ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ညဘက်မိုးရေစက်၏ ကာကွယ်မှုကြောင့် အေးဆေး သက်သာစွာ ကြည့်ခွင့် ရနေသည်။ သို့သော်လည်း ပွဲချိန် ၂၂ မိနစ်သို့ရောက်တိုင်း Hydration Break ကို စောင့်ဆိုင်း နေရခြင်း ဖြင့် စိတ်ထဲက မနှစ်သက်လှပေ။ အချို့ကလည်း ရေသန့်ကုမ္ပဏီများထံမှ ဝင်ငွေရအောင် ဖန်တီးခြင်း ဟုယူဆကြသည်။ သိရသလောက် ဆိုလျှင် ၂၀၁၄ ခုနှစ် ဘရာဇီးကမ္ဘာ့ဖလား ပြိုင်ပွဲမှစပြီး ကစားသမားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ကာကွယ်ရန် ဒီစည်းမျဉ်းကို စတင်ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။ WBGT (Wet Bulb Globe Temperature) အပူချိန် ၃၂ ဒီဂရီ စဲလ်စီးယပ်စ် (89.6°F) ထက် ကျော်လွန်သွားသည့်အခါ ပွဲစဉ်အတွင်း ရေသောက်ချိန် သတ်မှတ်ပေးလေသည်။ ၂၀၂၆ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ကမ္ဘာ့ဖလားပွဲစဉ်များ ကျင်းပသည့် နွေရာသီ (ဇွန်လနှင့် ဇူလိုင်လ) သည် အဆိုပါမြောက်အမေရိက ဒေသများ၏ အပူဆုံးကာလ ဖြစ်နေသည်။ နောက်ကွယ်မှ လက်မည်းကြီးတစ်ခုမှာ အယ်နီညိုဖြစ်ပေါ်မှု စတင်နေခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့တွင် မိုးရာသီ အခါဖြစ်နေပါသော်လည်း မိုးစက်များ၏နောက်ကွယ်မှ အပူလှိုင်းများကချောင်းမြောင်းနေ သည်ဟုဆိုနိုင်သည်။ ယခုအယ်နီညိုဖြစ်စဉ်သည် နိုဝင်ဘာလလောက်မှစတင်၍ ၂၀၂၇ နှစ်ဝက် လောက်အထိ ရှိနိုင်သဖြင့် ဆောင်းရာသီခမျာ နှင်းစက်များလွှမ်းချုံခွင့်ရဖို့ရန် မသေချာပေ။
ဤကဲ့သို့ အပူလှိုင်း အအေးလှိုင်း ( အယ်နီညို၊ လာနီညာ ) ဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်းမှာ အိုဇုန်း လွှာကြောင့် ဖြစ်ကြောင်း အတော်များများသိသည်။ အိုဇုန်းလွှာနှင့် လူတို့အသုံးပြုမှုမှ ထုတ်လွှတ်သော ဓာတ်ငွေ့အစုအဝေးတို့၏ အကျိုးသက်ရောက်မှုတို့ဖြစ်ကြောင်းလည်း နားလည်ကြသည်။ နှစ်စဉ် ထိုအပူလှိုင်း၊ အအေးလှိုင်းတို့၏ သက်ရောက်မှု ကြောင့် လူသားတို့ဆုံးရှုံးခြင်း ၊ သဘာဝပတ်ဝန်းကျင် တို့ဆုံးရှုံးခြင်း စသည့် လူသားတို့၏ အသက်ရှင် နေထိုင်ရေး အတွက် လုပ်ငန်းစဉ် သဟာဇာတဖြစ်မှု များအပေါ် သက်ရောက်ကြောင်း လက်တွေ့ သိခဲ့ရပြီဖြစ်သည်။ ထိုအိုဇုန်းလွှာမှာ လူသားတို့ကို အကာ အကွယ်ပေးထားသည့် ကမ္ဘာ့လေထုထဲရှိ အလွှာတစ်လွှာဖြစ်ကြောင်း သာမာန်အားဖြင့်နားလည် ခဲ့မိသည်။ သို့ပါသော်လည်း ထိုအိုဇုန်းလွှာနှင့်ပက်သက်သည့် အကြောင်းအရာများကို မလေ့လာမိခဲ့ သည်ကလည်းအမှန်ပင်ဖြစ်သည်။

