( ၁ )
၁၉၃၀ ဖွား စာရေးဆရာ / သတင်းစာဆရာ အော့တာပါဗယ်လ်က ချက်ကိုစလိုဗားကီးယားနိုင်ငံ မြို့တော် ပရာ့ဂ်ဇာတိ။ အဖေက ဂျူးလူမျိုး နယ်လှည့်အရောင်းသမား။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိသားစုအားလုံးလိုလို အဖမ်းခံရပြီး နာဇီအကျဉ်းစခန်းများ၌ ချုပ်နှောင်ခံရသည်။ ဂျူးလူမျိုးမဟုတ်သည့် သူ့အမေနှင့်သူ နှစ်ဦးတည်းအိမ်မှာ ကျန်ရစ်သည်။ သူတို့မြို့လေးက ချက်နိုင်ငံအလယ်ပိုင်း တစ်နေရာမှာတည်ရှိတဲ့ Buštěhrad ဆိုတဲ့ မြို့လေး။ သူ့စာအုပ် “ငါးတွေ အကြောင်း ကျွန်တော်ဘယ်လိုလုပ်သိလာခဲ့သလဲ” (How I came to know fish) က ဥရောပ အလယ်ပိုင်း ဒေသရဲ့ ဆိုးရွားလှတဲ့ ခေတ်ကာလကို ခြယ်မှုန်းထားတာ။

ပါဗယ်လ်က အားကစားသတင်းထောက်လည်း လုပ်သည်။ ရေဒီယိုနှင့် သတင်းစာတွေ မဂ္ဂဇင်းတွေမှာ အားကစားသတင်းဝေဖန်သူလည်း လုပ်သည်။ သူကိုယ်နှိုက်က အားကစားမျိုးစုံ ဝါသနာပါသူ။ သူ့ဝါသနာတွေထဲ ရေခဲပြင်ဟော်ကီကစားတာနှင့် ငါးမျှားတာလည်း ပါသည်။ သြစတြီးယားနိုင်ငံ အင်းစ်ဘရွတ်၌ ကျင်းပသော ဆောင်းရာသီအိုလံပစ်ပွဲတော် သတင်းယူရင်း သူအကြီးအကျယ် နေမကောင်းဖြစ်သည်။ ဒီ့နောက်ပိုင်း စိတ်ကျန်းမာရေးဆေးရုံတွေမှာပဲ ဘဝကို ကုန်ဆုံးခဲ့ရသည်။ ဒီကာလအတွင်း သူ၏အကောင်းဆုံးလက်ရာဖြစ်သည့် “ငါးတွေအကြောင်း ကျွန်တော်ဘယ်လိုလုပ်သိလာခဲ့သလဲ” ကိုရေးသည်။ ၁၉၇၃ ခုနှစ်တွင် ပရာ့ဂ်မြို့၌ နှလုံးရောဂါနှင့် ကွယ်လွန်သည်။
( ၂ )
“ငါးတွေအကြောင်း ကျွန်တော်ဘယ်လိုလုပ်သိလာခဲ့သလဲ” ကို အခန်း (၁၆) ခန်းနှင့် ဖွဲ့စည်းထားသည်။ ယင်းစာအုပ်ထဲမှ ကျွန်တော်အကြိုက်ဆုံး “သူတို့ကမင်းကိုသတ်ပစ်နိုင်တယ်” (They can even kill you) ဆိုသည့် အခန်းကို မြန်မာပြန် ဆိုပါသည်။ ကျွန်တော့်လက်ဝယ်ရှိစာအုပ်က ၁၉၉၀ ခုနှစ် ပင်ဂွင်းတိုက်ထုတ်စာအုပ်ဖြစ်ပြီး Jindriska Badal နှင့် Robert McDowell တို့က ချက်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်။
( ၃ )
ကျွန်တော်တို့မြို့ (Bustehrad) ရဲ့ ရေကန်နှစ်ခုကို ရေကာတာတစ်ခုရယ်၊ ပေါ့ပလာပင်တွေရယ်၊ လမ်းတစ်ခုရယ်က ကြားကခြားထားသည်။ ရေကန်အသစ်ကို ကျွန်တော်အာရုံမကျမိ။ သူ့ကမ်းစပ်ကျောက်တုံးတွေ၊ အုတ်ခဲတွေက အေးစက်လွန်းသည်။ ရေကန်ဟောင်းကတော့ သူနှင့်တစ်ဘာသာ။ သူ့ကမ်းစပ်တလျှောက် တချို့နေရာတွေမှာ အစိမ်းရောင် ဒါ့ခ်ဝိခ်ပင်လေးတွေ ဖုံးလို့နေသည်။ ရေကန်အနံ့က ခပ်သင်းသင်း။ အော့ပ်တ်ရဲ့ ဘုံဆိုင်ကို ပတ်ပြီး ကန်ထဲစီးဝင်သွားတဲ့ ချောင်းကလေးရဲ့ အနံ့နှင့်တူသည်။ အနီးတစ်ဝိုက် လယ်တဲတွေထဲကနေ ကန်ထဲစီးဝင်လာတဲ့ နောက်ချေးမြေဆွေးနံ့လည်း ရသည်။ ကန်ရေက မိုးမခပင်အိုနံ့နှင့် ရွှံ့နံ့လည်းထွက်သည်။ ရွှံ့က ငါးကြင်းတွေ ငါးသိုင်းတွေ သူတို့ဝမ်းဗိုက်တွေနှင့် ရှပ်ပြီး ခိုနားတဲ့နေရာ။ အနီးနားဗျစ်စက်ရုံက ချက်တဲ့ ဘီယာနံ့လည်း ရသည်။
ကျွန်တော့်စိတ်မျက်စိထဲ ရေကန်ထဲအသစ်ပေါက်ပွားလာတဲ့ ငါးကြင်းတွေ ငါးသိုင်းတွေ လူးလာဆန်ခတ် ကူးနေတာ မြင်မိသည်။ ခရီဗိုကလက်မြို့မှာ ငါးခုံးမတွေကို အမြင့်တစ်နေရာကနေ ခက်ခက်ခဲခဲ မျှားခဲ့ရတာ ကျွန်တော်မမေ့နိုင်။ ငါးတွေက ကျွန်တော့်အသွေးထဲအသားထဲ စီးဆင်းလို့နေသည်။ အိုး… ငါးမျှားချင်စိတ်တွေ ပေါ်လာပြန်ပြီ။
