အစ္စရေးနိုင်ငံသားတွေကတော့ သူဟာ ဘင်ဂျမင်နေတန်ယာဟုကို အစားထိုးနိုင်မယ့်သူ စင်စစ်ပဲလို့ ယူဆကြတယ်။
အစ္စရေးနိုင်ငံသူနိုင်ငံသားတွေ မဲရုံတွေဆီကို သွားပြီး ဆန္ဒမဲပေးကြဖို့ လေးလလောက် လိုတဲ့အချိန်မှာ အဓိက ပြိုင်ဖက်ချင်း တွေ့ဆုံမှု အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ညွန့်ပေါင်းအစိုးရဟာ လူထုဆန္ဒ သဘောထားမှာ အင်အားလျော့နည်းနေခဲ့ပါတယ်။ တစ်နှစ်တာ ကာလလောက် ဦးဆောင်စိန်ခေါ်တဲ့သူကတော့ ၂၀၂၁ ခုနှစ်တုန်းက မစ္စတာ နေတန်ယာဟုကို အစားထိုးခဲ့ဖူးတဲ့ လက်ယာယိမ်း နိုင်ငံရေးသမား နက်ဖ်တာလီ ဘင်နက် ပဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ်စားလှယ်လောင်း တစ်ယောက်က မကြာသေးခင်က ပြုလုပ်တဲ့ လူထုသဘောထားဆန္ဒခံယူပွဲ အတော်များများမှာ မစ္စတာ ဘင်နက်ကို အသာစီးရသွားပြီး သက်တမ်းကြာရှည် တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်အတွက် အဓိက အန္တရာယ် ဖြစ်လာသူ ကတော့ ဂိုင်ဒီအိုင်ဇင်ကော့ ပဲဖြစ်ပါတယ်။

သူ့ရဲ့ ဗဟိုဝါဒီ ပါတီသစ်က အခုအခါမှာ မစ္စတာ နေတန်ယာဟုရဲ့ လီကွတ်ပါတီ နီးပါးကို လူကြိုက်များလာတာကြောင့် မစ္စတာ အိုင်ဇင်ကော့ဟာ ဘင်နက်နဲ့ နေတန်ယာဟု နှစ်ယောက်စလုံးကို ကျော်ပြီး အကျိုးကျေးဇူးကို ခံစားခဲ့ရတယ်။ သူဟာ အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ (Israel Defense Forces – IDF) ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း တစ်ယောက်ဖြစ်ပြီး သူ့နိုင်ငံက စစ်ပွဲအမျိုးမျိုးကို တိုက်ခိုက်နေတုန်းမှာ အစ္စရေး နိုင်ငံသူနိုင်ငံသားတွေက တန်ဖိုးထားခံရတဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒါပေမဲ့ သူက နိုင်ငံရေးလောကထဲကို အသစ်စက်စက် ရောက်ရှိလာသူတစ်ဦးလည်း ဖြစ်တာကြောင့် သူ့ရဲ့ ပြိုင်ဘက်တွေနဲ့စာရင် အတိတ်က အမှားဝန်ထုပ်ဝန်ပိုးမျိုးတွေ သိပ်မရှိလှပါဘူး။
သူဟာ အစ္စရေးပါလီမန်က ၂၀၂၂ ခုနှစ်မှာ ရွေးကောက်ခံထားရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြီးပြီးတဲ့နောက်မှာ မစ္စတာ နေတန်ယာဟုရဲ့ စစ်ပွဲဆိုင်ရာ ဝန်ကြီးအဖွဲ့မှာ ပါဝင်လာခဲ့တဲ့သူဖြစ်ပြီး ရှစ်လကြာပြီးတဲ့နောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဂါဇာဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲရဲ့ အစောပိုင်းကာလမှာ မစ္စတာ နေတန်ယာဟုကို “အထင်ကရ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ရှောင်လွှဲလို့” ဆိုတဲ့ ဝေဖန်ချက်ကို သူ့ရဲ့ စစ်ပွဲရေးရာ ဝန်ကြီးအဖွဲ့က လုပ်ဖော်ကိုင်ဖက်တွေဆီကို စာနဲ့ ရေးသားပြီး ပေးပို့ခဲ့တယ်။ အစ္စရေးနိုင်ငံဟာ ကာလရှည်ကြာပြီး အဖြေမပေါ်တဲ့ စစ်ပွဲကို ဆင်နွှဲရမယ့် အန္တရာယ်ရှိနေပြီး ဂါဇာရှိ အစ္စလာမ္မစ်အဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်တို့ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး စွမ်းဆောင်ရည်တွေကို ဖျက်ဆီးနိုင်မှာတော့ မဟုတ်ပါဘူးလို့ သူက သတိပေးခဲ့တယ်။
နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် သူသတိပေးတာ မှန်တယ်ဆိုတာ သက်သေထူနိုင်ခဲ့တယ်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အခုချိန်ထိတိုင်အောင် ဂါဇာဒေသရဲ့ ထက်ဝက်ကျော်ကျော်ကိုပဲ သိမ်းပိုက်ထားနိုင်ပါတယ်။ ဟားမတ်စ်တွေကတော့ ကျန်တဲ့ နယ်မြေအစိတ်အပိုင်းမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်ပြီး လူဦးရေ နှစ်သန်းရှိတဲ့ ဂါဇာဒေသနေ ပြည်သူလူထုကို ဆက်လက်ပြီးတော့ ဩဇာလွှမ်းမိုးထားပါတယ်။ အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာနယ်မြေ အတော်များများ ပျက်စီးခဲ့ရပြီး အရပ်သူအရပ်သား အများစုပါဝင်တဲ့ လူဦးရေ ၇၃,၀၀၀ ကျော် သေဆုံးခဲ့ရတယ်။ ဒီစစ်ပွဲကြောင့် အစ္စရေးနိုင်ငံရဲ့ နိုင်ငံတကာ ရပ်တည်ချက်နဲ့ မဟာမိတ်တွေ ဆုံးရှုံးခဲ့ရတယ်။
မစ္စတာ အိုင်ဇင်ကော့ရဲ့ အဲဒီအချိန်တုန်းက ဝေဖန်ချက်ဟာ အနာဂတ်အတွက် ကြိုတင်မြော်မြင်နိုင်စွမ်းရော လေးနက်ထိရောက်ပြီး ကရုဏာသက်စရာပါ ဖြစ်ခဲ့တယ်။ သူ့ရဲ့သား အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ ဂယ်လ်ဟာ အစ္စရေးအရန်တပ်ဖွဲ့က စစ်သည်တစ်ယောက်ဖြစ်ပြီး အရင်နှစ်လလောက်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ အစ္စရေးနိုင်ငံဟာ မဟာဗျူဟာအရ အကျိုးအမြတ် မဆိုစလောက်ပဲ ရရုံနဲ့ မဆုံးနိုင်တဲ့ သွေးချောင်းစီး စစ်ပွဲနဲ့ပဲ မမှားသင့်တဲ့ အမှားကို ဆက်ပြီး ကျူးလွန်နေခဲ့တယ်။ အခုဆိုရင် မစ္စတာ နေတန်ယာဟုဟာ အစ္စရေးနိုင်ငံရဲ့ အရေးပါဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတနဲ့ မတည့်ကြတော့ဘဲ ရှားစောင်းစေးနဲ့ မျက်ချေး ဖြစ်နေကြပြီ။ ရွေးကောက်ပွဲရက် နီးလာတဲ့အလျောက် မေးခွန်းနှစ်ခု ဘွားခနဲ ပေါ်လာခဲ့တယ်။ မစ္စတာ အိုင်ဇင်ကော့ဟာ မစ္စတာ နေတန်ယာဟုကို အစားထိုးဖို့ တကယ်ပဲ စစ်မှန်တဲ့သူလား ဆိုတာနဲ့ ရွေးကောက်ပွဲမှာရော သူ အနိုင်ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းနှစ်ခုပဲ ဖြစ်တယ်။
နိုင်ငံရေးအရ အိုင်ဇင်ကော့ကို ဘယ်ပါတီရဲ့ ဘက်တော်သားလို့ ပုံသေသတ်မှတ်ဖို့ ခဲယဉ်းတယ်။ သူက လက်ဝဲယိမ်း လေဘာပါတီနဲ့ လက်ယာစွန်း လီကွဒ်ပါတီ နှစ်ခုစလုံးကို မဲပေးခဲ့ဖူးသူ ဖြစ်တယ်။ စစ်ရေးအရလည်း သူဟာ ဘယ်လိုရပ်တည်ချက်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ အရပ်သား အခြေခံအဆောက်အအုံတွေကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး ရန်သူ့ခံတပ်တွေကို ချေမှုန်းဖို့ တောင်းဆိုတဲ့ အစ္စရေးရဲ့ “ဒါဟီယာ စစ်ဝါဒ” (Dahiyeh Doctrine) ကို စတင်ဖော်ဆောင်ခဲ့သူအဖြစ် သူ့ကို သတ်မှတ်ကြတယ်။ အဲဒီစစ်ဝါဒကြောင့် အစ္စရေးနိုင်ငံဟာ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ခဲ့ရတယ်။
ဒါပေမဲ့ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွေတုန်းက ပါလက်စတိုင်းလူငယ်တွေက ဓားနဲ့လိုက်ထိုးတဲ့ ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ ချိန်တုန်းက သူဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူထားပြီး “တွေ့ရာမဆိုင်း သင်္ချိုင်းပို့” မူနဲ့ ဓားသမား ပါလက်စတိုင်းလူငယ်ကို တွေ့တာနဲ့ အသေပစ်သတ်ရမည်ဆိုသည့် မူဝါဒ (shoot-to-kill policy) ကို ကန့်ကွက်ခဲ့တာကြောင့် အစ္စရေး လက်ယာစွန်းအုပ်စုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရပြန်တယ်။
မစ္စတာ နေတန်ယာဟုအပေါ် သူ့ရဲ့ ဝေဖန်မှုအားလုံးကို သုံးသပ်ရင် အိုင်ဇင်ကော့ဟာ ဂါဇာ၊ လက်ဘနွန်နဲ့ အီရန်မှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကို ကနဦးပိုင်းမှာ ထောက်ခံခဲ့တယ်။ နေတန်ယာဟုနဲ့ ကွဲပြားခြားနားတာက အိုင်ဇင်ကော့က ဒီစစ်ပွဲတွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် အဆုံးသတ်ပြီး သံတမန်ရေးအရ ကနဦး ညှိနှိုင်းဆောင်ရွက်မှုတွေကို တစ်ဆက်တည်း ဆောင်ရွက်တဲ့ နည်းလမ်းမျိုးကို သူက ပိုပြီး နှစ်သက်လိုလားတယ်လို့ ချေပပြောဆိုခဲ့တယ်။ အထက်ကဆိုခဲ့တာတွေကို သုံးသပ်ရင် မစ္စတာ နေတန်ယာဟုရဲ့ “အရှေ့အလယ်ပိုင်းဒေသရဲ့ မြေပုံ ပြန်ပြီးတော့ ရေးဆွဲဖို့” ဆိုတဲ့ ရည်မှန်းချက်တွေဟာ ဘယ်တော့မှ လက်တွေ့ဖြစ်လာမှာ မဟုတ်ဘူး၊ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ နိုင်ငံရေး ရှင်သန်ရပ်တည်ဖို့အတွက် ရတက်မအေး ဖြစ်နေတာက ဒီအချက်ကို လှုံ့ဆော်ခဲ့တာ ဖြစ်တယ်လို့ အိုင်ဇင်ကော့က ယူဆတယ်။
မစ္စတာ နေတန်ယာဟုရဲ့ နေရာကို အစားထိုးဖို့ အစ္စရေးနိုင်ငံရဲ့ အရည်အချင်းစစ်ဆေးပွဲ တစ်နည်းပြောရရင် လူရွေးပွဲဟာ အချိန်တော်တော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် နောက်ပိုင်း ကာလတစ်ခုအထိတော့ အစ္စရေးလူထုဟာ နောက်ထပ် စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ဘန်နီဂန့်ဇ် (Benny Gantz) ဘက်ကို မျှော်လင့်တကြီး စောင်းငဲ့ကြည့်ခဲ့ကြပါတယ်။ သူဟာ မစ္စတာ အိုင်ဇင်ကော့ နိုင်ငံရေးလောကထဲ ဝင်ရောက်လာချိန်တုန်းက ကနဦးဆုံးဝင်ခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဝန်ကြီးချုပ်ကို ပြတ်ပြတ်သားသား ရင်မဆိုင်နိုင်ခဲ့တာကြောင့် သူ့ကို လူကြိုက်များ ရေပန်းစားမှုဟာ မှေးမှိန်သွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မစ္စတာ ဘင်နက်ဟာ လူကြိုက်များမှု မြင့်တက်လာပုံရခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ ကံဇာတာနိမ့်ပြီး အရှိန်အဝါ ကျဆင်းနေတဲ့ပုံ ပေါ်နေပါတယ်။

သူတို့နှစ်ယောက်နဲ့ မတူတာက မစ္စတာ အိုင်ဇင်ကော့ဟာ (သူ အင်္ဂလိပ်စကားပြောရင် ထစ်ငေါ့နေတာကြောင့်) အင်္ဂလိပ်စကား အပြောကောင်းလှတဲ့ မစ္စတာ နေတန်ယာဟုရဲ့ မိန့်ခွန်းခြွေမှုတွေ ဒါမှမဟုတ် နိုင်ငံခြား သတင်းဌာနတွေက တွေ့ဆုံမေးမြန်းရင် စိတ်အားထက်သန်စွာနဲ့ သွက်သွက်လက်လက် ဖြေကြားတာမျိုးတွေကို လိုက်တုဖို့တော့ သူက မကြိုးစားပါဘူး။ အစ္စရေး ရင်ဆိုင်နေရတဲ့ လုံခြုံရေးနဲ့ သံတမန်ရေးအရ ဘေးကျပ်နံကျပ် အခြေအနေတွေရယ်၊ တရားရုံးတွေနဲ့ ရွေးချယ်တင်မြှောက် ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ် ပါလီမန်အမတ်တွေကြားမှာ ဩဇာအာဏာကို မျှတအောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံတော်မှာ ဘာသာရေးရဲ့ အခန်းကဏ္ဍဆိုင်ရာ ခါးသီးတဲ့ အငြင်းပွားမှုတွေနဲ့ စပ်လျဉ်းလို့ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ဖို့ လေးနက်တဲ့ အစီအစဉ်တွေ မစ္စတာ အိုင်ဇင်ကော့မှာ ရှိပါတယ်။
သူ့ပါတီက မူဝါဒ သဘောထား ကြေညာချက်စာတမ်းကို မကြာမီ အသေးစိတ် ထုတ်ပြန်ကြေညာမယ်လို့ ကတိပြုထားပါတယ်။ အဲဒီစာတမ်းမှာ သူဟာ နေတန်ယာဟုနေရာမှာ တကယ် အစားထိုး နေရာယူနိုင်သူ ဟုတ်မဟုတ်ကို ဖော်ပြနိုင်ဖွယ် ရှိပါတယ်။ အဲဒီနောက်မှာတော့ သူ အကြီးဆုံး စမ်းသပ်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါက အစ္စရေးလူထုက သူ့ကို ယုံကြည်လက်ခံလာအောင်၊ ထောက်ခံမှုရရှိအောင် သူ့ပုံရိပ်ကို သူမြှင့်တင်နိုင်ရေးပဲ ဖြစ်ကြောင်း အီကော်နောမစ် (The Economist) စာစောင် ဆောင်းပါးရှင်က သုံးသပ်ရေးသားထားတာကို တင်ပြလိုက်ရပါတယ်။
ရည်ညွှန်း – The Economist June 27