Ozone ၏ မူလအရင်းအမြစ်မှာ ဂရိဘာသာစကား Ozein မှဆင်းသက်လာခြင်းဖြစ်သည်။ အနံ့ရသည် ဟု အဓိပ္ပာယ်ရသည်။ အိုဇုန်းက နံသောကြောင့်ဤသို့အမည်ပေးထားခြင်းဖြစ်မည်။အိုဇုန်းဆိုသည်မှာ လေထုထဲတွင် သဘာဝအတိုင်း တည်ရှိနေသော ဓာတ်ငွေ့တစ်ခု ဖြစ်သည်။ အိုဇုန်းမော်လီကျူး တစ်ခုစီတွင် အောက်ဆီဂျင် အက်တမ် သုံးခု ပါဝင်ပြီး ၎င်းကို ဓာတုဗေဒ သင်္ကေတအရ O3 ဖြစ်သည်။ အိုဇုန်းသည် နေရောင်ခြည်တွင် ပါလာသည့် ခရမ်းလွန်ရောင်ခြည် UV-C များကို စုပ်ယူပေးသဖြင့် လူသားတို့ကို သဘာဝ အလျောက် ကာ ကွယ်ပေးထားသည်။ သို့သော်လည်း နေမှ ထုတ်လွှတ်သော UV-B ရောင်ခြည် အများစုကိုလည်း အိုဇုန်းလွှာက စုပ်ယူပေးပြီး ကျန်ရှိသော ပမာဏအနည်းငယ်သာ ကမ္ဘာ့မျက်နှာပြင်သို့ ရောက်ရှိ သည်။လူသားများတွင် UV-B ရောင်ခြည်နှင့် ထိတွေ့မှု ပိုမိုများပြားလာပါက အရေပြားကင်ဆာနှင့် မျက်စိတိမ်စွဲခြင်း ဖြစ်နိုင်ခြေ မြင့်တက်လာသည့်အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကျဆင်းစေသည်။ လူမမည်ဘဝအရွယ်ကတည်းက UV-B ရောင်ခြည်နှင့် ထိတွေ့မိခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသော အကြောင်းရင်းများ ဖြစ်ကြသည်။ UV-B ရောင်ခြည်နှင့် အလွန်အကျွံ ထိတွေ့ခြင်း သည် စိုက်ပျိုးသီးနှံများ အပါအဝင် ကုန်းပေါ်ရှိ အပင်သက်ရှိများ၊ ရေပြင်ဂေဟစနစ်များကိုလည်း ပျက်စီးစေနိုင်သည်။ အိုဇုန်းလွှာက သိသိသာသာ စုပ်ယူခြင်း မရှိသည့် စွမ်းအင်နိမ့် ခရမ်းလွန် ရောင်ခြည်တစ်မျိုး ဖြစ်သော UV-A သည်မူ အရေပြားကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေသည်။
အိုဇုန်းလွှာဆိုသဖြင့် ထူထပ်နေသည့်အလွှာထုတော့ မဟုတ်ပေ။ ကမ္ဘာ့မျက်နှာပြင်အနီး အိုဇုန်းပမာဏ အမြင့်မားဆုံး ဖြစ်ပေါ်လေ့ရှိသော နေရာများမှာ လူသားတို့၏ လှုပ်ရှားမှုများကြောင့် လေထုညစ်ညမ်းနေသော ဒေသများ ဖြစ်သည်။အိုဇုန်းသည် စထရက်တိုစဖီးယားအလွှာရှိ နေရောင်ခြည်အပြင် သဘာဝအတိုင်း ဖြစ်ပေါ်သော ဓာတ်ငွေ့များ၊ လူသားတို့ကြောင့် ထွက်လာသော