဲ့သည်။ ယနေ့ ၂၁ ရာစုတွင်လူတို့သည် အရှိန်အဟုန်ဖြင့် သွားနေသည့် သံလှောင်အိမ်ထဲတွင် ပိတ်မိနေသည်ဟု ဆိုနိုင်ဖွယ်ရာရှိသည်။ ထိုထို နည်းပညာတို့၏ ဆွဲဆောင်မှုတို့ကြောင့် သုခဘုံ တစ်ခုဆီသို့ ဟု ထင်မှတ်ရလောက်အောင် ဖျားယောင်းခြင်း ခံနေရသည်ဟုဆိုလျှင်လည်း ယူဆ၍ ရနိုင်ပေသည်။ ထိုသို့ အရှိန်အဟုန်၏ စွမ်းအားသည် လူလောက အတွက် စစ်မှန်သည့် အေးချမ်းစေသည့် ပျော်ရွှင်စေသည့် အရာများကို ဆောင်ကျဉ်း လာပါသည်ဟု ဆိုလျှင် စိတ္တဗေဒပညာရှင် ဗစ်တာ ဖရန့်ကယ် (Viktor Frankl) က စိတ်အတွင်းပိုင်းတွင် “ဆာလောင် မွတ်သိပ်ဖွယ် ဖြစ်တည်နေသော ဟင်းလင်းပြင်ကြီး” (Existential Vacuum) အဖြစ်သာ ကျန်ရစ်ခဲ့ရသည်ဟု သတိပေး ခဲ့လိမ့်မည်ဟု မထင်မိချေ။ ဆန့်ကျင်ဖက်အားဖြင့် တရွေ့ရွေ့ ခရီးနှင်ခြင်းသာလျှင် လူသားများ အတွက် ကောင်းကျိုးချမ်းသာကို ပေးနိုင်စွမ်း သည်ဟု ဖြစ်ချိမ့်၏။ သဘာဝတရားနှင့်လည်း လိုက် လျောညီထွေသည်။ သူတော်ကောင်းအကျင့်စရိုက်နှင့်လည်း လျော်ညီသည်မှာ သက်သေ အနဂ္ဃရှိ နေသည် မဟုတ်ပါလား။
အောက်တိုဘာ ၂၅ ရက်


