The Corner

The Corner

cropped-Logo_round_grey-background.png

ပိုမိုအရေးပါလာသည့်ပနားမားတူးမြောင်း

Share မယ်

တူးမြောင်းနှင့်ဆက်စပ်သောစိန်ခေါ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာ

အခု၂၀၂၆ခုနှစ်အတွင်း  ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့စစ်ဖြစ်တဲ့အချိန်မှာ ပထမဆုံး ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်တဲ့ အချိန်မှာ အကျိုးသက်ရောက်မှုတွေကတော့ ကမ္ဘာ့တခြားဘက်မှာ ခပ်မြန်မြန်ဆန်ဆန်ပဲ ပေါ်ပေါက်လာခဲ့တယ်။ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာနှစ်ခုကိုဆက်သွယ်ထားပြီး ကီလိုမီတာ ၈၀ ရှည်လျားသည့် ရေလမ်းကြောင်းဖြစ်တဲ့ ပနားမားတူးမြောင်းကို ဖြတ်သန်းပြီး ကူးသန်း သွားလာလိုကြတဲ့ “ဝယ်လိုအား”ဟာ တစ်နေ့ကို တူးမြောင်းကိုဖြတ်သန်းသွားလာနိုင်တဲ့ အမြင့်ဆုံး ပမာဏ ၃၆ စင်း ကနေ အစင်း ၄၀ အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်။ ရေနံဝယ်ယူသုံးစွဲနေကြရတဲ့ နိုင်ငံအတော်များများဟာ အမေရိကန်နိုင်ငံရဲ့စွမ်းအင်ကိုဝယ်ယူသုံးစွဲရေးဘက်ကိုဦးလှည့်လာကြတာမို့ လောင်စာဆီတွေ တင်ဆောင်လာပြီးတူးမြောင်းကို ဖြတ်သန်းတဲ့သင်္ဘောအရေအတွက်ဟာ  အတော်ကို မြန်မြန်ဆန်ဆန် တိုးမြင့်လာခဲ့တယ်။ LNG ခေါ်တဲ့ သဘာဝဓာတ်ငွေ့ရည် (Liquified Natural Gas) ကုန်စည်တင်တဲ့  သင်္ဘောအရေအတွက်တူးမြောင်းကိုဖြတ်သန်းတာဟာ အရင်နှစ်ဧပြီလကနဲ့ယှဉ်ရင် အခုနှစ် အလားတူ ကာလအတွင်းမှာ နှစ်ဆ တိုးလာခဲ့တယ်။

ပနားမားတူးမြောင်းဟာ ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်ရေးရဲ့ ၅-၆ ရာခိုင်နှုန်းလောက်အထိ ကုန်စည်တွေ သယ်ယူ ပို့ဆောင်နေတာဖြစ်တယ်။ အဲဒီအချက်ဟာ စင်္ကာပူနိုင်ငံအနီးက မလက္ကာ ရေလက်ကြား လို “တခြား ဗျူဟာမြောက် ကျဉ်းမြောင်း ရေကြောင်းဆုံမှတ် ” (chokepoints) တွေ ထက် သင်္ဘောအသွားအလာ လျော့နည်းတယ်။ ဒါပေမဲ့လို့ ဒီတူးမြောင်းရဲ့အရေးပါမှုဟာ အရှေ့ အလယ်ပိုင်း ဒေသစစ်ပွဲနဲ့ ကုန်စည်နဲ့စွမ်းအင်တွေ စီးဆင်းဖို့ အပြောင်းအလဲဒဏ်ကို တောင့်ခံနိုင်တာ တစ်နေ့တခြား တိုးလာနေတာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ဟာ လူဦးရေ ၄ ဒသမ ၆ သန်းကျော်ကို လက်ခံထားရတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် ကောင်းကျိုးပြုမယ့် မင်္ဂလာတစ်ပါးပါပဲ။ ဒါပေမဲ့ ပြိုင်ဘက်တွေ ဖြစ်နေကြတဲ့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံကြားမှာ နယ်ရုပ်တစ်ရုပ်လို ဖြစ်လာမယ့်အရေးကို ရှောင်နိုင်မှသာ ဖြစ်လာမှာပါ။

ဒီပနားမား တူးမြောင်းတစ်လျှောက် ဖြတ်သန်း သယ်ဆောင်သွားတဲ့ ကုန်စည်တွေမှန်သမျှ အားလုံးမှာ ကလေးကစားစရာကအစ မော်တော်ကားအမျိုးမျိုး၊ ဓာတ်မြေဩဇာတွေကစလို့ သစ်သီးတွေအထိ ပါဝင်တယ်။ ဒါပေမဲ့ ဒီတူးမြောင်းရဲ့ စွမ်းအင် ပို့ဆောင်ဖို့ အတွက် လမ်းကြောင်းတစ်ခုအဖြစ် အရေးပါလာခဲ့ပြီး အထူး ထင်ရှား ပေါ်လွင်လာတာကတော့ အမေရိကန် ပြည်ထောင်စုရဲ့ LNG  ခေါ်တဲ့ သဘာဝ ဓာတ်ငွေ့ရည်နဲ့ LPG (liquefied petroleum gas) ရေနံ ဓာတ်ငွေ့ရည် တင်ပို့ ရောင်းချတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်ထွန်းကားလာတာက အဓိကကျတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ ပနားမားတူးမြောင်းဟာ  ၂၀၁၆ ခုနှစ်မှာ ဒီလို ယာဉ်မျိုးတွေဖြတ်သန်းသွားလာတာကို လက်ခံနိုင်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ထားခဲ့ပါတယ်။ ဒီတူးမြောင်းဟာ လက်ရှိ အခြေအနေမှာ တစ်နေ့ကို ရေနံဓာတ်ငွေ့ရည် (LPG) စည်ပေါင်း တစ်သန်း ဝန်းကျင် ပို့ဆောင် ပေးနိုင်တယ်။ အဲဒီလောင်စာဆီ အများစုဟာ ပင်လယ်ကွေ့ကမ်းရိုးတန်းကနေ အာရှတိုက်မှာရှိတဲ့ ရေနံဓာတုစက်ရုံတွေဆီကို ခရီးဆက်လာခဲ့ကြတာဖြစ်တယ်။

ပနားမား တူးမြောင်း ထိန်းချုပ်ရေး အခန်း တစ်နေရာ (credit: FB)

လန်ဒန်ထုတ် အီကော်နောမစ်စာစောင်က သတင်းဆောင်းပါးရှင်က တူးမြောင်းလုပ်ငန်းရဲ့ အကြီးအကဲ အုပ်ချုပ်ရေးမှူး ရီကွာတီ ဗက်ဇ်ကွက်ဇ် မိုရာလက်စ် (Ricaurte Vasquez Morales) ကို ပနားမား ရေကြောင်း လမ်းကြီး တစ်ခုလုံးကို အပေါ်ကနေ စီးပြီး မြင်ရတဲ့ နေရာဖြစ်တဲ့ ထိန်းချုပ်ခန်းတစ်ခုမှာ သွားရောက် တွေ့ဆုံပြီး မေးမြန်းခွင့်ရခဲ့ပါတယ်။ ပနားမား တူးမြောင်း အာဏာပိုင် အဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ လုပ်ငန်း စီမံကိန်းကြီးတွေကို သူ့ရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့ စတင် ဆောင်ရွက်ထားခဲ့ပြီးပြီလို့သူကဆိုပါတယ်။ အပေါ်လွင် အထင်ရှားဆုံးကတော့ ကျွန်းဆက်ကိုဖြတ်ပြီး ရေနံဓာတ်ငွေ့ရည်တွေ ကိုသယ်ဆောင်ဖို့ ပိုက်လိုင်းတစ်ခုတည်ဆောက်တာပါပဲ။ ဒီပိုက်လိုင်းဟာ တူးမြောင်းရဲ့ စွမ်းအင် သယ်ဆောင်နိုင်တဲ့ပမာဏ စွမ်းအားကို တစ်နေ့ကိုစည်ပေါင်း ၂ ဒသမ ၅ သန်းအထိတိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် ဆိပ်ကမ်း ကုန်တင်ကုန်ချ စခန်းသစ် နှစ်ခုကလည်း ကွန်တိန်နာ သယ်ဆောင်နိုင်တဲ့စွမ်းအား ပမာဏကို တိုးချဲ့ပေးပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ ပနားမား တူးမြောင်းကို သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေးတဲ့ ရေခရီးလမ်းကြောင်း တစ်ခုအဆင့်မျှ မကတော့ဘဲ ကုန်သွယ်ရေးအတွက် နယ်စပ် ဈေးကွက်တစ်ခုအဖြစ်ဖန်တီးဖို့ပါပဲလို့သူကဆိုပါတယ်။

ပင်လယ်ကွေ့ဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ရေကြောင်းအသွားအလာ ပိုမို များပြား လာတာဟာ ကုန်ကျစရိတ် တွေကို ကျခံနိုင်စေဖို့ အထောက်အကူ ဖြစ်စေနိုင်ဖွယ်ရှိတယ်။ တူးမြောင်းကို ဖြတ်သန်းခွင့်ရဖို့အတွက် လေလံဆွဲရတဲ့ ကုန်ကျစရိတ်ဟာ (တချို့ ဖြတ်သန်းခွင့်တွေကိုဆိုရင် ကြိုတင်ရက်ချိန်း ယူထားကြရပေမယ့် လူကြိုက်များတဲ့ အချိန်ဇယားတွေ ကိုတော့ လေလံတင် ရောင်းချတာ ဖြစ်တယ်) ဟောမုဇ် ရေလက်ကြား  ပြဿနာမတိုင်မီက ပျမ်းမျှ ဒေါ်လာ ၁၃၅,၀၀၀  မှ ၁၄၀,၀၀၀ ခန့်သာ ရှိခဲ့ရာမှ အခုနှစ် ဧပြီလနှင့် မေလတွေမှာ ဒေါ်လာ ၃၈၅,၀၀၀ မှ ၄၂၅,၀၀၀ ခန့်အထိ သုံးဆနီးပါး မြင့်တက်သွားခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုဆိုလျှင် ဖြတ်သန်းခွင့် အချိန်ဇယား တစ်နေရာစာအတွက်ပင် ဒေါ်လာ လေးသန်းအထိ ပေးချေခဲ့ရတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ် အတွင်းအဲဒီတူးမြောင်းဟာ ပနားမားနိုင်ငံရဲ့ ဘဏ္ဍာတော်ထဲကိုဒေါ်လာ သုံးဘီလီယံ နီးပါး ထည့်ဝင်ပေး နိုင်ခဲ့ပြီး၊ အဲဒီငွေကြေးပမာဏဟာနိုင်ငံတော်ဘဏ္ဍာဝင်ငွေရဲ့ ငါးပုံတစ်ပုံကျော်အထိ ရှိခဲ့တာမို့ စံချိန်တင် ပမာဏဖြစ်ခဲ့ရပါတယ်။

တူးမြောင်းရဲ့ လက်ရှိဝင်ငွေတိုးတက်ပြီး  စီးပွားရေး အခြေအနေကောင်းကြုံနေတာဟာ ခဏတာ ဖြစ်ပေါ်လာတဲ့ ရုတ်တရက် အပြောင်းအလဲ တစ်ရပ်ဆိုတာကို သက်သေပြနိုင်ဖွယ်ရှိတာကိုတော့ မစ္စတာ ဗက်ဇ်ကွက်ဇ်ကသတိပြုမိပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ အချိန်အတိုင်းအတာအချို့ အထိ ကြာရှည် သွားနိုင်ဖွယ်ရှိပါတယ်။ များမကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာကိုပဲ အီရန်နဲ့ အမေရိကန်နှစ်နိုင်ငံတို့ရဲ့ တိုက်ပွဲတွေပြန်ဖြစ်နေကြတာမို့ ဟောမုဇ်ရေလက်ကြား ဘယ်တော့ အပြည့်အဝ ပြန်ပြီး ဖွင့်လှစ်နိုင်မှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ အတော်ကို ဝေးပါတယ်။ တကယ်လို့ အဲဒီ ရေလက်ကြား ပြန်ဖွင့်ရင်တောင် ကုန်သွယ်ရေးပုံသဏ္ဌာန်ကတော့ အရင်တုန်းက ဘယ်လိုရှိခဲ့တယ်ဆိုတဲ့ အခြေအနေမျိုး ဒုံရင်းအတိုင်း ပြန်ဆိုက်မှာတော့မဟုတ်ပါဘူးလို့ ဂိုးလ်ဒ်မင်းဆာ့ချ် ဘဏ်က သုတေသီတွေက တွက်ဆခဲ့ကြပါတယ်။

ဒါပေမဲ့ မစ္စတာ ဗက်ဇ်ကွက်ဇ် နဲ့လာမယ့် အောက်တိုဘာလကျရင် သူ့ကိုဆက်ခံပြီး တာဝန် လွှဲပြောင်းယူဖို့ လျာထားခံရတဲ့သူ  အီလီယာ အက်စပီနို ဒီ မာရော့တာ (Ilya Espino de Marotta) တို့ဟာ စိန်ခေါ်မှုကြီး နှစ်ခုနဲ့ ရင်ဆိုင်နေကြရပါတယ်။ တစ်ခုကတော့ ပနားမားတူးမြောင်းဟာ ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်ကို ခံရလွယ်တာပဲဖြစ်တယ်။ တူးမြောင်းရဲ့ ရေထိန်းတံခါး တွေထဲကို ရေဖြည့်တင်း ပေးတဲ့ ရေကန်ကြီးတွေဟာ မိုးရေချိန်ပေါ်မှာ မှီခိုနေရပါတယ်။ ၂၀၂၃-၂၄ ခုနှစ်တွေ အတွင်း ကြုံတွေ့ ခဲ့ရတဲ့ ပြင်းထန်တဲ့ မိုးခေါင်ရေရှားဒဏ်ကြောင့် တူးမြောင်းအာဏာပိုင်အဖွဲ့ဟာ တစ်ရက်ကို ဖြတ်သန်းခွင့်ပြုမယ့် သင်္ဘောစင်းရေကို ၁၈စင်း အထိ လျှော့ချခဲ့ရပါတယ်။ ဒါတင် မကသေးပါဘူး အဲဒီအခြေအနေကြောင့် သဘာဝဓာတ်ငွေ့ရည်  တင်ဆောင်တဲ့ သင်္ဘော အတော်များများဟာ ခရီးစဉ် ပိုကြာပေမယ့် အာဖရိကတိုက်တောင်ဘက်စွန်း ဂွတ်ဟုတ် အငူဘက် (Cape of Good Hope) ကနေ ပတ်သွားရတဲ့ လမ်းကြောင်းကနေ  ပြောင်းလဲမောင်းနှင်ခဲ့ကြတယ်။ အဲဒီသင်္ဘောအတော်များများဟာ ပနားမား တူးမြောင်းကို အခုအချိန်အထိတိုင် ပြန်မလာကြသေးတဲ့အကြောင်း ပနားမား ရေကြောင်း ကုန်သည်ကြီးများအသင်းက ဖရန့်စစ် ဇိုင်းမတ်ဇ် (Francis Zeimetz) က ပြောကြားခဲ့ပါတယ်။ အခုနှစ်အတွင်း ကျရောက်မယ့်အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကလည်း အလားတူ အနှောင့်အယှက် တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အဲဒါကြောင့် နောက်ဆုံးမှာနောက်ထပ် လုပ်ငန်းစီမံကိန်းကြီး တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်။ အဲဒီမှာတော့ အင်ဒီယိုမြစ် (Indio river) ပေါ်က ရေလှောင်ကန်ကြီး အတွက် လိုအပ်တဲ့ ရေဖြည့်တင်းပေးနိုင်မှုကို အာမခံနိုင်ရန် ရေကာတာဆောက်ကာ ရေလှောင်ကန် ပြုလုပ်ခြင်းပင် ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြာပြီဖြစ်တဲ့ ဒီစီမံကိန်းဟာ ကုန်ကျစရိတ် ကြီးမားတာနဲ့ အငြင်းပွားဖွယ်ရာတွေရှိတာမို့ အခုလို ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းကြောင့် ဒေသခံ လူဦးရေ ၂,၀၀၀ ခန့် ရွှေ့ပြောင်းပေးရမှာဖြစ်တယ်။ ၂၀၂၅ ခုနှစ်မှာ နောက်ဆုံး အတည်ပြုနိုင်ခဲ့ပြီး လုပ်ငန်းတွေကို လာမယ့်နှစ်မှာ စတင်ဆောင်ရွက်မှာဖြစ်တယ်။ ၂၀၃၂ ခုနှစ်တွင် ပြီးစီးမယ်လို့သိရပါတယ်။ မစ္စတာ ဗက်ဇ်ကွက်ဇ်ပြောတာကတော့ ဒီစီမံကိန်းကြီး ဟာ မိုးခေါင်တဲ့နှစ်တွေ မျိုးမှာတောင် အကြမ်းဖျင်းဆိုရင် တစ်ရက်ကို ထပ်ဆောင်း ဖြတ်သန်းမှု အကြိမ်ရေ ၁၁ ဒသမ ၅ လောက်အတွက် လုံလောက်သော ရေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး ပနားမား တူးမြောင်းရဲ့ လုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုကို နောက်ထပ် ရာစုနှစ်ဝက် (နှစ်ပေါင်း ၅၀) ကြာတဲ့အထိ အာမခံချက် ရရှိစေမယ် လို့သိရပါတယ်။

Photo credit: Canal de Panama

ဒါပေမဲ့ အဖိစီးဆုံးပြဿနာကတော့ ပထဝီဝင်နိုင်ငံရေးပဲဖြစ်တယ်။ များမကြာသေးခင် အချိန်အတွင်း ပနားမားနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နှစ်နိုင်ငံကြားမှာ ယှဉ်ပြိုင်ရာ အချက်အချာဒေသ တစ်ခု နေရာကို ရောက်မှန်မသိ ရောက်လာခဲ့တယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ မစ္စတာထရမ့် အမေရိကန် သမ္မတရာထူးကို ပြန်ရပြီးကတည်းက ၁၉၁၄ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုက တည်ဆောက်ပြီး လုပ်ငန်းကိုဆောင်ရွက်ဖို့ ပနားမားနိုင်ငံကို လွှဲပြောင်းပေးလိုက်ရတဲ့ ၁၉၉၉ ခုနှစ် အထိ တူးမြောင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့တဲ့ ပနားမားတူးမြောင်းကို ပြန်သိမ်းမယ် ဆိုပြီး အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တယ်။ ဒါဟာ လေလုံးထွားနေတာလို့ ထင်ရပေမယ့် သူ ထပ်ကာတလဲလဲ ပြောလေ့ရှိတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒီလထဲမှာတင် မိန့်ခွန်းနှစ်ခုမှာ ဒီအကြောင်းကို သူက ထပ်ပြီး စားမြုံ့ပြန်ပြောကြားခဲ့ပါသေးတယ်။ အမေရိကန်အစိုးရအဖွဲ့ရဲ့ မြေပုံပေါ်ကနေ ပနားမားနိုင်ငံ ပျောက်ကွယ် သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်မှ ခုလို ပြန်ပြီး အာရုံစိုက်ခံရတာဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကြားမှာ ပနားမားနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး တစ်ဦးကိုမျှ တာဝန်ပေးအပ်ထားခြင်း မရှိခဲ့ပါဘူး။ မစ္စတာထရမ့်ဟာ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေး ကွင်းဆက်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာ ဖြစ်နိုင်ပါတယ်။ (ပနားမားတူးမြောင်းကို ဖြတ်သန်းသွားလာနေတဲ့ ရေကြောင်းသွားလာမှု ၇ဝ ရာခိုင်နှုန်းကျော်ဟာ အမေရိကန်ပြည်ထောင်စုကို ဦးတည်နေတာ ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုကနေ ထွက်ခွာ လာတာ ဖြစ်ပါတယ်)။ ၂၀၂၅ ခုနှစ်မှာတော့ သူရဲ့ အစိုးရအဖွဲ့ဟာ ကမ္ဘာ့အရေးပါတဲ့ ရေကြောင်း ဗျူဟာမြောက် ပိတ်ဆို့နေရာတွေ (chokepoints)ကို စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပါတယ်။

အမေရိကတိုက်ကို အမေရိကန်နိုင်ငံရဲ့ အိမ်နောက်ဖေး အိမ်ဝိုင်းအဖြစ် သတ်မှတ်ပြီး ပြင်ပအင်အားကြီး နိုင်ငံတွေ ဝင်ရောက်စွက်ဖက်တာမျိုးကို လက်မခံတဲ့ ၁၉ ရာစု မွန်ရိုးမူဝါဒ (Monroe Doctrine) ကို မစ္စတာထရမ့်က ပြန်လည် ဆန်းသစ် ကျင့်သုံးမှုကြောင့်လည်း အခုလို စိတ်ဝင်စားမှု မြင့်တက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပနားမား တူးမြောင်း လုပ်ငန်းတွေ ကို “ဦးစီးလည်ပတ်ဆောင်ရွက်” နေပါတယ်လို့လည်း သူက ထပ်ကာတလဲလဲ ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေဟာ တူးမြောင်းကို တိုက်ရိုက် စီမံခန့်ခွဲနေတာမျိုး မရှိပေမယ့် တူးမြောင်းဝန်းကျင် နယ်မြေတွေမှာ တချို့သော လုပ်ပိုင်ခွင့် (concessions) တွေကို ရရှိထားကြကြောင်း မစ္စတာ ဗက်ဇ်ကွက်ဇ် က ဆိုပါတယ်။ ပနားမားရှေ့နေတစ်ဦးဖြစ်သူ အလွန်ဆို အီလျူအီကာ ကတော့ လွန်ခဲ့သော နှစ်တွေ အတွင်းမှာ ပနားမားနိုင်ငံအတွင်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ အခြေစိုက်တဲ့ လက္ခဏာတွေအတော်ကို မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့တယ်လို့ ထောက်ပြထားပါတယ်။

၁၉၉၆ ခုနှစ်အတွင်းမှာ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ လုပ်ငန်းစုကြီးဖြစ်တဲ့ စီကေ ဟတ်ချီဆန် (CK Hutchison)ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ ပနားမားဆိပ်ကမ်းကုမ္ပဏီ (Panama Ports Company)က ပနားမားတူးမြောင်းရဲ့ ပစိဖိတ် သမုဒ္ဒရာ ဘက်ထိပ်မှာရှိတဲ့ ဘယ်လ်ဘိုအာ(Balboa) ဆိပ်ကမ်းနဲ့ အတ္တလန္တိတ် ဘက်ထိပ်မှာရှိတဲ့ ခရစ္စတိုဘယ်လ် ဆိပ်ကမ်းတွေက လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ခွင့်ပြုချက် ရခဲ့တယ်။ တခြားတရုတ်ကုမ္ပဏီတွေကလည်း တူးမြောင်းပတ်လည်မှာ အနှံ့ပါပဲ။ ပနားမားနိုင်ငံဟာ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို ရောင်းဝယ်ဖောက်ကားလို့ရတဲ့ သာမန် အငှားချထားနိုင်တဲ့ မြေတွေ ပိုင်ဆိုင်မှုတွေလို သဘောထားလေ့ရှိတယ်လို့ မစ္စတာ အီလျူအီကာ က ပြောကြားခဲ့တယ်။ တရားဥပဒေစိုးမိုးရေးထက် တရုတ်ကွန်မြူနစ်ပါတီရဲ့ လိုအပ်ချက်များကိုသာ ပိုပြီးဦးစားပေးရတဲ့ တရုတ်ကုမ္ပဏီတွေဟာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူ မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပနားမားနိုင်ငံမှာ အမေရိကန်ပြိုင်ဘက်တွေထက်ကို လုပ်ငန်း ခွင့်ပြုချက်တွေ ပိုပြီး လွယ်လွယ်ကူကူရရှိခဲ့ကြတယ်လို့လည်းတချို့က စွပ်စွဲပြောဆိုကြပါတယ်။

အမေရိကန်ရဲ့ ဖိအားပေးမှုတွေကလည်းအကျိုးသက်ရောက်မှုရှိနေပြီဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလ ထဲမှာ ပနားမား တရားလွှတ်တော်ချုပ်က ပနားမားဆိပ်ကမ်းကုမ္ပဏီရဲ့ကန်ထရိုက် စာချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ပနားမားသမ္မတ ဟိုဆေး ရာအူးလ် မူလီနို က စာချုပ်သစ်တွေ တင်ဒါမခေါ်ယူမီစပ်ကြားမှာ အဲဒီဆိပ်ကမ်းတွေကို ဥရောပကုမ္ပဏီ နှစ်ခုဆီကို လွှဲပြောင်း ပေးခဲ့တယ်။ ၂ဝ၂၅ ခုနှစ်ကလည်း မစ္စတာ ထရမ့်သမ္မတရာထူးပြန်လည်ထမ်းဆောင်ပြီး မကြာခင်မှာပဲ ပနားမားနိုင်ငံဟာ တရုတ်ပြည်ရဲ့ နိုင်ငံတကာ အခြေခံအဆောက်အအုံ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းဖြစ်တဲ့ “ရပ်ဝန်းနှင့် လမ်းကြောင်း အစီအစဉ်”(Belt and Road Initiative) ကနေလည်း နုတ်ထွက်ခဲ့ ပါသေးတယ်။

ကိုဗစ် ကပ်ရောဂါ ကျရောက်တဲ့ ကာလအတွင်းမှာရော၊ မိုးခေါင်ရေရှားမှုကြုံရတဲ့အချိန်ဒါမှမဟုတ် ပထဝီဝင်နိုင်ငံရေးအရ မတည်ငြိမ်မှုတွေပေါ်ပေါက်တဲ့ကာလတွေအတွင်းတွေမှာပါ ပနားမားတူးမြောင်းကို ဘယ်တုန်းကမှ  ပိတ်ထား ခဲ့ရတာမျိုး မရှိပါဘူးလို့ မစ္စတာ ဗက်ဇ်ကွက်စ် က ပြောခဲ့ပါတယ်။ ပနားမား နိုင်ငံဟာ  တူးမြောင်းလုပ်ငန်းတွေကိုစီစဉ်ဆောင်ရွက်ရာမှာ ကောင်းမွန် ကျွမ်းကျင်စွာ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ဝါရှင်တန်ရှိ လွတ်လပ်တဲ့ ကွပ်ကဲရေးအဖွဲ့ပြည်ထောင်စု ရေကြောင်း ကော်မရှင် (Federal Maritime Commission) ကို ဦးဆောင်လေ့ရှိသူ လူးဝစ် ဆိုလာ က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လာမည့် နှစ်အနည်းငယ်အတွင်းမှာတော့ ပနားမားတူးမြောင်းကို ပိုပြီး ထိန်းချုပ်လိုတဲ့ အမေရိကန် သမ္မတ တစ်ဦးနဲ့ သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေသူများကို ပြန်ပြီး ဒုက္ခပေးမယ့် တရုတ်အစိုးရ တို့ရဲ့ ကြားမှာပနားမားနိုင်ငံနဲ့ တူးမြောင်းကို စီမံအုပ်ချုပ်ကွပ်ကဲ ဆောင်ရွက်ရ သူတွေဟာ ခက်ခဲတဲ့ ကာလတစ်ရပ်ကို ရင်ဆိုင် ဖြတ်သန်းရပါလိမ့်မယ်။

မစ္စတာ ထရမ့်ကို နှစ်သိမ့်ဖို့ ပနားမားအစိုးရရဲ့ လုပ်ရပ်တွေအတွက်တရုတ်က လက်တုံ့ပြန်တာတွေ စပြီးလုပ်ဆောင်ခဲ့တယ်။ အခုနှစ် မတ်လအတွင်း တရုတ်ဆိပ်ကမ်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သင်္ဘောပေါင်း ၁၂၃ စင်းအနက် ၉၁ စင်းဟာ ပနားမား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတွေဖြစ်ပြီး အဲဒီအရေအတွက်ဟာ ဧပြီလမှာ  ၁၃၆ စင်းအထိ တိုးမြင့်လာခဲ့တယ်။ အမေရိကန် အရာရှိတွေကတော့ ဒီလို ဖမ်းဆီးထိန်းသိမ်းမှုတွေဟာ ပြီးဆုံးမည့်လက္ခဏာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

တရုတ်နိုင်ငံကတော့ “ပနားမားကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ကြိုးစားနေတာ” ပဲဖြစ်တယ်လို့မစ္စတာ အီလျူအီကာ ကဆိုပါတယ်။ သူ့ရဲ့ ခုနစ်နှစ်တာ ဦးဆောင်ခဲ့တဲ့ သက်တမ်းကို ဘယ်လို အနှစ်ချုပ် သုံးသပ်မလဲလို့ မေးတဲ့အခါ မစ္စတာ ဗက်ဇ်ကွက်စ် က “မတည်ငြိမ်မှုတွေအပြည့်ပဲဗျာ”လို့ ဖြေပါတယ်။ သူ့နေရာကို ဆက်ခံမယ့် သူကတော့ ဒီလို မတည်ငြိမ်မှု တွေထက်ကို ပိုဆိုးတဲ့ အခြေအနေမျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်လို့ အီကော်နောမစ် စာစောင် ဆောင်းပါးရှင်က သုံးသပ်ရေးသားထားတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။

ရည်ညွှန်း – The Economist July 18th-24 2026

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *