The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာ့စာရေးကြီးနေရာ

Share မယ်

The Economist August 2026 မဂ္ဂဇင်းပါ Al Capone would recognise today’s world order. That’s not good ဆောင်းပါးကို ပြန်ဆိုသည်။

ကုလသမဂ္ဂကြီး ဘာလို့အခုထိရှိနေသေးတာလဲ။ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်အပြီး ရာထူးက ထွက်ရမယ့် ၂၀၂၆ ဒီဇင်ဘာလ မတိုင်ခင် အတွင်းရေးမှူးချုပ် အသစ် ရွေးရတော့မယ့်အချိန်မှာ ဒီမေးခွန်းက အချိန်ကိုက်ပါ။ ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးမှာ ဘယ်သူပဲ နိုင်နိုင် နိုင်တဲ့သူက ဒုစရိုက်ဂိုဏ်းဆန်ဆန်လှုပ်ရှားနေတဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ရမှာပါ။

ခယဝပ်တွားမလုပ်တဲ့ နိုင်ငံတွေကို အပြစ်ပေးမယ်လို့ ခြိမ်းခြောက်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ပူတင်ဟာ လူမိုက် ဂိုဏ်းခေါင်းဆောင်တွေ ပုံပေါက်နေပါတယ်။ ခြိမ်းခြောက်မှုတွေက နိုင်ငံခြားရေးမူဝါဒတွေ ဖြစ်နေပြီး ပိတ်ဆို့ အကျပ်ကိုင်မှုတွေဟာ မသမာမှုတွေကို အကာအကွယ်ပေးနေပါတယ်။ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်လိုက်တဲ့ အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရန်ဘက်နိုင်ငံ တွေက အလျှော့ပေးလိုက်ရတာ၊ အမေရိကန်နဲ့ ရုရှားက နည်းပညာတွေကို ထိန်းချုပ်ပြီး စီးပွားရေးစစ်ပွဲကို အနိုင်ရအောင် ကြိုးပမ်းတာ တွေဟာ လူဆိုးဂိုဏ်းတွေလုပ်သလို လုပ်ကြတာပါ။

ကံအကြောင်းမလှစွာနဲ့ဘဲ ကုလသမဂ္ဂကြီးမှာတော့ ကမ္ဘာ့အနိုင်ကျင့်သူကြီးများဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာပိုင်ဆိုင်တဲ့တန်ခိုးနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ဥပမာ လုံခြုံရေး ကောင်စီမှာ ပါဝင်ခွင့်ဆိုတာတွေကို ခြယ်လှယ်နေကြပါတယ်။ အလယ်အလတ်အာဏာရှင် ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဓနအင်အားကြောင့် ကုလသမဂ္ဂအမြဲတမ်းလုံခြုံရေးကောင်စီဝင် (P-5 လို့ခေါ်ကြပါတယ်) တွေဖြစ်ပေမယ့် ဗီတို အာဏာကို သုံးလေ့မရှိပါဘူး။ အာဏာတွေလုရင်း ကုလသမဂ္ဂ ပြိုလဲသွားမှာကို သူတို့ စိုးရိမ်ပါတယ်။ သူတို့ P-5 ထဲမှာ ပါဝင်ခွင့်ရနေတာ အတိတ်က သူတို့ရဲ့ အရေးပါမှုကြောင့်သာ ဖြစ်ပြီး အခွင့်ရရင် အခြားနိုင်ငံတွေက သူတို့ဆီက လုယူသွားမှာ သူတို့ သိပါတယ်။

အဲဒီ P-5 တွေကြောင့် အတွင်းရေးမှူးချုပ်အလောင်းအလျာဟာ ပြဿနာကြီးတစ်ခုကို ရင်ဆိုင်ရမှာပါ။ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ ခုသောနိုင်ငံတွေက ဒုစရိုက်ဂိုဏ်းတွေလုပ်ပုံလုပ်နည်းဘက် ကမ္ဘာကြီးက သွား နေတာကို မကြိုက်ကြပါ။ အချို့သော အစိုးရတွေက အားကြီးသူနိုင် ဆိုတာ အစစ်အမှန် ထာ၀ရမှန်ကန် မှုကြီးလားလို့ သံသယရှိကြပါတယ်။ အသံသိပ်မထွက်တဲ့ နိုင်ငံအစိုးရအများစုက ရန်လိုမှုတွေ၊ ကျူးကျော်နယ်ချဲ့မှုတွေ၊ လူ့အဖွဲ့အစည်းအပေါ် ရာဇဝတ်မှုကျူးလွန်မှုတွေကို တားဆီးနိုင်ပြီး ကုလသမဂ္ဂ ရဲ့ အခြေခံကျင့်ဝတ်တွေကို ကာကွယ်နိုင်မယ့် သူတစ်ယောက် လိုချင်ကြပါတယ်။ ဒါပေမယ့် အတွင်းရေးမှူးချုပ်ဖြစ်လာဖို့ P-5 ဗီတိုကို ရင်ဆိုင်ရမှာပါ။

ဗင်နီဇွဲလားကို ဝင်သိမ်းတာ၊ Greenland ကို ရယူဖို့ခြိမ်းခြောက်တာ၊ အီရန်ကို တိုက်ခိုက်တာတွေကို လူသိရှင်ကြား ရှုတ်ချတာမျိုးကို ထရမ့်အစိုးရက သည်းခံချင်မှာ မဟုတ်ပါဘူး။ အလားတူ ပူတင်ကလည်း သူ့ရဲ့ ဥပဒေ ချိုးဖောက်မှု တွေကို ထောက်ပြမယ့် အတွင်းရေးမှူးချုပ်မျိုး လိုချင်မှာ မဟုတ်ပါ။ ယူကရိန်း ကို စစ်ဆင်တာကို ဝေဖန်တဲ့ လက်ရှိ အတွင်းရေးမှူးချုပ် ဂူတားရက်စ်ကိုသူက မုန်းတီးပါတယ်။ တရုတ်ကတော့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ နယ်ပယ် ပိုင်ဆိုင်ရေး အငြင်းပွားမှုတွေအပေါ် သူ့ကို ကုလသမဂ္ဂ က ခပ်ရင့်ရင့် မေးခွန်းတွေ ထုတ်မယ့်အစား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု တွေရဲ့ အဓိကမောင်းနှင်သူကြီးအဖြစ် ချီးကျူးစေချင်ပါတယ်။

ဒါတွေရဲ့ အဓိပ္ပာယ်ကတော့ နိုင်စားလိုသူတွေနဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကမ္ဘာကြီးရဲ့ ပုံစံက ၁၉၂၀ခုနှစ် လောက်က ချီကာဂိုမြို့ အခြေအနေမျိုးနဲ့ ဆင်တူပေမယ့် အခွန်ရှောင်မှု၊ ရဲတပ်ဖွဲ့ဥပဒေကို ကျော်လွန်မှု၊ တရားသူကြီးတွေ နိုင်ငံရေးသမားတွေကို လာဘ်ပေးပြီး အိတ်ထဲထည့်ထားမှုတွေနဲ့ အယ်ကပုန်း (Al Capone2) ကို ထောင်ထဲ ပို့တဲ့ အဲဒီအချိန်တုန်းက တရားရုံးချုပ်လို နေရာကို ကုလသမဂ္ဂက ဝင်ချင်မယ် မဟုတ်ပါဘူး။ နောက် တက်လာမယ့် အတွင်းရေးမှူးချုပ်အနေနဲ့ အကောင်းဆုံးလုပ်နိုင်တာဆိုလို့ ဒုစရိုက်ကမ္ဘာ မြို့တော်ကြီးမှာ ပြန်လည် ပြင်ဆင်ချင်တဲ့ ဆန္ဒရှိသူ မြို့တော်ဝန် သို့မဟုတ် ရဲတပ်ဖွဲ့မှူး နေရာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်သူပဲ တက်လာလာ နိုင်စားမယ့်နိုင်ငံကြီးတွေရဲ့ ကောင်းချီးနဲ့ ရတဲ့နေရာကနေ ကောင်းတာလေးတွေ လုပ်သွားနိုင်ဖို့ပဲ ရှိပါတယ်။

စာနဲ့ရေးမထားတဲ့ သဘောတူညီချက်အရတော့ လက်တင်အမေရိကနိုင်ငံတွေက အတွင်းရေးမှူးချုပ်ရာထူး ယူရမည့် အလှည့်ဖြစ်ပြီး နိုင်ငံတော်တော်များများက အမျိုးသမီး အတွင်းရေးမှူးချုပ် လိုချင်ကြပါတယ်။ ချီလီသမ္မတဟောင်း မီချဲလ် ဘာချလေ (Michelle Bachelet) က ဝင်ပြိုင်နေပေမယ့် ကောလာဟလသတင်းတွေအရ သူမ မရနိုင်ပါ။ သူမဟာ အမေရိကန် အစိုးရအပေါ်  ရန်လိုလွန်းပြီး တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးကိစ္စတွေ အပေါ်တော့ ပျော့ပျောင်းတယ်လို့ ထရမ့်ရဲ့ အမေရိကန်အစိုးရက သဘောထားရှိနေတာပါ။ ဇူလိုင် ၃၀ ရက်နေ့က ၁၅ နိုင်ငံ သဘောထားပေးရာမှာ ပေါ်ထွက်လာသူတွေက ကော့စတာရီကာနိုင်ငံ ဒု သမ္မတဟောင်းနဲ့ UNCTAD အကြီးအကဲ မစ္စ ဂရင်းစပန်း၊ အာဂျင်တီးနားနိုင်ငံသား International Atomic Energy Agency အကြီးအကဲ မစ္စတာ ရပ်ဖဲလ်ဂရော့စီ တို့ဖြစ်ပါတယ်။ မစ္စ ဂရင်းစပန်းသာ တက်လာမယ်ဆိုရင် ပထမဆုံး အမျိုးသမီးနဲ့ ပထမဆုံး ဂျူးလူမျိုး အတွင်းရေးမှူးချုပ် ဖြစ်လာမှာပါ။ ပင်လယ်နက်ထဲမှာ ၂၀၂၂ ခုနှစ်က ယူကရိန်းကိုပို့မယ့် သီးနှံတွေကို ပူတင်က ပိတ်ဆို့ထားတဲ့ အရေးအခင်းမှာ သူမ ပါဝင်လာပြီး သီးနှံတွေ ပို့ခွင့်ရအောင် လုပ်ပေးခဲ့တာ ထင်ရှားပါတယ်။ ဆိုးညစ်တဲ့ကမ္ဘာကြီးမှာ ကောင်းတဲ့အလုပ် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြပေးတဲ့ သာဓက တစ်ခုပါ။ ဂရော့စီကတော့ အင်အား ကြီး နိုင်ငံရေးခေတ် ပြန်ရောက်မယ်လို့ ပြောနေတာပါ။ အာဏာပြိုင်နေသူတွေကြားထဲ နိုင်ငံရေးနေရာ တစ်ခုထားပြီး ခေါင်းဆောင်တွေအကြား ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့ပါ။ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း နျူကလီးယား စက်ရုံကို ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ဝင်ရောက်စစ်ဆေးနိုင်ဖို့ အရေးမှာ သူက အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တချို့ကုလသမဂ္ဂ ဝန်ထမ်းဟောင်းတွေက သူဟာ ထရမ့်နောက်ကို လိုက်လိမ့်မယ်လို့ ထင်ပြီး မယုံကြပါ။

နာမည်ကျော် လူမိုက်ဂိုဏ်းခေါင်းဆောင် အယ်ကပုန်း (Photo credit: Wikipedia)

လိုအပ်ချက်တွေရှိနေပေမယ့် ကုလသမဂ္ဂ အခုထိ ဆက်ရှိနေတာက အသုံးဝင်နေလို့ပါ။ အမေရိကန်၊ ရုရှားနဲ့ တရုတ် ကိုယ်စားလှယ်တွေ နေ့စဉ်တွေ့ဆုံနိုင်တဲ့ ရှားရှားပါးပါး နေရာဖြစ်နေလို့ပါ။ ကြမ်းတမ်းတဲ့ နိုင်ငံအစိုးရတွေရော၊ သိမ်မွေ့တဲ့ အစိုးရတွေပါ ကမ္ဘာ့အရေးအခင်းတွေကို ဆွေးနွေးဖို့လိုပါတယ်။ အဲလို ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ ရှိနေပါတယ်။ ပြဿနာအားလုံးဖြေရှင်းနိုင်တာတော့ မဟုတ်ပါဘူး။ စစ်ပွဲ တွေကြားမှာ စစ်ပြေငြိမ်းမှုတွေ၊ ကျေအေးမှုတွေ အတွက် ကြားဝင်လုပ်ဆောင်ပေးနိုင်ခဲ့သလို လုံခြုံရေး ကောင်စီကလည်း ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပြီး စစ်ရပ်စဲမှုတွေကို စောင့်ကြည့်တာတွေ လုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် အားနည်းသူတွေကို ဖိနှိပ်နင်းချေပြီး ရယူတဲ့ လူမိုက်ဂိုဏ်းငြိမ်းချမ်းရေးမျိုးကိုလည်း သတိပြုရပါမယ်။ ချီကာဂိုမှာ လူမိုက်ဂိုဏ်းတွေအကြား သတ်ပွဲတွေ ပြီးဆုံးသွားပြီး နောက် နှစ်အတော်ကြာတဲ့အခါ “အခုရရှိနေတဲ့ ဒုစရိုက်ကမ္ဘာအတွင်း ငြိမ်းချမ်းမှုအတွက် ချီကာဂိုမြို့က သူ့ကို ကျေးဇူးတင် အသိအမှတ်ပြုရမယ်” လို့ အယ်ကပုန်းက တောင်းဆိုပါတယ်။ ယူကရိန်း သို့မဟုတ် ဂါဇာမှာ အယ်ကပုန်းပုံစံ ငြိမ်းချမ်းရေးက သိပ်ကို တန်ဖိုးကြီးပါလိမ့်မယ်။ ဒါပေမဲ့ ခိုင်မာအားကောင်း လှတာလည်း ငြင်းလို့မရပါဘူး။

မှတ်စု

  • မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က အတွင်းရေးမှူးချုပ် ရာထူးကို “ကမ္ဘာ့စာရေးကြီး” ဟုညွှန်းဆိုခဲ့ဖူးသည်။
  • အမေရိကန်နိုင်ငံသား အယ်ကပုန်းသည် ချီကာဂိုမြို့တွင် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် ၁၉၂၅ မှ ၁၉၃၁ အထိ ဒုစရိုက် လုပ်ငန်းများကို ဦးဆောင်ခဲ့ပြီး ၁၉၃၁ အသက် ၃၃နှစ်အရွယ်တွင် ထောင်ဒဏ် အပြစ် စီရင်ခံရသည်။
Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *