ကျစ်ကျစ်ပါအောင် ပူလောင်နေသည့် ထဲတွင် ခရီးသွားရသည်က ဝေဒနာအထုပ်ကြီးတစ်ခုကို ရွက်ထားရသည့်နှယ်။ ကားတံခါးပေါက်မှ အရှိန်ဖြင့် တိုးဝင်နေသည့် လေပူများကလည်း ပူမဖြေနိုင်သော်လည်း ဖြေသိမ့်စရာတစ်ခု ဖြစ်နေသည်။ ကိုယ့်ရပ်ကိုယ့်ဇာတိကို ပြန်ရသည်ဖြစ်၍ ဇာတိဇောကပ်နေသည်ကလည်း ပံ့ပိုးမှုတစ်ခု ဖြစ်ပေလိမ့်မည်။
ခရီးသည်တင်ကားကဖြင့် ခရီးသည် တင်လိုက်၊ ဆင်းလိုက်နှင့် နိစ္စဓူဝ တာဝန်ထမ်းဆောင်နေသည်။ နေပူဒဏ်နှင့်အတူ အင်ဂျင်အပူဒဏ်တို့ကို လက်ဆောင်အဖြစ် ထွေးပိုက်ထားရချေသည်။ မယူချင်လည်းမရ၊ မရချင်လည်း ယူနေရသည်။ ထိုသို့ လုံးထွေးနေသည့် အပူအမျိုးမျိုးတို့ကို ကား၏ လီဗာတံက မည်သို့မျှ ဂရုစိုက်လိမ့်မည်လည်း မဟုတ်ချေ။
မခံစားနိုင်လျှင် အာရုံပြောင်းသည့်အနေဖြင့် အဝေးမှ မြင်ကွင်းများကို ငေးကြည့်နေရသော်လည်း တလက်လက်ထနေသည့် တံလျှပ်များကြောင့် မျက်လုံးထဲမှတစ်ဆင့် အပူတို့ စီးဝင်လာသလို ခံစားရပြန်သည်။ လယ်ကွင်းများကလည်း ရိတ်သိမ်းပြီးစ အချိန် ဖြစ်၍ ရိုးပြတ်ဝါဝါများက မျက်စိမအေးနိုင်ပေ။ စိမ်းဆတ်နေသည့် သစ်ပင်ကြီးများကလည်း လူတွေလို စိတ်တူရာ ပေါင်းသင်းနေကြသကဲ့သို့ ဟိုတစ်စု၊ ဒီတစ်စု။ ထိုသစ်ပင်များကို တစ်ဆက်တည်းဖြစ်အောင် ရုပ်ရှင်ဖလင်ပေါ် တင်မည်ဆိုလျှင် ဖြတ်ရာဆက်ရာများက ဗရပွဖြစ်နေမည်က အသေအချာပင် ဖြစ်သည်။ မကျေနပ်၍ မျက်စိစုံမှိတ်ထားဖို့ကလည်း အပူ ဝိပဿနာကို အချိန်ကြာကြာ မရှုမှတ်နိုင်ပေ။
နှာသီးဖျားဆီ ခုန်ပေါက်ဝင်လာသည့် မြေသင်းရနံ့
ထိုစဉ်မှာပင် ရေစက်ကလေးလာစဥ်သလို ခံစားလိုက်ရသည်။ ရေမှုန်ရေမွှားကလေးမျှသာ ဖြစ်သော်လည်း အေးမြမှု၏ ဂုဏ်သတ္တိကြောင့် ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည်။ အာဟာရပြတ်နေချိန်တွင် ဟင်းရနံ့လေး ရလိုက်သည်နှင့် မရိုးမရွ။ ကျနော် လိုက်ရှာမိသည်။ ဟိုကြည့်ဒီကြည့်ဖြင့်။ ကိုယ့်ရှေ့က ခရီးသည်ထံမှ အကြောင်းတစ်ခုခုကြောင့်လားဟု စူးစမ်းမိသည်။ အပေါက်ဝမှ ကောင်းကင်ကို မော့ကြည့်ပြန်တော့လည်း နွေမတို့ထုံးစံအတိုင်း ပြာလဲ့လဲ့ ကြည်စင်နေသည်။
“အဖြေကို သိလိုလျှင် မေးခွန်းကို ရှေ့တိုးရှာကြည့်ပါ” ဆိုသည့် ဥပဒေသအရ ကားသည် ရှေ့သို့ မောင်းနှင်နေမှုတွင် ဖြိုးတိုး ဖျောက်တောက်လေး ထပ်တွေ့လာရသည်။ ချိန်းမထားသည့် ချစ်သူကို ရုတ်တရက် တွေ့လိုက်ရသည့်နှယ်။ သို့သော်လည်း နှစ်ကိုယ်တူ ချိန်းတွေ့ခြင်းမျိုးမဟုတ်။ ပူလောင်ကျစ်နေသည့် မြေပြင်ပေါ်တွင် ထိုရေစက်ကလေးများက ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ မီးများမီးနိုင်၊ ရေများရေနိုင် သဘာဝတ္တလို။
မည်သို့ပင်ဖြစ်စေကာမူ သင်းပျံ့သည့်ရနံ့ မပါသော်လည်း စွဲမက်ဖွယ်ရာကောင်းသည့် သဘာဝတစ်ခုသည် နှာသီးဖျားဆီသို့ ခုန်ပေါက်ဝင်လာသည်။ မြေသင်းရနံ့။ တစ်နည်းအားဖြင့် ပူလောင်သည့် ဖုန်ထုထဲသို့ ရေစက်များ ကျရောက်သွားရာမှ ထွက်ပေါ်လာသည့် ရေညှော်ရနံ့။
ထိုအရာကို မြို့ကြီးပြကြီးလို နေရာမျိုးတွင် ရှင်သန်ကြသူတို့ ရင်ခုန်ကြလိမ့်မည် မဟုတ်။ ကျေးလက်ဆန်သည့် နေရာတွင် ရှင်သန်ခဲ့ကြသူတို့အဖို့မှာကား ထိုရနံ့ကို ချစ်ကြသည်။ သဘာဝကပေးသည့် အထူးလက်ဆောင်ဟု သဘောထားကြသည်။ ထိုထက် အကြီးမားဆုံး လက်ဆောင်က နေမင်းကြီးပင် ဖြစ်သည်။ ကမ္ဘာတစ်ခြမ်းကို အလင်းရောင် ပေးနိုင်သူ။ လူတို့၏ ရှင်သန်မှုကို ဖန်တီးနိုင်သူ။ လူတို့၏ ပူခြင်း၊ အေးခြင်းကိုလည်း စွမ်းဆောင်နိုင်သူ။ နေနှင့်ကမ္ဘာနီးလျှင် ပူသည်၊ ဝေးလျှင်အေးသည်။ ထိုသို့ နီးခြင်း၊ ဝေးခြင်းတို့သည် သဘာဝနိယာမတစ်ခု ဖြစ်သော်လည်း လူသားတို့အပေါ်တွင် လွှမ်းမိုးထားပေသည်။
“အိုက်လျှင် စောင်ခြုံ၊ မီးကိုလှုံ” ဆိုသည့်အတိုင်း ပူလျှင် အအေးဖြင့် ချက်ချင်းအေးအောင် မလုပ်ရ။ လူကိုယ်တွင် အောင်းနေသည့် အပူကို ပြင်ပအအေးဖြင့် ချက်ချင်းထိတွေ့စေပါက အန္တရာယ်များသည်ကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် ရေခဲနှင့် ပတ်သက်သည်တို့ကို လူကြီးများက ရှောင်ခိုင်းခြင်းဖြစ်သည်။ သို့မှသာ အတွင်းပူနှင့် ပြင်ပအပူတို့သည် သဟဇာတဖြစ်ပြီး တဖြည်းဖြည်း အအေးဘက်သို့ ကူးပြောင်းယူမှသာ အပူဒဏ်ကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။ ယခုပင် အပူချိန်များချိန်တွင် အပူကြောင့် အငွေ့ပြန်မှု ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေပြီး အပူများနေရာသို့ တဖြည်းဖြည်း အအေးဘက်သို့ ကူးပြောင်းရန် အရှိန်ယူနေပြီ မဟုတ်ပါလော။
ချောင်းနှစ်ထပ်နှင့် မြို့ကလေး
ကျဲကျဲပါးပါး ကျလာနေသည့် မိုးစက်ကို ထပ်မံ ထိတွေ့ခွင့်ရလေဦးမလားဟူသော အထင်ဖြင့် ကားတံခါးမှ လက်ထုတ်ကာ ခံကြည့်မိသည်။ သို့သော်လည်း ပွဲတော်ရက်တွင် လူအုပ်ကြားထဲ ရုတ်တရက် တွေ့လိုက်ရသည့် ချစ်သူနှယ်။ ရင်ထဲမှာ စွဲနေသည်ဖြစ်၍ ချစ်သူမှန်း သေချာသည်။ လတ်တလော မတွေ့ရလည်း ကိစ္စတော့မရှိပေ။ ရေများဖုံးလွှမ်းရာအရပ်ဟု အမည်တွင်သည့် အရပ်တွင် ဖြစ်တည်ခဲ့ရသော နှလုံးသားက ထိုကဲ့သို့ သေချာစေခြင်း ဖြစ်သည်။
ကဗျာဆရာ မောင်ချောနွယ် က “သင်္ဘောနှစ်ထပ်နှင့်မြို့” ဟု တင်စားသလို တင်စားရမည်ဆိုလျှင် ကျွန်တော်တို့မြို့မှာ “ချောင်းနှစ်ထပ်နှင့်မြို့” ပင်ဖြစ်သည်။ မြို့နယ်နိမိတ် တောင်နှင့်မြောက်တွင် အရှေ့မှအနောက်သို့ ကန့်လန့်ဖြတ် စီးဆင်းနေသည့် ချောင်းနှစ်ချောင်း ရှိသောကြောင့်ပင် ဖြစ်သည်။ အနောက်ပဲခူးရိုးမ၏ ရေဝေရေလဲဒေသ ဖြစ်၍ မိုးသံကြားပြီဟု ဆိုလျှင် နေရာအနှံ့ ရေများဖွေးနေတော့သည်။ နှစ်ရက်လောက် မိုးစွေပြီဆိုလျှင် လှေတို့၊ ဝါးဖောင်တို့ဖြင့် ရပ်ကွက်ပတ်၍ ရချေပြီ။ လူငယ်များကလည်း ဖျံများကဲ့သို့ တရုန်းရုန်း၊ တဝုန်းဝုန်းဖြင့် စည်ကားပေ၏။ ဤသို့ ရေကြိုက်သည့် အရပ်ပင်တည်း။
ထိုစဉ်မှာပင် ကားခဏရပ်သွားပြီး ခရီးသည်တက်လာသည်။ တက်လာသည့် အမျိုးသမီး ခပ်လတ်လတ်က ကျနော့်နံဘေးက ခုံလွတ်ရှိရာသို့ ဦးတည်လာကာ ပြုံးစစဖြင့် ဝင်ထိုင်သည်။ ဧကန္တ ကျွန်တော် ပြုံးနေသည်ကို မြင်ရ၍ ဖြစ်ဟန်တူသည်။ အမှန်က သူမကို ရည်ရွယ်၍ ပြုံးနေခြင်း မဟုတ်ပါ။ ရင်ထဲတွင် ထိခတ်နေသည့် စိတ်အလျဉ်တို့ကြောင့်သာ ဖြစ်သည်။ သို့နှင့် ကားကလည်း ဂီယာတစ်ဆင့်ပြီးတစ်ဆင့်ထိုးကာ ဆက်လက်ခရီးထွက်လာသလို ကျွန်တော်လည်း ကူးလက်စ ဖလင်လိပ်ဆီသို့ အာရုံပြန်နှစ် ထားမိတော့သည်။
မိုးဦးကျမှ မိတ်ထွက်ချင်ကြသူများ
ထိုအမျိုးသမီးက မည်သို့ထင်နေလိမ့်မည်မသိ။ ကျွန်တော့်စိတ်ထဲတွင် မိုးစပြီဆိုသည်နှင့် ဖွေးဖွေးလှုပ်နေသည့် သရက်ပင်များဆီသို့ ရောက်သွားသည်။ မချစ်စုသီး သည် ယခင်နောက်ပိုင်းမှ ခေတ်စားလာသည့် စိန်တစ်လုံးသီးမတိုင်ခင်က ဘုရင်မ ဖြစ်သည်။ အစိမ်းစားလျှင် ချဉ်သောအရသာကိုပေးပြီး အမှည့်စားလျှင် ချိုသည်။ အလုံးကလည်း ထွားသည်။ အိမ်တိုင်းတွင် သရက်ပင် အနည်းဆုံး နှစ်ပင်လောက်ရှိသဖြင့် အမုန်းစားခဲ့ကြရသည်။ တချို့က အပင်ပြတ် ရောင်းစားကြသည်။ ရောင်းသည့်အပင်ပဲဖြစ်ဖြစ်၊ မရောင်းသည့်အပင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကဖြင့် နီးစပ်ရာအပင် ခူးစားကြသည်။ တစ်ခါစား စာမျှလောက်ကို မည်သည့်အိမ်ရှင်၊ မည်သည့်အဝယ်သမားကမှ မတွန့်တိုတတ်ပေ။
ထို့ကြောင့် နွေနှင့်မိုး အကူးအစပ်ကြား ကာလလည်းဖြစ်၊ သရက်သီးများကိုလည်း တအားစားထားသောကြောင့် တချို့ ဝမ်းသွားကြသည်။ များသောအားဖြင့် မိတ်ထွက်ကြသည်။ လူငယ်အများစုက မိတ်မထွက်လျှင် စိတ်ဆိုးတတ်ကြသည်၊ မကျေမနပ် မြည်တွန်တတ်ကြသည်။ အကြောင်းအရင်းက မိုးစရွာသည်နှင့် မိုးရေမချိုးရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ လူကြီးများကလည်း မိုးရေချိုးလိုက်လျှင် မိတ်ပျောက်သည်ဆို၍ မိုးရေချိုးခြင်းကို ကြည်ဖြူကြသည်။ မိတ်မထွက်လျှင် ထိုအခွင့်အရေး မရရှိပေ။
သို့သော်လည်း လူကြီးများက မည်မျှတားတား ကြာကြာမအောင့်နိုင်ခဲ့ကြပေ။
တစ်မိုး… သက်ပြင်းချသည်။
နှစ်မိုး… ရွစိထိုးနေပြီ။
သုံးမိုး… ဖြစ်ချင်တာဖြစ် လမ်းပေါ်သို့ ရောက်သွားကြသည်။
ဒေသကလည်း မိုးရွာသည်နှင့် လမ်းဘေးရေအိုင်များမှာ ရေပြည့်နေ၏။ ယနေ့ခေတ်လို အမှိုက်များ ပေါသည့်အချိန်မဟုတ်၍ ရေဝါဝါများသည်က ရေမည်းမည်းဘဝသို့ မပြောင်းသေး။ သို့ဖြစ်၍ အိမ်မှ အရှိန်ဖြင့် ပြေးထွက်ကာ ရေအိုင်ထဲသို့ ဝုန်းခနဲ ခုန်ဆင်းလိုက်ရသည့် အရသာမှာ မည်သည့်လွတ်လပ်ခြင်းမျှနှင့်မတူ။ တစ်ယောက် ရေထဲဆင်းပြီဆိုသည်နှင့် တစ်ယောက်ပြီး တစ်ယောက် အလိုလို ရောက်လာသည်။ မည်သူ့ကိုမျှ ခေါ်စရာမလို။ ရေထဲတွင် ကျွမ်းထိုးသည်၊ ဘောလုံးဖြင့် ခွေးရူးလိုက်တမ်း ကစားမည်၊ စိန်ပြေးလိုက်တမ်း ကစားမည်၊ ရေငုပ်ကာ ဘောင်းဘီလိုက်ချွတ်ကြမည်။ ဤသို့ အသားကုန် ကစားကြပြီးမှ အိမ်ပေါ်သို့ တက်ကြသည်။
သို့ဖြစ်၍ စာကျက်ချိန်ဆိုလျှင် ငိုက်ပြီ။ ငိုက်နေသော်လည်း အိပ်ဖို့ရန် မစဉ်းစားရဲကြပါ။ မျက်လုံးကို အတင်းပြူးကာ စာကျက် ရသည်။ မိဘများက စာမကျက်လျှင် ရိုက်ကြသောကြောင့်မဟုတ်၊ ဆရာများ၏ လက်သံပြောင်မှုကို ကြောက်သောကြောင့် ဖြစ်သည်။ ကြိမ်လုံးသေးသေးလေးကို နှစ်ပင်လိမ်ထားသည်မှာ “ယိမ်းနွဲ့ပါးဓား” ဟု ထင်စရာ။ အခန်းထဲ ဝင်လာသည်နှင့် ထိုကြိမ်လုံးလေးကို တရွှမ်းရွှမ်းနှင့် ဝှေ့ကာ ဝင်လာသည်နှင့်တင် ကျက်ထားသည့် စာများမပျောက်အောင် အတင်း မှတ်ရချေ တော့သည်။ ကိုယ်အရိုက်မခံရသော်လည်း အခြား တစ်ယောက်ယောက် အရိုက်ခံရ၍ “ရွှမ်း” ခနဲ မြည်သံကြားရုံဖြင့် အသည်းယားစရာ။ ထို့ကြောင့်လားမသိ၊ ကျွန်တော်တို့ မြို့ကလေးတွင် မူး၍ရှုစရာ ကျူရှင်တစ်ခုသာ ရှိသည်။ သို့သော် ဘာသာစုံမဟုတ်၊ အင်္ဂလိပ်တစ်ဘာသာတည်း ဖြစ်သည်။
ဂေဟစနစ်နှင့် မိုးဦးတေးဆိုသူများ
မြို့ကလေးဆိုပေမယ့် ကျေးလက်ဆန်မှုတို့က လက်ပွန်းတတီး ရှိနေဆဲဖြစ်၏။ သို့ကြောင့် မိုးဦးတေးဆိုသူများဖြစ်သည့် ဖားများကလည်း တအုံအုံတအင်အင်။ မြို့ပြဆန်မှု၏ တိုက်စားမှုထဲတွင် ဖားအော်သံများ မပျောက်ဆုံးသေးပေ။ ထိုအရာသည် အမှုမှတ်အမှတ်မဲ့နှင့် သိပ်အရေးမကြီးသည့် ကိစ္စတစ်ရပ် (သို့မဟုတ်) ဖလှယ်ရတန်ဖိုးတစ်ခုဟု ဆိုကောင်းဆိုနိုင်ပါသည်။ တစ်ခုရှိသည်က ဖားတို့သည် မိုးတွင်းသို့ အမှန်တကယ် ချင်းနင်းဝင်ရောက်လာမှသာ အော်ကြသည်။ သဘာဝတရား၏ ပြောင်းလဲမှုတို့ကို သူတို့က ပိုသိနေသလို ဖြစ်နေသည်။ အပူဒဏ်ကို မြေအောင်းရင်း ကောင်းကင်ကို မှန်ပြောင်းဖြင့် ကြည့်နေသလိုလို။
အဆိုတော် ခင်မောင်တိုး သီဆိုထားသည့် သီချင်းတစ်ပုဒ်လည်း ရှိသေးသည်။
“မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမအပေါ်ဖြတ်ပျံရင်း… မြောက်ဘက်ကို ဦးတည်လှည့်ကာ… သားဖောက်ရာ အရပ်ဆီ မိုင်ထောင်ချီ ပျံလေပြီ” ဆိုသည့် ‘ကြိုးကြာသံ’ သီချင်းပင် ဖြစ်သည်။ ကြိုးကြာတို့သည်လည်း မိုးဦးကျလာသည်နှင့် သူတို့မွေးဖွားရာ အရပ်ဆီကို ဦးတည်ပျံသန်းလေ့ရှိသည်။ သို့သော်လည်း ဖားများနှင့်မတူ၊ ကြိုးကြာတို့က မြို့ပြဆန်မှု၏ ရိုက်ခတ်မှုကို တိုက်ရိုက်မခံစားရပေ။ မြို့ပြဆန်မှု၏ လက္ခဏာများ ပြည့်စုံလာပါက ဖားတို့သည် ကျေးလက်ဆန်မှုဆီသို့ ရွှေ့ပြောင်း ကြရပေသည်။
ထိုဖားအော်သံတို့ ပျောက်ဆုံးခြင်းကပင် လူသားတို့အတွက် ကျေနပ်စရာ၊ ပီတိဖြစ်စရာ၊ နားညည်းသက်သာစရာ ဖြစ်နေတတ်သည်။ မည်သူမျှ သူတို့လေးတွေ၏ အသံကို တောင့်တကြလိမ့်မည်မဟုတ်။ တိရစ္ဆာန်နှင့် လူသားတို့ အမှီသဟဲပြုမှု ကွင်းဆက် ပြတ်တောက်မှုကို မည်သူမျှ သတိထားကြလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သတ္တဝါတို့၏ ဂေဟစနစ်သည် လူသားသီးသန့်အတွက်သာ လုံလောက်နေပြီလော။ ဤသို့အတွေးမျိုးသည် တစ်နေရာရာတွင် ရှိနေ နိုင်သော်လည်း ထိုနေရာအား ယနေ့ထိ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်း မရှိသေးပေ။ တစ်နေ့နေ့တွင် မြင်ရနိုင်သည်ဟုသာ မျှော်လင့်ထားစရာ ရှိပေသည်။
သဘာဝမိုး နှင့် လူသားတို့ဖန်တီးမှု
ထိုစဉ်မှာပင် အပေါက်ဝမှ ဝင်လာနေသည့် လေပူထဲတွင် အေးမြနုသော လေအေး၏ အတွေ့အထိကို ခပ်ရိပ်ရိပ် ခံစား လိုက်ရသည်။ သေချာပြီ၊ ရှေ့တစ်နေရာရာတွင် မိုးရွာနေပြီ။ သို့ကြောင့် ကျွန်တော့်စိတ်ထဲတွင် အပူငွေ့ဖြင့် ညှိုးနွမ်းနေမှုမှ ပို၍ လတ်ဆတ်လာသည်။
ပူလောင်နေသည့် နေရာမှ အေးသည့်ဘက်သို့ ကူးပြောင်းရာတွင် သဘာဝတရားကိုမီအောင် လူသားတို့ မစွမ်းဆောင်နိုင်သေးပေ။ ရာခိုင်နှုန်းများစွာတွင် ပူသည်မှ အေးသည်ကိုပဲ ပြောင်းပြောင်း၊ အေးသည်မှ ပူသည်သို့ပဲ ပြောင်းပြောင်း တဖြည်းဖြည်းသာလျှင် ပြောင်းလဲလေ့ရှိသည်။ ထို့အတူ အပူမှ အပူသို့လည်း တဖြည်းဖြည်းသာ တက်သည်။ အေးသည်မှ ပိုအေးသည်ကိုလည်း ဖြည်းဖြည်းချင်းသာ တက်သည်။ ထိုဖြစ်စဉ်ကိုလည်း မည်သူမှ ငြင်းဆန်ခွင့်မရှိ။ သဘာဝတရားအား ကြိုက်သည်၊ မကြိုက်သည်ဟု ဆင်ခြေပေးခွင့်မရှိ။
လူသားတို့ ဖန်တီးထားသည့် လေအေးပေးစက်တို့၊ လေပူပေးစက်တို့ကိုသာလျှင် လုပ်ခွင့်ရသည်။ ကွာခြားသည်က ပူသည့်အချိန်တွင် လေအေးပေးစက်အကူအညီ ယူနိုင်သော်လည်း ထိုနေရာမှထွက်လျှင် လေပူထဲသို့သာ ပြန်ရောက်သည်။ သဘာဝကဲ့သို့ ဖြည်းဖြည်းချင်း အအေးလျော့သွားပြီး အပူထဲသို့ ဝင်ရောက်ခြင်းမျိုး မဟုတ်။ သို့အတွက် လူသားတို့အပေါ် သက်ရောက်မှုသည် လူသားတို့ ဖန်တီးမှုစွမ်းရည်နှင့် သဘာဝ၏ ဖန်တီးမှုစွမ်းရည်တို့ ယှဉ်လိုက်ပါက မည်သည်က ပို၍သာလွန်သည်ကို ဖြေရှင်းစရာ လိုအံ့မည်မထင်။ အေးရာမှပူ၊ ပူရာမှအေးခြင်းသည် ဖန်ခွက်တစ်ခုပင် ခံနိုင်ရည်မရှိပါချေ။
သို့နှင့် အအေးဓာတ်တို့ တဖြည်းဖြည်း များလာရာမှ မိုးသည်းသည်းမည်းမည်း ရွာနေသည့်နေရာဆီသို့ ဦးတည် ဝင်ရောက် လာတော့သည်။
သဘာဝဆန်ဆန် သွေးရိုးသားရိုး ရွာသည့်မိုး
ဪ… မိုး… မိုး… လူသားတွေက မဟာလူသားဟု ဂုဏ်တင်နေကြသော်လည်း မိုးကဲ့သို့ လယ်ဧကပေါင်းများစွာကို ရေတစ်ပြိုင်တည်းရဖို့ရန် မစွမ်းနိုင်ပါချေ။ မိုးခေါင်လွန်းသည့် ဒေသအချို့တွင် မိုးတိမ်အတုများ ဖန်တီး၍ မိုးရွာစေသည်ဟု ကြားဖူးသည်။ သို့သော်လည်း လူတို့ဖန်တီးပြီဟု ဆိုကတည်းက ငွေကြေးကုန်ကျမှု ပါလာချေပြီ။ ငွေမပါ၍ ပြီးမြောက်စေနိုင်သည့် ကိစ္စဟူ၍ လူသားတို့တွင် မရှိဟု ကိုးကွယ်ထားကြသည်လားမသိ။
သဘာဝမိုးကဖြင့် ငွေတစ်ပြားတစ်ချပ်မှ မယူဘဲ သူဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် မိုးကို ရစေခဲ့သည်။ ဆိုသာဆိုရသည် ယခုရွာသည့်မိုးက ကွက်ကျားမိုး ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်ပါစေ မိုးကိုချစ်သည်။ လူသားတို့ထက် စွမ်းနိုင်ကြောင်းကို လက်ခံယုံကြည်သည်။ ထိုသို့ အတွေးများကြောင့် မိုးကို ကိုးကွယ်သူများ ရှိခဲ့မည်ဆိုလျှင်လည်း အနည်းငယ်မျှ အံ့ဩမိလိမ့်မည် မဟုတ်ချေ။ ထိုအရာသည် ကျေးဇူးတရား သိတတ်ခြင်းထဲမှ ပေါက်ဖွားလာသည့် မြတ်နိုးမှုတစ်ခုပင် မဟုတ်ပါလား။
ထိုသို့ မိုးရွာထဲတွင် ဖြတ်သန်းနေရင်း ကျွန်တော်၏ ခရီးစဉ်သည်လည်း ဆင်းရမည့်နေရာသို့ ရောက်လာသည်။ ထွက်လာစဉ်က ပူလောင်နေသည်ဖြစ်၍ ဆောင်းစရာကလည်း ဦးထုပ်တစ်လုံးသာ ပါသည်။ ထိုသည်ပင် ခပ်ကောင်းကောင်း၊ မိုးရေထဲတွင် လမ်းလျှောက်၍ရသည်။ မိုးစက်တို့၏ အေးမြမှု အထိအတွေ့ကို တဝကြီး ခံစားရနိုင်သည်။
ထိုစဉ်မှာပင် ကားစပါယ်ရာက —
“ဗျိုး… ဟိုးနောက်က ဆင်းမယ့် ဆရာကြီး၊ အဆင်သင့်ပြင်ထား”
ဆိုသည့် အသိပေးသံ ကြားလိုက်ရသည်။
ကျွန်တော်လည်း ဆင်းဖို့ပြင်လိုက်စဉ် ဘေးနားမှ အမျိုးသမီးက အပြုံးဖြင့် ခြေထောက်ရွှေ့ပေးသည်။ ကျွန်တော်လည်း ဒီတစ်ခါ သူမကို ဦးတည်ပြုံးပြရင်း ဆင်းရန် ရှေ့သို့ နေရာယူလိုက်သည်။ တိတိပပ ကားရပ်လိုက်သည်နှင့် အားရဝမ်းသာစွာ ကားပေါ်က ဆင်းလိုက်သည်။ ကျောပိုးအိတ်ထဲမှ အဝတ်အစားများ စိုချင်လည်းစိုပါစေဟု သဘောထားကာ လမ်းလျှောက်ပြန်ရန် လေးငါးလှမ်း လှမ်းလိုက်ပြီးမှ လက်ဖက်ရည်ဆိုင်ဘက်သို့ ပြန်လျှောက်လိုက်သည်။
ဟုတ်သည်။ တေးပြုစာဆို ဆရာမောင်မောင်လတ် ရေးဖွဲ့ခဲ့သည့် ‘တိမ်တမန်’ သီချင်းထဲကလို “မိုးလုံးမည်းမျှ မရွာစေချင်ပါပေ” စာသားလို မဟုတ်သော်လည်း လက်ရှိရွာနေသည့်မိုးကို ကျွန်တော် ထိုင်ကြည့်နေချင်သေးသည်။
နေ့စဉ်နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း မရပ်မနား ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကြောင့် မိုးရွာခြင်းကို ဖြစ်ပေါ်စေသည့် ပင်လယ်သမုဒ္ဒရာတို့တွင် အက်ဆစ်ဓာတ်များလာနေပြီ၊ အောက်ဆီဂျင်ဓာတ်တို့ လျော့နည်းလာနေပြီ။ ဤသို့ဆိုလျှင် ရေငွေ့ပြန်ခြင်း ဖြစ်စဉ်သည် နောက်ထပ် နှစ်မည်မျှကြာအောင် ရှိနေနိုင်မည်ကို မသိနိုင်။ ယခုပင် မုန်တိုင်းကို မိုးရွာစေရန်အတွက် မျှော်နေရချေပြီ။ ဖျက်အားကောင်းသည့် မုန်တိုင်းတို့ သယ်ဆောင်လာမည့် မိုးကို ဝမ်းသာအားရ ကြိုနေကြရပြီ။
ထို့ကြောင့် ယခုလို သဘာဝဆန်ဆန် သွေးရိုးသားရိုး ရွာနေသည့်မိုးကို လက်တွေ့ကျကျ ဖမ်းဆုပ်ထားကာ စောင့်ကြည့် ရခြင်းမျိုးသည် အခြားသူများအတွက် ကြောင်တောင်တောင် နိုင်လှသော်လည်း၊ ကျွန်တော့်အတွက်မူ ချစ်သူနှင့် ဘဝတစ်ခု တည်ဆောက်ခြင်းမျိုးပင် ဖြစ်သည်။
ရှင်သန်ခြင်းဟူသည်ကား မည်သည့်နေရာတွင် ရပ်၍ မည်သည့်နေရာတွင် ဆင်းသက်ရမည်ကို သိနိုင်ခဲလှသည် မဟုတ်ပါလား။
၅ . ၆ . ၂၀၂၆




ဖတ်သွားပါသည် မောင်မင်း
လူကလေး တော်ပါတယ် 🥴🥴🥴
မြေးထိန်းနေရတဲ့ကြားက ဝင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မောင်ဗိုလ်မင်း