The Corner

The Corner

cropped-Logo_round_grey-background.png

ညီအစ်ကိုမသိတသိ ကမ္ဘာကြီးနှင့် လမ်းပြ မီးအိမ်ရှင် နှစ်ဦး

Share မယ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သန့်ကို သတိရမိပါတယ်။ သံအမတ်ကြီးက ကိုဗစ်ကာလ မတိုင်ခင် အတော်စောစောကတည်းက ပြောခဲ့တာပါ။

“ဒီကနေ့ ကမ္ဘာကြီးက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားက ကြားကာလနဲ့ တူနေတယ်ကွ။ နိုင်ငံတကာ စနစ်ဟောင်းက ပြိုကျသွားပြီ၊ စနစ်သစ်ကလည်း ပီပီပြင်ပြင်မရှိ။ တတိယ ကမ္ဘာစစ် တောင် ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါ” တဲ့။ ဟုတ်ပါ တယ်။

ဒီကနေ့ ကမ္ဘာကြီးဟာ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာ စနစ်ဟောင်းက ပြိုကျနေပေမယ့် စနစ်သစ်က ဘယ်ဆီနေမှန်းမသိ၊ မရေမရာ လမ်းပျောက်နေတဲ့ ကာလပါ။ ညီအစ်ကို မသိတသိ ကမ္ဘာကြီးလို့ ပြောရမှာပါ။ ဒီလိုကာလမှာ နိုင်ငံငယ်နဲ့ နိုင်ငံလတ်တွေအတွက် အနာဂတ် ခြေလှမ်းဟာ မှန်းဆဖို့ ခက်ခဲသလို အန္တရာယ်လည်း များလှပါတယ်။ အားပြုရမယ့် လမ်းပြမီးအိမ် လိုနေတဲ့ အချိန်ပါ။ လမ်းပြမီးအိမ်ကို ကိုင်စွဲ ရှေ့ဆောင် လျှောက်လှမ်းနေတဲ့ ပုဂ္ဂိုလ်နှစ်ဦးအကြောင်း ပြောချင် ပါတယ်။

အဲလက်ဇန်ဒါး စတပ်ဗ် (Photo credit: EU Observer)

ပထမပုဂ္ဂိုလ်ကတော့ အဲလက်ဇန်ဒါး စတပ်ဗ် (Alexander Stubb) ပါ။ အဲလက်ဇန်ဒါး စတပ်ဗ်ဟာ လက်ရှိမှာ ဖင်လန်နိုင်ငံရဲ့ သမ္မတ ဖြစ်သလို ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဥရောပပါလီမန်ရဲ့ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်အမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ လန်ဒန်စီးပွားရေးတက္ကသိုလ် (London School of Economics) ကနေ နိုင်ငံတကာဆက်ဆံရေးနဲ့ ဒေါက်တာဘွဲ့ (Ph.D) ရခဲ့တဲ့ ပုဂ္ဂိုလ်ပါ။

အဲလက်ဇန်ဒါး စတပ်ဗ်ဟာ ဒီကနေ့ ကမ္ဘာကြီးကို အုပ်စုသုံးစုခွဲပြီး ရှုမြင်ပါတယ်။ ပထမအုပ်စုကို အဲလက်ဇန်ဒါး စတပ်ဗ်က အနောက်ကမ္ဘာ (The Global West) လို့ အမည်ပေးထားပါတယ်။ အနောက်ကမ္ဘာမှာ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ပါဝင်ပါတယ်။ ဒုတိယအုပ်စု ကိုတော့ အဲလက်ဇန်ဒါး စတပ်ဗ်က အရှေ့ကမ္ဘာ (The Global East) လို့ အမည်ပေးထားပါတယ်။ အရှေ့ကမ္ဘာမှာတော့ တရုတ်၊ ရုရှားနဲ့ အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။ တတိယအုပ်စုကိုတော့ တောင်ကမ္ဘာ (The Global South) လို့ အမည်ပေးထားပြီး တောင်ကမ္ဘာမှာ အာဖရိက၊ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံငယ်တွေနဲ့ နိုင်ငံလတ်တွေ ပါဝင်ကြပါတယ်။

အဲလက်ဇန်ဒါး စတပ်ဗ်ရဲ့ အမြင်အရ အနောက်ကမ္ဘာနဲ့ အရှေ့ကမ္ဘာဟာ မဟာဗျူဟာနဲ့ အတွေးအခေါ် အရ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ဖို့ အားပြိုင်နေပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ အားသာချက်မျိုး အနောက် ကမ္ဘာမှာ မရှိသလို အရှေ့ကမ္ဘာမှာလည်း မရှိပါဘူး။ ဒါကြောင့် တောင်ကမ္ဘာရဲ့ ရပ်တည်ချက်က ကမ္ဘာကြီးရဲ့ အနာဂတ်လမ်းကို ရွေးချယ်ဆုံးဖြတ်ပေးမယ့် ရပ်တည်ချက် ဖြစ်တယ်လို့ အဲလက်ဇန်ဒါး စတပ်ဗ်က ခံယူထားပါတယ်။

အဲလက်ဇန်ဒါး စတပ်ဗ်ရဲ့ ရှုမြင်ပုံအရ နိုင်ငံငယ်၊ နိုင်ငံလတ်တွေဟာ နိုင်ငံကြီးတစ်နိုင်ငံနဲ့ အုပ်စုအသေ ဖွဲ့တာမျိုးကို ရှောင်ရှားပြီး တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားနဲ့အညီ လိုအပ်သလို မဟာမိတ်ဖွဲ့စည်းတဲ့ နိုင်ငံစုံ လမ်းဖွင့် နိုင်ငံခြားရေးမူဝါဒ (Multi-Vector Foreign Policy) ကို မဟာဗျူဟာအဖြစ် ကျင့်သုံးပြီး နည်းဗျူဟာအဖြစ် အကြောင်းအရာတစ်ခုချင်းအလိုက် တုံ့ပြန်တဲ့နည်းလမ်း (A Transactional Foreign Policy) ကို ကျင့်သုံးရမှာပါ။ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ နိုင်ငံကြီး တစ်နိုင်ငံရဲ့ လက်ဝေခံဘဝ မကျရောက်ရေးပါ။ ဥပမာအနေနဲ့ ပြောရရင် အိန္ဒိယနိုင်ငံဟာ ရုရှားနဲ့ ကာလရှည်ကြာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှိပေမဲ့ အမေရိကန်နိုင်ငံနဲ့လည်း QUAD လို ကာကွယ်ရေးနဲ့ လုံခြုံရေး သဘောတူညီချက်မှာ ပါဝင်နေပါတယ်။ နှစ်နိုင်ငံကြား မဟာဗျူဟာ အရ အားပြိုင်မှုရှိပေမယ့် တရုတ်နိုင်ငံနဲ့လည်း နက်ရှိုင်းတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ရှိနေပါတယ်။

ဒါပေမဲ့ အဲလက်ဇန်ဒါး စတပ်ဗ်ရဲ့ ရပ်တည်ချက်ဟာ အကျိုးစီးပွားသက်သက်ကိုသာ ဦးတည်တဲ့ မူ “မဲ့” ရပ်တည်ချက် မဟုတ် ပါဘူး။ နိုင်ငံတွေက သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက် တာကို လက်ခံပေမယ့် ဆုပ်ကိုင်ထားတဲ့ အခြေခံမူ ရှိရမယ်လို့ အဲလက်ဇန်ဒါး စတပ်ဗ်က ခံယူထားပါတယ်။ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့အပေါ် လေးစား အသိအမှတ်ပြုရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကမ္ဘာကြီး ရေရှည်တည်တံ့ရေးလို အခြေခံမူတွေကို ဆုပ်ကိုင်ပြီး အကောင်အထည်ဖော်ရမှာပါ။ အဲလက်ဇန်ဒါး စတပ်ဗ်ဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို လက်ခံအသိအမှတ်ပြုပေမယ့် ဒီကနေ့ ကမ္ဘာကြီးရဲ့ ပကတိအခြေအနေကို ထင်ဟပ်နိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အနည်းဆုံး အာရှတိုက် ကိုယ်စားပြု နှစ်နိုင်ငံ၊ အာဖရိကတိုက် ကိုယ်စားပြု နှစ်နိုင်ငံ၊ လက်တင်အမေရိကတိုက် ကိုယ်စားပြု တစ်နိုင်ငံ ထပ်တိုးချဲ့ပြီး ဘယ်လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံမဆို ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ခဲ့ရင် သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ရပ်ဆိုင်း ခံရမယ်လို့ အဆိုပြု တင်ပြထားပါတယ်။ နိုင်ငံငယ်နဲ့ နိုင်ငံလတ်တွေသာ စုစုစည်းစည်း ရပ်တည်နိုင်ခဲ့ရင် ငါးနှစ်ကနေ (၁၀) နှစ်အတွင်း နိုင်ငံတကာ ဆက်ဆံရေး အသစ် ပေါ်လာမယ်လို့လည်း အဲလက်ဇန်ဒါး စတပ်ဗ်က မှန်းဆထားပါတယ်။

အဲလက်ဇန်ဒါး စတပ်ဗ်ရဲ့ ရပ်တည်ချက်ကို ပေါ်လွင်စေမယ့် သူ့မှတ်ချက်စကားကို ဖော်ပြပါမယ်။ ၂၀၂၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရင်း အဲလက်ဇန်ဒါး စတပ်ဗ်က ပြောခဲ့ တာပါ။ “စံတန်ဖိုးတွေကို ဘေးဖယ်ပြီး အာဏာနဲ့ အကျိုးစီးပွားသက်သက်ကိုသာ ဦးတည် ဆောင်ရွက်မယ် ဆိုရင် ခင်ဗျားတို့ မမြင်လို၊ မတွေ့လိုတဲ့ ပြဿနာတွေဟာ ခင်ဗျားတို့ ရှေ့တည့်တည့်ကို ရောက်လာမှာပါ” တဲ့။

မာ့ခ်ကာနီ (Photo credit: Politico)

နောက်ပုဂ္ဂိုလ်ကတော့ ကနေဒါနိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် မာ့ခ်ကာနီ (Mark Carney) ပါ။ ကမ္ဘာကြီးကို “မှောက်လိုမှောက် သွန်လိုသွန်” လုပ်ချင်တဲ့ အမေရိကန်သမ္မတ ထရမ့်ကို ပညာပေး ကိုင်တွယ် သွားတဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီရဲ့ မူဝါဒ၊ ရပ်တည်ချက်တွေကို ကမ္ဘာ့နိုင်ငံ အများစုက လေးစား အသိအမှတ်ပြု ချီးကျူးကြပါတယ်။ မာ့ခ်ကာနီဟာ နိုင်ငံရေးသမား၊ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ပြီး ကနေဒါနဲ့ အင်္ဂလန်နိုင်ငံတွေရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ကမ္ဘာ့ဘဏ္ဍာရေး လောကကို “ထုံးလိုမွှေ ရေလိုနှောက်” နိုင်စွမ်းတဲ့ ပုဂ္ဂိုလ်ပါ။

ပြောရရင် မာ့ခ်ကာနီရဲ့ ရပ်တည်ချက်ဟာ အဲလက်ဇန်ဒါး စတပ်ဗ်ရဲ့ ရပ်တည်ချက်နဲ့ ယှဉ်လိုက်ရင် “နည်းဗျူဟာပိုဆန်” တယ်လို့ ပြောနိုင်ပါတယ်။ အင်အားကြီးနိုင်ငံတွေနဲ့ ရင်ဆိုင်ရာမှာ အလယ် အလတ်ပါ ခုနစ်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ မဟာမိတ်ဖွဲ့စည်း တည်ဆောက်မှုကို အားပြုပြီး တစ်နိုင်ငံချင်း အလိုက် မဟာဗျူဟာမြောက် ဆုံးဖြတ်ပိုင်ခွင့် ရှိစေရမယ်။ “ကိုယ့်တိုင်းပြည်ရဲ့ ပြည်တွင်း စီးပွားရေး အုတ်မြစ် ခိုင်မာတောင့်တင်းစေရမယ်” ဆိုတာက မာ့ခ်ကာနီရဲ့ ရပ်တည်ချက်ပါ။ မာ့ခ်ကာနီရဲ့ အမြင်အရ စစ်အေးခေတ်လွန် လစ်ဘရယ် နိုင်ငံတကာဆက်ဆံရေးစနစ်ဟာ “ကျိုးပြတ်” သွားပြီး အင်အားကြီး နိုင်ငံတွေဟာ ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းစဉ်အောက်မှာ ကျန်နိုင်ငံတွေကို လက်အောက်ခံ ဘဝ သွတ်သွင်းနေတာပါ။

ကမ္ဘာ့စီးပွားရေးဖိုရမ်ဖြစ်တဲ့ ဒါဗို့စ် (Davos) မှာ မာ့ခ်ကာနီက “အတိတ်ကို တမ်းတနေတာဟာ မဟာဗျူဟာ မဟုတ်ဘူး။ အင်အားကြီးနိုင်ငံတွေမှာ ပါဝါအာဏာရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့လို နိုင်ငံတွေမှာလည်း အင်အားတစ်စုံတစ်ရာ ရှိပါတယ်။ ကမ္ဘာကြီးရဲ့ အခြေအနေကို မသိသလို ဟန်ဆောင်နေတာကို ကျွန်တော်တို့မှာ ရပ်ပစ်နိုင်စွမ်း ရှိပါတယ်။ တကယ့် ပကတိအရှိတရားကို ကျွန်တော်တို့ ပေါ်ထွက်တင်ပြနိုင်ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံချင်းရဲ့ စီးပွားရေးကို တောင့်တင်း ခိုင်မာအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့လို နိုင်ငံတွေအားလုံး လက်တွဲဆောင်ရွက်နိုင်စွမ်း ရှိပါတယ်” လို့ ပြောကြား ခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံ အများစုက ဩဘာပေး ထောက်ခံခဲ့ကြပါတယ်။ ပြောမယ်ဆိုရင် မာ့ခ်ကာနီရဲ့ ချဉ်းကပ်ပုံဟာ နိုင်ငံငယ်၊ နိုင်ငံလတ်တွေရဲ့ စုပေါင်းအင်အား တည်ဆောက်ရေး ကို ဦးတည်တာပါ။ မာ့ခ်ကာနီရဲ့ ရပ်တည်ချက်ဟာ ကနေဒါနိုင်ငံ ဖြတ်သန်းခဲ့ ရတဲ့ သမိုင်းကြောင်း ကို ထင်ဟပ်နေပါတယ်။ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လို ပေါင်းစည်းမှုမျိုး ပြောရလောက်အောင် မျက်နှာစာ ပေါင်းစုံမှာ ဆွဲထုတ်လို့ မရနိုင်တဲ့အထိ “အကြားအလပ်မရှိ” လို့ ပြောနိုင်ပါတယ်။

လူဦးရေအရ အမေရိကန်နိုင်ငံက ကနေဒါနိုင်ငံထက် ၈ ဒသမ ၅ ဆလောက် ပိုများပြီး GDP အရ ကြည့်ရင်လည်းပဲ အမေရိကန် နိုင်ငံက ကနေဒါနိုင်ငံထက် (၁၃) ဆနီးပါး ပိုကျယ်ပြန့်ပါတယ်။ သမ္မတ ထရမ့်က ဒီပါဝါတွေကို လက်နက်ပြုပြီး ကနေဒါနိုင်ငံကို သူပြုသလိုနုရမယ့် နိုင်ငံလို ဆက်ဆံဖို့ လုပ်ဆောင်ခဲ့ပါတယ်။ မာ့ခ်ကာနီရဲ့ မူဝါဒဟာ ထရမ့်ရဲ့ နိုင်လိုမင်းထက် ပြုမူမှုကို တုံ့ပြန်တဲ့ မူဝါဒပါ။

မာ့ခ်ကာနီရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကို ကြည့်ရင် နှစ်နိုင်ငံချင်းအလိုက် ကုန်သွယ်ရေး သဘောတူညီချက်တွေကို ညှိနှိုင်း အကောင် အထည် ဖော်ပါတယ်။ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယ ဒီမိုကရေစီနိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူပါတယ်။ အရေးပါတဲ့ သတ္တု ရင်းမြစ်ဆိုင်ရာ လက်တွဲဆောင်ရွက်မှုတွေကို ဖော်ဆောင်ပါတယ်။ တရုတ်နိုင်ငံနဲ့ သွင်းကုန်ခွန် (Tariff) ဆိုင်ရာ ညှိနှိုင်းသဘောတူညီချက်တွေ ရယူပါတယ်။ ပြောမယ်ဆိုရင် အဲလက်ဇန်ဒါး စတပ်ဗ်ရော မာ့ခ်ကာနီပါ “စံတန်ဖိုးအခြေပြု လက်တွေ့ဝါဒ (Values-based Realism)” ကို ကျင့်သုံးတယ်လို့ ပြောနိုင်ပါတယ်။

ကောက်ချက်ချရရင်တော့ အဲလက်ဇန်ဒါး စတပ်ဗ်က မဟာဗျူဟာ ရည်မှန်းချက်ကို ချမှတ်ပေးပြီး မာ့ခ်ကာနီက လက်ငင်းရှင်သန် အောင်မြင်ရေး နည်းဗျူဟာ လမ်းညွှန်ရှေ့ဆောင် ပြသနေတယ်လို့ ပြောနိုင်ပါတယ်။

Click to rate this post!
[Total: 3 Average: 3.7]

1 thought on “ညီအစ်ကိုမသိတသိ ကမ္ဘာကြီးနှင့် လမ်းပြ မီးအိမ်ရှင် နှစ်ဦး”

Leave a Comment

Your email address will not be published. Required fields are marked *