တစ်နေ့က အိပ်ရာဘေးကစာအုပ်ပုံကိုရှင်းဖြစ်တဲ့အခါ အောက်ဆုံးကထွက်လာသည့်စာအုပ်လေးက ပုတ္တောဝါဒပျို့ဋီကာ။ မည်သည့်အချိန်ကတည်းက ဖတ်မည်ဟုကြံစည်ထားမှန်းမမှတ်မိ။ စိတ်ထဲမှာ “အင်း ဒါလေးပြန်ဖတ်ကြည့်ဦးမှပါ” ဟု မှတ်မှတ်ရရရှိရန် တခြားစာအုပ်တွေကိုရွှေ့လိုက်ပြီး ထိုစာအုပ် တစ်အုပ်တည်းသာ ချန်ထားလိုက်သည်။ ယနေ့ ကျောင်းသင်ခန်းစာများကမည်သို့ရှိမည်မသိ။ ပုတ္တောဝါဒပျို့မှာ အင်္ဂလိပ်ခေတ်တွင် သတ္တမတန်းပြဋ္ဌာန်းစာအုပ်ဖြစ်သည်။ ပုတ္တောဝါဒဆိုသည်ကား လူငယ်လူရွယ်များမည်သို့ပညာရှာရမည်ကို လမ်းညွှန်ထားသော ပျို့အမျိုးအစားကဗျာတစ်ပုဒ်ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးဦးစိုးလှိုင်ရေးသည့် ဋီကာစာအုပ်တွင် ကဗျာတွင်သာမက စကားပြေဖြင့် ပြန်ရေးပြထားသဖြင့် ပထမတွင် ကဗျာများကိုကျော်ကာ စကားပြေများကိုသာဖတ်မိသည်။ ထိုသို့ ကဗျာများကိုကျော်ဖတ်ပါသော်လည်း မြင်နေရသဖြင့် သတိတစ်ချက်ထားလိုက်မိသွားသည်။ ထို့ကြောင့် ပထမရည်ရွယ်ချက်ကိုဖျောက်ပြီး စကားပြေကိုဆက်မဖတ်ဖြစ်တော့ဘဲ ကဗျာကိုပြန်ဖတ်မိသွားသည်။ ပုတ္တောသည် သားကိုဆိုလိုရင်းဖြစ်သည်။ ထိုအတူ ကဗျာထဲတွင် သားဆိုသည့်အသုံးအနှုန်းကို ထည်လဲသုံးသွားသည်ကိုတွေ့လိုက်ရသည်။ သို့ဖြင့် ဘယ်နှမျိုးတောင်သုံးသွားသလဲဆိုသည်ကို စိတ်ဝင်စား သွား၍ လိုက်ရှာမိသည်။
ပုတ္တောဝါဒ လင်္ကာပုဒ်ရင်း ၂ တွင် (မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်) ဟူ၍ ဖခင်ဖြစ်သူက ပညာရှာဖို့ညွှန်ကြားသည့်အခန်းတွင် မွေးဘလက်ရုံး၊ သားလှရွှေတောင်၊ ဘသည်းခေါင် ဆိုသည့် ပုဒ်ရင်းများသည် သားကိုသာရည်ညွှန်းစပ်ဆိုသော ပုဒ်များဖြစ်သည်။ သို့သော်လည်း အသုံးအနှုန်းမတူ။ အဓိပ္ပါယ်သာတူခြင်းဖြစ်သည်။ ဤနေရာတွင် အလင်္ကာသဘောကိုဆိုလိုခြင်းမဟုတ်။ ဝေါဟာရပိုင်းဆိုင်ရာတွင် လိမ္မာ ကျွမ်းကျင်မှုကိုသာ ဆိုလိုခြင်း ဖြစ်သည်။ လင်္ကာပုဒ်ရင်း ၆ ဖြစ်သည့် မိခင်မှ ဩဝါဒပေးသည့်အခန်းတွင်လည်း (မွေးမိဆံထုံး၊ ရွှေပန်းကုံးသို့၊ နှလုံးဝမ်းက၊ သတ်မှတ်ရသည်၊ သားလှရွှေတောင်၊ မိမျက်နှောင်) မွေးမိဆံထုံး၊ သားလှရွှေတောင်၊ မိမျက်နှောင် ဆိုသည့်အဖွဲ့များမှာ သားကိုသာရွယ်ရင်းဖြစ်သည်။ “ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိခင်တို့ဘုန်း ဆံထုံး” ဆိုသည့် ဆိုစကားနှင့် လိုက်လျောညီထွေစွာ စပ်ဆိုထားသည်ကိုလည်း သတိထားမိသည်။ ဤသို့ စပ်ဆိုခြင်းမျိုးမှာ ကျွန်တော်တစ်ဦးတည်း အမြင်ဖြင့် အဓိပ္ပါယ်ဖောင်းပွသည်ဟု မမြင်မိပေ။ ဝေါဟာရပိုင်း ကြွယ်ဝသည်ဟုသာမြင်မိသည်။ ၎င်းပုတ္တောဝါဒပျို့ကို အစအဆုံးဖတ်မိသူနည်းနိုင်သော်လည်း လူသိများသောအပိုဒ်တစ်ပိုဒ်လည်း ရှိသည်။
(ဂ) အမောင်ရွှေသွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သဌေးသားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်။
(ဃ) အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်။
(င) ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတကျ၏တည်း။
(ပုတ္တောဝါဒ ပျို့ စာ – ၅၈)
ပထမအပိုဒ်တွင်
“(ဂ) အမောင်ရွှေသွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သဌေးသားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်။”ဟု ဆိုထားခြင်းမှာ သားကိုချစ်၍ စာပေပညာမသင်စေပဲထားသည်ဟုဆိုလိုသည်။ သို့သော်လည်း ဤစာစုသည် စကားပြေမဟုတ် ကဗျာသာဖြစ်၍ တခြားဆက်နွယ်နေသည့် အကြောင်း အရာများကို အလုံးစုံထည့်သွင်း၍မရ။ မိဘများကသားကိုချစ်၍ စာပေပညာမသင်ကြားစေသော် လည်း မိဘဆွေမျိုးများအသိုင်းအဝန်းတွင်ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းအသိုင်းအဝန်းတွင်ဖြစ်စေ ပညာ၏ တန်ဖိုးကို သိနားလည်သူ တစ်ဦးတစ်ယောက်က ဧကန်မလွဲတိုက်တွန်းမည့်ရှိလိမ့်မည်ဟု ယူဆမိသည်။ ပစ္စည်းဥစ္စာ ချမ်းသာမှုအပေါ်တွင် ကိုယ်တိုင်ကသာယာနေနိုင်သလို ထိုအပေါ်တွင် လည်း သာယာနေမည့် အပေါင်းအသင်းမိတ်ဆွေ ဆွေမျိုးများရှိနိုင်သလို ပစ္စည်းဥစ္စာထက် ပညာကို တန်ဖိုးထားသည့်သူများလည်း ပါဝင်နေမည်ဖြစ်သည်။ သို့သော်လည်း ငွေကြေးဓနဥစ္စာ၏ အစွမ်း ထက်နေမှုအောက်တွင် သူတို့၏ တိုက်တွန်းနှိုးဆော်မှုစေတနာများသည် လတွင် တိမ်မည်းအုပ်မိုးသည့် နှယ်ဖြစ်နေပေလိမ့်မည်။ ဤဆက်စပ် အကြောင်းအရာများသည် ကဗျာဖွဲ့နည်းစနစ်တွင်ထည့်သွင်း စရာမလိုအပ်ပဲ အလိုလို နားလည်နိုင်မည့် အကြောင်းအရာများသာဖြစ်သည်။ မိဘက စာပေမသင်ခိုင်း ပေမယ့်လည်း ပညာကိုနားလည်သူများက စာပေသင်ဖို့တိုက်တွန်းကြမည်မှာ တွေးခွင့်ရှိသော လက်ခံ နိုင်သော အကြောင်းအခြင်းအရာတစ်ခုအဖြစ် ကျွန်တော် လက်ခံထားသည်။
ဒုတိယအပိုဒ်ကိုဆက်ကြည့်မည်ဆိုလျှင်
(ဃ) အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်။ (ဒီနေရာမှာ အသုံးအနှုံးတစ်ခုကိုတွေ့ရသည်က သူဌေးသားဆိုသည့် ဝေါဟာရ ပင်ဖြစ်သည်။) ကျွန်တော်တို့ သိခဲ့ကြည်သည်က သူဌေး ဟုဖြစ်သည်။ ထို့ကြောင့် ခက်ဆစ်အနက်ကိုကြည့်သည့်အခါတွင် ရှင်းပြထားသည်က သူဌေးဟုလိုက်ရေးခြင်းမှာ သူကြွယ် အသုံးကို လိုက်၍ ရေးခြင်းဖြစ်သည်။ သို့သော်လည်း သဌေး ဆိုသည်မှာ သေဋ္ဌိ ဟူသောပါဠိမှဆင်း သက်လာခြင်း ဖြစ်သည့်အတွက် သဌေးဟုသာရေးသင့်သည်ဟု ညွှန်ပြထားပေသည်။ စကားချပ်) ကဗျာကိုကြည့်လျင် မိဘများဆုံးပါးသွားချိန်တွင် ပညာမတတ်သဖြင့် မိမိတွင်ရှိနေသည့်ပစ္စည်းဥစ္စာ များကို မထိန်းသိမ်း တတ်သဖြင့် မိမိ၏အိမ်တွင်စေခိုင်းထားသူများ၊ မိမိဥစ္စာကိုလိမ်လည်ဖျားယောင်း သူများ၊ သူခိုးများ ၏ရန်များကြောင့် ပျက်သုန်းကာ နောက်ဆုံးမိမိရှိသမျှပစ္စည်းများကို ထုခွဲရောင်းချ စရာမကျန်လောက်အောင် ဆင်းရဲသွားရပုံကိုဖေါ်ပြထားခြင်းဖြစ်သည်။ ဤအချက်မှာမူ ရှင်းစရာမလို လောက်အောင်ပင်။ လောကထဲတွင် လောဘဟူသည်ကားလူတိုင်းတွင်ရှိနေသည်။ ထိုထိုလောဘများ ဖြင့် ကိုယ်ရသင့်သည် မရသင့်သည်ကိုစဉ်းစားရမည်ထက် မည်သည့်နည်းဖြင့်ရရ ရဖို့သာအရေးကြီး သည်ဆိုသည်မှာ လောကကြီးမပျက်သုန်းသရွေ့ထွန်းကားနေမည့် လူတန်းစားများသာဖြစ်သည်။ ယခင်ကလည်းရှိသည်။ ယခုလည်း ရှိမည်။ နောင်လည်းရှိမည်။ ကုန်းဘောင်ခေတ် စာဆိုကြီး အချုပ် တန်းဆရာဖေရေးဖွဲ့ခဲ့သလို “သည်ခေတ်တွင် သည်ကာလ၊ ငွေစတဲ့ရှေ့ဆောင်၊ မွဲလျှင်ဖြင့် လူ့ဘောင် မှာ ခွေးတောင်မှမလေး” ဆိုသည့်အတိုင်း လောကထဲတွင် ငွေရှိမှ လူရာဝင်လေမည်။ သို့အတွက် ငွေ ကိုရှာကြရသည်။ တချို့က တရားသဖြင့်ရှာသည်။ တချို့ကမတရားသဖြင့်ရှာသည်။ ဗာရာဏသီ သူဌေးသားသကဲ့သို့ ပညာမတတ်ပဲ ပစ္စည်း ဥစ္စာချမ်းသာသူတစ်ယောက်ဆီကမူ အလွယ်တကူလှည့် ဖျားယုံဖြင့် ငွေကြေးဥစ္စာများ ရမည့်အခွင့်အရေးသည် ငွေမိုးကြီးရွာသကဲ့သို့ခံယူထားမည့်သူများက အများဆုံးဖြစ်ပေလိမ့်မည်။
တတိယအပိုဒ်ကိုဆက်ကြည့်လျှင်
(င) ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတကျ၏တည်း။ မိမိမှာ ရှိသည့်ပစ္စည်းဥစ္စာ များကလည်း တလင်းကဲ့သို့ ပြောင်ချေပြီ။ ပညာဆိုသည်ကလည်း အရှေ့အနောက်တောင်မြောက် ကလေးကိုမျှမသိ။ ထို့ကြောင့် သူမှာ စားဝတ်နေရေး အတွက်လုပ်စရာရှိသည်က ခွက်တစ်လုံးစွဲပြီး တောင်းစားရန်မှလွဲ၍ မရှိတော့ပေ။ ဆရာတော်က သိသင့်သည့်အရပ်လေးတောင်မသိဘူးဟု ဆိုထား ပြီးမှ တနည်းအားဖြင့် အလုပ်ကြမ်း တစ်ခုခု လုပ်ရန်လည်း အဆင်ပြေတော့မည်မဟုတ်ပေ။ ထိုအချိန်က နွားကျောင်းသားအဖြစ် အသက်မွေးမည်ဆိုလျှင် ကိုယ့်နွားဘယ်အရပ်ကိုသွားသည်ကို မသိ။ တစ်ဦးဦးက “မင်းနွားတွေ မြောက်ဖက်သွားတယ်” ဆိုပါစို့။ ဘယ်နေရာကိုလိုက်ရှာရမှန်း မသိ ဖြစ်နေမည်။ ထိုစဉ်းစားချက်နှင့်ပက်သက်ပြီး သက်သေခံနေသည့် စကားပုံတစ်ခုမှာ သင်္ဂဇာ ဆရာတော်ဘုရားကြီး၏ ဆုံးမစာထဲတွင် ငတေ၏ ဝသွားတိုင်းအရှေ့ပြောင်းသည် ဆိုသည့် ဥပမာကို ညွှန်ပြရမည်ဖြစ်သည်။ (သင်္ဂဇာစကားပုံအမှတ် ၉၆) ထိုစာတွင် သင်္ဂဇာဆရာတော် ဘုရားကြီးသည် တိုင်းကြီး၊ ရာမည သုံးဌာနအတွင်းလုံးစုန်ဆင်းလှည့်လည် ဒေသစာရီစခန်းဖြင့် ကြွမြန်း တော်မူရာ ပုဂံတောင်ရွာသို့ ရောက်တော်မူလျင် များဖြင်သတ္တဝါလာလာသမျှတို့အား တရားနည်းကောင်း လမ်းကြောင်းပြသ၍ဆုံးမတော်မူသောအခါ ပုဂံတောင်က မာရ်အောင်အသင်းသားတဦးသည် အဖူး အမျှော် တရားတော်ကိုနာရန် ခစားပြီးလျှင် လျှောက်ထားသောအချက်မှာ အထက်မူလ ပထမက တပည့်တော် သည် ဗုဒ္ဓဘာသာကို ယူပါသည်။
နောက်ဒုတိယ ဗုဒ္ဓဘာသာကိုပစ်၍ခရစ်ယန်ဘာသာသို့ ကူးပါသည်။ နောက် သုံးကြိမ်မြောက်အကျ တတိယကြံဆောင်မှ မာရ်အောင်အဖြစ်သို့ ရောက်ပါ သည်။ ယခု မာရ်အောင် အဖြစ်သို့ရောက်သွားမှ တရားရင်းတရားမှန်ကို ဆက်ဆံတွေ့ကြုံရပါသည် ဘုရားဟု လျှောက်ထားလေသော်၊ ဆရာတော် ဘုရားက မိန့်ကြားတော်မူသည်မှာ၊ အင်း–တကာမှာ ဘာသာအမျိုးမျိုးသို့လိုက်စားသဖြင့် “ဝ-သွားတိုင်း အရှေ့ပြောင်းသည်” ဆိုသောစကားကဲ့သို့ ရှိသည်ဟု မိန့်တော်မူရာ၊ ဥပမာအချက်ကို မိန့်မြွက်တော် မူပါဘုရား ဟုလျှောက်ထားတောင်းပန်၍ လင်းပြန်မိန့်ကြားတော်မူသည်မှာ၊ရှေးက ရွာတရွာ၌ငတေ ဆိုသော ဒါယကာတယောက်သည် တောင် မြောက်ကိုမျှ မသိ၊ အသက်လေးဆယ်အရွယ်ရှိ၏။ မိမိမှာလည်း ဆင်းရဲသဖြင့် ကျွဲကျောင်း၊ မောင်းထောင်း၊ လယ်ထွန်၊ စပါးရိတ် လေး ငါးလက် သူတပါးအိမ်၌ သာနေရ၏။ သူတပါးက မောင့်ကျွဲများ အရှေ့ကိုသွားသည်ဆိုလျှင် ယခင်က မလည်ပတ်သဖြင့် အနောက်အရပ် သို့သွား၏။အနောက်အရပ်သို့ မောင့်ကျွဲများထွက်သွားသည်ဆိုလျှင် အထင်နှင့် အရှေ့ သို့လိုက်၏။ထိုနောက် စာရင်းတိုင်ကသိ၍ မိမိစာရင်းငှါး မလည်သည်ကို ရယ်ဘွယ်ရာပြအံ့ဟု တိုင်တခုတွင် ဝ,လုံးကွင်း၍ ယင်းသို့ဝ, ရှိသောတိုင်ကိုမမေ့နှင့် အရှေ့ဟု မှတ်ထားပြောသင်ကြား၍ လေးငါးရက်ကြာလျှင် ယခင်တိုင်က ဝ,ကွင်းကို ဖျက်လျက်အနောက်ကတိုင်တွင် ရေး၍ “မှတ်မိသေး၏လော၊ အရှေ့ကိုပြောစမ်း”ဟု မေး၏။ထိုအခါ ငတေသည် တွေဝေမိုက်ဖျင်း၍ ဝ,ကွင်းကိုကြည့်သော်၊ မိမိမှတ်ထားသောတိုင်မှပါး အခြားသော အနောက်ဘက်တိုင်တွင် ဝ,လုံးကို မြင်သောကြောင့်၊ ”အင့်ဟင် -ငါလည်း မမေ့ဘဲနှင့် ဝ,ရှေ့တိုင်ခေါင်း အရှေ့ပြောင်းရသည် ဉာဏ်ကောင်းပေမယ့် အလကားဘဲဟု ဆိုသတဲ့–တကာရဲ့”။ ဤသို့လူမျိုးတွေ တကယ်ရှိခဲ့ပါသလားဆိုသည့် မေးခွန်းကို တချို့ကမေးကောင်းမေးကြပေမည်။ ယနေ့ခေတ်သည် သင်္ဂဇာဆရာတော်တို့ခေတ်၊ ဆားတုံးဆရာတော်တို့ခေတ်ကလိုမဟုတ်။ သတင်း အချက်အလက် နည်းပညာ လူတိုင်းဆီသို့ လျှင်မြန်စွာရောက်ရှိနေသောခေတ်ဖြစ်သည်။ ထိုကဲ့သို့ ခေတ်ထဲတွင် ကျွန်တော်ကြုံဖူးသည့်ကို ပြောပြချင်သည်။ နှစ်စဉ်နှစ်တိုင်း မိုးကုန်ပြီးပြီဆိုလျှင် တမိုးတွင်း တွင်းလုံးရှင်သန်ခဲ့ကြသည့် မြက်ပင်များကို ပေါင်းပင်များကို လူငှါးခေါ်၍ရှင်းခိုင်းလေ့ရှိသည်။ သူ့ကို ရှင်းခိုင်းပြီးပြီဆိုလျှင် သူထိုအမှိုက်များ လွှင့်ပစ်သည့်နေရာသို့ နှစ်တိုင်းလိုလို ကိုယ့်အပင်များသွားပြန် ကောက်ရသည်။ ပန်းပင်များ ပါသည်ကိုလည်း မသိ။ တခြားသီးနှံပင်များ စိုက်ထားသည်ကို လည်းမသိ။ သူသိသည်က ရှိသမျှ အပင်များ အမြန်ဆုံး အကုန်ရှင်း သွားဖို့သာဖြစ်သည်။ ဆိုရလျှင် ယနေ့ခေတ်တွင် ဤသို့လူမျိုးများရှိနေပါသေးလျှင် ထိုအချိန်၌ ဗာရာဏသီ သူဌေးသားကဲ့သို့ ပုဂ္ဂိုလ်များရှိနိုင်သည်ဟု ရာနှုန်းများစွာ ကောက်ချက်ချနိုင်ပေသည်။

ထိုကြောင့် သူ့မှာလုပ်စရာရှိသည်က တောင်းစားခြင်းကလွဲ၍မရှိပေ။ သို့သော်လည်း မရှိ၍ တောင်းစား ခြင်း၊ ဘာမှမလုပ်တတ်၍တောင်းစားခြင်းတို့သည်က အပြစ်တစ်ခုမဟုတ်။ ပတ်ဝန်း ကျင်ကလည်း ဤသို့ဆိုလျှင် ကရုဏာသက်မည့်သူများရှိကြမည်ပင်။ ဒါကလည်း ရိုးရိုးသားနှင့် မိမိကို ပေးချင်လာ စိတ်ဖြစ်အောင် တောင်းတတ်ဦးမှဖြစ်သည်။ သို့ဆိုလျှင် တောင်းတတ်ဖို့ကိစ္စက ပါလာပြန်သည်။ ကိုယ်တောင်းမည့်သူသည် မည်သည့် ပုဂ္ဂိုလ်မျိုးဆိုတာကိုလည်းအနည်းဆုံးသိဖို့လိုသည်။ ဗာရာဏသီ သူဌေးသားသည် ဤသို့ သိနိုင်မည်လား ဆိုသည့်မေးခွန်းတစ်ခုမေးရန်ရှိသည်။ သူ့တွင် မည်သည့် အတတ်ပညာမှမရှိသည့်အတွက် မသိနိုင်ဆိုသည့်အချက်က ပို၍သဘာဝကျသည်။ (ငယ်ငယ်က နားထောင်ခဲ့ရသည့် ဘီးအီးဒီအောင်သိုက်၏ သူတောင်းစားအကြောင်းဇာတ်လမ်းလေးကို သွားသတိရ မိသည်။) သို့ကြောင့် ဗာရာဏသီ သူဌေးသားသည် တောင်းစားရသည်တွင် မပြောသင့်သည်ကိုလည်း ပြောမိပေလိမ့်မည်။ မဆိုသင့်သည်ကိုလည်း ဆိုမိပေလိမ့်မည်။ အရပ်နေရာဒေသနှင့် လိုက်လျောညီ ထွေမဖြစ်သည့် အပြုအမူမျိုးလည်း ဖြစ်မိပေလိမ့်မည်။ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်နေ တာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်နဲ့ ဆိုသည့်စကားပုံလိုလည်းဖြစ်နေပေလိမ့်မည်။ ထိုကြောင့် လည်း နင်သာလူမိုက်၊ ဒုစရိုက်ဟု ရေးဖွဲ့ခြင်းဖြစ်မည်ဟု ယူဆမိသည်။ ပြဿနာက ရိုက်ပုတ်လိုက်ကြ ဆိုသည့်အဖွဲ့ပင်ဖြစ်သည်။ ကျွန်တော့် အမြင်တွင် ရိုက်ပုတ်သည်မှာ မောင်းထုတ်ကြသည့်သဘောဟု သာယူဆမိသည်။ ရိုက်နှက်သည်လောက် မပြင်းထန်။ လက်ဖြင့်တွန်းထုတ်ရုံ၊ စကားဖြင့်မောင်းထုတ် ရုံလောက် ဖြစ်ချိမ့်မည်။ လူတစ်ယောက်ကိုနာအောင်ရိုက်သည်ဆိုရာတွင် ကာယဖြင့်ရိုက်ခြင်းရှိသလို စကားဖြင့် ရိုက်ခြင်း လည်းရှိသည်။ ကျွန်တော် ကြုံဖူးသည်ကိုဆိုရလျှင် တချိန်က ကျန်းမာရေးစီမံချက် တစ်ခုဖြင့် ရပ်ကွက်များတွင် ပညာပေးဗွီဒီယိုများပြသရသည်ဖြစ်၍ မြို့နယ်ဆရာဝန်ထံတွင် သွား ရောက်တောင်းယူရာ အိမ်၏အပေါက်ဝတွင်ရှိနေစဉ် ”မင်းအပေါ်မတက်ခဲ့နဲ့”ဟု တားမြစ်သည်ကို ခံရသည်မှာ ရင်ထဲမှာ ယနေ့ထိ နာနေဆဲဖြစ်သည်။ ထိုကဲ့သို့ပင် အခြားအခြားသောကိစ္စများတွင်လည်း ထိုသို့ အဖြစ်အပျက်များ ကြုံခဲ့ဖူးသည်။ လူအမျိုးမျိုးစိတ်အထွေထွေဖြစ်သဖြင့် ပထမအပိုဒ်တွင်ဆိုခဲ့ သလို သူ့အပေါ်တွင် ပညာတတ် စေချင်သည့် စေတနာထားခဲ့သူများကလည်း ကရုဏာဒေါသော ဖြစ်နိုင်သေးသည်။ မည်သို့ပင်ရှိစေကာမူ သူလိုက်လံတောင်းရမ်းမှုတွင် အများကနည်းမျိုးစုံဖြင့် ငြင်းဆန်ကြသဖြင့် သူ့ရပ်သူ့ရွာကနေစွန့်ခွာ သွားရသည့်အပြင် သူ၏စိတ်နှလုံးဝမ်းတွင်လည်း ဒုက္ခ အပေါင်း၏ ခံစားချက်များ တောက်လောင် နေပေလိမ့်မည်။ နောက်ဆုံးစိတ်ထောင်းကိုယ်ကြေဖြစ်ကာ လူပေလူတေဘဝဖြင့် ဘဝဇာတ်သိမ်းခဲ့ရမည်။
နောက်ဆုံးချုပ်ရလျှင် ဆားတုံဆရာတော်သည် ပညာရှာသင့်သည့်အကြောင်းဆုံးမရာတွင် ဥပမာ တစ်ခုအနေဖြင့် ဗာရာဏသီသတို့သားအကြောင်းကိုထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြစ်တတ်သည့် သဘောကိုသာ ဆိုခဲ့ခြင်းဖြစ်သည်။ ပညာမတတ်လျှင် ဤသို့ဖြစ်မည်ဟုဆိုခြင်းမဟုတ်။ ပင်မ အကြောင်းအရာမှာ ပညာရှာသင့်ကြောင်းကိုသာ အဓိကထားဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်ကျွန်တော် အနေဖြင့် ဗာရာဏသီ သတို့သားအကြောင်းကို အခြားရှုထောင့်တစ်ခုမှ စဉ်းစားရန်မလိုအပ်ဟု မြင်မိ သည်။ နောက်တစ်ချက်ရှိသည်က ဆားတုံဆရာတော်သည် ပညာဉာဏ်ကြီးသူဖြစ်သည်။ ကျွန်တော်တို့ ထက် အဆပေါင်းများစွာ ပညာတတ်သူဖြစ်သည်။ သို့သော်လည်း ဆရာတော်ဆုံးမခဲ့ သည့်အတိုင်း မိမိထက် ပညာဉာဏ်ကြီးသဖြင့် လက်ခံခဲ့ခြင်းမဟုတ်။ ပုတ္တောဝါဒပျို့ကို ဖတ်သည်။ ဋီကာဆရာ၏ ရှင်းလင်းပြမှုများကိုလေ့လာသည်။ နောက် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် သုံးသပ်ပြီးမှ ဆားတုံဆရာတော် ကြီး၏ ဆုံးမသွန်သင်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ ဗဟုသုတအဖြစ် ထပ်မံသိခဲ့ရသည် မှာ ကျွန်တော်တို့ နေထိုင် မကောင်းချင်သလိုလို ဖြစ်နေလျှင် “ မအီမသာကြီးဖြစ်နေတယ်”ဟုပြောလေ့ ရှိသည်။ သို့သော် လည်း အဓိပ္ပါယ်ကိုမသိ။ ယခုပုတ္တောဝါဒပျို့ ဋီကာဆရာကြီးမှရှင်းပြမှ “အီသာ = နေထိုင်ကောင်း သည်” ဆိုသည့်စကားမှ လာသည်ကို သိသည်။ ထို့ပြင် ဥဒေါင်း ၊ ဥဗျိုင်း ဟုခေါ်ခြင်း မှာ ဥ ဆိုသည်က လည်း ငှက်ကိုသာဆိုရင်းအနက်ဖြစ်ကြောင်းသိခဲ့ရသည်။ ထိုဝေါဟာရများသည် ပုတ္တော ဝါဒပျို့ကို ဖတ်မိခြင်းမှ အနည်းဆုံးသိခဲ့ရသောအသိများပင်ဖြစ်သည်။
စကားတစ်ရပ်ရှိသည် “လမ်းရိုးဟောင်းကို ဆင့်ကာထွင်၊ သုတ်သင်ကာမျှအလွယ်ရ” ဟုဆို၏။ အသစ်ကိုအလိုရှိလျှင် လမ်းဟောင်းကို လိုက်ရုံဖြင့် အလွယ်တကူရနိုင်မည်ဟုဆိုခြင်းလည်းဖြစ်သည်။ သို့သော်လည်း ထိုထိုလမ်းဟောင်းများတွင် အချိန်ကြာမြင့်စွာအသုံးမချသဖြင့် ပျောက်ကွယ်ပျက်စီးသွားသည့် လမ်းများရှိသလို၊ မြင်သည်ဆိုရုံ ကျန်နေရစ်သည့်လမ်းများလည်းရှိသည်။ ထိုခပ်ရေးရေး ကျန်နေရစ်သည့်လမ်းများကို ခေတ်သစ်အတွေးအခေါ်အယူအဆများဖြင့် ပြန်လည်ပြင်ဆင်နိုင်မည်ဆိုလျှင် ကျွန်တော်တို့အတွက် လျှောက်လှမ်းစရာလမ်းသစ်များ အလွယ်တကူ ပေါ်ထွက်လာနိုင်ပေမည်။ လမ်းအသစ်ကို ဖောက်မည်ဆိုလျှင်လည်း ရသည်။ သို့သော် ကြာမည်။ ခက်ခဲပေမည်။
သို့သော်လည်း ဆားတုံဆရာတော် ဆုံးမထားသည့် ပညာမတတ်ခြင်း၏အကျိုးသည်ကား ဗာရာဏသီသတို့သား၏ အဖြစ်အပျက်နှင့် မတူလျှင်သာရှိမည် ထိုသဘောဆန်ဆန် အဖြစ် အပျက် များသည်က မလွဲမသွေ ရှိနေမည်မှာ အမှန်ဧကန် မလွဲဟု ဆိုရပေလိမ့်မည်။ တနည်းအားဖြင့် လမ်းအသစ်ပဲဖြစ်စေ၊ လမ်းဟောင်းပဲဖြစ်စေ လူမိုက်တို့၏ သွားရာလမ်းကို သူ့လမ်းအတိုင်းသာ ရှိစေချင်ပါသည်။
၂၇ . ၄ . ၂၀၂၆
ကိုးကား
- ကျောင်းအုပ်ဆရာကြီးဦးစိုးလှိုင် ရေးသားစီရင်အပ်သောပုတ္တောဝါဒပျို့စာကိုယ်ဋီကာ (ပဉ္စမအကြိမ်)၊ ၁၉၄၀ ခုနှစ်၊ ဝိဇယပုံနှိပ်တိုက်၊ ၂၆၉၊ ဗိုလိန်း၊ ရန်ကုန်မြို့။
- သင်္ဂဇာ စကားပုံပေါင်းချုပ် (စာတော်ပြန် ဆရာသိန်း) နှင့် ဟံသာဝတီမူ