ဓာတုပစ္စည်း အမျိုးမျိုးတို့နှင့် အမြဲမပြတ် ဓာတ်ပြုနေသည်။ ဓာတ်ပြုမှု တစ်ခုစီတိုင်းတွင် အိုဇုန်းမော်လီကျူး တစ်ခု ဆုံးရှုံးသွားပြီး အခြားသော ဓာတုဒြပ်ပေါင်းများ ထွက်ပေါ်လာသည်။ အိုဇုန်းကို ဖျက်ဆီးသည့် အရေးကြီးသော ဓာတ်ပြုဓာတ်ငွေ့များမှာ ဟိုက်ဒရိုဂျင် အောက်ဆိုဒ်များ၊ နိုက်ထရိုဂျင် အောက်ဆိုဒ်များနှင့် ကလိုရင်း နှင့် ဘရိုမင်းတို့ ပါဝင်သော ဓာတ်ငွေ့များ ဖြစ်ကြသည်။ လူသားတို့၏ လှုပ်ရှားမှု များကြောင့် စထရက်တိုစဖီးယားအလွှာတွင် ကလိုရင်းနှင့် ဘရိုမင်း ပါဝင်သော ဓာတ်ပြုဓာတ်ငွေ့ပမာဏများ တိုးမြင့်လာခဲ့ခြင်းကြောင့် ၁၉၇၀ ပြည့်နှစ်များမှ ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းအထိ ကမ္ဘာလုံးဆိုင်ရာ စထရက်တို စဖီးယား အိုဇုန်းပမာဏသည် ကျဆင်းသွားခဲ့သည်။ စထရက်တိုစဖီးယား လေထုအလွှာ တွင်ရှိသော အိုဇုန်းသည် နေမှလာသော ဇီဝဗေဒဆိုင်ရာ အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation) အများစုကို စုပ်ယူပေးသည်။ ဤသို့ အကျိုးပြုသည့် အခန်းကဏ္ဍကြောင့် စထရက်တိုစဖီးယား အိုဇုန်းကို “ကောင်းသော” အိုဇုန်း (Good ozone) ဟု သတ်မှတ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် သဘာဝပမာဏထက် ကျော်လွန်၍ ဖြစ်ပေါ်လာသော အိုဇုန်းသည် လူသားများ၊ အပင်များနှင့် တိရစ္ဆာန်များကို ဘေးဥပဒ် ဖြစ်စေ သောကြောင့် ၎င်းကို “မကောင်းသော” အိုဇုန်း (Bad ozone) ဟု သတ်မှတ်ကြသည်။
လူသားတို့၏ လှုပ်ရှားမှုများ မရှိလျှင်ပင် အိုဇုန်းသည် သန့်ရှင်းသော လေထု၏ သဘာဝ အစိတ် အပိုင်း တစ်ခု ဖြစ်သောကြောင့် ကမ္ဘာ့မျက်နှာပြင်အနီး၊ ထရိုပိုစဖီးယားနှင့် စထရက်တိုစဖီးယား လေထု အလွှာတစ်ခုလုံးတွင် တည်ရှိနေမည် ဖြစ်သည်။ ဇီဝဝန်းကျင် (Biosphere) မှ၊ အဓိကအားဖြင့် သစ်ပင်များမှ သဘာဝအတိုင်း ထွက်ရှိသော ဓာတ်ငွေ့များသည် အိုဇုန်းထုတ်လုပ်သည့် ဓာတုဓာတ်ပြု မှုများတွင် ပါဝင်ကြသည်။ လေထုထဲရှိ အိုဇုန်းသည် ခရမ်းလွန်ရောင်ခြည် (UV radiation) ကို စုပ်ယူပေးရုံသာမက အခြားသော အရေးကြီးသည့် ဂေဟစနစ်ဆိုင်ရာ အခန်းကဏ္ဍများတွင်လည်း ပါဝင်သည်။ ဥပမာအားဖြင့် အိုဇုန်းသည် လေထုညစ်ညမ်းစေသည့် ပစ္စည်း အများအပြားအပြင် မီသိန်း (CH4) ကဲ့သို့သော ဖန်လုံအိမ်ဓာတ်ငွေ့အချို့ကို ဓာတုဗေဒနည်းအရ ဖယ်ရှားပစ်သည့် ဖြစ်စဉ်ကို စတင်ပေးသည်။ ထို့အပြင် အိုဇုန်းက နေ၏ ခရမ်းလွန်ရောင်ခြည်နှင့်အတူ မမြင်နိုင်သော အလင်း ရောင်ခြည်နှင့် အနီအောက်ရောင်ခြည် (Infrared radiation) တို့ကို စုပ်ယူခြင်းသည် စထရက်တို စဖီးယား အလွှာအတွက် သဘာဝအပူအရင်းအမြစ်တစ်ခု ဖြစ်စေပြီး အမြင့်ပေ တိုးလာသည်နှင့်အမျှ အပူချိန်ကို မြင့်တက်စေသည်။ စထရက်တိုစဖီးယားအလွှာ၏ အပူချိန်များသည် အိုဇုန်းထုတ်လုပ်မှုနှင့် ဖျက်ဆီးမှုဖြစ်စဉ်များ၏ မျှခြေအပေါ်တွင်လည်းကောင်း စထရက်တိုစဖီးယားအလွှာတစ်ခုလုံးတွင် အိုဇုန်းကို ပြန်လည်ဖြန့်ကြက်ပေးသော လေထုရွေ့လျားမှုများအပေါ်တွင်လည်းကောင်း သက်ရောက် မှု ရှိသည်။ ထိုအပြင်လူသားတို့ကိုယ်တိုင် အသုံးပြုမှု အသုံးချမှုများကြောင့် ပတ်ဝန်းကျင်တွင် အိုဇုန်းဖြစ်ပေါ်မှုများလည်းရှိသည်။ ၁။ အချို့သော လေစစ်စက်များတွင် လေထုထဲမှ ပိုးမွှားများကို သတ်ရန် “Ionizer” (အိုင်ယွန်ထုတ်စနစ်) သို့မဟုတ် “Electrostatic Precipitator” (လျှပ်စစ်စနစ်သုံး ဖုန်ဖမ်းစနစ်) များ ပါဝင်တတ်သည်။ ထိုစနစ်များသည် လေစစ်စက်အတွင်း၌ ဗို့အားမြင့်လျှပ်စစ်ကို အသုံးပြုရသဖြင့် ဘေးထွက် ဆိုးကျိုး အနေဖြင့် အိုဇုန်းဓာတ်ငွေ့ကို အနည်းငယ် ထုတ်လွှတ်မိတတ်သည်။
လေစစ်စက်မှ ထွက်လာသော အိုဇုန်းနံ့ကို ခဏတဖြုတ် ရှူမိရုံဖြင့် ချက်ချင်း အသက်အန္တရာယ် မဖြစ်နိုင်သော်လည်း အခန်းပိတ် ထားပြီး ၎င်းအနံ့ကို ရေရှည်ရှူမိပါက လည်ချောင်းယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်သည်။ရင်ကျပ်ရောဂါ (Asthma) သို့မဟုတ် အဆုတ် ရောဂါအခံရှိသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အလွန် အမင်း အန္တရာယ်ရှိပြီး ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်။
၁။ ဟိုတယ်များနှင့် ကားဝပ်ရှော့များတွင် သာမန်ဖျန်းဆေးများဖြင့် ဖျောက်ဖျက်၍မရသော ဆေးလိပ်နံ့ စွဲခြင်း၊ မှိုနံ့ညှော်ခြင်းများကို ဖယ်ရှားရန် အိုဇုန်းစက်အပြင်းစားများ (Commercial Ozone Generators) ကို အသုံးပြုကြသည်။
၂။ အနံ့ခံ၍ အကဲဖြတ်ခြင်း (The Scent Test) စစ်ဆေးနည်း – အခန်းအပြင်တွင် ခေတ္တနေပြီးမှ မိမိအိမ် သို့မဟုတ် အခန်းထဲသို့ လှမ်းဝင်လိုက်သည့်အချိန်၌ ရေကူးကန်နားကဲ့သို့ ကလိုရင်းဆေးနံ့၊ အရောင် ချွတ်ဆေးနံ့ သို့မဟုတ် လျှပ်စစ်ပစ္စည်းများ ပူလာသည့် သတ္တုညှော်နံ့စူးစူး ကို သိသိသာသာ ရနေပါက အခန်းထဲတွင် အိုဇုန်းပမာဏ လွန်ကဲနေပြီဟု ယူဆနိုင်ပါသည်။
၃။ အိမ်သုံး လျှပ်စစ်ပစ္စည်းများကို စစ်ဆေးခြင်း (Appliance Audit)အိမ်တွင် အောက်ပါစက်ပစ္စည်း အမျိုးအစားများကို အသုံးပြုနေခြင်း ရှိမရှိ စစ်ဆေးရမည်။ မိမိသုံးနေသော လေစစ်စက် (Air Purifier) တွင် Ionizer, Negative Ion, Plasma, Ozone Generator သို့မဟုတ် Electrostatic Precipitator ဟူသော စနစ်များ ပါဝင်နေပါက ၎င်းသည် အိုဇုန်း ထုတ်လွှတ်နေသည့် အရင်းအမြစ် ဖြစ်နိုင်ပါသည်။ လေထုထဲ အိုင်းယွန်လွှတ်သည့် ဆံပင်အခြောက်ခံစက်များ၊ အိုဇုန်းသုံး သီးနှံ/ ရေသန့် စက်များ သို့မဟုတ် လျှပ်စစ်ပွား (Spark) ထွက်နေသော အဝတ်လျှော်စက်ဟောင်းများနှင့် လျှပ်စစ်မော်တာ များကို သတိပြုပါ။
၄။ ခန္ဓာကိုယ်၏ တုံ့ပြန်မှုလက္ခဏာများကို စောင့်ကြည့်ခြင်း (Physical Symptoms)အိမ်ထဲတွင် အချိန်အတော်ကြာ နေထိုင်သည့်အခါ မိမိနှင့် မိသားစုဝင်များ၌ အောက်ပါ ကျန်းမာရေး လက္ခဏာများ မကြာခဏ ဖြစ်ပွားလေ့ ရှိမရှိ သတိထားပါ -အကြောင်းရင်းမရှိဘဲ နှာခေါင်းနှင့် လည်ချောင်းထဲက ယားယံ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း၊ ချောင်းခဏခဏ ဆိုးခြင်းအသက်ရှူရသည်မှာ မဝသကဲ့သို့ မွန်းကျပ် ခြင်း သို့မဟုတ် ရင်ဘတ်ထဲက အောင့်ခြင်း၊ အိမ်ထဲတွင် နေလျှင် ခေါင်းကိုက်ခြင်း ဖြစ်ပြီး၊ အပြင်ထွက် လျှင် ပြန်လည်သက်သာသွားခြင်း
၅။ အပင်များ၏ အခြေအနေကို ကြည့်ခြင်း (Plant Health) အိမ်ထဲတွင် စိုက်ပျိုးထားသော အိမ်တွင်း အလှစိုက်ပင် (Indoor Plants) များ၏ အရွက်များကို စစ်ဆေးပါ။ အပင်ကို ရေမှန်မှန်တိုက်ပြီး ပိုးမကျဘဲနှင့် အရွက်များပေါ်တွင် အစက်အပြောက်ငယ်များ (Flecks) ဖြစ်လာခြင်း၊ အရောင်ဖျော့ပြီး ဖြူဖျော့ဖျော့ သို့မဟုတ် ညိုမည်းမည်း အကွက်များ ဖြစ်လာခြင်း သို့မဟုတ် အရွက်များ အချိန်မတိုင်မီ ကြွေကျခြင်းများသည် လေထုထဲတွင် အိုဇုန်းပမာဏ လွန်ကဲနေခြင်းကြောင့် အပင်တစ်ရှူးများ ပျက်စီးသည့် လက္ခဏာ ဖြစ်နိုင်ပါသည်။
နိုင်ငံပေါင်းများစွာ၏ ကြိုးစားအားထုတ်မှုကြောင့်လား အပြုသဘောဆောင်သော တိုးတက်မှုများ ဖြစ်လာသည်။ ၎င်း တိုးတက်မှုများမှာ ကမ္ဘာ့အခြားဒေသအများစု (Most of the World) ၂၀၄၀ ပြည့်နှစ် အရောက်မှာ ၁၉၈၀ ဝန်းကျင်က အခြေအနေအတိုင်း ပြန်လည်ရောက်ရှိနိုင်ပြီး အာတိတ်ဒေသ (Arctic) ၂၀၄၅ ခုနှစ် ဝန်းကျင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ် နိုင်လျက် အန္တာတိကဒေသ (Antarctica – အပေါက်အကြီးဆုံးနေရာ) ၂၀၆၆ ခုနှစ် ဝန်းကျင်မှသာ ၁၉၈၀ အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု စေ့ငု မိပါသည်။ ဤသို့ဆိုလျှင် လူသားများအတွက် ဝမ်းသာစရာကောင်းလှသည်။ တစ်ကမ္ဘာလုံး ဒုက္ခမျိုးစုံရောက်စေ သည့် လူလုပ်ဝဋ်ဘေးကြီးမှ လွတ်မြောက်ရန် အလင်းရောင် လှမ်းမြင် လိုက်ခြင်း ဖြစ်သည်။
တစ်ဖက်က ဝမ်းသာ၍ မဆုံးသေးခင်တွင်ပင် နောက်တစ်ဖက်က ဝမ်းနည်းစရာသတင်းက ချက်ချင်း ရောက်လာ ပြန်လေသည်။ အိုဇုန်းလွှာကိုစောင့်ကြည့်နေနိုင်သည့် ဂြိုဟ်တုများက သက်တမ်း ကုန်ဆုံးတော့မည်ဟုဆို၏။ ဤသို့ ဆိုလျှင် မည်သည့်နိုင်ငံ မည်သည့်နေရာက အိုဇုန်းလွှာကို ထိခိုက်စေမည့် ဓာတ်ငွေ့များ ထုတ်လွှတ် နေသည်ကို စောင့်ကြည့်ရန် ခက်ခဲသွားချေတော့မည်။ ယနေ့ကမ္ဘာကြီးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက်နက်နှင့် အပြိုင်ကြဲ အနိုင်ယူနေကြသည်။ ပါလက်စတိုင်းနှင့်အစ္စရေး ၊ ယူကရိန်းနှင့် ရုရှား ၊ အမေ ရိကန်နှင့် အီရန် စသည်ဖြင့် ငွေကြေးပေါင်းများစွာအကုန်ကျခံလျက် လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးရစေရန် ဖန်တီးနေကြသည်။ နိုင်ငံတိုင်း၏ အယူဝါဒရေးရာ ဟူသည်ကား ဗုဒ္ဓဟောကြားခဲ့သည့် တရားဖြင့်ဆိုရလျှင် မည်သည့်အယူဝါဒကို ကိုင်စွဲသည်ဖြစ်စေ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ယူဆပုံချင်း မတူညီနိုင်သဖြင့် အစဉ်အမြဲပွတ်တိုက်မှုများကရှိနေမည်ဖြစ်သည်။ လက်ယာပဲနေနေ ၊ လက်ဝဲပဲနေ နေ ၊ ကြားပဲနေနေ ထိုဖြစ်စဉ်များကရှိမြဲရှိနေမည်သာဖြစ်ကြောင်း ရှင်သာရိပုတ္တရာ အကြောင်းတွင် ထည့်သွင်း ဟောဖော်ညွှန်ပြထားသည်။ သိုဖြစ်၍ ငါရှင်၍ သူသေ ၊ ငါနိုင်၍ သူရှုံး ၊ ငါမှန်၍ သူမှား ဆို သည်များမှာလည်း မည်သည့်အယူဝါဒအောက်တွင်မဆို ရှိနေမည်ဖြစ်ကြောင်း သတိရသင့်ပေသည်။ အရေးကြီးသည်မှာ ကမ္ဘာပေါ်ရှိလူသားများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာ ရှင်သန်နေထိုင်ရေးကို ပို၍ ဦးစား ပေးသင့်သည်။ ထိုကြောင့် တားဆီးရန်မဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို လူလုပ် ဘေးအန္တရာယ်များထက် ဦးစားပေးသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုပေသည်။

ယခုစာရေးနေစဉ်အချိန်အတွင်းတွင် စပိန်နှင့် ပြင်သစ်တွင်တောမီးလောင်ကျွမ်းမှုများကြောင့် လူ ပေါင်း ၂၇၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ပေးခဲ့ရသည်ဟုဆိုသည်။ မည်သည့်ဘေးအန္တရာယ်ပဲရှိရှိ အဓိကခံစားရသူများမှာ သာမန်ပြည်သူများသာဖြစ်သည်။ ထိုပြင် ပစိဖိတ်သမုဒ္ဒရာမှ အပူလှိုင်းကြီး သည် အရှေ့ဘက်သို့ ရွေ့လျား နေကြောင်း ကိုလည်း သတင်းတွင်တွေ့လိုက်ရသည်။ ကမ္ဘာကြီးအား ဒုက္ခ ကောင်းကောင်းပေးမည့် အယ်နီညိုဖြစ်စဉ်က ဆင်းရဲ ချမ်းသာမရွေး ၊ လူဖြူ လူမည်းမရွေး ၊ လူပု လူရှည်မရွေး ၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးထံသို့ လာရောက်ရန် အစပျိုးနေပြီဖြစ်သည်။ ထိုအပူလှိုင်း ကြီးအား မည်သည့်လက်နက်ဖြင့် နှိမ်နင်း၍ ရနိုင်မည်နည်း။ အဏုမြူဗုံးကြဲချ၍ ရနိုင်မည်လား။ ဟိုက်ဒရိုဂျင် ဗုံးကြဲချ၍ ရနိုင်မည်လား ။ ကျွန်တော့်အနေဖြင့်မူ ထို ဘေးအန္တရာယ်အပေါင်း၏ လွတ်မြောက်ရာမှာ လူသားအချင်းချင်း မေတ္တာထားခြင်းမှတစ်ပါး မရှိဟု ဗုဒ္ဓ ဆုံးမခဲ့သည့် အတိုင်း ယုံကြည်မိသည်။ သို့သော်လည်း အငိုလွယ်၍ အရှိုက်ခက်ချေသည်။ အပြောလွယ်၍ အလုပ်ခက်သည်။ အမြင်လွယ်၍ လက်တွေ့ ခက်သည်။ ထိုကြောင့် ကျွန်တော် လုပ်နိုင်သည်ကို လုပ်ကြည့်ခြင်းအားဖြင့် ယခုဆောင်းပါးကို ရေးခြစ်မိသည်။ မိမိပတ်ဝန်းကျင်ရှိလူများအား သတိပေးနှိုးဆော်ကြည့်သည်။ တုံ့ပြန်ချက်များက အားရစရာ ကောင်းလှသည်။
“ဟာကွာ . . . မြန်မြန်သေ အေးတာပဲ “ တဲ့ ။ ခက်ချေပြီ။
ကိုးကား –
- Twenty Questions and Answers About the Ozone Layer (UNEP/WMO). Source: NOAA Chemical Sciences Laboratory
- https://www.epa.gov/ozone-layer-protection/international-treaties-and-cooperation-about-protection-stratospheric-ozone
- https://ozone.unep.org/facts-and-figures-ozone-protection


