The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန်အတွက် မဟာမိတ်အသစ်

Share မယ်

အမေရိကန်တပ်များ အာဖဂန်နစ္စတန် ဆုတ်ခွာခဲ့ပြီး ငါးနှစ်အကြာမှာ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ အားနည်းနေဆဲဖြစ်ပြီး တာလီဘန်တို့အတွက် မမျှော်လင့်တဲ့ မဟာမိတ် တစ်ယောက် တွေ့လာ ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ကသောင်းကနင်းနဲ့ ဆုတ်ခွာနေတဲ့ နောက်ဆုံး အချိန်မှာ ISKP (Islamic State Khorasan Province) လို့ခေါ်တဲ့ အိုင်အက်စ် ခိုရာဆန် အကြမ်းဖက်အဖွဲ့က သွေးချောင်းစီးတဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီးတစ်ခု လုပ်ခဲ့သေးတယ်။ အဲဒီတုန်းက တာလီဘန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု အောက်ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ အာဖဂန်အရပ်သား ၁၇၀ နီးပါးနဲ့ အမေရိကန် စစ်သည် ၁၃ ယောက်ဟာ ကာဘူးလ် နိုင်ငံတကာလေဆိပ်မှာ ISKP ရဲ့ အသေခံ ဗုံးခွဲမှုလုပ်ကြံမှုကြောင့် သေဆုံးခဲ့ရရှာတယ်။

ဒီ လုပ်ကြံကြီးက အမေရိကန်စစ်တပ် အာဖဂန်နစ္စတန်ကို ဘာလို့ စပြီး ခြေစုံပစ်ဝင်ခဲ့လဲဆိုတာ စဥ်းစားဖို့ သတိပေးလိုက်သလိုဖြစ်သွားတာပဲ။ တာလီဘန်တွေသာ အာဖဂန်နစ္စတန်ကို ပြန်စိုးမိုးခွင့် ရသွားရင် ၂၀၀၁ ခုနှစ် အမေရိကန်တွေ မကျူးကျော်ခင်တုန်းကလိုမျိုး စစ်သွေးကြွတွေ ခိုလှုံရာ နေရာကြီး ပြန်ဖြစ်သွားမှာကို အမေရိကန် တာဝန်ရှိသူတွေက တော်တော်ကြောက်ခဲ့ ကြတာကလား။

တကယ်လည်း ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက တာလီဘန်တွေက အယ်လ်ကေဒါနဲ့ သူတို့လို အကြမ်းဖက်အဖွဲ့တွေကို ခိုလှုံခွင့်ပေးခဲ့လို့ စစ်သွေးကြွထောင်ပေါင်းများစွာ စစ်သင်တန်းတက်ခွင့်ရပြီး အကြီးအကျယ် တိုက်ခိုက်ဖို့ ကြံစည် နိုင်ခဲ့ကြတာလေ။ ပြန်ကြည့်ရင် ၁၉၉၈ သံရုံးဗုံးခွဲမှု၊ ၂၀၀၀ ပြည့်နှစ် USS Cole စစ်သင်္ဘော တိုက်ခိုက်ခံရမှုနဲ့ အမေရိကန်တွေ အလစ်အငိုက်ခံခဲ့ရတဲ့ 9/11 အကြမ်းဖက်မှု တွေက အဲဒီရဲ့ အကျိုးဆက်တွေပေါ့။

ဒီလိုမျိုး တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်စိတ် တစ်ခုနဲ့တင်ပဲ အမေရိကန်ဟာ သူတို့ကိုယ်တိုင် ရှုံးနေမှန်း သိရဲ့သားနဲ့ ဒီစစ်ပွဲကြီးကို နှစ်ပေါင်း ၂၀ တိုင်တိုင် တရွတ်တိုက် ဆွဲပြီး ဝင်လာခဲ့တာ။ ၂၀၂၁ ဧပြီလတုန်းကတောင် သမ္မတဘိုင်ဒန်ရဲ့ CIA အရာရှိကြီး ဝီလျံဘန်းစ်က သူတို့ရဲ့ စစ်တပ်တွေသာ ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် အယ်လ်ကေဒါ တွေ ပြန်ခေါင်းထောင်လာနိုင်တဲ့ “အလွန် ကြီးမားတဲ့ အန္တရာယ်” ရှိနေတယ်လို့ သတိပေးခဲ့သေးတယ်။ ဒါပေမဲ့ လေးလအကြာမှာ သမ္မတ ဘိုင်ဒင်က တပ်တွေ တကယ်လည်း ရုပ်သိမ်းလိုက်ရော ကျွမ်းကျင်သူတွေကတော့ ဘိုင်ဒင်ကို အကြမ်းဖက်သမားတွေ အတွက် လမ်းခင်းပေးလိုက်ပြီလို့ပဲ ဝိုင်းပြီး ဝေဖန်ကြတော့ပါပဲ။

ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီစိုးရိမ်မှုတွေက လိုတာထက် ပိုလွန်းနေခဲ့တယ်ဆိုတာ သိခဲ့ကြရတယ်။ တာလီဘန်တွေ အုပ်ချုပ်နေပေမဲ့ အာဖဂန်နစ္စတန်ဟာ အရင်တုန်းကလို ကမ္ဘာ့အကြမ်းဖက်စခန်းကြီး ဖြစ်မလာခဲ့ဘူးလေ။ ၂၀၀၁ တုန်းကထက်စာရင် အများကြီး အားနည်းသွားတဲ့ အယ်လ်ကေဒါဆိုရင် အမေရိကန်တပ်တွေ ရုပ်သိမ်းသွား ပြီးကတည်းက အာဖဂန်ထဲကနေ အမေရိကန်နဲ့ ဥရောပကို ဘာတိုက်ခိုက်မှုမှ မလုပ်နိုင်တော့ဘူး။

အဲဒီလိုနဲ့ပဲ အားနည်းချက်တွေ အများကြီးရှိနေသေးတဲ့ တာလီဘန်တွေဟာ အမေရိကန်အတွက် အကြမ်းဖက် နှိမ်နင်းရေးမှာ တော်တော်အားကိုးရတဲ့ မိတ်ဖက်လို ပုံစံတောင် ဖြစ်လာခဲ့တာ။ တာလီဘန်တွေဟာ ကမ္ဘာ့အကြမ်းဖက်မှု တွေရဲ့  နောက်ကွယ်ကနေ အကြီးအကျယ် ပံ့ပိုး ပေးမယ့်သူတွေ ပြန်ဖြစ်သွားလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေရဲ့ တွက်ဆချက်တွေကို လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်နိုင် ခဲ့တာပေါ့။

အဲဒါကတော့ အကြမ်းဖက်မှုကို တကယ် ထိထိရောက်ရောက် တားဆီးချင်ရင် ရန်သူဟောင်းတွေ နဲ့တောင် လက်တွဲ လုပ်ဆောင်ရင် ရတယ်လို့ ဆိုတာကို ပြလိုက်တာပါပဲ။

တကယ်တော့လည်း တာလီဘန်ဆိုတာ အမေရိကန်ရဲ့ မိတ်ဆွေစစ်တော့ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ အာဖဂန်ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေကို ရက်ရက်စက်စက် နှိပ်စက်နေတုန်းပဲ။ ပြီးတော့ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီးကတည်းက အာဖဂန်ထဲမှာ အဖွဲ့ဝင်သစ်တွေကို စစ်သင်တန်းပေးလာတဲ့ အယ်လ်ကေဒါလို စစ်သွေးကြွတွေကိုလည်း ဆက်ပြီး ခိုလှုံခွင့် ပေးထားတုန်းပဲ။

ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကနဲ့ မတူတာက အခုဆို တာလီဘန်တွေဟာ အကြမ်းဖက်သမား တွေကို အရင်လောက် အထောက်အပံ့ အများကြီး မပေးတော့ဘူး။ ပြီးတော့ ပိုပြီး အရေးကြီးတာက အယ်လ်ကေဒါဟာ အရင်တုန်းကလောက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး မဖြစ်နိုင်တော့တာပါဘဲ။

အမေရိကန်တပ်တွေ မရုပ်သိမ်းခင်တုန်းက အယ်လ်ကေဒါရဲ့ ထိပ်ပိုင်းခေါင်းဆောင် အတော်များများကို ရှင်းလင်းနိုင်ခဲ့တယ်။ နောက်ထပ်လည်း ထောက်လှမ်းရေးနည်းပေါင်းစုံ သုံးပြီးတော့ ကမ္ဘာတစ်ဝန်းက အယ်လ်ကေဒါ အဆွယ်အပွားတွေကို အပြတ်အသတ် ဖြိုခွဲနိုင်ခဲ့တာဆိုတော့ အယ်လ်ကေဒါဟာ အရင်လို အခြေပြန်မလှနိုင်တော့ဘူး။

သမ္မတဘိုင်ဒန်နှင့် အဖွဲ့များ အယ်လ်ကေဒါ ခေါင်းဆောင်အား သုတ်သင်ရန် အစီအမံများ တိုင်ပင်နေကြပုံ (Photo: PBS News)

၂၀၂၂ မှာ အမေရိကန်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် အယ်လ်ကေဒါရဲ့ ခေါင်းဆောင်ကြီး အယ်လ်-ဇာဝါဟီရီ သေဆုံးသွားခဲ့တယ်။ ဒါက ဘာကိုပြလဲဆိုတော့ အာဖဂန်မှာ အမေရိကန်တပ်တွေ ကိုယ်တိုင် ရှိမနေရင်လည်း အယ်လ်ကေဒါရဲ့ အစွယ်ကို ရိုက်ချိုးပစ်လို့ရတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ အခုထိလည်း အယ်လ်ကေဒါဘက်က ဇာဝါဟီရီရဲ့ နေရာမှာ အစားထိုးမယ့် ခေါင်းဆောင်သစ် နာမည်ကို မထုတ်ပြန်နိုင်သေးဘူး။ လက်ရှိ ခေါင်းဆောင်လို့ ပြောနေကြတဲ့ ဆေ့ဖ် အယ်လ်-အာဒယ် ဆိုရင်လည်း အီရန်မှာ ပုန်းနေရတယ်။ ကြားရသလောက်တော့ တာလီဘန်တွေက အာဒယ်ကို အာဖဂန်ထဲ အဝင်မခံချင် ကြဘူးတဲ့။အယ်လ်ကေဒါကို လိုတာထက်ပိုပြီး အလိုလိုက် ထောက်ပံ့ပေးလိုက်ရင် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ်ဆိုတာ တာလီဘန်တွေ ဘက်ကပါ သဘောပေါက်လာတဲ့ လက္ခဏာပေါ့။

အလားတူပဲ တာလီဘန်တွေဆီက အထောက်အပံ့ရနေတဲ့ ပါကစ္စတန် တာလီဘန် (Tehreek-e-Taliban Pakistan) ဆိုရင်လည်း နိုင်ငံတကာ ပစ်မှတ်တွေကို ထားခဲ့ပြီး ပါကစ္စတန်အတွင်းပိုင်းကိုပဲ တိုက်ခိုက်ဖို့ ဇောက်ချလုပ်နေတာ။ ၂၀၁၀ တုန်းကတော့ သူတို့အဖွဲ့က တိုင်းမ်စကွဲယား (Times Square) မှာ ကားဗုံးခွဲဖို့ ကြိုးစားခဲ့ဖူးတာပေါ့။

ဒါပေမဲ့ အယ်လ်ကေဒါ အင်အားယိမ်းယိုင်သွားချိန်မှာ ISKP အဖွဲ့ကတော့ အာဖဂန်နစ္စတန်မှာ အကြီးမားဆုံး အကြမ်းဖက် ခြိမ်းခြောက်မှုကြီး ဖြစ်လာခဲ့တယ်။ အီရန်၊ ပါကစ္စတန်၊ ရုရှားနဲ့ တူရကီတို့မှာ ဖြစ်ပွားခဲ့တဲ့ သေကျေပျက်စီးမှုများတဲ့ တိုက်ခိုက်မှုတွေဟာ ဒီအဖွဲ့ရဲ့ လက်ချက်လို့ သံသယရှိကြတာပေါ့။ ဥရောပမှာဆိုရင်လည်း တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြံစည်ခဲ့သလို အမေရိကန်မှာဆိုရင်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော် ခဲ့ဖူးတယ်။

ဒါပေမဲ့ အဲဒီကြံစည်မှုတွေဟာ မအောင်မြင်ခဲ့သလို ပျက်စီးခဲ့ရတာချည်းပါပဲ။ ISKP ရဲ့ ရည်မှန်းချက်တွေ ကို ရိုက်ချိုးရာမှာလည်း တာလီဘန်တွေဟာ အမေရိကန်ဘက်ကနေ ကူညီပေးခဲ့တာ အများကြီးလေ။

ISKP ဟာ တာလီဘန် ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို တာလီဘန် နောက်လိုက် အချို့ကိုလည်း သူတို့ဘက်ပါအောင် စစည်းရုံးခဲ့တာတွေ လုပ်ခဲ့တယ်။ ဒီလို လုပ်တာကို တာလီဘန်တွေ ဘက်က ပြန်တုံ့ပြန်တဲ့အနေနဲ့ ISKP တိုက်ခိုက်ရေးသမားတွေနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ သုတ်သင်တာတွေ လုပ်ခဲ့တယ်။

တကယ်လည်း အမေရိကန်ရဲ့ အကြမ်းဖက်နှိမ်နင်းရေး အကြီးအကဲဆိုရင် တာလီဘန်တွေကို “အလယ်အလတ် ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ အကြမ်းဖက်နှိမ်နင်းရေး မိတ်ဖက်တွေ” လို့တောင် တင်စားပြောဆိုခဲ့တာ။ ပြိုလဲသွားခဲ့တဲ့ အာဖဂန် သမ္မတနိုင်ငံ အစိုးရနဲ့ မတူတာက တာလီဘန်တွေဟာ နိုင်ငံတစ်ဝန်းလုံးကို စိုးမိုးထားနိုင်သလို နေရာတိုင်းမှာလည်း သတင်းကွန်ရက်တွေ ရှိနေတာလေ။ ဝါရှင်တန် အစိုးရကတော့ ဒါကို သူတို့အတွက် အခွင့်ကောင်းအဖြစ် အသုံးချခဲ့တာပေါ့။ ဒီဒေသမှာ သတင်းအချက်အလက် ခိုင်ခိုင်မာမာ ရရှိထားတာမို့လို့လည်း အမေရိကန်ဟာ ISKP တိုက်ခိုက် လာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အီရန်နဲ့ ရုရှားကို ကြိုတင်သတိပေးနိုင်ခဲ့သလို ဥရောပနိုင်ငံတွေမှာ ဖြစ်လာမယ့် ကြံစည်မှုတွေကိုလည်း တားဆီးနိုင်အောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ အာဖဂန်နစ္စတန်တစ်နိုင်ငံတည်းနဲ့ ပူးပေါင်းဆောင်ရွက် နေခဲ့တာတော့ မဟုတ်ပါဘူး။ ဆီးရီးယားမှာ လည်း ဂျီဟာဒ်စစ်သွေးကြွဘဝကနေ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာတဲ့ အာမက် အယ်လ်-ရှာရား (Ahmed al-Sharaa) ဟာ အိုင်အက်စ် (IS) နဲ့ ဟဇ်ဘိုလာတွေကို တိုက်ခိုက်ဖို့ အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်နေတာလေ။

ဒါ့အပြင် အမေရိကန်ဟာ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) နဲ့လည်း ပူးပေါင်း ဆောင်ရွက် ခဲ့တယ်။ SDF ဟာ တူရကီကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာတောင်မှ အမေရိကန်က လက်တွဲခဲ့တာပေါ့။

ဒီလို စိတ်ချရမှု မရှိတဲ့သူတွေနဲ့ လက်တွဲတာက အမေရိကန်အတွက်  မီးနဲ့ ကစားရသလိုပါပဲ။ တန်ပြန် အန္တရာယ်တွေ တော့ ရှိတတ်တယ်။ ဥပမာဆိုရရင် ဆိုမာလီယာမှာ အမေရိကန်ဟာ အယ်လ်ရှာဘတ် (al-Shabaab) တွေကို တိုက်ဖို့ ဒေသတွင်း စစ်ခေါင်းဆောင်တွေကို ထောက်ပံ့ခဲ့ပေမယ့် အဲဒီစစ် ခေါင်းဆောင်တွေရဲ့ မတရား နှိပ်စက်မှုတွေကြောင့်ပဲ စစ်သွေးကြွ အဖွဲ့ဘက်ကို ထောက်ခံသူတွေ ပိုများသွားခဲ့ရတာလေ။

အခု တာလီဘန်တွေက ISKP ကို အမေရိကန်ရဲ့ အကူအညီနဲ့ ချေမှုန်းနေတဲ့ စစ်ဆင်ရေးမှာလည်း ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေတာပဲ။ တာလီဘန်ဟာ သူတို့တပ်ဖွဲ့ဝင်တွေ ISKP ဘက် ကူးပြောင်းမသွားအောင်ဆိုပြီး ပိုလို့တောင် ဖိနှိပ်ချုပ်ချယ်လာခဲ့တယ်။ ဒါ့အပြင် အာဖဂန်ထဲမှာ ISKP ရဲ့ လှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းလိုက်တော့ ISKP က ဒေသတွင်းမှာ သိပ်မလှုပ်ရှား နိုင်တော့တာနဲ့ နိုင်ငံတကာအဆင့် အကြမ်းဖက်မှုတွေဘက် ပိုလှည့်သွားဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်တယ်။

ဒီတော့ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေ ဒါမှမဟုတ် ရန်သူဟောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ စာရိတ္တပိုင်းအရရော အခြား နစ်နာမှုတွေနဲ့ လဲရတာပါပဲ။

အမေရိကန် တာဝန်ရှိသူတွေရဲ့ အလုပ်ကတော့ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကနေ အမေရိကန် တစ်နိုင်ငံတည်း အတွက်တင်မကဘဲ ကမ္ဘာတစ်ဝန်းလုံးအတွက် ရရှိလာမယ့် လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်တွေဟာ ပေးဆပ်လိုက်ရတဲ့ တန်ကြေးထက် ပိုသာရဲ့လားဆိုတာကို အမြဲမပြတ် ချိန်ဆနေဖို့ လိုတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလရဲ့ နောက်ကြောင်းပြန် လေ့လာစရာ နိုင်ငံခြားရေး မူဝါဒ သင်ခန်းစာတွေ ထဲက သိပ်ပြီး ရှင်းလင်းလှတဲ့ အမှန်တရားတစ်ခုကတော့… “အကြမ်းဖက်မှုကို နှိမ်နင်းဖို့ အကောင်းဆုံး နည်းလမ်း ဆိုတာ တချို့အချိန်တွေမှာ အဆိုးဆုံးတွေထဲက အဆိုးနည်းဆုံးတစ်ခုကို ရွေးလိုက်ရတာပဲ” ဆိုတာပါပဲ။ အားလုံး သဘောတူဖို့ နည်းနည်း လက်တွန့်စရာတော့ ရှိနိုင်ပါတယ်။

The Atlantic မဂ္ဂဇင်းပါ A Silver Lining in Afghanistan ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *