ဟောမုဇ်နဲ့မလက္ကာရေလက်ကြားတွေရဲ့ ထိခိုက်လွယ်တဲ့ အားနည်းချက်တွေဟာ အခြေခံအရခြားနားကြပါတယ်။ ဒါပေမဲ့ မလက္ကာရေလက်ကြားပိတ်လိုက်ရင်တော့ အခြေအနေက ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။
အမေရိကန်နဲ့အစ္စရေးနိုင်ငံတွေက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့ဖြစ်ရပ်အဖြစ်အီရန်နိုင်ငံရဲ့ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ အခုတစ်ခါ ကမ္ဘာပေါ်မှာအခိုင်မာဆုံးနဲ့ရေရှည် အမြစ်တွယ်နေတဲ့ မဟာဗျူဟာမြောက် အားနည်းချက်တွေရှိတဲ့ နေရာတစ်ခု ပြန်ဖြစ်လာခဲ့တယ်။ ပမာဏအရဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ပင်လယ်ရေကြောင်းလမ်းကိုအသုံးပြုပြီးပို့ဆောင်ခဲ့ရတာဖြစ်တယ်။ ထူးခြားတာကတော့ အဲဒီလိုပို့ဆောင်မှုရဲ့ရေကြောင်း သွားလာမှုတွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ဗျူဟာမြောက် ကျဉ်းမြောင်း ရေကြောင်းဆုံမှတ် (Choke Point)တွေကိုဖြတ်သန်းသွားလာရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင်တော့ ပင်လယ်ရေကြောင်းလမ်းကနေလာတဲ့ ရေနံကုန်သွယ်ရေးအားလုံးရဲ့ လေးပုံတစ်ပုံနဲ့ တစ်ကမ္ဘာလုံးရဲ့ သဘာဝ ဓာတ်ငွေ့ရည်တင်ပို့မှု (Liquified Natural Gas – LNG)ရဲ့ငါးပုံတစ်ပုံလောက်ဟာ ပုံမှန်အားဖြင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသယ်ဆောင်ကြရပါတယ်။ အရှေ့ဘက်ကိုဆက်သွားရင်တော့အစွန်ဆုံးမှာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ထားပြီး စွမ်းအင်ပို့ဆောင်ဖြည့်ဆည်းရေး၊စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်း အစိတ်အပိုင်းများနှင့်စက်မှု ကုန်ချောပစ္စည်းများရဲ့ပိုပြီးတော့ကြီးမားတဲ့အပိုင်းတွေတောင်ပါဝင်တဲ့ ကမ္ဘာ့ရေကြောင်းသွားလာမှုရဲ့ငါးပုံတစ်ပုံကျော်ကို ထိန်းချုပ်ကိုင်တွယ်ဆောင်ရွက် နေရာ မလက္ကာ ရေလက်ကြား ရှိပါသေးတယ်။
ဘာ့ဘ်အယ်လ်မန်ဒက်ဘ်(Bab el -Mandeb Strait) ရေလက်ကြားကိုဖြတ်သန်းပြီး ကုန်စည်ပို့ဆောင်တဲ့ ကုန်သွယ်ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းကို ဟူသီသူပုန်တွေကတိုက်ခိုက်တာကြောင့် ၂ဝ၂၃ခုနှစ်မှာ ပင်လယ်နီအရေးအခင်း ပေါ်ပေါက်ခဲ့ပြီး ဒီရေကြောင်းစင်္ကြံတွေရဲ့ အခြေမခိုင်မှုကို ဖော်ပြခဲ့ပြီးသားဖြစ်တယ်။ တလောကလေးတုန်းကပဲ အီရန်နိုင်ငံရဲ့ ဟောမုဇ်ရေလက်ကြားကို ပထဝီဝင်နိုင်ငံရေးချိန်ညှိမှုအဖြစ်အသုံးချမှုဟာ ပဋိပက္ခတစ်ခုအတွင်းမှာ နိုင်ငံတစ်နိုင်ငံတည်းက ပထဝီဝင်အခြေအနေတွေကို အသုံးပြုပြီး မဟာဗျူဟာမြောက် ဖိအားပေးနိုင်ပုံကို လက်တွေ့ပြသလိုက်တာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေ အားလုံးပေါင်းလိုက်ရင် ရေရှည်တည်ရှိနေတဲ့ အားနည်းချက်ဒါမှမဟုတ် ထိခိုက်လွယ်နိုင်တဲ့ အချက်နှစ်ခုကို မီးမောင်းထိုးပြသလို ဖြစ်သွားပါတယ်။ ပထမအချက် ကတော့ နိုင်ငံတွေဟာ သူတို့ရဲ့ ပထဝီဝင်အနေအထားကို လက်နက်သဖွယ် အသုံးချနိုင်စွမ်းနဲ့ ဒုတိယအချက်ကတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေက မရှိမဖြစ်လိုအပ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက် ဖျက်ဆီးတဲ့လုပ်ရပ်တွေကနေ တားဆီးနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြထားပါတယ်။
လမ်းကြောင်းတွေ လုံးဝပိတ်ဆို့သွားတာမျိုး မရှိတဲ့တိုင် အဓိကကျတဲ့ရေကြောင်းစင်္ကြံတွေကိုတိုက်ခိုက်တာ ဒါမှမဟုတ်တိုက်ခိုက်ဖို့ ခြိမ်းခြောက်တာတွေဟာ အာမခံကြေးတွေကိုမြင့်တက်စေနိုင်ပြီး သင်္ဘောတွေကို ပိုပြီးခရီးစဉ်ရှည်လျားပြီးကုန်ကျစရိတ်ကြီးမြင့်လှတဲ့ လမ်းကြောင်းတွေဘက်ကနေသွားရောက်စေဖို့ ဖိအားပေးပြီးသယ်ယူပို့ဆောင်ရေးစရိတ်စကတွေကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။ အပြန်အလှန် ချိတ်ဆက်နေတဲ့ ကမ္ဘာ့စီးပွားရေးမှာ ကျဉ်းမြောင်းတဲ့ ရေကြောင်းလမ်း တစ်ခုတည်းပိတ်ဆို့သွားရုံမျှနဲ့ ကမ္ဘာတစ်ခုလုံးရဲ့ စီးပွားရေး ကမောက်ကမဖြစ်တာရဲ့ အဓိကအကြောင်းရင်း ဇာစ်မြစ်လိုအတော်ကို မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်တာပါပဲ။
ဟောမုဇ်နဲ့မလက္ကာရေလက်ကြားတွေရဲ့ အားနည်းချက်တွေဟာ အခြေခံသဘောအရကတော့ မထူးလှပါဘူး။ ဟောမုဇ်ရေလက်ကြားဟာအခြေခံအားဖြင့်ကို ပထဝီဝင်နိုင်ငံရေးအရ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေနဲ့ ကြုံတွေ့ခွင့် ရနေတယ်။ အဲဒါက ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်အောင် ရေကြောင်းသွားလာမှုကို တမင်တကာ ကန့်သတ်ပိတ်ပင်နိုင်တဲ့ဖြစ်နိုင်ခြေပဲဖြစ်ပါတယ်။ တစ်ဖက်မှာကတော့ မလက္ကာရေလက်ကြားရဲ့မဟာဗျူဟာအရအရေးပါမှုဟာသူ့ရဲ့ပထဝီဝင်အနေအထားကိုယ်တိုင်ကြောင့်ပဲဖြစ်တယ်။ ဘယ်လိုရေရှည်နှောင့်ယှက်ဟန့်တားမှုမျိုးမဆိုဒေသကြီးအတွင်း စျေးကွက်တစ်ခု သက်သက်လောက်ကိုပဲ ထိခိုက်ရုံသာမကပါဘူး အိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်တဲ့ကုန်သွယ်ရေးစနစ်ကြီး တစ်ခုလုံးကို ဂယက်ရိုက်ခတ်စေမှာဖြစ်ပါတယ်။
သူတို့ရဲ့စွမ်းအင်တင်သွင်းမှုနဲ့လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းအများစုသိသာထင်ရှားတဲ့ပမာဏရရှိဖို့အတွက်မလက္ကာရေလက်ကြားကို မှီခိုအားထားနေရတဲ့အာရှက စီးပွားဖွံ့ဖြိုးတဲ့နိုင်ငံတွေအတွက်ကတော့ စီးပွားရေး အကျိုးသက်ရောက်မှု ရလဒ်တွေဟာချက်ချင်းလက်ငင်းနဲ့ပြင်းပြင်းထန်ထန်ထိခိုက် ခံစားရပါလိမ့်မယ်။