ကျွန်တော်တို့မြို့မှာ ဘယ်သူမှ ငါးမျှားလို့မရ။ ငါးမျှားလို့ရနိုင်တဲ့ ချောင်းရယ် မြစ်ရယ် တူတူတန်တန်မရှိ။ ရေကန်တွေပဲရှိတာ။ ရေကန်တွေကလည်း ငါးမမျှားရဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေနှင့်။ ရေကန်ဟောင်းကြီးကို စီးကြည့်လိုက်တဲ့အခါ ငါးကြင်းတွေ ငါးသိုင်းတွေ ရေတိမ်ကမ်းစပ်နား အကြောက်အလန့်မရှိ ပျင်းရိပျင်းတွဲ ကူးခပ်နေတာ တွေ့ရသည်။ သူတို့ဘာမှ စဉ်းစားနေပုံမရ။ ဟိုဟိုဒီဒီ အေးအေးဆေးဆေး ကူးခပ်လိုက်၊ အစုလိုက် အပြုံလိုက် အလန့်တကြား လစ်ခနဲနေရာရွှေ့လိုက်။ သူတို့က စက်ဝိုင်းလို လှည့်ပတ်သွားနေတာ။ ပေါ့ပလာနှင့် မိုးမခပင်အရိပ်တွေက ကန်ပေါ်ညွှတ်ကျလို့။ မိုးမခပင်ပေါ်တက်ပြီး သူတို့တွေကို ကျွန်တော်လေသံတိုးတိုးနှင့် စကားစမြည်ပြောကြည့်သည်။ သူတို့နားကလေးတွေကို စွင့်ထားပြီး နားထောင်ပုံရသည်ဟု ကျွန်တော်ထင်သည်။ ကြေးဝါရောင် ရွှေရောင်တောက်တောက်နှင့် လှလိုက်တဲ့ကောင်တွေ။ လေထဲကျွမ်းပစ်တဲ့အခါ၊ ရေထဲ ဦးစိုက်ဆင်းတဲ့အခါ သူတို့ရဲ့ အိအိဖောင်းဖောင်း အဝါရောင်ဗိုက်သားလေးတွေကို မြင်ရသည်။ ဗြစ်စက်ရုံ အလုပ်သမားတွေက ဒီကောင်တွေကို ကစော်ဖတ်တွေကျွေးကျွေးနေတာကိုး။
အဲဒီအချိန်က အရသာရှိတဲ့ ဝဝဖောင်းဖောင်း ငါးကြင်းတွေကို ကျွန်တော်တို့ တောင့်တနေရတဲ့အချိန်။ ကျွန်တော်တို့မှာ စားစရာမရှိ။ အစားအစာအတွက် အလဲအလှယ်လုပ်စရာ ပစ္စည်းများများစားစားလည်း မရှိ။ ငါးကြင်းတွေသာရခဲ့ရင် ဂျုံနှင့်လဲနိုင်မည်။ ပေါင်မုန့်နှင့်လဲနိုင်မည်။ အမေ့အတွက် စီးကရက်နှင့်လဲနိုင်မည်။ အဲဒီအချိန် အမေနှင့်ကျွန်တော် နှစ်ယောက်တည်း။ ကျန်တဲ့မိသားစုအားလုံးက နာဇီအကျဉ်းစခန်းမှာ။ အဲဒီတော့ ငါးမျှားဖို့ရာက ကျွန်တော့်တာဝန်ဖြစ်သွားသည်။ ဒီကောင်တွေအကြောင်း သိဖို့ရာ ကျွန်တော်အချိန်ယူရသည်။ ဒီကောင်တွေ စိတ်ကောင်းဝင်နေချိန်လား၊ စိတ်ဆိုးနေချိန်လား ခွဲခြားပြောနိုင်ဖို့ လေ့လာရသည်။ ဒီကောင်တွေ ဆာနေတာလား၊ ဗိုက်ဝနေတာလား၊ ဆော့နေတာလား ပြောနိုင်ဖို့ ကျွန်တော်စူးစမ်းရသည်။ ဒီကောင်တွေ ဘယ်နေရာမှာ ကူးခပ်နေမလဲသိဖို့ လေ့လာရသည်။ ဘယ်နေရာသွားကြည့်ရင် မတွေ့လောက်ဘူးဆိုတာလည်း သိထားရသည်။
ကျွန်တော် ငါးမျှားတံခပ်မာမာ ခပ်တိုတိုတစ်ခုလုပ်ပြီး ကြိုး၊ ဖော့၊ ချိတ်ဆင်သည်။ သို့ပေမယ့် ကျွန်တော့် ရန်သူတော်တွေ အကြောင်း မသိရမချင်း ငါးမျှားခြင်းအလုပ်မစဖြစ်သေး။ ရန်သူတော်တွေက ငါးတွေမဟုတ်။ လူတွေ။ ရဲတိုက်ပေါ်က ထမင်းစားပွဲကြီးမှာ ဂျာမန်ကောင်တွေက ငါးဟင်းကို ပွဲတော်တည်ရင်း ဓာတ်စက်ဖွင့်ထားသည်။ ဂျာမန်သီချင်းသံချိုချို “လီလီမာလင်း” က ရဲတိုက်ပြတင်းတွေက တစ်ဆင့် အပြင်ကိုပျံ့လွင့်လာတာ ကျွန်တော် ကြားနေရသည်။ မြို့ပေါ်မှာ ရန်သူသတင်းပေးတွေရှိသည်။ သူတို့က ပြတင်းပေါက်တွေကို ကျယ်ကျယ် ဖွင့်ထား ကြသည်။ ကြားစရာရှိတာအားလုံးကြားဖို့။ ဘာမှမရှိတာကိုကြားဖို့။ ကျွန်တော်တို့မြို့သား ဇာရူဘာကလည်း ဒီမြို့ချက်မြှုပ်။ ကျွန်တော့်ဘဝမှာ ပထမဆုံးကြုံခဲ့ဆုံခဲ့ရတဲ့ ငါးကန်စောင့်ဝါဒါ။ သူ့အလုပ်က ငါးတွေကို စောင့်ကြပ်ကြည့်ရှုဖို့။ ကျွန်တော့်အလုပ်က ငါးတွေကိုသိသလို သူ့ကိုသိဖို့။ သူဘယ်အချိန် စိတ်ကောင်းဝင်နေသလဲ။ သူဘယ်အချိန် စိတ်တိုနေသလဲ။ သူဘယ်အချိန်စားသလဲ။ ကန်ကိုဘယ်အချိန် လိုက်စစ်သလဲ။ ဘယ်အချိန်ကိုရှောင်သလဲ။ ဒါတွေအားလုံး ကျွန်တော်သိဖို့လိုမည်။ ဒါ့ကြောင့် သူ့ကိုကျွန်တော် စောင့်ကြည့်သည်။ အဘိုးရဲ့ လျှာထိုးဦးထုပ်ကို ခေါင်းပေါ်ခပ်ငိုက်ငိုက်ဆောင်း၊ သူ့ဝတ်စုံအနွမ်းကြီးကို ကိုးရိုးကားရားဝတ်ပြီး သူ့အနီးနားတဝိုက် ထော့နင်းထော့နင်းလျှောက်ရင်း ဇာရူဘာကို စောင့်ကြည့်သည်။ သူကျွန်တော့်ကို သိသိမှတ်မှတ်မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် မသိမသာရုပ်ဖျက်ထားသည်။
သူ့ကိုစတွေ့တော့ ကျွန်တော်အမ်းသွားသည်။ သူက ခါးကုန်းကြီး။ ပါရီနော့တာဒိမ်းဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးတဲ့ ကွာစီမိုဒိုကြီးလို။ အရပ်ကလည်း ပုသေး။ ဒီတော့ ခြေလှမ်းကျဲကျဲမလှမ်းနိုင်။ မခုန်နိုင်။ သေချာပေါက် သူမပြေးနိုင်။ သူဘယ်တော့မှ ကျွန်တော့်ကို မိအောင်ဖမ်းနိုင်မှာမဟုတ်ဘူး။ အမေကကျွန်တော့်ကို သတိပေးသည်။ ဇာရူဘာလိုလူစားက အင်မတန်မှ သဘောထားသေးသိမ်တတ်ကြောင်း၊ ဘုရားသခင်ရဲ့ အမှား (သူတို့ခန္ဓာကိုယ်ကို ပုံပျက်အောင်လုပ်ထားတဲ့ ဘုရားသခင်ရဲ့လက်ရာ) အတွက် သူတို့နိုင်စားလို့ရမယ့်လူတွေကို လက်စားချေတုံ့ပြန်တတ်ကြောင်း ပြောသည်။ ဇာရူဘာလက်ကလွတ်အောင်ပြေးနိုင်ဖို့ ဒရင်မြို့ကိုသွားတဲ့ တောလမ်းပေါ်မှာ ကျွန်တော်အပြေးလေ့ကျင့်ရတော့မည်။
ငါးကြင်းတွေ… သူတို့အကျင့်ဓလေ့တွေများ ပြောင်းသွားလေမလားဟု တစ်ညနေ ကျွန်တော်ကန်ဘက် သွားချောင်းသည်။ အချိန်အတန်ကြာ ကန်ထဲကြည့်နေမိသည်။ မိုးမခပင်အောက် ရေကန်ထဲ မည်းမည်းကောင်တွေ တစ်ချိန်ပြီးတစ်ချိန် ဖျတ်ခနဲရွှေ့ရွှေ့သွားတာ တွေ့ရသည်။ နောက်တစ်နေ့ ငါးမျှားတံတိုလေးကို ကုတ်အင်္ကျီအောက်ဝှက်ပြီး အဲဒီနေရာ ကျွန်တော်ရောက်သွားသည်။ ဘုံဆိုင်ပိုင်ရှင် ဂျိုးဇက်အော့ပ်တ်က ရေကာတာပေါ်ရပ်ပြီး သူ့ရဲ့ကောင်းတဲ့ မျက်စိတစ်လုံးနှင့် ကျွန်တော့်ကို ကြည့်နေသည်။ (ကျန်တဲ့မျက်လုံးက ကျောက်မျက်လုံး) ကျွန်တော်သူ့ကို ရိုရိုသေသေနှုတ်ဆက်လိုက်သည်။ ပြီးတော့မှ မိမိဘာသာ ကျိတ်ဆုတောင်းလိုက်သည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသော အဖဘုရားသခင်။ တပည့်တော်ကို ရန်သူလက်သို့အပ်တော်မမူပါနှင့်။ မစ္စတာအော့ပ်တ်ခင်ဗျား။ ကျွန်တော့်ကို ရန်သူလက်သို့ မအပ်ပါနှင့်။ ကျွန်တော့်အဘိုး ဖာဒီနန် သင့်ဘုံဆိုင်မှာ ဖဲကစားရင်း များပြားလှသော ငွေစကြေးစများကို ထားရစ်ခဲ့ပါသည်။ အဲသလို အဘွားမားလ်ဗီနာပြောလေ့ရှိပါသည်။ အာမင်း။”
ကျွန်တော်မိုးမခပင်ပေါ်တက်လိုက်ပြီး ငါးမျှားတံကိုထုတ်သည်။ ငါးမျှားချိတ်မှာ ဂျုံကပ်ပြီး ငါးတွေစားသချင့်ဖွယ် အလုံးလေးဖြစ်အောင်လုပ်သည်။ ကန်တစ်ဝိုက်တိတ်ဆိတ်နေသည်။ ကျွန်တော့်ကို မည်သူမျှအလွယ်တကူ မမြင်နိုင်။ ဘီယာကိုစည်တွေထဲ နှပ်ထားချိန် ဗြစ်စက်ရုံခေါင်းတိုင်က မီးခိုးတွေအန်ထုတ်နေသည်။ ချောင်းရေနံ့က တသင်းသင်း။ မိုးမခပင်က လေပြည်ထဲ တရှဲရှဲအသံပြုနေ။ အေးစိမ့်လာသမို့ ဂျာမန်တွေက ရဲတိုက်ပြတင်းတွေပိတ်ထားပြီ။ ဖော်ကောင်သတင်းပေးတွေလည်း တစ်ညတာနားဖို့ရာ သူတို့အိမ်တွေထဲ အလျှိုအလျှိုဝင်သွားကြပြီ။
ကျွန်တော့်ငါးမျှားတံကို ငါးကြင်းတစ်ကောင်စဟပ်ချိန် ဇာရူဘာတစ်ယောက် ညစာစားနေလောက်ပြီ။ ငါးမျှားတံဖော့က ဘဲလေးကချေသည်လို ချာချာလည်ပြီး ရေထဲထိုးဆင်းသွားသည်။ ဒီ့နောက် မိုးမခကိုင်းတစ်ခုအောက် လှစ်ခနဲ ရောက်သွားသည်။ ငါးမျှားကြိုးကိုဆောင့်ဆွဲကြည့်တော့ တစ်ဖက်က ပြင်းပြင်းထန်ထန်ရုန်းနေတာ ခံစားရသည်။ ဒီကောင် – တော်တော်သတ္တိကောင်းတဲ့ငါးပဲ။ ရေရေလည်လည် “ဖိုက်”တဲ့ကောင်ပဲ။ ကျွန်တော့်ငါးမျှားတံတိုလေး တဆတ်ဆတ်ခါနေသည်။ နောက်ဆုံး လေရှူဖို့ ရေပြင်အထက်တက်လာရတော့မှ သူလက်လျှော့လိုက်သည်။ တော်တော်လှတဲ့ကောင်ကြီး။ ကြေးဝါရောင်တောက်လို့။ ဗိုက်သားပြင်ဝါဝါကလည်း ဗြစ်စက်ရုံကရတဲ့ ကစော်ဖတ်တွေနဲ့ ပြည့်ဖောင်းလို့။ နောက်တစ်ကောင် ခပ်မြန်မြန်ထပ်မိသည်။ သူ့ကိုအမိအရဖမ်းပြီး ကြောင်တစ်ကောင် သားကောင်သုတ်ပြေးသလို ကျွန်တော်လစ်ထွက်ခဲ့သည်။ အချိန်နည်းနည်းထပ်ယူပြီး မစွန့်စားလိုတော့ပြီ။ မစ္စတာအော့ပ်တ်နားက ဖြတ်လာတော့ စီးကရက်သောက်နေတာ တွေ့ရသည်။ သူက တုံဏှိဘာဝေ။
အိမ်ပြန်ရောက်တော့ ငါးကြင်းတွေမိလာတဲ့ ကျွန်တော့်ကို အမေကကျကျနန မွှေးမွေးပေးသည်။ ပြောရရင် စစ်ကြီးဖြစ်နေတာလေးနှစ်ရှိပြီလေ။ စားရာ ဘာဆိုဘာမှမရှိတော့။ သနားစရာကောင်းလှတဲ့အမေ။ ကျွန်တော် ငါးခိုးမျှားတဲ့ကိစ္စ ဆိုးဆိုးရွားရွား အဆုံးသတ်လိမ့်မယ်ဆိုတာ အမေ မရိပ်စားမိခဲ့ဘူး။
သိပ်မကြာခင်မှာပဲ ကျွန်တော့်ကိစ္စဝိစ္စကို သူတို့တစ်တွေ “တွေ့ရှိ” သွားကြသည်။ ဒီအကြောင်း တစ်ယောက်ယောက်က စပြောမည်။ သတင်းပေးတွေရဲ့ ပြတင်းပေါက်နောက်နားမှာ ရစ်သီရစ်သီလုပ်နေသူ တစ်ယောက်ယောက်က ဇာရူဘာကို လက်ထောက်ချလိုက်မည်။ ပင့်ကူလက်တံမျှင်တွေ ကျွန်တော့်အပေါ် တဖြည်းဖြည်းဝိုင်းအုံလာပြီ။ ကျွန်တော့်ကန်အိုကြီးအပေါ် တိမ်တွေဖုံးလာပြီ။ လေအသုတ်မှာထလာတဲ့ လှိုင်းတွေက မြက်ထူထူကန်ကမ်းခြေကို ရန်သတ္တရုပြုလာတော့ ကန်ကြီးကို မကောင်းဆိုးဝါးကြီးဟု ကျွန်တော်မြင်လာသည်။ ဗြစ်စက်ရုံကြီးက ချောက်ချား စဖွယ် ဘွားခနဲပေါ်လာသလိုဖြစ်ပြီး သူ့အနံ့ဆိုးက ကျွန်တော့်ကို ဒုက္ခပေးသည်။ ငါးကြင်းတွေ ကျွန်တော် ပိုမိလာသည်။ သို့ပေမယ့် ကျွန်တော်မပျော်ဘဲ ကြောက်လာသည်။ ကျွန်တော်တို့မိသားစုအားလုံးလိုလို အဖမ်းခံနေရပြီ။ ဒါမှမဟုတ် သေကုန်ပြီ။ အဘိုးဖာဒီနန်ကို ဖဲကစားလို့ဆိုပြီး ဆူဆူပူပူလုပ်တဲ့ အဘွားမားလ်ဗီနာတစ်ယောက် အော့ရှ်ဝစ်ဇ်က ဓာတ်ငွေ့ခန်းထဲ အသတ်ခံသွားရပြီ။ ညည ကျွန်တော့်ခုတင်အေးစက်စက်ထဲမှာ မျက်လုံးအစုံကို မှိတ်ထားသော်လည်း ဟိန်ကယ်လေယာဉ်ညိုမှိုင်းမှိုင်းကြီးကို မြင်နေရသည်။ သူ့တောင်ပံအစုံမှာ နာဇီစကြာတံဆိပ်မည်းမည်းကြီးတွေနှင့်။ သူကဗုံးတွေကြဲချနေတာ။ ကျွန်တော် ထထိုင်။ ညှပ်ဖိနပ်စီး။ ကြောက်စရာလန့်စရာ ကြီးကြီးမားမားအိမ်ကြီး၊ ကျိန်စာသင့်နေတဲ့၊ အသက်မရှိတဲ့အိမ်ကြီးထဲ လျှောက်သွား။ အိပ်နေတဲ့ ကိုယ်လုံးသေးသေးအမေ့ဘေး ခြေဖျားထောက်လျှောက်။ သူ့ဒုက္ခက ဘုရားသခင်ထက် ဂျူးတစ်ယောက်ကို ဦးစားပေးမိတာ၊ လက်ထပ်မိတာ၊ ဒီလောကကြီးထဲ အဲဒီလူနှင့် မခွဲမခွာနေချင်တာ။ ကျွန်တော်အမေ့ကို စေ့စေ့စပ်စပ်ကြည့်မိသည်။ လယ်ထဲယာထဲ နေ့စဉ်ရက်ဆက် ပင်ပင်ပန်းပန်းလုပ်ခဲ့ရတဲ့ ဆုလာဘ်အဖြစ် သူ့နဖူးက စောစောစီးစီး အရေတွန့်နေပြီ။ ဒီနေ့သူဘာမှ စားခဲ့ပုံမရ။ သူ့ကြည့်ရတာ ချည့်ချည့်နဲ့နဲ့ ကလေးငယ်လေးလို။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို ခံစားရသည်။ ဒီအိမ်မှာ ယောက်ျားဘသားဆိုလို့ ကျွန်တော်တစ်ဦးတည်း။ ကျောက်လှေကားထစ်တွေကို ဖြည်းဖြည်းသာသာနင်း၊ တံခါးတွေကိုဖြတ်ပြီး မြေညီထပ်ကို ကျွန်တော် ဆင်းလာခဲ့သည်။ ဒီတံခါးတွေနောက်မှာ သေဆုံးသွားသူတွေရဲ့ အသံပဲ ကျန်ရစ်သည်။ စာတိုက်ကြီးက မစ္စဟတ်စ်ဆိုလ်ဒိုဗာ တစ်ချိန်ကအဲဒီမှာ နေသွားခဲ့သည်။
အခု သူ့ကို မြို့ပြင်သင်္ချိုင်းမှာ မြှုပ်နှံထားသည်။ ကြည့်လေရာရာ ပင့်ကူအိမ်တွေ၊ ကျောပေါ်စကြာတံဆိပ်ပါတဲ့ ပင့်ကူတွေပဲ မြင်နေရသည်။ မြေအောက်ခန်းက ကျောက်စည်ပိုင်းထဲ ကျွန်တော်ငုံ့ကြည့်မိသည်။ ကျွန်တော့်ရဲ့ နောက်ဆုံးလက်ကျန် ငါးခူတစ်ကောင် ရေကူးနေတာ။ သူဖျတ်ခနဲ ရှေ့ကူးလိုက်၊ နောက်ကူးလိုက်။ သူ့နှုတ်သီးညိုညိုကြီး ကျောက်နံရံနှင့် တိုးတိုက်မိတိုင်း သူနောက် ပြန်လှည့်ကူးသည်။ ကျွန်တော့်ကို သူအာရုံမထား။ ကျွန်တော်သည်လည်း သူ့ကိုယုံတမ်းပုံပြင်တွေပဲ ပြောမယ်ဆိုတာ သူသိနေပုံရသည်။ ဒီကမ္ဘာလောကကြီးပေါ်က နိဗ္ဗာန်ဘုံအကြောင်းပြောမည်။ ပြီးတော့ ဒီလိုမျှော်လင့်ချက်တွေ ပေးတတ်တဲ့တခြားသူတွေလိုပဲ သူ့ကိုလှည့်စားမည်။ ဒါတွေသူသိနေပုံရသည်။ နက်ဖြန်ခါ ကျွန်တော် ကန်ဘက် သွားမည်။ သူ့အတွက် အစ်ကိုတစ်ယောက်၊ နှမတစ်ယောက်ဖမ်းပေးမည်။ သူတို့သုံးယောက်လုံး မီးအိမ်လို လင်းလက်နေတဲ့ ရွှေရောင်မျက်လုံးပိုင်ရှင်တွေ ဖြစ်မှာ။
နောက်တစ်နေ့ညနေ ရဲတိုက်ပြတင်းတွေပိတ်ချိန်၊ ဇာရူဘာ ညစာစားချိန် ကျွန်တော့်ရဲ့ ငါးမျှားတံတိုလေးယူပြီး ရေကာတာဘက် ထွက်ခဲ့သည်။ လမ်းမှာ အရွက်တွေခြွေချနေတဲ့ ပေါ့ပလာပင်တွေနှင့် ရေကာတာနားမှာရပ်ပြီး ဆေးလိပ်ဆက်တိုက်ဖွာနေတဲ့ မစ္စတာအော့ပ်တ်ကို ဖြတ်လာခဲ့သည်။ ကျွန်တော့်ရဲ့ မိုးမခပင်လင့်စင်ထက်ကနေ ငါးကြင်းတစ်ကောင်စမိသည်။ ဒီကောင်က ရေပေါ်ပေါ်လာ၊ ငါးစာကိုသုတ်၊ ပြီးတော့ ရေငုပ်သင်္ဘောလို ရေထဲစိုက်ဆင်းသွားသည်။ ဒါပေမဲ့ သူ့ကိုကျွန်တော်ရလိုက်သည်။ ဟိုဒီလူးလွန့်မနေအောင် သူ့ကိုအဝတ်စုတ်နှင့် ဖိထားရသည်။ ငါးမျှားကြိုးနောက်တစ်ချီ ပစ်အချ ဇာရူဘာပေါက်ချလာသည်။ သူ ညစာစားမနေဘဲကိုး။ သူရေကန်မှာ ရောက်နေတာ။ ရေတွင်းကနေ ကျွန်တော့်ဆီ ပြေးလာပြီး “ဟေ့ကောင်။ ရပ်… ရပ်… ကောင်စုတ်လေး” ဟုသူအော်သည်။
သူက ဝဝလေးလေး နှေးနှေး။ ကျွန်တော်က ပြိုင်မြင်းတစ်ကောင်လို ပြေးနိုင်သူ။ သစ်ပင်အောက်ရပ်နေတဲ့ အော့ပ်တ်နှင့်တွေ့တော့ သူကပွင့်နေတဲ့ သူ့ခြံတံခါးပေါက်တစ်ခုကို ထိုးပြသည်။ သူက “ကျီထဲမှာ တံခါးပိတ်နေ” ဟုပြောသည်။
သူပြောသည့်အတိုင်း ကျွန်တော်လုပ်သည်။ မကြာမီ ဇာရူဘာနှင့်အော့ပ်တ်တို့ ငြင်းခုံနေတာ ကြားရသည်။ အကွက်ထဲက ကျွန်တော့်ဘော်ဒါ ငါးကြင်းကြီးရဲ့ အသက်ရှူသံကိုလည်း ကြားနေရသည်။ ကျွန်တော်ကိုယ်နှိုက်က အသက်မရှူနိုင်။ ကျွန်တော်သေလောက်အောင်ကြောက်သည်။ ဇာရူဘာလိုလူတွေက မကောင်းဆိုးဝါးတွေ။ သူတို့တစ်တွေက မင်းကိုသတ်ပစ်နိုင်တယ်။
တစ်နာရီအကြာ အော့ပ်တ်က ကျီတံခါးလာဖွင့်ပေးသည်။ အိမ်ကိုစိတ်ချလက်ချ ပြန်နိုင်ပြီဖြစ်ကြောင်း ပြောသည်။ နောက်တစ်နေ့ ကျွန်တော်ရေကန်ကို ထပ်သွားသည်။ ဒီကောင်လေး ဒီလိုလုပ်ရဲလောက်အောင် သတ္တိရှိမယ်လို့ ဘယ်သူမှတွေးမိမှာ မဟုတ်ဘူးဆိုတာ သိနေလို့လေ။ အော့ပ်တ်ကို အရိပ်အယောင်မှ မမြင်ရတော့။ သူဒီကိစ္စနဲ့ ဆက်မပတ်သက်ချင်တော့တာ သေချာသည်။ ဖြစ်ချင်တော့ ကျွန်တော်လည်း မိုးမခကိုင်းပေါ် နေရာယူလိုက်ရော ဇာရူဘာကြီးလည်း ပေါက်ချလာရော။ သူ့လက်ထဲကိုင်လာတာ တုတ်တိုတစ်ချောင်း။ တင်းပုတ်လိုလို။ ကျွန်တော်လို ကောင်လေးရဲ့ ခေါင်းကို အဲဒါနဲ့သာ ဆော်ထည့်လိုက်ရင် ဦးနှောက်ကပျော့ဖတ်ဖြစ်သွားမှာ။ ကျွန်တော်ချက်ချင်း သဘောပေါက်သွားသည်။ ဇာရူဘာက ကွာစီမိုဒိုကြီးလို ဉာဏ်လည်းရှိတယ်၊ လျင်လည်း လျင်တယ်ဆိုတာ။ ရဲတိုက်ပေါ်က ဂျာမန်တွေထက်၊ ဟင်းလင်းပွင့်နေတဲ့ ပြတင်းနားက သတင်းပေးတွေထက် ဇာရူဘာကြီးက ပိုအန္တရာယ်ရှိတာ ကျွန်တော်သိလိုက်သည်။ သူက ကျွန်တော့်စရိုက်ကိုသိသူ။ ကျွန်တော့်သွေးထဲသားထဲမှာ သူများပိုင်နက်ထဲ ဝင်ခိုးဖမ်းတတ်တဲ့ ဉာဉ်ရှိတာကို သိနေသူ။ ကျွန်တော်သူ့ကို လွတ်အောင်မပြေးနိုင်လောက်ဘူး။ နောက်ဆုံးသူကျွန်တော့်ကို မိမည်။ သူ့လက်ထဲက မာမာကျောကျောတုတ်တိုနှင့် ဆော်မည်။ ကျွန်တော် သတိလစ်သည် အထိ၊ သေသည်အထိ။ သူကျွန်တော့်နားကပ်လာသည်အထိ ပေနေလိုက်သည်။ “ဟေ့ကောင် – ရပ်… ခွေးမသားလေး၊ ရပ်လိုက်… ဂျူးစုတ်ဂျူးနာ” ဟုသူကအော်သည်။
သူသရော်မော်ကား ပြောနေတာကို ကျွန်တော်မနာ။ စစ်ကာလမှာ ဒီလိုအပြောခံရတာတွေက ကျွန်တော့်အဖို့ ရိုးနေပြီ။ ကျွန်တော်မိုးမခပင်ပေါ်က ခုန်ချသည်။ ရေကာတာကို ခပ်သွက်သွက်ဖြတ်ပြေးသည်။ ပြီးပေါ့ပလာပင်တွေကြား လူလုံးဖျောက်လိုက်သည်။ ငှက်တောင်လေးတစ်တောင်လို ကျွန်တော်ပေါ့ပါးနေသည်။ သူကျွန်တော့်ကို မမိနိုင်မှန်း ကျွန်တော်သိနေသည်။ မိသားစုထဲ သံခြေချင်းခတ်မခံရတာ၊ လည်ပင်းသံကြိုးကွင်းစွပ်မခံရတာ ကျွန်တော် တစ်ယောက်သာ ကျန်တော့သည်။ ဒါ့ကြောင့် နှောင်ကြိုးမဲ့ငှက်ကလေးတစ်ကောင်နှယ် ကွင်းတွေဖြတ်ပြီး ကျွန်တော် ပြေးသည်။ တောအုပ်ပြာပြာရောက်သည်အထိ တစ်လမ်းလုံးပြေးသည်။ အဲဒီမှာ ညကျတော့ ဇီးကွက်သံ နားဆင်ရသည်။ ထင်းရှူးပင်အောက်အိပ်သည်။ နောက်တစ်နေ့မနက် အိမ်ပြန်ရောက်တော့ သေနတ်တွေ လှံစွပ်တွေနှင့် ပုလိပ်တွေကျွန်တော့်ကို လာဖမ်းကြောင်း အမေပြောပြသည်။ ပြီးတော့ သူငိုကြွေးပါလေတော့သည်။ ကျွန်တော့်ရှေ့ ဒူးထောက်ပြီး ရေကန်ဘက်ကို ဘယ်တော့မှမသွားရန် တောင်းပန်သည်။
ပုလိပ်တွေ ထပ်မလာတော့။ ကျွန်တော်တို့နှင့်သိသည့် တပ်ကြပ်ကြီးနက်ဆဲလ်က ပြောသည်။ ပုလိပ်ဌာနမှာ ဇာရူဘာက သို့ကလိုကြေညာသတဲ့။ “ကျုပ် ဒီခွေးကောင်လေးနဲ့ စာရင်းရှင်းမယ်။ ဒါ ကျုပ်အလုပ်ပဲ။ ကျုပ်က ဒီမှာ ငါးကန် ဝါဒါလေ”
ကျွန်တော် ရေကန်နှင့်ဝေးဝေးရှောင်သည်။ ဒီထဲမှာ မိကျောင်းတွေ၊ ငါးမန်းတွေရှိကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောထား ရသည်။ ဒီထဲရှိတဲ့ ရေဘဝဲတွေက မိမိကိုရေနက်ထဲအထိ ဆွဲချသွားမည်၊ ပြီးတော့ မင်ပြာတွေ မှုတ်ထုတ်မည်။ ကျွန်တော့်အလောင်းကို အမေရှာတွေ့မှာ မဟုတ်တော့။ ဒီတော့ သင်္ချိုင်းထဲက မစ္စဟတ်စ်ဆိုလ်ဒိုဗာဂူဘေး ကျွန်တော့် အလောင်းကို မြှုပ်နှံလို့မရတော့။ ကျွန်တော့်အဖို့ ရေကန်ဆိုတာကြီး မရှိတော့ပြီ။ ကျွန်တော်သူ့ကို မေ့ထားလိုက်သည်။ ဘောလုံးကန်တာရယ်၊ တောထဲလည်တာရယ်နှင့် အချိန်ဖြုန်းလိုက်သည်။ ကျွန်တော့်မှာ တခြားလုပ်စရာတွေ ရှိနေသေးသည်လေ။ ဂျုံနှံတွေကို ကောက်သင်းကောက်ပြီး ခြွေရတာ။ ဆောင်းတွင်းမှာ လောင်စာလုပ်ဖို့ ကျောက်မီးသွေးပုံကနေ ကျောက်မီးသွေးသွားသယ်ရတာ။
ဒါပေမယ့် တစ်နေ့တော့ (အဲဒါ ဘယ်လိုဖြစ်သွားမှန်းမသိဘူး) ကျွန်တော်မြေအောက်ခန်းထဲ ဆင်းသွားပြီး ကျွန်တော့်ငါးမျှားတံကို ပြန်ကောက်ကိုင်မိသည်။ ကျွန်တော်မူးသလိုဖြစ်သွားသည်။ ငါဘာအရူးထမိပါလိမ့်။ ဒီကန်အိုကြီးထဲ ငါးမန်းတို့ ရေဘဝဲတို့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒီထဲအမြဲရှိတာက ရွှေရောင်မျက်လုံးပိုင်ရှင် ကျွန်တော့်ဘော်ဒါတွေ၊ ရာချီရှိနေတဲ့ ငါးကြင်းတွေ။ ကျွန်တော်တောင့်မခံနိုင်တော့ပြီ။ ညနေဆည်းဆာချိန် ကျွန်တော်အိမ်အပြင်ထွက်ခဲ့သည်။ ပေါ့ပလာပင်တွေကို ဖြတ်ပြီး ဘယ်သူမှ ရပ်မနေတဲ့ ရေကာတာဆီအရောက် ချီတက်သည်။ ကျွန်တော်ထွက်လာတာ စောလွန်းနေမလား။ လူလုံးကွဲကွဲမြင်နိုင်သည်အထိ အလင်းရောင် လုံလုံလောက်လောက်ရှိသေးသည်။ ဒါပေသိ ကျွန်တော်လမ်းကြောပေါ် ရောက်နေပြီ။ နောက်ကြောင်း ပြန်မလှည့်တော့ပြီ။ မိုးမခပင်ဆီ ရောက်သည့်တိုင် ကျွန်တော်မရပ်သေး။ ကန်စပ်မှာရှိတဲ့ ရေစက်အထိ ဆက်လျှောက်သည်။ ဒီနေရာက ဇာရူဘာလာတဲ့အခါ ကျွန်တော်မြင်နိုင်တဲ့နေရာ။ ကျွန်တော့်ဆီရောက်ဖို့ရာ လမ်းသုံးသွယ်ရှိသည်။ တစ်ခုက ကန်ကိုပတ်လာတဲ့လမ်း။ တစ်ခုက ဆန့်ကျင်ဘက်အရပ်ကလမ်း။ ကျန်တစ်ခုက ကျောင်းကိုပတ်သွားတဲ့ လမ်းမြှောင်ကလေး။ သူဘယ်ကလာလာ ကျွန်တော့်မှာ ပြေးပေါက်နှစ်ခုရှိသည်။
ငါးမျှားတံအထုပ်ကို ဖြေပြီး ရေထဲကြိုးစချလိုက်သည်။ ဖော့ကလေး ရေပြင်ထက် တလှုပ်လှုပ်ဖြစ်နေတာ ကြည့်ပြီး ကျွန်တော်သိသိသာသာ ပျော်မိသည်။ ရေက ငါးနံ့ထွက်နေသည်။ တောထဲကမြက်တွေလို စိမ်းလဲ့နေသည်။ ရေတိမ် ကမ်းစပ်မှာ ဖားတွေက အုံးအင်သံပေးနေသည်။ ဟိုအဝေးဗြစ်စက်ရုံက စက်သံကို ကြားနေရသည်။ ဒီအချိန် ဖော့က လှုပ်လာသည်။ ရေထဲစိုက်ကြည့်နေရာက တစ်ခုခုမှားနေမှန်း ကျွန်တော်သိလိုက်သည်။
ခေါင်းမော့ကြည့်လိုက်တော့ ကျွန်တော်လန့်သွားသည်။ ကျွန်တော်မသိတဲ့လူတစ်ယောက် လမ်းကြောတစ်ခုကနေ တိတ်တဆိတ်ချဉ်းကပ်လာသည်။ နောက်တစ်ယောက်က ရေကန်တစ်ဖက်စွန်းက လာနေတာတွေ့ရသည်။ ငါးမျှားတံကို ရေကန်ထဲပစ်ချလိုက်သည်။ ကျွန်တော့်ခြေထောက်တွေ ခဲဆွဲထားသလို ခံစားရသည်။ ကန်၏တိတ်ဆိတ်မှုက နားကွဲလုမတတ်။ ကျွန်တော့်ရင်ဘတ်ထဲ အချက်ပေးသံမြည်လာသည်။ ကျွန်တော်ထခုန်လိုက်သည်။ ရေစက်အစွန်းကို ခုန်ကျော်လိုက်ပြီး ကျောင်းဘက်ဦးတည်သည့် လမ်းအတိုင်းပြေးသည်။ ဒီတတိယလမ်းက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အခွင့်အလမ်း။ ကျွန်တော်ခြေကုန်သုတ်သည်။ ပတ်ပတ်လည်မှာရှိနေတဲ့ ကျွန်တော်တို့မြို့ရဲ့ ကြောက်လန့်တကြား တိတ်ဆိတ်မှုကို ခံစားရသည်။ ကျွန်တော့်ပြေးပွဲကို တစ်မြို့လုံးစောင့်ကြည့်ချင် ကြည့်နေမှာ။ အားရပါးရအားပေးချင် အားပေးနေမှာ။ ရဲတိုက်ရဲ့ ပြတင်းပေါက်ဟင်းလင်းတွေကနေ ဂျာမန်တွေက မှန်ဘီလူးနှင့် ကြည့်နေမှာ။ အရိုးပိန်တာနှင့်လူတွေ၊ သူတို့အိမ်သူသက်ထားတွေက သတင်းပေးတွေရဲ့ ပြတင်းကိုမှီပြီး ကြည့်နေမှာ။ ကျွန်တော်ပိုမြန်မြန်ပြေးသည်။ သို့နှင့် နောက်ဆုံးအချိုးအကွေ့သို့ ရောက်လာသည်။
လမ်းချိုးကိုပတ်လိုက်တော့ ဇာရူဘာက လမ်းလယ်ကောင်ပေါ် ရပ်နေသည်။ ကျွန်တော်တို့အိမ်တွေကို မကြာမကြာ လာရှာတဲ့ အနက်ရောင်ဝတ်စုံနှင့် ဂက်စတာပိုတွေလို။ ကြောက်စရာတင်းပုတ်က သူ့လက်ထဲမှာ။ လမ်းဘေး တစ်ဖက်တစ်ချက်က နံရံမြင့်မြင့်ကြီးတွေရံလို့။ ကျွန်တော်တို့နှစ်ယောက်ကို ဘယ်သူမှမမြင်နိုင်။ ကျွန်တော့်ဒူးတွေ ပျော့ခွေကျသွားသည်။ သူကျွန်တော့်လက်ကို ဆွဲကိုင်လိုက်သည်။ တင်းပုတ်နှင့်ဆော်တော့မည်ထင်ပြီး ဆတ်ခနဲ ကျွန်တော် ရှောင်လိုက်သည်။ သို့ပေမယ့် ဘာမှဖြစ်မလာခဲ့။ ကျွန်တော်သူ့ကို မော့ကြည့်လိုက်သည်။ သူက “အော်စမ်း” ဟုအမိန့်ပေးသည်။ အစပထမ ကျွန်တော်ကြောင်သွားသည်။ “ငါ့လခွေးမှပဲ။ အော်ပါဟ”
ကျွန်တော်နားလည်သွားသည်။ ပြတင်းပေါက်တွေကနေ နားဆင်နေတဲ့ ဂျာမန်တွေနှင့် သတင်းပေးတွေကြားအောင် ကျွန်တော့်ကိုသူက အော်စေ့ချင်တာ။ အဘိုးအိမ်မှာ အသတ်ခံရတဲ့ဝက်ရဲ့ အသံကိုတုပြီး ကျွန်တော်အော်သည်။ သူတို့တတွေက ဒီဝက်ကို ရိုင်ဖယ်သေနတ်နှင့် ပစ်သတ်သည်။ ပထမအချက်မှာ ဝက်ကမသေ။ ဒုတိယအချက်မှာလည်း ဒီဝက်ကမသေ။ ဒီတစ်ချီကျွန်တော် အတည်ပေါက်အော်သည်။ ကျွန်တော်ခုနင်က အတည်ပေါက်ပြေးခဲ့သလိုမျိုး။ ဇာရူဘာက သူ့တင်းပုတ်ကို လေထဲဝှေ့ရမ်းနေသည်။ ပြီးတော့ ကျွန်တော့်ကို ကိုင်လှုပ်သည်။
“ဒါလောက်ဆို ရပါပြီ” ဟုသူကဆိုသည်။ ကျွန်တော်တို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ ကျွန်တော်တို့ နှစ်ယောက်က ဒီမြို့ရဲ့ နောက်ဆုံးလူသားနှစ်ဦး။ သူက ဘုရားသခင်ရွေးချယ်သတ်မှတ်ခံရသူ။ ကျွန်တော်က လူစွမ်းကောင်းတွေရဲ့ တံဆိပ်ခတ်ခံရသူ။ “မင်းအဖေ ဘယ်လိုနေတုံး။ အကျဉ်းစခန်းကနေ မင်းဆီစာလေးဘာလေး မရေးဘူးလား” ဟုသူမေးသည်။ ကျွန်တော်ခေါင်းခါပြလိုက်သည်။ “မင်းအစ်ကိုတွေကရော”။ ကျွန်တော် ခေါင်းခါ ရပြန်သည်။ ဒီနောက် ဇာရူဘာက နံရံကိုအေးအေးဆေးဆေးမှီပြီး ရပ်လိုက်သည်။ ရေပူစမ်းကန်ဘေးက စင်္ကြံမှာလိုလိုဘာလိုလို။ ပြီး စီးကရက်တစ်လိပ်မီးညှိသည်။
“ရေကန်ဟောင်းဆီ မသွားနဲ့တော့ကွ။ ရေကန်သစ်ကလည်း သာယာပါတယ်။ အဲဒီမှာ လယ်တဲတွေရဲ့ နောက်ကနေ မျှားကြည့်ကွ။ မင့်ကို ဘယ်သူမှမြင်မှာမဟုတ်ဘူး။ အဲဒီမှာ အန္တရာယ်ကင်းတယ်။ ငါ့အထင် ကန်သစ်ကငါးတွေက ပိုလို့တောင်အရသာရှိသေးတယ်။ ဒါပေမဲ့ မှောင်တဲ့အခါမှ၊ လမိုက်တဲ့ညမှ သွားကွ။”
ကျွန်တော်ဆွံ့အသွားသည်။ သူပြောတာလက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ “ကဲ သွားတော့။ ဟိုနေရာ အထိ ခြေထော့နင်းနဲ့သွား။ ငါတို့စတွေ့တုန်းက မင်းခြေထော့နင်းသွားသလို ပေါ့ကွာ။ အဲဒီတုန်းက ငါမမှတ်မိအောင် မင်းကဦးထုပ်အကြီးကြီးကို နားရွက်အထိဆွဲချလို့လေ။ မင်းငါ့ကို ပထမဆုံးထောက်လှမ်းရေးဆင်းတုန်းကပေါ့ကွာ”
ကျွန်တော်သူ့ကိုပြုံးပြလိုက်သည်။ ဒီအပြုံးတစ်ခုပဲ ကျွန်တော့်မှာသူ့ကို ပေးစရာရှိတာ။ ကျွန်တော်ထွက်အလာ သူပြောတာကြားရသည်။ “ငါးစာထဲ ဂျုံအပြင်စမုန်စပါးနည်းနည်းထည့်ကွ။ အဲသလိုဆိုရင် ဒီကောင်တွေပိုကြိုက်တယ်။ ငါးစာဆွဲတာပိုမြန်တယ်”
ကျွန်တော်တစ်လမ်းလုံး ခြေထော့နင်းပြန်ခဲ့သည်။ ဇာရူဘာက ကန်ဟောင်းကြီးဘက် ထွက်သွားသည်။ လက်ထဲက တင်းပုတ်ကို ဝှေ့ရမ်းရင်း လီလီမာလင်း သီချင်းအလိုက်ကို လေချွန်သွားသည်။ တကယ်တော့ ဒီသီချင်းက ချစ်စရာကောင်းသည်။ သီချင်းရဲ့ တစ်ခုတည်းသောပြစ်ချက်က ဂျာမန်ဂက်စတာပိုတွေ ကြိုက်လွန်းတာတစ်ခုပဲ။ ကျွန်တော်အိမ်ကို ခြေထော့နင်းပြန်ခဲ့သည်။ ကန်သစ်ကိုဖြတ်အပြန် ငါးကြင်းတွေ ညနေအလင်းရောင်ထဲ မြူးထူးဆော့ကစားနေတာ မြင်ရသည်။ ရေပြင်ထက်မှာ စက်ဝိုင်းပုံအကြီးကြီးတွေ ဖွဲ့နေလိုက်တာ လှည်းတွေ လက်တွန်းလှည်းတွေရဲ့ ဘီးကြီးတွေလို။ ဒီကောင်ကြီးတွေ စမုန်စပါးနှင့်ဂျုံကို ကြိုက်မှာသေချာသည်။ ကျွန်တော့် အလုပ်က လမိုက်တဲ့ညတွေရောက်ဖို့ရာ ရက်နည်းနည်းစောင့်ပေးရုံပါပဲ။
၈-၂-၂၀။ ၃-၈-၂၆
မှတ်စု
ခရီဗိုကလက် – ချက်နိုင်ငံအလယ်ပိုင်းက ဈေးမြို့။
Buštěhrad – ချက်နိုင်ငံအလယ်ပိုင်းက မြို့လေးတစ်မြို့။ ပရာ့ဂ်မြို့တော်၏ အနောက်မြောက် ကီလိုမီတာ ၂၀ အကွာ၌ တည်ရှိသည်။ အော့တာပါဗယ်လ် (Ota Pavel) ၏ ဇာတိမြို့။


