The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ-ပစိဖိတ်ဒေသ အတွက် အေအိုင် ဖွံ့ဖြိုးရေး အနီးမြင် အဝေးမြင်

Share မယ်

အေအိုင် ခေါ် ဉာဏ်ရည်တုဟာ တဖြည်းဖြည်း ထိုးဖောက်လာတာနဲ့အမျှ အာရှ-ပစိဖိတ်ဒေသမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား နှစ် ဘီလီယံလောက်အတွက် စီးပွားရေးလုပ်ငန်း အပြောင်း အလဲတွေ ဘာဖြစ်လာမယ်ဆိုတာ ခပ်ဝါးဝါး ဖြစ်နေပါသေးတယ်။

နာမည်ကြီး အေအိုင်တွေဖြစ်တဲ့ ချက်ဂျီပီတီ (ChatGPT)၊ ဂျန်မနိုင် (Gemini)၊ ကလော့ (Claude) အစရှိတဲ့ စွမ်းဆောင်ရည်မြင့်ပြီး လူတွေနဲ့ ထိတွေ့မှုများနေတဲ့ ဉာဏ်ရည်တု ဝန်ဆောင်မှုတွေကို နေ့စဥ် အလုပ်ခွင်တွေမှာ အသုံးများလာကြပါတယ်။ ဝန်ထမ်းတွေက အေအိုင်တွေကို အီးမေးတွေ အကြမ်း ပြင်ခိုင်းတာ၊ အစည်းအဝေးမှတ်တမ်းတွေကို ထုတ်ခိုင်းတာ၊ အခြား ဘာသာကနေ ကိုယ့်ရဲ့ မိခင် ဘာသာ စကားကို ဘာသာပြန်ခိုင်းတာနဲ့ ကိုယ်ပြင်ဆင်ရမယ့် ဆွေးနွေး တင်ပြချက်တွေအတွက် ပိုမိုကောင်းမွန်အောင် မွမ်းမံ ပြင်ဆင်ခိုင်းတာ အစရှိသဖြင့်ပေါ့။ ဒီနည်းအားဖြင့် အေအိုင်ဟာ အလုပ်ခွင်ထဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်လာတဲ့အတွက် အလုပ်သမားတွေ အများကြီး သုံးပြီး အလုပ်လုပ်ရတဲ့ အလုပ်ခွင်တွေကို စွမ်းဆောင်ရည်တွေ မြင့်တက်လာအောင် လုပ်နိုင်တယ် ဆိုတာဟာလည်း သံသယ ရှိစရာ မဖြစ်ကြတော့ဘူးပေါ့။ ဒါပေမဲ့လည်း အေအိုင်ကို အသုံးချနိုင်တာနဲ့ အေအိုင်ရဲ့ စွမ်းပကားကို သုံးပြီး လုပ်ငန်းတိုးတက်လာအောင် လုပ်လို့ရတာဟာ မတူပါဘူး။

မိမိ အလုပ်စားပွဲပေါ်က ကွန်ပျူတာမှာ အလုပ်မြန်ဆန်စေဖို့ အေအိုင်ကို မေးမြန်းပြီး အလုပ်မြန်မြန်ပြီး သွားတာနဲ့ အေအိုင်ကို အသုံးချပြီး ကုန်ထုတ်စွမ်းအား တိုးတက်အောင် အသုံးချတာဟာ ကွဲပြား ပါတယ်။ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ ကုန်ထုတ် စွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင် လုပ်ငန်းခွဲတိုင်းရဲ့ အဆင့်တိုင်းမှာ အေအိုင်ကို ထည့်သွင်းပြီး အဆင့်ဆင့် အလုပ်ခွဲတွေကို ပြန်လည် ဒီဇိုင်းဆွဲ၊ ပြီးရင် လုပ်ငန်းခွဲတွေမှာ ပါဝင်လုပ်ဆောင်ကြမယ့် အလုပ်သမား တစ်ဦးချင်း စီတိုင်းကို ပြန်ဆွဲလိုက်တဲ့ အလုပ်အဆင့်ဆင့်ကို ပြန်လည်ပေါင်းစုပြီး နားလည်ကြမှသာ အေအိုင်ကို အသုံးချတဲ့ ကုန်ထုတ် စွမ်းအားမြင့်တက်မှု အမှန်တကယ် ဖြစ်လာမှာပါ။ ဒါဟာ လုပ်ငန်းကြီး တစ်ခုလုံးမှာ ပါဝင်သူတွေအကုန်လုံးအတွက် နေ့စဥ်အတွက် လုပ်ငန်းခွင် အပြောင်းအလဲ တစ်ခုဖြစ်ပြီး တစ်ယောက်ချင်းက အေအိုင်ကို သုံးတာနဲ့ မတူပါဘူး။ ဒါကြောင့် ကုန်ထုတ်စွမ်းအား လည်း မြင့်တက်လာနိုင်သလို အလုပ်သမား စျေးကွက်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလို အခြေအနေ ပြောင်းလုပ်ငန်းဟာ အချိန်ကြာနိုင်သလို ခက်ခဲနိုင်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် စီးပွားရေး လုပ်ငန်းကြီးက အကွက်မြင် စွမ်းဆောင်ရည် မြင့်နေဖို့လိုသလို အချက်အလက်တွေကိုလည်း စနစ်တကျ ထားသို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ အသင့်လုပ်ပြီးသား နည်းပညာ အသစ်တစ်ခုကို ဆိုင်က သွားဝယ်သလို ဝယ်ယူတပ်ဆင်လိုက်ရုံလိုမျိုး စဥ်းစားလို့ မရပါဘူး။

အေအိုင်ကို ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများမှာ  ထိထိရောက်ရောက် အသုံးချရေးမှာ   အာရှ-ပစိဖိတ်ဒေသအတွက် ပိုမို၍ပင် အရေးကြီးပါသည်။ သို့သော်လည်း အာရှ-ပစိဖိတ်ဒေသ၏ လုပ်သားဈေးကွက်မှာ စနစ်တကျ မှတ်ပုံတင်ထားသော စီးပွားရေး လုပ်ဆောင်မှုများနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ အပေါ် များစွာ အခြေပြုထားပါတယ်။ လေ့လာသူများ အဆိုအရ ၆၆ ရာခိုင်နှုန်းနီးပါးမှာ စနစ်တကျ ပြုလုပ်မထားသည့် ပုဂ္ဂလိက လုပ်ငန်းများ ဖြစ်ပြီး တောင်အာရှ ကဲ့သို့သော ဒေသခွဲများ တွင် ၈၅ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

အာရှ-ပစိဖိတ် ဒေသမှာ အလုပ်သမား နှစ် ဘီလီယံခန့် အလုပ်လုပ်နေကြပါတယ်။ (Photo: World Bank)

တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ၊ အိမ်တွင်း မိသားစု စီးပွားရေးမျိုးလို လုပ်ငန်းများနှင့်  အသေးစား စီးပွားရေး လုပ်ငန်းများ စုစုပေါင်းသည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသ တို့ရှိ စုစုပေါင်း အလုပ်အကိုင်၏ ၅၄ ရာခိုင်နှုန်းနှင့် တောင်အာရှတွင် ၉၁ ရာခိုင်နှုန်းအထိ ပါဝင် နေကြောင်း လေ့လာပြုစုထားသူများရဲ့ စာရင်းဇယားများအရ သိရပါတယ်။

ပမာဏအားဖြင့် သေးငယ်သော စီးပွားရေးလုပ်ငန်းများအတွက် အေအိုင် နည်းပညာကို အသုံးချပြီး ပြုပြင်ပြောင်းလဲရေးအတွက် အသုံးပြုဖို့ ကြံစဥ်ရာလမ်းတွင် ကြီးမားသော အဟန့်အတားများနှင့် ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီ အဟန့်အတားတွေကတော့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေ၊ ကျွမ်းကျင်မှုလုပ်သားတွေနဲ့ အေအိုင်ကို မိမိတို့လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပေါင်းစပ်ထည့်သွင်းဖို့ လိုအပ်တဲ့ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး၊ လူအင်အား အစရှိတဲ့ အရင်းအမြစ်တွေမှာ အကန့်အသတ် ရှိနေခြင်းတို့ ဖြစ်ပါတယ်။ 

