The Corner

The Corner

cropped-Logo_round_grey-background.png

USAID မုန်တိုင်းအပြီး တစ်နှစ်အကြာ

Share မယ်

The Economist magazine ပါ Dana Zartner ၏ ဆောင်းပါးကို ထုတ်နုတ် ပြန်ဆိုသည်။

အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုအပြီး ငါးလအကြာ ၂၀၂၅ခုနှစ် ဇွန်လမှာ ဖနွမ်းပင်အခြေစိုက် အမေရိကန်သံရုံး အဖွဲ့ဟာ ကမ္ဘောဒီးယား အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယား ဘက်က စိတ်ညစ်နေကြပါတယ်။ ရှုပ်ထွေးတဲ့ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ကောင်းလိုက် ဆိုးလိုက်ဖြစ်နေပေမယ့် အခုလို ဘာသတင်းစကားမှ မပေးဘဲ အကူအညီတွေကို ရုတ်တရက် ရပ်ပစ်လိုက်တာမျိုးတော့ အရင်က မရှိခဲ့ဘူးပါ။

ကမ္ဘောဒီးယား မှာရှိတဲ့ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်က “ကမ္ဘောဒီးယား အရာရှိတွေက အဓိကအလှူရှင်ဖြစ်တဲ့ USAID ရဲ့ အကူအညီတွေ ရပ်တန့်မှုကြောင့် ဖြစ်လာတဲ့ ကမ္ဘောဒီးယား ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အခက်အခဲ တွေကို ပြောပြကြပါတယ်”။ ကမ္ဘောဒီးယား အရာရှိတစ်ယောက်က ကမ္ဘောဒီးယား ဘဏ္ဍာနှစ် ကုန်ဆုံးဖို့  နှစ်လ အလိုမှာ အဓိကကျတဲ့ ရန်ပုံငွေတွေကို ဆုံးရှုံးလိုက်ရတာ တကယ့်ကို ခက်ခဲတဲ့ အချိန်ကိုက်ပါပဲ ဟု ဆိုပါတယ်။

ဒီပြောဆိုချက်တွေကို ကြည့်ရင် မပြင်းထန်ဘူးလို့ ထင်ရပေမယ့် သံတမန်အသုံးအနှုန်းတွေနဲ့ ရင်းနှီးသူ များအဖို့တော့ ဒါတွေဟာ တရားဝင် အစည်းအဝေး တစ်ခုမှာ အစိုးရ ကိုယ်စားလှယ်များရဲ့ ပြောဆိုမှု တွေပါ။ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာမှာ ဝါရင့် တစ်ယောက်ဖြစ်တဲ့ ဘိုရက်ဆန်ကတော့ ပိုပြီး တဲ့တိုးကျပါတယ်။ သူက “ဒါဟာ အမေရိကန်က ကမ္ဘောဒီးယား ကိုစွန့်ပစ်လိုက်တာပါ။ အားလုံးတစ်ခါ ပြီးသွားပြန်ပါပြီ”။

အထက်ပါပြောဆိုချက်တွေအတိုင်း ကမ္ဘာတစ်လွှား ကျွန်တော်တွေ့ဆုံခဲ့တဲ့သူတွေကလည်း ထပ်တူပြောကြပါ တယ်။ အမေရိကန်ဘက် ကတော့ ဘတ်ဂျက်တွေဖြတ်တောက်ခြင်းဟာ ဖြုန်းတီးမှုတွေနဲ့ အလွဲသုံးစား လုပ်မှုတွေကို ရပ်တန့်ပစ်တာလို့ မြင်ပေမယ့် ကမ္ဘောဒီးယား အပြင် အခြားကမ္ဘာ့နေရာတွေမှာတော့ အဲလို မမြင်ကြပါ။

ကမ္ဘောဒီးယား ရဲ့ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ သဘာ၀ပတ်ဝန်းကျင် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ဒီမိုကရေစီ တည်ဆောက် ရေး၊ လူ့အခွင့်အရေး စတဲ့ လူထုအခြေပြု ဖွံ့ဖြိုးမှု လုပ်ငန်းတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ USAID အကူအညီပေး ရန်ပုံငွေက အဓိကပါ။ ရုတ်တရက်ကြီး ဘတ်ဂျက်တွေကို ရုပ်သိမ်းလိုက်တာ၊ ဝန်ထမ်းပေါင်းများစွာကို အလုပ်ဖြုတ်ရတာ၊ မရေမတွက်နိုင်တဲ့ စီမံချက်တွေကို ရပ်ပစ်လိုက်ရတာတွေဟာ “ငလျင်ကြီးလှုပ်လိုက်သလိုပါပဲ” လို့ USAID ဝန်ထမ်းဟောင်းတစ်ဦးက ဆိုပါတယ်။

စီမံကိန်းတွေကို ပိတ်လိုက်ရတဲ့ ဂယက်ဟာ တိုက်ရိုက် ရော သွယ်ဝိုက် ထိခိုက်မှုတွေ ရှိခဲ့ပြီး အခု တစ်နှစ်ကြာတဲ့အထိ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။ ခန့်မှန်းရနိုင်တာ နဲ့ မရနိုင်တာ နှစ်ခုလုံးမှာ အခုထိ စွဲကျန်နေတာကတော့ ကမ္ဘောဒီးယား ကြာရှည် တည်တံ့နိုင်တဲ့ လူမှုတရားမျှတမှု ဖွံ့ဖြိုးရေးကက္ဍရဲ့ အနာဂတ်အတွက် မသေချာ မရေရာမှုပါပဲ။ ဘတ်ဂျက်ဖြတ်တောက်အပြီး တစ်နှစ်ကြာသွားတဲ့အထိ ဘယ်သူမှ အကူအညီပေးယ့်နေရာကို အစားထိုးနေရာဝင်ယူ မလာကြပါ။

အတိအကျကိန်းဂဏန်းတွေရဖို့ ခက်ပေမယ့် USAID မှာလုပ်နေတဲ့ ကမ္ဘောဒီးယား ဝန်ထမ်းတစ်ဦးက “အလုပ်ပြုတ်သွားကြတဲ့ ဝန်ထမ်းတွေအကြား အလုပ်လက်မဲ့ဖြစ်နေတဲ့ အရေအတွက်ဟာ မြင့်မားနေဆဲပါ” လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ သူနဲ့ စကား ပြောကြချိန်မှာ သူက “အလုပ်ပြုတ်သွားတဲ့သူတွေရဲ့  ၃၀ % လောက်ပဲ အလုပ်သစ်ပြန်ရကြသေးတယ်” လို့ ပြောပြပါတယ်။ သူ့လို USAID နဲ့ အနှစ် ၂၀ လုပ်သက်ရှိသူမျိုးတွေတော့ ကံကောင်းထောက်မပြီး အလုပ်ပြန်ရကြပါတယ်။

လစာတွေ ခံစားခွင့်တွေ ကတော့ နည်းသွားတယ်လို့ ဆိုပါတယ်။ အမေရိကန်လူမျိုးတွေလည်း ရိုက်ခတ်မှုကို ခံကြရပါတယ်။ USAID ဝန်ထမ်း အမေရိကန် လူမျိုးတွေ ထဲက သုံးဦးပဲ ကမ္ဘောဒီးယား မှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ အများအပြားပဲ ဒေသတွင်းမှာ အလုပ်ရကြပေမယ့် ကမ္ဘောဒီးယား ကိုတော့ စွန့်ခွာကြရပါတယ်။ သူတို့နဲ့အတူ နှစ်ပေါင်းများစွာက အဆက်အသွယ်တွေ၊ အတွေ့အကြုံတွေ  ပါသွားပါတယ်။

တရုတ်နိုင်ငံက USAID နေရာကို အစားထိုးဝင်ယူလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ကမ္ဘောဒီးယား နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပေမယ့် နိုင်ငံတကာအကူအညီပေးရေးမှာ တရုတ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံက USAID နဲ့ မတူပါဘူး။ တရုတ်ရဲ့ မူဝါဒက ရပ်ရွာအဆင့် အဖွဲ့အစည်းလေးတွေနဲ့ လုပ်တာမဟုတ်ဘဲ အစိုးရနဲ့ တိုက်ရိုက် လုပ်ရတာဖြစ်ပါတယ်။ အကူအညီပုံစံကလည်း ချေးငွေ ပုံစံ ဆန်ပါတယ်။ လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် မဟုတ်ဘဲ အကြီးစား အဆောက်အအုံ၊ လမ်း တံတား တည်ဆောက်ရေး များအတွက် ဦးတည်ပါတယ်။

တချို့ကလည်း ရပ်ရွာအဆင့် ဖွံ့ဖြိုးရေးကို ဦးတည်ရာတူတဲ့ ဥရောပနိုင်ငံတွေက ဝင်လာလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဖြစ်မလာတဲ့အပြင် နိုင်ငံလုံခြုံရေးမတည်မငြိမ်ဖြစ်လာမှုတွေကြောင့် ဥရောပ နိုင်ငံများဟာ ဒေသတွင်း နိုင်ငံတကာ အကူအညီတွေကို လျှော့ချရပါတယ်။

USAID ရဲ့ ရန်ပုံငွေဖြတ်တောက်မှုဟာ ကမ္ဘောဒီးယား နိုင်ငံသားတွေ အထူးသဖြင့် အမျိုးသမီးနဲ့ ခွဲခြားဆက်ဆံ ခံနေရတဲ့ အုပ်စုတွေအတွက် တိုးတက်ရာ လမ်းကြောင်းကို ဖြိုချဖျက်ဆီးလိုက်တာပါပဲ။ မြို့ကြီးတွေရဲ့ ပြင်ပမှာ ကမ္ဘောဒီးယား ဟာ ယောက်ျားကြီးစိုးတဲ့ နိုင်ငံပါ။ ဌာန အဖွဲ့အစည်းတွေမှာ အလယ်အလတ်နဲ့ အဆင့်မြင့် ရာထူးနေရာတွေရဲ့ ၂၇%မှာသာ အမျိုးသမီးတွေ ရှိနေပါတယ်လို့ ဆန်းစစ်ချက်တစ်ခုက ပြသပါတယ်။ လွှတ်တော်အတွင်း အမျိုးသမီးများနေရာရရှိမှုမှာ နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် ကမ္ဘောဒီးယား က ၁၅၇ မှာ ရှိနေတယ်လို့ UN Women သုတေသနက ဆိုပါတယ်။

နောက်ထပ် ထိခိုက်ခံရတဲ့ အုပ်စုက လူငယ်များဖြစ်ပါတယ်။ ဘတ်ဂျက် ဖြတ်တောက်မှုကြောင့် အလုပ်အကိုင် အခွင့်အရေး ဆုံးရှုံးမှုတွေကို ဆိုးဆိုးရွားရွား ခံစားရတဲ့အပြင် အမေရိကန်ကို မိတ်ဆွေထက် ရန်သူလို့ မြင်တဲ့ နောက်ထပ်မျိုးဆက်သစ်တစ်ခုကို မွေးဖွားပေးလိုက်သလို ဖြစ်သွားပါတယ်။

အကူအညီပေးမှုများကို ဆုံးရှုံးရတဲ့အတွက် ကမ္ဘောဒီးယား နိုင်ငံကို USAID က ကူညီခဲ့တဲ့ စီမံချက်တွေကို ရှေ့လာမယ့်နှစ်တွေမှာ နှောင့်နှေးစေမယ့် အခက်အခဲတွေ ပေါ်ပေါက်လာစေပါတယ်။ ကမ္ဘောဒီးယား ဝန်ထမ်း တစ်ဦးက “USAID အောက်မှာ ရရှိခဲ့တဲ့ ကျွမ်းကျင်မှုတွေ၊ ဆက်သွယ်မှုကွန်ရက်တွေ၊ အတွေ့အကြုံတွေ၊ စနစ်တွေ က ဆက်ရှိနေမှာပါ။ ဒါပေမဲ့ လုပ်ငန်း အရှိန် လျော့ကျပြီးတော့ အကျိုးရလဒ်တွေကျဆင်းရပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ရုတ်တရက်ကြီး ရပ်လိုက်ရလို့ပါ” လို့ ပြောပါ တယ်။

Photo credit: The Diplomat

ဆုံးရှုံးခြင်းမှာလည်း အခွင့်အရေးတော့ ပါလာမြဲပါ။ အခုဆိုရင် NGO တွေ CSO တွေဟာ သူတို့လုပ်ငန်း တွေ လည်ပတ်ဖို့ တခြားနည်းလမ်းတွေကို ရှာဖွေနေကြတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ အခုလက်ရှိ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအရ အကူအညီပေးရေးအစီအစဉ်တွေရဲ့ အနာဂတ်ကို ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ဆက်လက်လုပ်ဆောင်နေတဲ့ ကမ္ဘောဒီးယား ဝန်ထမ်းတစ်ဦးကတော့ တစ်နေ့မှာ USAID ဟာ ပုံစံတစ်မျိုးနဲ့ ပြန်လာမှာလို့ မျှော်လင့်နေပါတယ်။

“USAID ကို ချစ်တုန်းပဲ။ တစ်နေ့မှာတော့ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်”

Click to rate this post!
[Total: 1 Average: 1]

Leave a Comment

Your email address will not be published. Required fields are marked *