အင်ဒိုနီးရှားနိုင်ငံ ဆုမတ်တြားကျွန်းနဲ့မလေးယားကျွန်းဆွယ်ကြားမှာတည်ရှိပြီး အကြမ်းအားဖြင့်ဆိုရင် ကီလိုမီတာ ၉ဝဝ လောက်ရှည်တဲ့ မလက္ကာ ရေလက်ကြားဟာ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အရှေ့အာရှ ဒေသကြီးတွေကို ဆက်သွယ်ရာမှာ အတိုဆုံးရေကြောင်းခရီးလမ်းပဲဖြစ်ပါတယ်။ ဒီရေလက်ကြားဟာ အိန္ဒိယသမုဒ္ဒရာကို တောင်တရုတ်ပင်လယ်နဲ့ နောက်ဆုံးမှာတော့ပစိဖိတ်သမုဒ္ဒရာနဲ့ပါဆက်သွယ်ပေးထားပြီး ကမ္ဘာပေါ်မှာ ပင်လယ်ကူး ကုန်သွယ်ရေကြောင်းသင်္ဘောကြီးတွေ အသွားအလာအများဆုံးရေလမ်းခရီးတစ်ခုဖြစ်စေခဲ့တယ်။
ဒါပေမဲ့မလက္ကာရေလက်ကြားရဲ့ ပထဝီဝင်အနေအထားက ကြီးမားတဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီရေလမ်းကြောင်းဟာ စင်္ကာပူနိုင်ငံနားမှာရှိတဲ့ ဖိလစ်ရေလမ်းကြောင်း (Phillip Channel) မှာ အကျဉ်းမြောင်းဆုံးဖြစ်သွားပြီး အကျယ်အဝန်း သုံးကီလိုမီတာတောင်မပြည့်တော့ပါဘူး။ အဲဒီလိုကျဉ်းမြောင်းတဲ့ရေလမ်းကြောင်းဟာ စင်္ကြံတစ်ခုလုံးရဲ့ အဓိကကျပ်တည်းရာနေရာ (bottleneck) နဲ့ရေကြောင်းသွားလာမှု အထူထပ်ဆုံး စင်္ကြံအပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလို မြေမျက်နှာပြင်ဆိုင်ရာ လက္ခဏာရပ်တွေကြောင့် မလက္ကာရေလက်ကြားဟာ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေအတွက်သာမကပါဘူး၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘေးအန္တရာယ်တွေအတွက်ပါ ထိခိုက်လွယ်စေပါတယ်။ သင်္ဘောအသွားအလာ ထူထပ်တာကြောင့် သင်္ဘောချင်း တိုက်မိနိုင်ခြေကို မြင့်တက်စေတယ်။ ဒါတင်မကသေးဘူး ပင်လယ်ဓားပြ အန္တရာယ်ကလည်းလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့ယှဉ်ကြည့်လိုက်ရင် သိသိသာသာ လျော့ကျသွားပေမယ်လို့ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုအနေနဲ့ကတော့ဆက်ပြီးရှိနေတုန်းပါပဲ။
စွမ်းအင်အသုံးပြုရေးအမြင်အရ ကြည့်မယ်ဆိုရင်တော့ ဒီရေလက်ကြားရဲ့ အရေးပါမှုဟာ ပိုပြီးတော့တောင် ကြီးမားပါတယ်။ ကမ္ဘာ့ရေကြောင်းကနေ သယ်ယူပို့ဆောင်တဲ့ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ လေးပုံတစ်ပုံကျော်ဟာ မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာနေကြတာမို့ဒီပမာဏဟာ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း သယ်ဆောင်တဲ့ ပမာဏထက်တောင် ပိုမိုများပြားပါတယ်။ စင်စစ်ကတော့အဲဒီရေလမ်းကြောင်း နှစ်ခုဟာ အတော်ကိုနီးနီးစပ်စပ်ဆက်စပ်နေပါတယ်။ မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး သယ်ဆောင်သွားတဲ့ ရေနံစိမ်း အများစုဟာ ပါရှားပင်လယ်ကွေ့ကနေစပြီးထွက်လာတာပဲဖြစ်တယ်။ အရှေ့အာရှရဲ့အဓိက စီးပွားရေးနိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့်ကတော့ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတွေဆီကိုဆက်လက်မောင်းနှင်မသွားမီ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းပြီးလာခဲ့တာပဲဖြစ်တယ်။
ဆူးအက်တူးမြောင်းဒါမှမဟုတ် ပနားမား တူးမြောင်းတွေနဲ့မတူဘဲမလက္ကာရေလက်ကြားဟာ အာဏာပိုင် အဖွဲ့အစည်းတစ်ခုတည်းကစီမံခန့်ခွဲတဲ့ လူတွေ ဖန်တီးထားတဲ့ရေကြောင်းလမ်းတစ်ခု မဟုတ်ပါဘူး။ တကယ်တော့အဲဒီရေလက်ကြားဟာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတွေရဲ့စီရင်ပိုင်ခွင့်အောက်မှာ ရှိနေပြီး အဲဒီနိုင်ငံတွေက ရေကြောင်းလုံခြုံရေးနှင့် သွားလာမှု စီမံခန့်ခွဲရေးတို့အတွက် ပူးတွဲတာဝန်ယူထားကြတာပါ။ အဲဒီနိုင်ငံတွေရဲ့ဥပဒေရေးရာစနစ်ကို ကမ်းရိုးတန်းသုံးနိုင်ငံစလုံး အတည်ပြုလက်မှတ်ရေးထိုးထားတဲ့၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) အရအုပ်ချုပ်ကွပ်ကဲတာဖြစ်ပါတယ်။ အဲဒီကွန်ဗင်းရှင်းအရ ရေလက်ကြားဟာ “ဖြတ်သန်းသွားလာခွင့် မူအောက်၌” (transit passage) တည်ရှိပြီး၊ ကမ်းရိုးတန်းနိုင်ငံတွေဟာ သွားလာမှုကို ဆိုင်းငံ့ခြင်း ဒါမှမဟုတ် သိမ်ဖျင်းသော အကြောင်းပြချက်တွေနဲ့ ကန့်သတ်တာမျိုးတွေ ရေလက်ကြားဖြတ်သန်းခွင့် အဖိုးစားနားသတ်မှတ်ပြီး အခွန်ငွေ ကောက်ခံတာမျိုးတွေ မပြုလုပ်ဘဲ နိုင်ငံပေါင်းစုံက သင်္ဘောတွေကို အနှောင့်အယှက်မရှိ လျင်မြန်စွာ ခရီးဆက်ခွင့်ပြုရမယ်လို့ အာမခံချက်ပေးထားတာဖြစ်တယ်။
အဲဒီဥပဒေရေးရာမူဘောင်ဟာ ပိတ်ဆို့နှောင့်ယှက်မှုတွေလုံးဝ မဖြစ်နိုင်ဟု မဆိုလိုပေမယ့် တမင်တကာ ပိတ်ပစ်ခြင်းမျိုးကိုတော့ ဖြစ်နိုင်ခြေ တော်တော်လေး နည်းပါးသွားစေပါတယ်။ ရေကြောင်းသွားလာမှုကို ပိတ်ဆို့ဖို့ ကြိုးပမ်းမှုမှန်သမျှဟာ ကမ်းရိုးတန်းနိုင်ငံတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCLOS) အောက်ရှိ မိမိတို့၏ တာဝန်ဝတ္တရားများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရန် လိုအပ်မှာ ဖြစ်တယ်။ ဒါကြောင့်ဒေသတွင်း ပဋိပက္ခကြီးတစ်ခု မဖြစ်ပွားသရွေ့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ မလက္ကာရေလက်ကြားကို ပိတ်ပစ်တာမျိုးကတော့ ဖြစ်ခေါင့်ဖြစ်ခဲ ရေနက်ပိုင်း အခြေအနေတစ်ခုအဖြစ်သာ ရှိနေဆဲဖြစ်ပါတယ်။