ဥပမာပြရမယ်ဆိုရင် အသေးစား လုပ်ငန်း တစ်ခုဖြစ်သည့် တစ်ပိုင်တစ်နိုင် စျေးရောင်းသူများအတွက် အခြေခံ စာရင်းဇယားများ ရရှိရန်ဖို့ ရိုးရှင်းသော ကိရိယာများကို အသုံးပြုခွင့်ရရှိခြင်းမျိုး ဖြစ်တယ်။ အချို့သူများအတွက် စတင် လုပ်ဆောင်ဖို့ အခက်အခဲများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင် ပေမယ့် ထိရောက်တဲ့ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရရှိဖို့ အတွက်ကတော့ စမတ်ဖုန်း တစ်လုံးရှိရုံထက်မက ပိုမိုလိုအပ်ပါသည်။ ဒီလို ရရှိဖို့ ဆိုရာမှာ လက်ရှိအခြေအနေမှာတော့ တရားဝင် မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းများနဲ့ အသေးစား အိမ်တွင်း စီးပွားရေးလုပ်ငန်း အများအပြားမှာ လိုအပ်နေဆဲဖြစ်တဲ့အတွက်  အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် အဆင့်တစ်ခုကို ရောက်ရှိဖို့ လိုအပ်နေသေးတယ်။

အေအိုင် နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ကျွမ်းကျင်မှုများ၊ ဒေတာ စနစ်များနှင့် စီးပွားရေးလုပ်ငန်းစဉ် ပြန်လည်ပြင်ဆင်မှုများတွင် စဉ်ဆက် မပြတ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဖို့စတဲ့ အခြေခံ လိုအပ်ချက်ဟာ အေအိုင်စနစ်ကို ကူးပြောင်းသူတိုင်း ကြုံရတဲ့ အခက်အခဲတစ်ခုပါ။ အဲဒီ လိုအပ်ချက်ကို ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းတွေက လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပေမယ့် အရင်းအမြစ် အကန့်အသတ်နှင့် မန်နေဂျာပိုင်းမှာ စွမ်းဆောင်ရည် အကန့်အသတ်ဖြင့် လည်ပတ် နေရတဲ့ လုပ်ငန်း အရွယ်အစား သေးငယ်သူများမှာမူ အမီလိုက်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်တယ်။ အမှန်မှာတော့ ဒါကပဲ အာရှ-ပိစိဖိတ် ဒေသက အလုပ်သမားအများစုနှင့် လည်ပတ် နေရသော စီးပွားရေး လုပ်ငန်းအများစုမှာ အေအိုင်ကို ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ ခက်ခဲနေခြင်းရဲ့ အဓိက အကြောင်း လည်း ဖြစ်ပါတယ်။

တကယ့်တကယ်မှာလည်း ဒါတွေက မြင်သာနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဂျစ်တယ်စီးပွားရေးမှာ ရှေ့ရောက်နေပြီလို့ မြင်ကြတဲ့ စင်္ကာပူနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်းရဲ့ ၇၁ ဒသမ ၅ ရာခိုင်နှုန်းဟာ အေအိုင် နားကို မသီနိုင်ကြသေးပါဘူး။ အာရှ-ပစိဖိတ်ဒေမှာရှိတဲ့ လုပ်ငန်းများကို ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းများရဲ့ လေးပုံတစ်ပုံလောက်သာ အေအိုင်ကို စမ်းသပ် နေကြတုန်း ရှိသေးတယ်လို့ သိကြပါတယ်။ ကျန်တဲ့ လေးပုံ သုံးပုံက အေအိုင်ဆိုတာ ဘယ်နားမှာရှိမှန်းတောင် မသိကြသေး ပါဘူးတဲ့။

ဒီပုံစံအတိုင်းသာသွားမယ်ဆိုရင် မြင်နိုင်တဲ့ကာလ အတိုင်းအတာတစ်ခုအထိတော့ အေအိုင်ကြောင့် ဝန်ထမ်းတွေ အထိအခိုက် သိပ်ရှိလှမှာ မဟုတ်ဖူးလို့ မှန်းကြတယ်။ ဒီလိုမှန်းသလိုပဲ ချက်ချင်းကြီး ထုတ်ကုန်စွမ်းအားတွေလည်း အေအိုင်ကြောင့် တစ်ဟုန်ထိုး တက်လာမှာမဟုတ်သေးဘူးဆိုတာ လက်ခံထားရမယ်။ ပိုနေမြဲ ကျားနေမြဲပေါ့။ အဲ တစ်ခုတော့ ရှိသတဲ့။ အေအိုင်ရဲ့ စွမ်းအားကို သိနှင့်ပြီးသား လုပ်ငန်းအနည်းစုကတော့ အေအိုင်ကို မရအရ အသုံးချကြမှာဆိုတော့ ရှေ့ပြေး ကုမ္ပဏီတွေအနည်းစုနဲ့ ကျန် လုပ်ငန်း အများစုရဲ့ကြားမှာ နည်းပညာကွာခြားချက်က ကြီးမား လာလိမ့်မယ်လို့ ယူဆကြတယ်။

ဒီအယူအဆအရ အေအိုင်ကြောင့် ပြောင်းလဲလာမယ့် အာရှ-ပစိဖိတ်က အလုပ်သမား စျေးကွက် ဘာဖြစ်လာမှာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပေးနေသလိုပါပဲ။ တချို့အလုပ်တွေဟာ အေအိုင်နဲ့ နီးစပ်ပါလျက်နဲ့ သုတေသန ပြုချက်တွေအရဆိုရင် အလုပ်အကိုင် လျှော့ခြင်း တိုးခြင်းကို အများကြီး ထိခိုက်နိုင်မှာမဟုတ်ဘူး။ ဒီလိုပဲ အေအိုင်ကြောင့် စီးပွားရေး လုပ်ငန်းတွေ အတွက် အကျိုးပြုတယ်ဆိုတာ သိပ်ရှိမှာ မဟုတ်သေးဘူး။ အေအိုင်ဟာ စာတွေ့မှာသာ အသုံးချနိုင်ရင် တိုးတက်မှုတွေ အများကြီး ရှိတယ်ဆိုတာ အာရှ-ပိစိဖိတ်ဒေသမှာ မမှန်သေးဘူးပေါ့။

အာရှ-ပစိဖိတ်ဒေသမှာ ဖွံ့ဖြိုးတိုးတက်မှုလာဖို့ ဆိုရင် အဆင့်မြင့် နည်းပညာတွေကို ရဖို့တစ်ခုတည်း မဟုတ်ဘဲ နည်းပညာတွေ အောက်ခြေထိ ပျံ့နှံ့ရောက်ရှိဖို့ပါ ပါနေလို့ပါ။ ဆိုလိုတာက နည်းပညာ အသစ်တွေကို ထိထိရောက်ရောက် သုံးနိုင်ဖို့ ကဏ္ဍစုံက လုပ်ငန်းအများကြီးမှာ လိုအပ်တဲ့ စွမ်းဆောင်ရည်၊ အခြေခံအဆောက်အအုံနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြင်ဆင်မှုတွေ ရှိနေဖို့ လိုပါတယ်။

နည်းပညာအသစ်တွေဟာ များသောအားဖြင့် ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီကြီးတွေဆီကိုပဲ အရင်ရောက်လေ့ရှိပြီး ကျန်တဲ့ စီးပွားရေးကဏ္ဍ အများစုကတော့ နောက်ကျကျန်ခဲ့တတ်ပါတယ်။ အဲဒီတော့ ရလဒ်အနေနဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အလုပ်အကိုင် အရည်အသွေးတွေ မညီမမျှ ဖြစ်လာပြီး ထိပ်တန်းကုမ္ပဏီကြီးတွေနဲ့ ကျန်တဲ့ လုပ်ငန်းတွေကြားမှာ ကွာဟချက် ပိုကြီး လာတာပေါ့။

အခု အေအိုင်နည်းပညာကလည်း ဒီပုံစံအတိုင်းပဲ။

ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ အခုငြင်းခုံနေကြတာတွေနဲ့ ဒီအတိုင်း ဆက်သွားလို့ မရဘဲ ဦးတည်ချက် ပြောင်းသင့်ပါတယ်။ ဆွေးနွေးပွဲတွေမှာ အေအိုင်က ဘယ်အလုပ်တွေကို အလိုအလျောက် လုပ်ပေးနိုင်မလဲ ဆိုတာ တစ်ခုတည်းကိုပဲ အာရုံစိုက်နေလို့ မရပါဘူး။ ဒီအထဲမှာ အရေးကြီးတဲ့ မေးခွန်းကတော့— ဒီဒေသမှာရှိတဲ့ လုပ်သား နှစ်ဘီလီယံ လောက် တကယ် အလုပ်လုပ်နေကြတဲ့ စီးပွားရေး အစိတ်အပိုင်းတွေဆီကို အေအိုင်နည်းပညာ ဘယ်လို ဘယ်ပုံနဲ့ ပျံ့နှံ့ ရောက်ရှိသွား နိုင်ပါ့မလား ဆိုတာပါပဲ။

