သမ္မတ ထရမ့်က ယခုအပတ်အတွင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အီရန်ကို တွန်းအားပေးခဲ့သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးပြိုပျက်မည့်အရေးကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ထရမ့်က ဝန်ခံခဲ့သည်။ ထရမ့်၏ စီးပွားရေးအကြံပေးများက ကမ္ဘာလုံးဆိုင်ရာ ရေနံသိုလှောင်မှုများ ကျဆင်းလာနေပြီဖြစ်ကြောင်း သတိပေးခဲ့၍လည်းဖြစ်သည်။ စီးပွားပျက်ကပ်ကြီးတစ်ခုကို စတင်ဖြစ်ပွားစေခဲ့ပြီး ဈေးကွက်ပြိုလဲမှုကို ဖြစ်ပေါ်စေခဲ့သော အမေရိကန်သမ္မတ ‘ဟာဘတ်ဟူးဗား’ နှင့် နှိုင်းယှဉ်ခံရမည်ကို စိုးရိမ်မိသည်ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။
“ကျွန်တော် စီးပွားရေးကပ်ဘေးကို မမြင်ချင်ပါဘူး” ဟု ဇွန် ၁၇ (ဗုဒ္ဓဟူးနေ့) တွင် ပြင်သစ်-ဆွစ်ဇာလန် နယ်ခြားမြို့ ‘အီဗီယန်လက်စ်ဘိန်းစ်’ (Évian-les-Bains) ရှိ Hôtel Royal တွင် ဂျီဆဲဗင်း (G-7) ထိပ်သီးအစည်းအဝေးကို အဆုံးသတ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၄-ချက်ပါ နားလည်မှုစာချွန်လွှာ (MOU) သည် အီရန်စစ်ပွဲကို အဆုံးသတ်နိုင်မည်လား။
သမ္မတ ထရမ့်၏ ပင်လယ်ကွေ့ မဟာမိတ်များက အမေရိကန်-အီရန် သဘောတူညီချက်သည် ‘ကပ်ဘေးကြီးတစ်ခု’ သို့ ဦးတည်နေပြီဟုဆိုကာ စိုးရိမ်နေကြသည်။ အမေရိကန်သမ္မတ ထရမ့်နှင့် အီရန်သမ္မတ ‘ပီဇက်ရှ်ကီယန်’ တို့သည် စစ်ပွဲအဆုံးသတ်ရေးကို ရည်ရွယ်သည့် ကနဦး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဇွန်လ ၁၈ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ချက်ချင်း အသက်ဝင်လာမည့် နားလည်မှုစာချွန်လွှာ (MOU) စာချုပ်ထဲ၌ စစ်မျက်နှာအားလုံး တိုက်ခိုက်မှုများ အဆုံးသတ်ရေးနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေး စသည့်အချက်များ ပါဝင်သည်။ သို့သော်လည်း အီရန်၏ နျူကလီးယားအစီအစဉ်ကဲ့သို့သော ခက်ခဲသည့် ပြဿနာများကိုမူ ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ယခုသဘောတူညီချက်နှင့် ပတ်သက်၍ သမ္မတ ထရမ့်၏ နိုင်ငံရေးမဟာမိတ်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်းလည်း သတင်းများ ထွက်ပေါ်နေပေသည်။

အမေရိကန်နှင့် အီရန်တို့အကြား ရန်လိုမှုပဋိပက္ခများ အဆုံးသတ်စေရန် သဘောတူညီချက် ရရှိကြောင်း ကြေညာနိုင်ခဲ့ခြင်းသည် ဒေါ်နယ်ထရမ့်အတွက် မင်္ဂလာရှိသော မွေးနေ့လက်ဆောင်ဟု ဆိုကြသည်။ ဤနားလည်မှုစာချွန်လွှာ သဘောတူညီချက် ထုတ်ပြန်ချိန်သည် သူ့အသက် ၈၀ ပြည့်မွေးနေ့နှင့် တိုက်ဆိုင်နေပေသည်။ သို့သော်လည်း ယင်းမွေးနေ့လက်ဆောင်၏ အနာဂတ်အလားအလာသည် မသေချာမရေရာရုံမက နောက်ထပ်ကပ်ဘေးတစ်ခုကို သယ်ဆောင်လာမည်လားဟုလည်း စိုးရိမ်မှုများ ရှိနေကြသည်။ အမေရိကန်အနေဖြင့် ယခု “နားလည်မှုစာချွန်လွှာ” ပါ အချက်များဖြင့် အီရန်ကို ချည်နှောင်ထားနိုင်မည်ဟု ယုံကြည်နေပုံရသည်။ သို့သော် အမေရိကန်၏ အလိုအတိုင်း အီရန်က လိုက်နာလိမ့်မည်ဟု ထင်မြင်စရာ အာမခံချက်ဟူ၍ မည်မည်ရရ မရှိသေးပေ။
ထိုအချက်ကို ထင်ရှားစေသည်မှာ “စာချွန်လွှာပါ တစ်ဖက်နိုင်ငံ၏ ကတိကဝတ်များကို အကောင်အထည်ဖော်ပြီးချိန်အထိ နောက်ဆုံးအဆင့် ဆွေးနွေးပွဲများကို ရွှေ့ဆိုင်းထားမည်ဖြစ်သည်။” ဟု အီရန်၏ အမျိုးသားလုံခြုံရေးကောင်စီချုပ်က ဇွန်လ ၁၄ ရက်က ပြောဆိုထားကြောင်း ဘီဘီစီသတင်းအရ သိရသည်။
လက်ဘနွန်မှ အစ္စရေးတပ် ဆုတ်ခွာပေးရေး ပြဿနာ
နောက်ထပ်ပြဿနာတစ်ခုမှာ ၁၄-ချက်ပါ နားလည်မှုစာချွန်လွှာ (MOU) သဘောတူညီမှု၏ အပိုဒ် (၁) ၌
“နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံနှင့် လက်ရှိစစ်ပွဲတွင် ပါဝင်သည့် မဟာမိတ်နိုင်ငံများအနေဖြင့် လက်ဘနွန်အပါအဝင် ရှေ့တန်းစစ်မျက်နှာပြင်အားလုံး၌ စစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းနှင့် ရာသက်ပန်အဆုံးသတ်ကြောင်း၊ ယခုအချိန်ကစ၍ အချင်းချင်းအကြား စစ်ပွဲ သို့မဟုတ် စစ်ရေးတိုက်ခိုက်မှုများ မလုပ်ရန်၊ တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်သည့်ကိစ္စမျိုး၊ အင်အားသုံးမှုမျိုး အစရှိသည်တို့ကို ရှောင်ကြဉ်ရန်၊ လက်ဘနွန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်မှုကို အာမခံရန် စသည့်အချက်များကို ကတိပြုတာဝန်ခံကြောင်း ထုတ်ဖော်ကြေညာအပ်ပါသည်။ အပြီးသတ်သဘောတူချက်တွင် လက်ဘနွန်အပါအဝင် စစ်မြေပြင်အားလုံး၌ စစ်ပွဲများ ရာသက်ပန်ရပ်တန့်ရေးနှင့် ဤစာပိုဒ်ပါ အခြားစည်းမျဉ်းများကို အတည်ပြုမည် ဖြစ်ပါသည်”
ဟု ဖော်ပြထားသည်။
အထက်ဖော်ပြပါ နားလည်မှုစာချွန်လွှာ အပိုဒ် (၁) အရ လက်ဘနွန်အတွင်း အစ္စရေးတပ်များ ဆက်ရှိနေခြင်းကြောင့် သဘောတူစာချုပ် ပျက်ပြားစရာဖြစ်နေသည်ကို တွေ့ရသည်။ အီရန်စစ်ပွဲအစပိုင်းတွင် အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းဒေသများအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် အစ္စရေးက လက်ဘနွန်တောင်ပိုင်း၌ အခြေစိုက်သည့် ဟစ်ဇ်ဘိုလာစစ်စခန်းများကို တန်ပြန်တိုက်ခိုက်ခဲ့သည်။ ထို့နောက် အမေရိကန်၏ ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ အပစ်ရပ်သဘောတူညီမှု ရရှိခဲ့သည်။ သို့သော်လည်း အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့များ လက်နက်မစွန့်သရွေ့ လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်များ ဆုတ်ခွာပေးမည်မဟုတ်ကြောင်း ဇွန်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးတပ်များ ရုပ်သိမ်းပေးရေး တောင်းဆိုနေသည့် လက်ဘနွန်အစိုးရက အစ္စရေး၏လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြောကြားခဲ့သည်။ အစ္စရေးကတော့ လက်ဘနွန်ပိုင်နက်အတွင်း စစ်ဆင်ရေးများသည် လက်ဘနွန်ကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ဟစ်ဇ်ဘိုလာအဖွဲ့ကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားထားခဲ့သည်။ အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း အစ္စရေးအား လက်ဘနွန်တောင်ပိုင်း၌ ဖြန့်ကြက်ထားသော တပ်များကို ရုပ်သိမ်းရန် သတိပေးထားသည်ဟု ဆိုသည်။ ယခုကဲ့သို့ လက်ဘနွန်နိုင်ငံအတွင်း၌ အစ္စရေးတပ်များ ဆက်ရှိနေခြင်းကြောင့်လည်း အမေရိကန်-အီရန် ၁၄-ချက်ပါ နားလည်မှုစာချွန်လွှာ (MOU) ကို ထိခိုက် လာနိုင်ဖွယ်ရှိနေပေသည်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်တပ်သည် သိမ်းပိုက်ထားသောနေရာများမှ “ဆုတ်ခွာမည်မဟုတ်” ဟု ပြောကြားနေချိန်တွင် အစ္စရေးတပ်သည် တောင်ပိုင်းလက်ဘနွန်အတွင်း ဆက်လက်တိုက်ခိုက်နေခဲ့သည်။ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့၏ အဆိုအရ လက်ဘနွန်တောင်ပိုင်းတွင် ၎င်းတို့၏နေအိမ်များသို့ ပြန်ရန်ကြိုးစားနေသော အရပ်သားများကို အစ္စရေးတပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ လူနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဘာရိန်း၌ အစည်းအဝေးတစ်ခုအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဝါရှင်တန်နှင့် ၎င်း၏ ပင်လယ်ကွေ့မဟာမိတ်များသည် အီရန်၏ အခကြေးငွေကောက်ခံမှု သို့မဟုတ် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ချက်များကို ငြင်းပယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အရေးပါသော ရေလမ်းကြောင်းသည် တင်းမာမှု၏ အဓိကအရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ခွင့်ပြုချက်မရှိဘဲ ရေလက်ကြားကို ဖြတ်ကျော်ခြင်းမပြုရန် သတိပေး ခဲ့သည်ဟု ဆိုသည်။
လက်ဘနွန်သံတမန်ဟောင်းနှင့် ဂျော်ဒန်နိုင်ငံဆိုင်ရာ သံအမတ်ဟောင်း ‘ထရေစီ ချာမွန်’ က အပစ်အခတ်ရပ်စဲရေးနှင့် ဆုတ်ခွာရေးစည်းကမ်းချက်များသည် မရေမရာဖြစ်ပြီး မဖြေရှင်းနိုင်သေးသောကြောင့် လက်ဘနွန်-အစ္စရေး ဆွေးနွေးပွဲများ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒါကို အပစ်အခတ်ရပ်စဲရေးလို့ ခေါ်လို့မရတော့ဘူးလို့ ထင်ပါတယ် – အဲဒါက လက်ဘနွန်ကိုယ်စားလှယ်အဖွဲ့က တကယ်ရှာဖွေနေတဲ့အရာတစ်ခု၊ ပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးပါ” ဟု ‘ထရေစီ ချာမွန်’ က Al Jazeera သို့ ပြောကြားခဲ့သည်။
“နောက်အချက်ကတော့ အစ္စရေးက လက်ဘနွန်နယ်မြေထဲကနေ ဆုတ်ခွာဖို့ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးတွေက သူတို့ဟာ လက်ဘနွန်မှာ ဆက်ရှိနေမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်”
အကျိုးဆက်အဖြစ် လက်ဘနွန်နိုင်ငံအတွင်း၌ အစ္စရေးတပ်များ ဆက်လက်တိုက်ခိုက်နေပါက အီရန်အနေဖြင့် နားလည်မှုစာချွန်လွှာ (MOU) သဘောတူညီချက်ကို ဆက်လက်လိုက်နာရန် ငြင်းဆိုလာနိုင်သည်။ သို့ဖြစ်၍ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ စစ်ပွဲများ ပြန်ဖြစ်လာနိုင်သည့် အခြေအနေကို မြင်နေရပေသည်။
အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများ၏ ကယ်တင်ရှင်လား။
ဆယ်စုနှစ်များစွာကတည်းက ပါရှန်ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံခေါင်းဆောင်များသည် အမေရိကန်နှင့် အာရပ်နိုင်ငံများအကြား ဆက်ဆံရေးကို “မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဖြစ် ရှုမြင်ခဲ့ကြသည်။ အမေရိကန်ကို ပင်လယ်ကွေ့နိုင်ငံများ၏ ဘေးကင်းလုံခြုံရေးအတွက် ကယ်တင်ရှင်ဟု ထင်မြင်ခဲ့ကြသည်။ သို့ရာတွင် ဒေါ်နယ်ထရမ့်၏အမြင်တွင်မူ အဆိုပါသဘောနှင့် ပြောင်းပြန်ကွဲလွဲစွာ ရှုမြင်နေကြောင်း ပေါ်လွင်လာခဲ့သည်။ စီးပွားရေးသမားတစ်ဖြစ်လဲ သမ္မတ ထရမ့်သည် ပင်လယ်ကွေ့ နိုင်ငံ များနှင့် ဆက်ဆံရာ၌ အကျိုးအမြတ်ရရှိရေးကို အခြေခံ၍ ရှုမြင်လျက်ရှိသည်။
၂၀၁၈ ခုနှစ်လောက်က ဆော်ဒီဘုရင်ကို ရည်ညွှန်း၍ သမ္မတ ထရမ့်က အောက်ပါအတိုင်း ပြောကြားခဲ့ဖူးသည်။ “ဆော်ဒီဘုရင်နဲ့ ဆော်ဒီနိုင်ငံကို ကာကွယ်ပေးနေတာ ကျုပ်တို့ပါ။ ကျုပ်တို့သာ မကာကွယ်ခဲ့ရင် ဆော်ဒီနိုင်ငံဟာ သီတင်းနှစ်ပတ်တောင် မခံပါဘူး။ ဒါကြောင့် ဆော်ဒီစစ်တပ်အတွက် ကုန်ကျတဲ့ ကာကွယ်ရေးစရိတ်ကိုတော့ ဆော်ဒီနိုင်ငံကပဲ ကျခံရမှာပေါ့” ဟု ထရမ့်က ဆိုခဲ့ဖူးသည်။
ထရမ့်က ထိုသို့ ဆော်ဒီအနေဖြင့် လုံခြုံရေးအတွက် ကိုယ့်စရိတ်ကိုယ်ခံရမည်ဟု ပြောချိန်ကျမှ ပင်လယ်ကွေ့နိုင်ငံ ခေါင်းဆောင်များသည် သူတို့၏ ကယ်တင်ရှင်အဖြစ် ကြာမြင့်စွာ ယူဆထားသည့် အမေရိကန်နှင့် ဆက်ဆံရေးမှာ အရောင်းအဝယ်ဆန်ဆန် စီးပွားရေးအကျိုးအမြတ်အပေါ် အခြေခံလျက်ရှိသည်ကို လက်တွေ့ကြုံကြရလေသည်။
တစ်နှစ်အကြာ၌ ဆော်ဒီအာရေဗျ၏ အဓိကရေနံချက်စက်ရုံများကို ဆယ်စုနှစ်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှု ခံခဲ့ရပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်ခဲ့လေသည်။ ယင်းတိုက်ခိုက်မှုအတွက် ဝါရှင်တန်က ‘အီရန်’ ကို ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် ပင်လယ်ကွေ့နိုင်ငံများကမူ အမေရိကန်အနေဖြင့် သူတို့ကိုယ်စား တီဟီရန်ကို ရင်ဆိုင်ရန် ဆန္ဒရှိ/မရှိ မေးခွန်း ထုတ်လာခဲ့ကြသည်။
သမ္မတ ထရမ့်၏ ဒုတိယသက်တမ်းတွင် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်စီးပွားရေးလုပ်ငန်းများ၌ ဒေါ်လာထရီလီယံများစွာ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ထရမ့်ကလည်း သူ့၏ ပထမဆုံးပြည်ပခရီးစဉ်ကို ပင်လယ်ကွေ့ဒေသမှ စတင်ခဲ့သည်။ သို့သော်လည်း ၂၀၂၆ ခုနှစ်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စစ်ဆင်တိုက်ခိုက်ခဲ့ကြပြီးနောက် အီရန်က ပင်လယ်ကွေ့ဒေသတွင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့လေသည်။
ထိုသို့တွေ့ကြုံလာသောအခါ ပင်လယ်ကွေ့နိုင်ငံများက “အမေရိကန်၏ လုံခြုံရေးအာမခံချက်ဆိုသည်မှာ အမှန်တကယ် ဘာကို ဆိုလိုသည်လဲ” ဟူ၍ ပြန်လည်စဉ်းစားသုံးသပ်ကြရတော့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ‘မာကို ရူဘီယို’ ကလည်း ထိုအခြေအနေကြုံမှ UAE၊ ဘာရိန်းနှင့် ကူဝိတ်နိုင်ငံများသို့ သွားရောက်၍ ပင်လယ်ကွေ့နိုင်ငံများ၏ သဘောထားအမြင်ကို နားထောင်ပါမည်ဟု ပြောခဲ့သည်။ အဆိုပါနိုင်ငံများသည် စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အများဆုံး ခံခဲ့ရသည့် နိုင်ငံများဖြစ်သည်။

“ကျွန်တော်တို့ ပင်လယ်ကွေ့နိုင်ငံတွေကို ကာကွယ်သွားမှာပါ” ဟု အမေရိကန်သမ္မတက ပြီးခဲ့သည့် မေလ ပင်လယ်ကွေ့ ခရီးစဉ်အတွင်း ကာတာနိုင်ငံ၏ မြို့တော် ‘ဒိုဟာ’ တွင် ကြေညာခဲ့သည်။ သမ္မတထရမ့်၏ ထိုကတိကဝတ်သည် ယခုနှစ်တွင် အကြီးမားဆုံး စိန်ခေါ်စမ်းသပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒေသတွင်းပဋိပက္ခကို ရှောင်ရှားနိုင်ရန် ပင်လယ်ကွေ့နိုင်ငံများက ကြိုးပမ်းနေသော်လည်း အမေရိကန်သည် အစ္စရေးနှင့်အတူ လက်တွဲ၍ အီရန်ကို စစ်ပွဲဆင်နွှဲခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ မှားယွင်းသည့် ဆုံးဖြတ်စစ်ဆင်မှုကြောင့် ပင်လယ်ကွေ့တစ်လွှားတွင် အီရန်၏ ပြင်းထန်သော လက်စားချေတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဤတွင် ဒေသတွင်းအစိုးရများအနေဖြင့် အမေရိကန်၏ လုံခြုံရေး အကာအကွယ်ပေးမှုဆိုသည့် အဓိပ္ပာယ်ကို သိရှိနားလည်နိုင်ရန် ထပ်မံရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ‘မာကို ရူဘီယို’ သည် ဇွန်လ ၂၃ (အင်္ဂါနေ့) တွင် ဒေသတွင်းသို့ ရောက်ရှိလာခဲ့ပြီး ဝါရှင်တန်၏ လုံခြုံရေး ကတိကဝတ် မပြောင်းလဲဘဲ ရှိနေကြောင်း ပင်လယ်ကွေ့နိုင်ငံများအား ဖျောင်းဖျပြောဆိုရန် တာဝန်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် ပင်လယ်ကွေ့ရှိ ခေါင်းဆောင်အများစုအတွက် မေးခွန်းမှာ ဝါရှင်တန်သည် ၎င်းတို့၏ လုံခြုံရေးအတွက် ကတိကဝတ် တည်/မတည် သိလိုခြင်းမဟုတ်ဘဲ အီရန်-အမေရိကန် သဘောတူညီချက်သည် စစ်ပွဲမတိုင်မီကထက် ပင်လယ်ကွေ့နိုင်ငံများ အတွက် ပို၍ ကောင်းစေမည်လား (သို့မဟုတ်) ပို၍ ဆိုးစေမည်လားဆိုသည်ကို သိလိုခြင်းဖြစ်သည်။
“အာရပ်ပင်လယ်ကွေ့နိုင်ငံများ၏ ရှုထောင့်မှကြည့်လျှင် အီရန်စစ်ပွဲသည် ဒေသတွင်းလုံခြုံရေးအစီအစဉ်အတွက် ကပ်ဘေးကြီးတစ်ခုဖြစ်သည်” ဟု အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) မှ အကြီးတန်းသုတေသီ ‘ဟာဆန် အယ်လ်ဟာဆန်’ က ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို ဒေသအတွင်းမှ ပိုမိုကျယ်ပြန့်သော အမေရိကန်တပ်များ ဆုတ်ခွာမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်နေသည်။
“ပင်လယ်ကွေ့ဒေသမှ အမေရိကန် နုတ်ထွက်ဆုတ်ခွာခြင်းနှင့် အီရန်သို့ ငွေကြေးနှင့် စီးပွားရေးအရင်းအမြစ်များ စီးဆင်း လာခြင်းသည် တီဟီရန်အား ပိုမို၍ ရဲရင့်လာစေဖွယ်ရှိသည်” ဟု ယူဆနေကြသည်။
“သို့သော်လည်း အာရပ်ပင်လယ်ကွေ့နိုင်ငံများသည် အီရန်-အမေရိကန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လွယ်ကူချောမွေ့စေရန် ထောက်ခံခဲ့ကြသည်။ ၎င်းတို့အတွက် စစ်ပွဲနှင့် နှိုင်းစာလျှင် မကောင်းသော သဘောတူညီချက်သည် ပိုကောင်းနေဆဲဖြစ်သည်” ဟု ‘ဟာဆန် အယ်လ်ဟာဆန်’ က CNN သို့ ပြောကြားခဲ့သည်။
‘မာကို ရူဘီယို’ ၏ ခရီးစဉ်တွင် စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုကို အဆိုးရွားဆုံး ခံစားခဲ့ရသော ပင်လယ်ကွေ့နိုင်ငံ သုံးနိုင်ငံဖြစ်သည့် ယူအေအီး၊ ဘာရိန်းနှင့် ကူဝိတ်တို့ ပါဝင်သည်။ ဝါရှင်တန်နှင့် တီဟီရန်အကြား တင်းမာမှု လျော့ပါးလာရေးကို သံသယအရှိဆုံးနိုင်ငံများထဲတွင် ထိုသုံးနိုင်ငံ ပါဝင်နိုင်ဖွယ်ရှိသည်။
အီရန် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၃၀၀ ဘီလီယံ ဘယ်သူကျခံမလဲ။
အီရန်နှင့် ၁၄-ချက်ပါ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမှုသည် ထရမ့်၏ ကမူးရှူးထိုး အလျင်စလို လုပ်ဆောင်မှုဖြစ်သည်ဟု ဝေဖန်သုံးသပ်နေကြသည်။ အီရန်၏ နျူကလီးယားအစီအစဉ်ကို လျှော့ချနိုင်ရန်နှင့် စာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ သဘောတူညီချက်၏ နောက်တစ်ဆင့်ကို စတင်နိုင်ရေးအတွက် ထရမ့်၏ အလျှော့ပေးမှုတစ်ခုအဖြစ် မြင်ကြသည်။ ၁၄-ချက်ပါ သဘောတူညီချက်အရ တီဟီရန်အား လိုက်လျောမှုများစွာ ပေးခဲ့သော်လည်း အပြန်အလှန်အားဖြင့် မဆိုစလောက်သာ ရရှိခဲ့သည်ဟု ထောက်ခံသူများ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
ဇွန်လ ၂၄ (ဗုဒ္ဓဟူးနေ့)က ကူဝိတ်၌ ပြောကြားရာတွင် အမေရိကန်သည် အီရန်နှင့် ညှိနှိုင်းမှုများလုပ်ရာတွင် ပင်လယ်ကွေ့ မဟာမိတ်များ၏ အကျိုးကို “ထိခိုက်စေမည်” မဟုတ်ကြောင်းနှင့် ဒေသတွင်း “ကျွန်ုပ်တို့၏ လုံခြုံရေးအာမခံချက်များအပေါ် သံသယတစ်စုံတစ်ရာ ရှိသည်ဟု မခံစားရ” ကြောင်း ‘မာကို ရူဘီယို’ က အလေးပေးပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အီရန်နဲ့ ဆွေးနွေးညှိနှိုင်းပြီး ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။ သက်ဆိုင်သူတွေ ပါဝင်ဆွေးနွေးကြဖို့ ထပ်မံပြောကြားလိုပါတယ်” ဟု ‘ရူဘီယို’ က သတင်းထောက်များအား ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏ မဟာမိတ်များ၊ ဒေသတွင်းရှိ ကျွန်ုပ်တို့၏ ရေရှည်မဟာမိတ်များ၏ လုံခြုံရေးကို ထိခိုက်စေမည့် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ လုပ်ဆောင်မည်မဟုတ်ပါ” ဟု မာကို ရူဘီယိုက ဆိုသည်။
အမေရိကန်နှင့် အီရန် စစ်ပွဲအဆုံးသတ်ရေး သဘောတူချက် ၁၄ ချက်ကို အမေရိကန်ဘက်က ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) အဖြစ် ၁၄-ချက်ပါ သဘောတူချက်ကို အမေရိကန် ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သတင်းမီဒီယာများအား ဖတ်ပြခဲ့သည်ဟု ဆိုသည်။
ထိုသဘောတူညီချက်အရ အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ၎င်း၏ မဟာမိတ်စစ်သွေးကြွအဖွဲ့များ ကွန်ရက်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ဖော်ပြမထားဟု ပင်လယ်ကွေ့နိုင်ငံများက ဆိုသည်။ တီဟီရန်၏ နျူကလီးယားကိစ္စထက် ဒုံးကျည်ကိစ္စကို ပိုမိုအရေးတကြီးလုပ်ဆောင်သင့်သည်ဟု ပင်လယ်ကွေ့နိုင်ငံများက ယူဆကြသည်။ ‘ရူဘီယို’ က ဇွန်လ ၂၄ (ဗုဒ္ဓဟူးနေ့)တွင် ကူဝိတ်၌ အီရန်၏ ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍ ပြောကြားရာ၌ “ပင်လယ်ကွေ့ရှိ အမေရိကန်၏ မဟာမိတ်များနှင့် လုံးဝပူးပေါင်းဆောင်ရွက်မည်” ဟု ပြောကြားခဲ့သည်။
သို့သော် အခြားတစ်ဖက်၌ သမ္မတ ထရမ့်က အီရန်အနေဖြင့် ဒုံးကျည်များ ပိုင်ဆိုင်ခြင်းသည် တရားမျှတသည်ဟု ပြောကြားခဲ့ပြီး ပြဿနာ၏ လေးနက်မှုကို လျှော့၍ တွက်ဆထားပုံရသည်။
၁၄-ချက်ပါ နားလည်မှုစာချွန်လွှာ (MOU) ၏ အပိုဒ် (၆) ၌ အမေရိကန်ပြည်ထောင်စုက အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ (ပေါင် ၂၂၅ ဘီလီယံ) ပါဝင်သည့် တိကျပြီး အပြန်အလှန်သဘောတူသော အစီအစဉ်တစ်ခုကို ရေးဆွဲရန် ဒေသတွင်း မိတ်ဖက်နိုင်ငံတို့နှင့်အတူ ကတိပြုထားကြောင်း၊ ယင်းအစီအစဉ် အကောင်အထည်ဖော်ရေး ယန္တရားကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ဆောင်ရွက်မှာ ဖြစ်သည်ဟု ဆိုထားသည်။
သဘောတူညီချက်တွင် အီရန်အတွက် ဒေါ်လာ ဘီလီယံ ၃၀၀ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေပါဝင်သောကြောင့် ပင်လယ်ကွေ့နိုင်ငံများကလည်း ငွေကြေးထည့်ဝင်ရန် လိုအပ်သည့် သဘောဖြစ်နေသည်။ ပင်လယ်ကွေ့နိုင်ငံများက အဆိုပါအစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့ရန် ကတိပြုခဲ့သည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျက ထိုအဆိုပြုချက်နှင့် ပတ်သက်၍ “အသေးစိတ်အချက်အလက်များ” မရှိကြောင်း ပြောကြားခဲ့သည်။ ကာတာနိုင်ငံကလည်း တရားဝင် လက်မှတ်မထိုးဘဲ စိတ်ဝင်စားကြောင်းသာ ဖော်ပြခဲ့သည်။
ဇွန်လ ၁၆ (အင်္ဂါနေ့) တွင် ရူဘီယိုက ၎င်း၏ခရီးစဉ်အတွင်း ဒေါ်လာ ဘီလီယံ ၃၀၀ ရန်ပုံငွေနှင့်ပတ်သက်၍ မဟာမိတ်များအား ငွေကြေးအကူအညီတောင်းခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က ထိုကိစ္စနှင့် ပတ်သက်၍ ခုခံကာကွယ်ပြောဆိုရာ၌ အီရန်ကို ဆွေးနွေးပွဲတက်ရန် ပို့ဆောင်ပေးသည်မှာ အမေရိကန်စစ်ရေးသြဇာကြောင့်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဘက်က အဆင်မပြေမှုကြောင့် တွေ့ဆုံခဲ့တာ မဟုတ်ပါဘူး။ အီရန်ဘက်က တွေ့ဆုံလိုတဲ့အတွက် တွေ့ခဲ့တာပါ။ သူတို့ အရေးနိမ့်သွားပါပြီ” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“ကျွန်တော်တို့ ၆၀ ရက်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ။ သူတို့ ပိုက်ဆံမရပါဘူး။ ဆယ်ဆင့်တောင် မရပါဘူး” ဟု ထရမ့်က ရေးထားသည်။
အီရန်နျူကလီးယား ပြဿနာ ‘အမြန်ဆုံး’ စစ်ဆေးနိုင်မည်လား။
ကုလသမဂ္ဂ၏ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ‘ရာဖေးလ် ဂရော့စ်ဆီ’ (Rafael Grossi) က အမေရိကန်-အီရန် သဘောတူညီချက်အရ အီရန်နျူကလီးယား တည်နေရာတွေကို စစ်ဆေးရန် အေဂျင်စီကို တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။
“ဒီ MoU က အပစ်အခတ်ရပ်စဲရေးရဲ့ နျူကလီးယားအပိုင်းကို IAEA က ကြီးကြပ်မယ်လို့ တိတိကျကျ ညွှန်ပြနေပါတယ်။ ကြီးကြပ်ဖို့အတွက် ကျွန်တော်တို့ စစ်ဆေးဖို့ လိုအပ်ပါတယ်၊ တခြားနည်းလမ်း မရှိပါဘူး” ဟု ရာဖေးလ် ဂရော့စ်ဆီက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု သိရသည်။
“နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မကြာခင်မှာ အဲဒီကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဂရော့စ်စီက “IAEA အနေနဲ့ ဝင်ရောက်စစ်ဆေးခွင့် ရှိရပါမယ်။ ကျွန်တော်ဟာ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ အသင့်ရှိနေပြီး အမြန်ဆုံး အဲဒီမှာ ရှိနေဖို့ အသင့်ရှိပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
အီရန်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်း
ပင်လယ်ကွေ့နိုင်ငံများက ယခုအချိန်အထိ အမေရိကန်ကို ၎င်းတို့၏ အဓိကလုံခြုံရေးမိတ်ဖက်အဖြစ် အသိအမှတ် ပြုထားကြသည်။ အမေရိကန်မှလွဲ၍ အစားထိုး ရွေးချယ်စရာ အနည်းငယ်သာရှိသည်ကိုလည်း နားလည်ကြသည်။ အမေရိကန်အနေဖြင့် ပင်လယ်ကွေ့နိုင်ငံများအပေါ် လုံခြုံရေးကဏ္ဍမှ တာဝန်ယူ အကာအကွယ်ပေးမှု လျော့နည်းလာသည်ဟု ယူဆရသည့်တိုင် ဒေသတွင်းနိုင်ငံများနှင့် ၎င်း၏ စီးပွားရေး မိတ်ဖက်ဆက်ဆံရေးသည် ခိုင်မာနေဆဲဖြစ်ပြီး UAE ကဲ့သို့သော နိုင်ငံများသည် အမေရိကန်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို “နှစ်ဆတိုး” ရန် ကတိပြုထားသည်ဟု ဆိုသည်။
ပင်လယ်ကွေ့နိုင်ငံများနှင့် ထရမ့်အစိုးရ၏ စစ်ပွဲအပြီးတွင် ဆက်ဆံရေး မည်သို့ပြောင်းလဲလာမည်ကို မသိနိုင်သေးကြောင်း သဘောတူညီချက်စာချုပ် မချုပ်ဆိုသေးမီ အကြီးတန်းပင်လယ်ကွေ့သံမန်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာပါက ဝါရှင်တန်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် တာဝန်ရှိစေမည့် ပိုမိုတရားဝင်သော လုံခြုံရေးအစီအစဉ်တစ်ခု ဖြစ်ထွန်းလာခြင်း ရှိ၊ မရှိလည်း အပါအဝင်ဖြစ်သည်ဟု ဆိုသည်။
ထိုသို့သောအခြေအနေတွင် ပင်လယ်ကွေ့နိုင်ငံအချို့သည် “အီရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်” (အီရန်ကို ယှဉ်ပြိုင်နိုင်ရန်) ၎င်းတို့၏ စစ်လက်နက်နှင့် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရေးကို မတူခြားနားစေရေးအတွက် စူးစမ်းရှာဖွေလေ့လာမှုများ စတင်နေကြပြီဟု ကြားသိနေရပေသည်။
References:
- Trump’s Gulf allies fear his Iran agreement is a ‘disastrous turning point’ Analysis by Abbas Al Lawati, Nic Robertson, Jun 25, 2026 CNN.
- Iran war updates: UN’s IMO halts ship evacuations from Hormuz after attack, 25 Jun 2026 Al Jazeera.
- Netanyahu and Katz say Israel will remain in Lebanon, Syria and Gaza ‘without time limit’, Middle East Eye, 26 June 2026.
- အီရန်နဲ့သဘောတူညီချက်ကို ထရမ့်ကြေညာပေမဲ့ အန္တရာယ်နဲ့ မေးခွန်းတွေဆက်ရှိနေ၊ ဘီဘီစီ၊ ၁၆ ဇွန် ၂၀၂၆။
- Trump’s Iran agreement may be a dud, but he’s getting what he wants, Analysis by Stephen Collinson, CNN 18 June 2026.

