ဒီမိုကရေစီ နဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ဒွန်တွဲလို့ နေတယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိဘဲ ဒီမိုကရေစီ ရှိတယ်လို့ ပြောလို့မရဘူးလို့ ဆိုကြပါတယ်။ အာဏာရှင် နိုင်ငံတွေမှာကတော့ ရှင်းတယ်။ မီဒီယာ လွတ်လပ်ခွင့် မရှိဘူး။ သတင်းအချက်အလက် တိုင်းဟာ အစိုးရ အာဘော်ပဲ။ မီဒီယာ လွတ်လပ်ခွင့် မရှိသလို လွတ်လပ်တဲ့ မီဒီယာတွေလည်း မရှိဘူး။
သိပ်မကြာသေးခင်က စင်္ကာပူတရားရုံး တစ်ရုံးက နာမည်ကျော် Bloomberg သတင်းဌာနကို အသရေ ဖျက်မှုနဲ့ လျော်ကြေး စင်္ကာပူဒေါ်လာ (၄၆၀၀၀၀) ပေးဖို့ အမိန့်ထုတ်လိုက်တယ်။ ဒီအမှုမှာ တရားလို တွေက စင်္ကာပူ ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ရှန်မူဂမ် နဲ့ တန်ဆီးလန်တို့ပါ။ ရှန်မူဂမ်က အမျိုးသား လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးနဲ့ တရားရေးဝန်ကြီးဟောင်းဖြစ်ပြီး တန်ဆီလန် ကတော့ လူ့စွမ်းအား ဝန်ကြီးဖြစ်တယ်။

Bloomberg သတင်းဌာနက ၂၀၂၄ ဒီဇင်ဘာလမှာ အိမ်ခြံမြေလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ရာမှာ ဝန်ကြီးနှစ်ပါးရဲ့ နာမည်ကို ဖော်ပြခဲ့ပြီး အဲဒီ ဝန်ကြီးနှစ်ဦးရဲ့ တန်ဖိုးကြီး အိမ်ခြံမြေ ရောင်းဝယ်မှုမှာ လျှို့ဝှက်ဖုံးကွယ်မှုနဲ့ ငွေကြေး ခဝါချမှုတွေ ရှိခဲ့တယ်လို့ ရေးသားထားတယ်။
ဆောင်းပါးခေါင်းစဉ်က “Singapore Mansion Deals Are Increasingly Shrouded in Secrecy” ဖြစ်ပြီး မြန်မာလို ပြန်မယ်ဆိုရင် “စင်္ကာပူ စံအိမ်ကြီးများ ရောင်းဝယ်မှု လျှို့ဝှက်ချက်များ ဖုံးလွှမ်းနေ” လို့ အဓိပ္ပာယ်ရတယ်။ ဆောင်းပါးရေးသူ သတင်းထောက်က လိုဒီဝေ ပါ။ ဒီဆောင်းပါးမှာ စင်္ကာပူရဲ့ ဒေါ်လာ သန်းချီတန်တဲ့ အဆင့်မြင့် လုံးချင်းအိမ်ရာ ရောင်းဝယ်မှု အတွင်းရေးတွေကို ဖော်ထုတ် ထားတယ်။ စင်္ကာပူက အဆင့်မြင့် တန်ဖိုးကြီး လုံးချင်းအိမ်ရာတွေကို GCB (Good Class Bangalows) လို့ ခေါ်တယ်။ တန်ဖိုးမြင့် GCB အိမ်ရာ ရောင်းဝယ်မှုအတွင်းရေးတွေကို ဖော်ထုတ်ထားတဲ့ ဒီဆောင်းပါးမှာ ဝန်ကြီး ရှန်မူဂမ်က ဒေါ်လာ (၈၈)သန်းနဲ့ သူ့အိမ်ကြီးကို အမည် မဖော်ပြထားတဲ့ ဝယ်သူတစ်ဦးထံ အသင်းအဖွဲ့ တစ်ခု နာမည်ခံပြီး ရောင်းထားတဲ့ အကြောင်းနဲ့ ဝန်ကြီး တန်ဆီးလန်က ဒေါ်လာ (၂၇) သန်းတန် လုံးချင်းအိမ်ကြီး တစ်လုံး ဝယ်ယူခဲ့ကြောင်း ဖော်ပြထားတယ်။ လူသိထင်ရှား ပုဂ္ဂိုလ် တစ်ဦးက ခုလို ဇိမ်ခံအိမ်ကြီး ဝယ်ယူတာကို ဆောင်းပါးရှင်က နမူနာအဖြစ် ဖော်ပြခဲ့တာ ဖြစ်တယ်။ ဒီလို တန်ဖိုးမြင့် အဆင့်မြင့် ဇိမ်ခံအိမ်ရာ ရောင်းဝယ်မှုမှာ ငွေကြေး လွှဲပြောင်းမှု တွေကို နာမည်မခံဘဲ လွှဲပြောင်းမှုရှိတဲ့အတွက် ဒီအရောင်းအဝယ်တွေဟာ လျှို့ဝှက်ဖုံးကွယ်ထားမှုတွေ ရှိနေပြီး ငွေကြေးခဝါချမှုနဲ့ ဆက်စပ် နေနိုင်တယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘလွန်းဘတ် သတင်းဌာနက သူတို့ဘက်က ဘယ်လိုအမှားမျိုးကိုမှ ကျူးလွန်ခဲ့တာ မရှိကြောင်းနဲ့ မီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားခဲ့တာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တယ်။ တရားသူကြီးကတော့ ဆောင်းပါး တစ်ပုဒ်လုံးကို ဖတ်လိုက်ရင် ဝန်ကြီးနှစ်ဦးက ငွေကြေးခဝါချမှုနဲ့ လျှို့ဝှက် ဖုံးကွယ်မှုနဲ့ မသမာမှုတွေ လုပ်ဆောင်ကြောင်း ဖော်ပြထားတဲ့ ရေးသားချက်တွေ ပါဝင်နေတယ်လို့ ဆိုတယ်။
ဘလွန်းဘတ် သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာအယ်ဒီတာချုပ် မစ်ကယ်လ်ဝိတ်က ခုလို တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အလွန်စိတ်ပျက်မိကြောင်းနဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားကြောင်း ဖော်ပြထားတယ်။
“ကျွန်တော်တို့ရဲ့ သတင်းဆောင်းပါးက တိကျ သေချာမှုရှိပြီး အများပြည်သူအကျိုးစီးပွားအတွက် ဖြစ်တယ်။ ဝန်ကြီးတွေကတော့ ဒီဆောင်းပါးဟာ သူတို့ကို လွန်လွန်ကဲကဲ ထိခိုက်နစ်နာစေတဲ့ အချက်တွေ ပါနေတယ်လို့ဆိုတယ်။ ကျွန်တော်တို့က တရားရုံးမှာ ခုခံချေပခဲ့တယ်” လို့ ဘလွန်းဘတ်မှ မစ်ကယ်လ်ဝိတ်က ဆိုပါတယ်။
ဘလွန်းဘတ်မှာ ဖော်ပြခဲ့တဲ့ဆောင်းပါးဟာ စင်္ကာပူ အဆင့်မြင့်တန်ဖိုးကြီးအိမ်ရာ (Good Class Banglows) ရောင်းဝယ်မှုတွေ မှာ ချမ်းသာကြွယ်ဝသူ အချို့ဟာ အရောင်းအဝယ် ငွေကြေးနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဖော်ပြမထားတာ၊ နာမည်ခံပြီး ရောင်းဝယ်တာတွေ ရှိနေကြောင်းနဲ့ ဒီအထဲမှာ စင်္ကာပူ ဝန်ကြီးနှစ်ပါးလည်း ပါဝင်တယ်ဆိုပြီး ရေးသားခဲ့တာဖြစ်တယ်။ စင်္ကာပူက Good Class Banglows လို့ ခေါ်တဲ့ အဆင့်မြင့်လုံးချင်းအိမ်တွေဟာ ဒေါ်လာသန်းချီတန်ဖိုးရှိပြီး အနိမ့်ဆုံး ဒေါ်လာ ၁၅ သန်းရှိတယ်လို့ဆိုတယ်။
အမျိုးသား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ရှန်မူဂမ်က သူပိုင်ဆိုင်တဲ့အိမ်ကို ဒေါ်လာ (၈၈)သန်းနဲ့ အမည်မဖော်ပြ တဲ့ ဝယ်ယူသူတစ်ဦးထံ အဖွဲ့အစည်းတစ်ခုအမည်ခံပြီး ရောင်းချခဲ့တယ်။ လူ့စွမ်းအားဝန်ကြီး တန် ကတော့ ဒေါ်လာ ၂၇ သန်းနဲ့ GCB အိမ်ကြီးတစ်လုံးဝယ်ယူခဲ့တယ်။ တန် လို လူသိထင်ရှားပုဂ္ဂိုလ်တွေဟာ ခုလို အရောင်းအဝယ် ပြုလုပ်ကြရာမှာ ဒီငွေတွေ ဘယ်ကို လွှဲပြောင်းပေးခဲ့သလဲဆိုတာ ခြေရာခံလို့မရအောင် အချက်အလက်တွေကို ဖုံးကွယ်ထားခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြ ထားတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာ Bloomberg ဝက်ဘ်ဆိုက်ဟာ ဒီဆောင်းပါးကို တရားရုံးအမိန့်နဲ့ ဖြုတ်ချပေးလိုက်ရတယ်။
တကယ်တော့ ဒီဆောင်းပါးဖော်ပြခဲ့တာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကပါ။ အဲဒီအချိန်ကတည်းက ဝန်ကြီးတွေက တရားစွဲမယ်လို့ ဆိုတယ်။ ဧပြီလတုန်းက ပြုလုပ်ခဲ့တဲ့ တရားရုံးထွက်ဆိုချက်မှာ ဝန်ကြီးနဲ့ သူတို့ရှေ့နေတွေက ဒီဆောင်းပါးမှာ မမှန်မကန် အရောင်းအဝယ်ပြုလုပ်သူ၊ ပွင့်လင်းမြင်သာမှုမရှိ၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်နေသူတွေကို ဝန်ကြီးတွေရဲ့ နာမည်နဲ့တွဲပြီး ဖော်ပြခဲ့တယ်လို့ ဆိုတယ်။
ဝန်ကြီး ရှန်မူဂမ်က ဘလွန်းဘတ်ဟာ သူ့ကို တမင်ပစ်မှတ်ထားပြီး အိမ်ရောင်းတဲ့ကိစ္စ သတင်းထုတ်ပြန်ခဲ့တာလို့ စွပ်စွဲခဲ့တယ်။ ဘလွန်းဘတ် နဲ့ ဆောင်းပါးရှင် လို ကတော့ ဒီဆောင်းပါးမှာ ဝန်ကြီးတွေက မမှန်မကန် လုပ်ထားတဲ့အကြောင်း ရေးသား ဖော်ပြထားတာမရှိဘဲ သတင်းဆောင်းပါးကို ပိုလေးနက်မှုရှိအောင် နမူနာအမည်ပေးထားတာဖြစ်တယ်လို့ ဆိုတယ်။ ဝန်ကြီးတွေကတော့ ဒီဆောင်းပါးဟာ သူတို့အပေါ် လုံးဝ “အသရေဖျက်မှု” ကျူးလွန်တာဖြစ်တယ်လို့ ဆိုတယ်။
ဘလွန်းဘတ်ဘက်ကတော့ ဒီဆောင်းပါးဟာ အချက်အလက်တွေကို အသေအချာ လေ့လာ သုတေသန ပြုထားပြီး ဆောင်းပါးရှင်က ဝန်ကြီးတွေဆီက မှတ်ချက်ရအောင် အကြိမ်ကြိမ် ဆက်သွယ်ပြီး ကြိုးစား ခဲ့တယ်လို့ဆိုတယ်။
စင်္ကာပူ ဗဟိုတရားရုံးချုပ် တရားသူကြီး အော်ဒရေ လင်းမ်က ဒီဆောင်းပါးရဲ့ ယေဘုယျအဓိပ္ပာယ်က ဝန်ကြီးတွေဟာ ငွေကြေးခဝါချမှုမျိုးအထိ စုံစမ်းစစ်ဆေးမှုမခံရအောင် အရောင်းအဝယ်ပြုရာမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်ရှိ စည်းမျဉ်း ဥပဒေတွေကို အသုံးချခဲ့တယ်လို့ ဆိုတယ်။
“ဒါဟာ ရေးသား ဖော်ပြခံရသူတွေရဲ့ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ၊ သူတို့ရဲ့ သက်မွေးဝမ်းကျောင်း ကောင်းသတင်းတွေကို အကြီးအကျယ်ထိခိုက်စေတယ်”လို့ လင်းမ်က ဆိုတယ်။ ဒါကြောင့်မို့လို အသရေဖျက်မှု ပြစ်မှုမြောက်ပြီး ဒဏ်ငွေ ချမှတ်ရတာဖြစ်တယ်လို့ ဆိုတယ်။
အသရေဖျက်မှုအပြင် စင်္ကာပူအာဏာပိုင်တွေဟာ ဘလွန်းဘတ်ကို “အမှားပြင်ဆင်ချက်” ဖော်ပြဖို့ “အွန်လိုင်းက တစ်ဆင့် မမှန်မကန်ဖော်ပြ၊ ခြယ်လှယ်မှု အကာကွယ်ပေးရေး ဥပဒေ [ Protection from Online Falsehoods and Manipulation Act (POFMA)] အရ အမိန့်ပေးခဲ့တယ်။
သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးအစီအစဉ်အရ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ စင်္ကာပူဥပဒေအရ အာဏာပိုင်တွေဟာ သတင်းမှားလို့ ယူဆတဲ့ အွန်လိုင်းသတင်းတွေကို “အမှားပြင်ဆင်ချက်” မဖြစ်မနေ ထည့်သွင်းရမယ်လို့ သတ်မှတ်ထားတယ်။ တချို့ကတော့ ဒါဟာ အစိုးရကို မဝေဖန်ရဲအောင် တမင် လုပ်ထားတာပဲလို့ ဝေဖန်တယ်။

ဘလွန်းဘတ်ဟာ စင်္ကာပူအစိုးရက ထည့်သွင်းခိုင်းတဲ့ “အမှားပြင်ဆင်အချက်” စာသားကို ထည့်သွင်း သလို ဒီစာသားကို အစိုးရရဲ့ အရေးယူမှုကြောင့် ထည့်သွင်းရတာဖြစ်ပြီး “သတင်းဆောင်းပါး” ပါ ဖော်ပြချက်တွေ အတိုင်း ရပ်တည်တယ်လို့လည်း တစ်ဆက်တည်း ဖော်ပြထားတယ်။
POFMA အရ အမှားပြင်ဆင်ချက်တွေကို ဘလွန်းဘတ်ပါ ဆောင်းပါးကို ထပ်မံ ဝေမျှတဲ့ သတင်း မီဒီယာတွေ မှာလည်း ဖော်ပြပေးကြရတယ်။
ရှန်မူဂမ် နဲ့ တန်တို့ဟာ လွတ်လပ်တဲ့ ဒေသခံသတင်းဌာနတစ်ခုဖြစ်တဲ့ The Online Citizen ကိုလည်း ဘလွန်းဘတ်ပါ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ရာမှာလည်း အနိုင်ရခဲ့တယ်။
စင်္ကာပူခေါင်းဆောင်တွေဟာ သူတို့ကို ဝေဖန်တဲ့ နိုင်ငံခြားသတင်းဌာနတွေကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ရာမှာ အမြဲတမ်းအနိုင်ရခဲ့တဲ့ အစဉ်အလာရှိတယ်။ သူတို့ကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့လို့ အကြောင်းပြပေမယ့် ဒါဟာ သူတို့ကို ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့သာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတယ်။
၂၀၀၉ ခုနှစ်တုန်းက Far Eastern Economic Review စာစောင်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဟာ ထိုစဉ်က ဝန်ကြီးချုပ် လီရှန်လွန်း နဲ့ သူ့ဖခင် လီကွမ်းယူအပေါ် အသရေဖျက်မှု ကျူးလွန် ရေးသားခဲ့တယ်လို့ ဗဟိုတရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် အဲဒီစာစောင်ဟာ နစ်နာကြေး ဒေါ်လာ လေးသိန်း ပေးဆောင်ခဲ့ရဖူးတယ်။ အဲဒီ စာစောင်ဟာ ၂၀၀၉ ခုနှစ်အကုန်မှာ ရပ်နားသွားခဲ့ပါပြီ။
အလားတူ The Economist နဲ့ New York Times တို့ကလည်း စင်္ကာပူမှာ အသရေဖျက်မှု နဲ့ တရားစွဲခံရဖူးပြီး ဒဏ်ငွေပေး ဆောင်ခဲ့ရဖူးတယ်လို့ သိရတယ်။
ref: Singapore court orders Bloomberg to pay $356,000 to ministers in defamation case. by Koh Ewe. BBC World