အေအိုင်က အသေးစား လုပ်ငန်းတွေနဲ့ မိသားစု အိမ်တွင်း စီးပွားရေး လုပ်ငန်းတွေဆီအထိပါ ရောက်ပါ့ မလား။ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအားလုံးမှာ အေအိုင်ကို သူတို့ရဲ့ စီးပွားရေး ပုံစံတွေထဲ ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိရှိ၊ စနစ်တကျ သုံးနိုင်ဖို့ ကျွမ်းကျင်မှုတွေ ရှိကြရဲ့လား။ ဒီဂျစ်တယ် အခြေခံ အဆောက်အအုံတွေကကော လုပ်ငန်းတွေနဲ့ အလုပ်သမားတွေ အားလုံးအတွက် အေအိုင် စနစ်တွေကို အသုံးချပြီး အကျိုးအမြတ် ရစေနိုင်ပါ့မလား ဆိုတာတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေရဲ့ အဖြေတွေက “ဟုတ်တယ်/မှန်ပါတယ်” လို့ဆိုရင် ဒီဂျစ်တယ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေ ရေးဆွဲတဲ့အခါမှာ အဆင့်မြင့် နည်းပညာ တီထွင်ဆန်းသစ်မှုတွေ ဒါမှမဟုတ် စက်ယန္တရား အစားထိုး ခံရဖို့ ပိုနီးစပ်တဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ အာရုံစိုက်နေလို့ မရပါဘူး။ ဒီဂျစ်တယ် အခြေခံ အဆောက်အအုံ ကျွမ်းကျင်မှု တိုးတက်အောင် လုပ်ဆောင်ပေးတာနဲ့ အသေးစား လုပ်ငန်းတွေ နည်းပညာ အသုံးချနိုင်အောင် ကူညီပေးတာ အပါအဝင် အေအိုင်ကို စီးပွားရေး ကဏ္ဍစုံမှာ ပိုမို ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့ ရောက်ရှိစေမယ့် အခြေအနေတွေကိုပါ ထည့်သွင်း စဉ်းစားရမှာပါ။

အဲဒီလို ကျယ်ပြန့်တဲ့ မူဝါဒ နည်းလမ်းတွေအပြင် လုပ်ငန်းခွင်အဆင့်မှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်တာတွေကလည်း အေအိုင်စနစ်တွေကို အသုံးပြုတဲ့အခါ ကိုယ့်တစ်ကိုယ်ရေ ရှေ့ရေး ဘယ်လို ဖြစ်လာမှာလည်း ဆိုတာကို သေသေချာချာ နားလည်သွားရင် စီးပွားရေး ရည်မှန်းချက်တွေနဲ့ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည် မျှော်မှန်းချက် တွေကို ဟန်ချက်ညီညီ ပေါင်းစပ်သွားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စနစ်တွေကို တီထွင်ဖို့ စိန်ခေါ်မှု ရှိသလိုပဲ လုပ်ငန်း အများအပြားနဲ့ အလုပ်သမား အများအပြားက အဲဒီစနစ်တွေကို အကျိုးရှိရှိ ထိထိရောက်ရောက် သုံးနိုင်အောင် အသေအချာပြင်ဆင် ပေးဖို့ကလည်း အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

Photo credit: Koening solutions

အေအိုင်ခေတ်မှာ ‘သိသူဖော်စား၊ မသိသူကျော်သွား’ ဆိုသလိုပါပဲ— အေအိုင်ကို ပေါင်းစပ်အသုံးချပြီး အလုပ်အကိုင်နဲ့ ထုတ်လုပ်မှုကို မြှင့်တင်နိုင်တဲ့ လုပ်ငန်းတွေနဲ့ အဲဒီလို မလုပ်နိုင်တဲ့ လုပ်ငန်းတွေကြား ကွာဟချက် အလွန်ကြီးမားလာတာကို အာရှ-ပစိဖိတ်ဒေသမှာ တွေ့ရမှာ ဖြစ်ပါတယ်။

နောက်တစ်မျိုး ပြောရရင် အေအိုင်ဟာ အချို့သော လုပ်ငန်းတွေအတွက် အမြင့်ဆုံး အထိ ရောက်အောင်  ပိုမြှင့် ပေးနိုင်ပေမဲ့ အများစုသော အလုပ်သမားတွေအတွက် အနိမ့်ဆုံးနေရာကနေ ဆွဲတင်ပေးနိုင်မှာ မဟုတ်သေးပါဘူး။

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *