တကယ်တော့ အင်းလျားကန်ဟာ အလျားရှည်လို့ အင်းလျားလို့ခေါ်လေသလား မသိပါ။ တက္ကသိုလ်မြေ ခြေချသူတိုင်း အင်းလျားကို တက္ကသိုလ်ရဲ့သင်္ကေတတစ်ခုအဖြစ် မြင်တွေ့ရမှာ ပါ။ မွန်ဘာသာနဲ့ ကမာရွတ်ဆိုတဲ့ အဓိပ္ပာယ်က “ရတနာကန်” လို့ အင်းလျားကို ခေါ်ဝေါ်ထား တာပါ။ ကမာရွတ်မြို့နယ် လို့ အခေါ်ရှိတာကလည်း အင်းလျားကန်ကို မွန်ဘာသာရဲ့အမည် အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့ အခါ ရန်ကုန်တက္ကသိုလ်မှာ (၁)တက္ကသိုလ်ကောလိပ်နှင့် (၂)ဂျပ်ဆင်ကောလိပ်တို့ ကောလိပ် ကျောင်းနှစ်ကျောင်း ပေါ်ပေါက်လာပါတယ်။ ၁၉၂၃-ခုနှစ်ကုန်ခါနီးမှာ ကျောင်းသား (၂၂၄) ဦး နေနိုင်တဲ့ သစ်သားဆောင် နှစ်ဆောင်ဆောက်လုပ်ရာက ယခုအချိန်ထိ မြင်တွေ့နေရတဲ့ တကောင်းကျောင်းဆောင်နှင့် ပြည်ကျောင်းဆောင်တို့ ဖြစ်ပြီး ၁၉၂၄- ခုနှစ်ဇွန်လမှာ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဒီကျောင်းဆောင်နှစ်ဆောင်ကတော့ ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ပထမဦးဆုံး တည်ဆောက်ခဲ့တဲ့ ကျောင်းဆောင်တွေ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစပြီး ဒုတိယကမ္ဘာစစ် မဖြစ်မီကာလအထိ ၁၉၂၈-ခုနှစ်မှာ တက္ကသိုလ်ကောလိပ် အတွက် ဆောက်လုပ်ခဲ့တဲ့ အမျိုးသားဆောင်ငါးဆောင် ကတော့ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ပဲခူးနှင့် သထုံဆောင်တို့ပါ။ ဂျပ်ဆင်ကောလိပ်အတွက် ဒဂုံနှင့် ရွှေဘိုကျောင်းဆောင်နှစ်ဆောင် ဖြစ်ပါတယ်။ အင်းလျားအမျိုးသမီး ကျောင်းဆောင်ကို တော့ ၁၉၃၁-:ခုနှစ်မှာဆောက်လုပ်ခဲ့ပါတယ်။ အင်းလျား အမျိုးသမီး ကျောင်းဆောင်နှင့် ကပ်နေတဲ့နောက်တိုးအမျိုးသမီးကျောင်းဆောင်ကတော့ ရတနာဆောင်ဖြစ်ပြီး လွတ်လပ်ရေး ရပြီးမှဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ မင်းနေပြည်ကို အကြောင်းပြုပြီး ကျောင်းဆောင်တွေကို တကောင်း၊ ပြည်(သရေခေတ္တရာ) ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ပဲခူး၊ သထုံလို့ အမည်ပေးခဲ့ပါတယ်။ ထူးခြားတာက အင်းလျားအမျိုးသမီး ကျောင်းဆောင်ကိုတော့ အင်းလျားကန်ကိုအကြောင်းပြု ခေါ်ဝေါ်ခဲ့သလို ရတနာအမျိုးသမီး ကျောင်းဆောင်ကိုလည်း အင်းလျားကန်ကို မွန်ဘာသာအခေါ် ကမာရွတ် (ရတနာကန်)ကို အကြောင်းပြုခေါ်ဝေါ်ခဲ့ကြောင်းခန့်မှန်းရပါတယ်။
၁၉၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်စဉ်က အမျိုးသမီးကျောင်းဆောင်မရှိသေးပါ။ အဲဒီတုန်းက တက္ကသိုလ် ကျောင်းသူ အရေအတွက် အယောက် (၃၀) မပြည့်သေးပါ။ (Budd Road) ဘဒ်လမ်းက ပျဉ်ထောင်အိမ်ကြီး တစ်ဆောင်မှာ ဘော်ဒါအဖြစ်နေကြရပါတယ်။ ကျောင်းသွားကျောင်းပြန် ဘတ်စ်ကားစီစဉ်ပေးလို့ အဆင်ပြေပါတယ်။ အင်းလျားအမျိုးသမီး ကျောင်းဆောင်ဟာ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ထွန်းပြီး (၁၁)နှစ်အကြာမှာ တည်ရှိလာတဲ့ ဝါရင့်သမ္ဘာရင့် အမျိုးသမီးကျောင်းဆောင်ကြီးဖြစ်ပါတယ်။ အချိန်ကာလကို အကြာကြီး ဆွဲဆန့်ပြီး တက္ကသိုလ်ကြီးနဲ့ အဖော်အဖက်ဖြစ်သလို တက္ကသိုလ်ကြီးရဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းလည်း ဖြစ်လာပါတယ်။
ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပညာရှာမှီးသူ အမျိုးသမီးတွေကတော့ မိခင် အင်းလျားဆောင်ရဲ့ ရင်ငွေ့အရိပ်ကို အေးအေးချမ်းချမ်း ရွှင်ရွှင်လန်းလန်း ခိုလှုံခဲ့ကြပါတယ်။ အင်းလျားအမျိုးသမီးဆောင် စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၃၁-ခုနှစ်ကစပြီး အဆောင်မှူးတာဝန် ထမ်းဆောင်သူတွေကတော့ Miss White or Miss Scott ကစပြီး ယခုလက်ရှိ ဒေါက်တာသက်သက်လှိုင်အထိ (၁၃) ဦး ရှိခဲ့ပါတယ်။ ကျွန်တော်မကြာခင်က ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းမှာ သိကျွမ်းခဲ့တဲ့ ဒေါက်တာမဉ္ဇူမင်းကလည်း အင်းလျားဆောင် အဆောင်မှူးအဖြစ်(၂၀၁၃- ၂၀၁၆) မှာ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။


အင်းလျားကျောင်းဆောင်သူအဖြစ် ကျွန်တော်နှင့်ရင်းရင်းနှီးနှီး သိကျွမ်းသူမှာ စာရေးဆရာမ မိုးမိုး (အင်းလျား) ဖြစ်ပါတယ်။ နောင်လေ့လာတွေ့ရှိချက်အရ ကျွန်တော် မြင်တွေ့ဖူးသူရော၊ ကြားဖူးနားဝရှိသူရော ထင်ရှားတဲ့ အင်းလျားကျောင်းဆောင်သူ တွေကတော့ ဒေါ်ကြန်၊ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ကြည်အေး၊ MA ဒေါ်အုန်း၊ ပါမောက္ခ ဒေါ်သန်းဆွေ၊ မိုးဒေဝါမလှရွှေ၊ ဒေါက်တာဒေါ်ရီရီလှ (ယုဝတီခင်ဦး)၊ ပါမောက္ခ ဒေါက်တာဒေါ်ပိုတို့ ဖြစ်ကြပါတယ်။ တကယ်တော့ ကျွန်တော်က မန္တလေးတက္ကသိုလ် မှာသာ ကျောင်းတက်ဖူးလို့ ရန်ကုန် တက္ကသိုလ်နယ်မြေကို ခြေမချဖူးပါ ။ ရန်ကုန်တက္ကသိုလ်နောက်ခံပြုတဲ့ ဝတ္ထုတွေကို ဖတ်ရတော့ အင်းလျားကန်နှင့် အင်းလျားဆောင်ကိုပါ သိကျွမ်းလာရပါတယ်။ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသား၊ ကောလိပ်ဂျပိုး ဝတ္ထုတွေမှာ မအေးစိန်တို့ မသန်းမြင့် တို့မှာ အင်းလျားဆောင်သူတွေ ဖြစ်ကြပါတယ်။
ဆရာသိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသား ဝတ္ထုထဲက အင်းလျားဆောင်သူတွေ ၊ ဘင်တန်(သီရိ) ဆောင်သူတွေ ၁၉၃၆- ခုနှစ် ဒုတိယ တက္ကသိုလ်သပိတ်မှာ တက်တက်ကြွကြွ လှုပ်ရှားပါဝင်ကြပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ ညီမလေးရယ်စိုးရိမ်မိတယ်ထဲက မေရီနှင့်သူငယ်ချင်းများက အင်းလျားဆောင်သူတွေပါ။



“အင်းလျားမှာ ဆုံစို့ကွယ်၊ အင်းလျားမှာဆုံစို့မောင်ရယ်၊ ညညနေအေးအေးဝယ်၊ လှလှနေသေးတယ်၊ မြလေသွေးချိန်ဝယ် “
အဆိုတော်မာမာအေးရဲ့ ” အင်းလျားမှာဆုံစို့ကွယ်” သီချင်းကြားရလေတိုင်း ချစ်သူတို့ ဆုံရာ အင်းလျားအဖြစ် စိတ်ဝင်စားခဲ့ပါတယ်။ တက္ကသိုလ်နောက်ခံသီချင်းနှင့် ဝတ္ထုတွေမှာ အင်းလျား ပါစမြဲပါ။ အထူးသဖြင့် တွံတေး သိန်းတန်ရဲ့ “ချစ်ရက်ရှည်ရှည်အင်းလျားမြေ” မှာ “တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်နယ်မြေ” လို့ ခြုံငုံတင်စားထားပုံလေးက တစ်မျိုးလေးလှပ နေပါတယ်။
အင်းလျားကျောင်းဆောင်နှင့် ပတ်သက်လို့ ထဲထဲဝင်ဝင်နှံ့နှံ့စပ်စပ် သိရတာကတော့ ရှင်မတောင်စာပေက မောင်မျိုးဆင့် လက်ဆောင်ပေးတဲ့ အင်းလျားဆောင်ရွှေစင်မဂ္ဂဇင်း (အမှတ်-၃)ကို တဝကြီးဖတ်ရှုရလို့ ဖြစ်ပါတယ်။ မောင်မျိုးဆင့်ကိုလည်း ကျေးဇူးအထူးတင် ရှိပါတယ်။ အင်းလျားဆောင်ရွှေစင်မဂ္ဂဇင်း( အမှတ်-၃ ) ကို ၂၀၂၆- ဇူလိုင်လမှာ ပထမအကြိမ် အဖြစ်အုပ်ရေ (၇၀၀) ရိုက်နှိပ်ပြီး တန်ဖိုးဘိုးရေးမထားပါ။ စာအုပ်အားလုံး လက်ဆောင်ပေးဖို့ ရည်ရွယ်ကြောင်း သိရှိရပါတယ်။


၁၉၅၀ ပြည့်နှစ် (၂ )ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အင်းလျားဆောင် ရွှေစင်အမှတ် (၁) စာစောင် နှင့် ၁၉၇၅-ခုနှစ်ရန်ကုန်တက္ကသိုလ်စိန်ရတုသဘင်အထိမ်းအမှတ် အဖြစ် အင်းလျားဆောင်ရွှေစင်အမှတ်(၂) မဂ္ဂဇင်း တို့ကို ထုတ်ဝေပြီးဖြစ်ပါတယ်။၂၀၂၀- ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ်အဖြစ် အင်းလျားဆောင် ရွှေစင် အမှတ်(၃) မဂ္ဂဇင်းကိုထုတ်ဖို့ ရည်မှန်းထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယခု ၂၀၂၆-ခုနှစ်မှသာ ဒေါက်တာဒေါ်ရီရီလှ (ယုဝတီခင်ဦး) ၊ ဒေါက်တာဒေါ်ပို(မြန်မာစာ)၊ ဒေါ်သိန်းသိန်းတင်၊ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ ဒေါ်တင်စိန်၊ ဒေါ်မြင့်မြင့်စိုး၊ ဒေါ်ခင်မြနွယ်၊ ဒေါ်နီနီစန်းမောင်တို့ ကနာယကအဖြစ် ဆောင်ရွက်ပြီး မြန်မာဘာသာရပ်မှာ အတိုင်ပင်ခံစာတည်း ပါမောက္ခ ဒေါ်မြမြဝင်း၊ တာဝန်ခံစာတည်း ဒေါက်တာ ဒေါ်ခင်မာကြူ၊ ဒေါ်ခင်စန်း၊ တွဲဖက်စာတည်း ဒေါ်မြင့်မြင့်ခင်၊ ဒေါက်တာခင်သီတာဝင်း၊ အင်္ဂလိပ်ဘာသာရပ်မှာ အတိုင်ပင်ခံစာတည်း ဒေါ်နော်ဂျူးဖော၊ တာဝန်ခံစာတည်း ဒေါ်အေးသာနု၊ တွဲဖက်စာတည်းဒေါ်ကြည်သာလင်းတို့က ဝါယမစိုက်ကာ ထုတ်ဝေခဲ့ပါတယ်။
ကြည်အေးရဲ့ နာမည်ကျော် ” တစ္ဆေ “အဖွင့်ကဗျာနှင့်အတူ ကဗျာပေါင်းအပုဒ်(၂၀)၊ မောင်ခင်မင်(ဓနုဖြူ)၊ ဒေါက်တာထွန်းတင့်၊ မလေးပို၊ ဒေါက်တာသန်းဦး၊ ဂုဏ်ထူးဦးသိန်းနိုင် တို့နှင့်အတူ ဆောင်းပါးပေါင်း(၅၃)ပုဒ်၊ လူထုဒေါ်အမာ၊ လယ်တွင်းသားစောချစ်၊ ယုဝတီခင်ဦး၊ မိုးမိုး( အင်းလျား )၊ မမိုးမြေ၊ မစန္ဒာတို့လို နာမည်ကြီး စာရေးဆရာ၊ဆရာမတို့နှင့်အတူ ဝတ္ထုတို (၁၀) ပုဒ် ပါဝင်ပါတယ်။ English section မှာ Khin Myo Chit နှင့်အတူ (၄) ပုဒ် ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ စာမူအင်အား ပြည့်စုံအားကောင်းလှပါတယ်။
အင်းလျားဆောင်ကို အဝေးကကြည့်လျှင် အနီရင့်ရောင်အုတ်ကြွပ်မိုး၊ အနီရင့်ရောင် အုတ်နံရံမှာအဖြူစင်းလေးတွေ၊ မြင့်မားတဲ့ဆင်ဝင်အလှ၊ လှပတဲ့အဖြူရောင်လှေကား၊ အဆောင်ရှေ့မှာလည်း မြက်ခင်းစိမ်းစိမ်း ဝိုင်းပတ်ညီညာ မြင်တွေ့ရပါတယ်။ အဆောင် ပတ်ပတ်လည်မှာ သစ်ပင်ကြီးငယ် စုံလင်လှပါတယ်။ ဒူးရင်း၊ တညင်း၊ မရန်းပင်တွေ တွေ့ရသလို ပွင့်ချိန်တန်ရင် တစ်ဆောင်လုံးမွှေးပျံ့ဖွယ် ကံ့ကော်၊ ပိတောက်ပင်တွေလည်း ရှိပါတယ်။ ညနေခင်းမှာ အဆောင်ရှေ့ပေါက် ကထွက်၊ အင်းလျားလမ်းတစ်လျှောက် ကံ့ကော်ပင်တန်းအောက်ကိုဖြတ်၊ အင်းလျားကန်ကို ရောက်၊ အင်းလျားလေကိုရှူကာ လမ်းလျှောက်ရတဲ့ အရသာက ဘယ်အရာနဲ့မှ မလဲနိုင်ပါ။
အဲဒီအချိန်မှာ ” တက္ကသိုလ်ကျောင်းသူတစ်ဦး လှပုံထူးသမျှ တွေ့ရဖူးသည်မှာ “တေးတစ်စကို ကြားရသလိုလို၊ “ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ ပြုံးလဲ့လဲ့ချစ်စရာ၊ ပွင့်သစ်စ ဒီပန်း လန်းသည့်ပုံပမာ” ကို မြင်ရသလိုလို၊ “တစ်ပတ်လျှို ဆံထုံးကြော့မှာ တစ်ပွင့်ပန်းပန်လာ၊ ရှုကာငေး နုဝါသွေး လက်ရှည်ထူထူလေးဝတ်ကာ၊ ကြက်သွေးနီနီ ထမီပန်းခက် ယဉ်သထက် ယဉ်စွာ၊ နက်မှောင်ကတ္တီပါ ၊ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ” ကို တွေ့ရသလိုလို စိတ်မှာ ထင်မြင် နေမိပါတော့တယ်။
ခြိမ့်သဲ