ဒါ့ပြင် မလက္ကာရေလက်ကြားဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတို့အကြား တစ်ခုတည်းသော ရေကြောင်းလမ်း မဟုတ်ပါဘူး။ ဆွန်ဒါ (Sunda)၊ လုံဘောက် (Lombok) နှင့် မာကက်ဆာ (Makassar)ရေလက်ကြားတွေ အပါအဝင် တခြားရေကြောင်းလမ်းတွေဟာ အင်ဒိုနီးရှားကျွန်းစုတွေကတစ်ဆင့် ရှောင်ကွင်းသွားလာနိုင်တဲ့ နည်းလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ဘယ်ရေကြောင်းလမ်းကမှမလက္ကာရေလက်ကြားရဲ့နေရာမှာ အပြည့်အဝ အစားထိုး နိုင်တာမျိုး မရှိပါဘူး။ ဆွန်ဒါ ရေလက်ကြားဟာ ရေကြောင်းသွားလာရေးအတွက် သိသာထင်ရှားတဲ့ အကန့်အသတ်တွေ ရှိနေပြီး လုံဘောက်နှင့် မာကက်ဆာတို့ကတော့သင်္ဘောကြီးတွေကို လက်ခံသွားလာနိုင်ကြပေမယ့် ခရီးစဉ်ကို သိသိသာသာ ပိုမိုရှည်လျားစေတယ်။ ဒါကြောင့် သွားလာချိန်၊ စက်သုံးဆီသုံးစွဲမှုနှင့် သင်္ဘောတင်ပို့ခ ကုန်ကျစရိတ်များကို တိုးမြင့်စေပါတယ်။ တစ်နည်းပြောရရင်တော့ တခြား ရေကြောင်းလမ်းတွေဟာ ပင်လယ် ရေကြောင်း သွားလာမှု လုံးဝရပ်ဆိုင်းသွားမယ့်အန္တရာယ်ကို လျှော့ချပေးနိုင်ကြပေမယ့် မလက္ကာရေလက်ကြား ရေရှည်ပိတ်ဆို့မှုကြောင့် ဖြစ် ဖြစ်ပေါ်လာမယ့်ကြီးမားတဲ့စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်တွေကိုတော့ ထိထိရောက်ရောက် လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။
ကမ္ဘာ့ရေကြောင်းသွားလာမှု အများဆုံး ရေကြောင်းလမ်းကို စီမံခန့်ခွဲခြင်း
မလက္ကာရေလက်ကြားရဲ့တည်ငြိမ်မှုဟာဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုအကြား သိမ်မွေ့တဲ့ ဟန်ချက်ညီမှုပေါ်မှာ မူတည်နေပါတယ်။ မလက္ကာရေလက်ကြား စီမံခန့်ခွဲမှုဟာကမ္ဘာ့အရေးပါဆုံး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို စဉ်ဆက်မပြတ် ပွင့်နေစေဖို့ဆိုတဲ့ ဘုံရည်မှန်းချက်နဲ့အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ရလဒ်ဖြစ်ပါတယ်။
အဲဒီသုံးနိုင်ငံစလုံးအတွက် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဟာ ဥပဒေရေးရာ မူဝါဒ တစ်ခုအဆင့်လောက်သာ မကပါဘူး။ အင်မတန်အရေးပါတဲ့ စီးပွားရေးအကျိုးစီးပွားပဲဖြစ်ပါတယ်။ အနှောင့်အယှက်မရှိ စီးဆင်းနေတဲ့ ရေကြောင်းကုန်သွယ်မှုဟာအဲဒီတွေရဲ့ ချမ်းသာကြွယ်ဝမှုကိုအခြေခံထောက်ကူ ပေးထားတာမို့အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံရေးအရ ရွေးချယ်မှုတစ်ခုထက်ကိုပိုပြီးမဟာဗျူဟာမြောက် လိုအပ်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ မလက္ကာရေလက်ကြားဟာ မတည်ငြိမ်မှုတွေကနေ ကင်းလွတ်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အခုအချိန်မှာဆိုရင်အဲဒီရေလက်ကြားဟာ စီးပွားရေးအကျိုးစီးပွားများ၊ အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုတွေနဲ့ ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေဆုံစည်းရာ နေရာတစ်ခု ပိုပြီးဖြစ်လာနေပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်ကာလ ကတည်းက အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေဟာ ရေတပ်ကင်းလှည့်မှုတွေကို ပူးပေါင်းဆောင်ရွက်တာတို့၊ ပင်လယ်ဓားပြနှိမ်နင်းရေး လုပ်ငန်းစဉ်တွေကိုဆောင်ရွက်တာနဲ့ သင်္ဘောသွားလာမှု ထိန်းသိမ်းကွပ်ကဲတာတွေကိုလုပ်ပြီး ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်ခဲ့ကြတယ်။ ဒီလိုပေါင်းဆောင်ရွက်မှု မူဘောင်ရဲ့ ခိုင်မာအားကောင်းတာကြောင့် မလက္ကာရေလက်ကြားဟာ ဗျူဟာမြောက် အင်မတန်အရေးပါတဲ့နေရာတစ်နေရာဖြစ်ပေမဲ့တခြား အဓီကရေကြောင်းအချက်အချာ ဗျူဟာမြောက်နေရာတွေလို ရေရှည် အနှောင့်အယှက်ဖြစ်ပွားမှုမျိုးတွေကနေ ကင်းဝေးနေရခြင်း ဖြစ်ပါတယ်။ ပထဝီဝင်အနေအထား ကိုယ်တိုင်ကလည်း ဒီလိုပူးပေါင်းဆောင်ရွက်မှု ချဉ်းကပ်ပုံကို ပိုပြီးတော့ခိုင်မာစေတယ်။ ကမ်းရိုးတန်းသုံးနိုင်ငံအနက် ဘယ်နိုင်ငံကမှရေလက်ကြားတစ်ခုလုံးကို တစ်ဦးလက်ဝါးကြီးအုပ်ထိန်းချုပ်ကွပ်ကဲခွင့် မရှိသလို၊ ဘယ်နိုင်ငံကမှလည်းအဲဒီရေလက်ကြားရဲ့ လုံခြုံရေးကို လွတ်လပ်စွာ တစ်နိုင်ငံတည်းက တာဝန်ယူ မပေးနိုင်ကြပါဘူး။ ဒါပေမဲ့လိုဒီလိုပူးပေါင်းဆောင်ရွက်မှုကို ရာနှုန်းပြည့် ဗျူဟာမြောက် ပန်းတိုင်ချင်း ထပ်တူကျနေတယ်လို့တော့ မယူဆသင့်ပါဘူး။ အစိုးရသုံးရပ်လုံးသည် မလက္ကာရေလက်ကြားတည်ငြိမ်ရေးနှင့် သင်္ဘောတွေလွတ်လွတ်လပ်လပ်သွားလာနိုင်စေရေးအတွက် ခိုင်မာတဲ့ စိတ်ဆန္ဒရှိကြပေမဲ့ ရေလက်ကြားကို အလေးပေးတဲ့ဗျူဟာမြောက် တန်ဖိုးထားမှုချင်းတော့ တူညီချင်မှ တူညီကြပါလိမ့်မယ်။
စင်္ကာပူနိုင်ငံဆိုရင်မလက္ကာရေလက်ကြားမှာ ထိခိုက်မှုအနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် နစ်နာဆုံးရှုံးမှု အများဆုံးခံရမယ့် နိုင်ငံဖြစ်နိုင်ပါတယ်။ အဲဒီမြို့ပြနိုင်ငံဟာသူ့ရဲ့ စီးပွားရေး အောင်မြင်မှုအများစုကို အရှေ့တောင်အာရှ ရဲ့ အဓိက ထောက်ပံ့ပို့ဆောင်ရေးနဲ့ဘဏ္ဍာရေး ဗဟိုချက်အဖြစ် ပုံဖော်တည်ဆောက်ထားတာဖြစ်တယ်။ စင်္ကာပူဆိပ်ကမ်းဟာကမ္ဘာ့ဒုတိယမြောက် လုပ်ငန်းဆောင်ရွက်မှုအများဆုံးကွန်တိန်နာဆိပ်ကမ်းဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးထားတဲ့ပင်မ ကုန်ပစ္စည်းလက်လွှဲရာ ဗဟိုဌာနအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါကြောင့် ရေကြောင်းသွားလာမှု တာရှည်အနှောင့်အယှက်ဖြစ်ခံရမယ်ဆိုရင် စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးပုံစံ အခြေခံအုတ်မြစ်တစ်ခုလုံးကို ဂယက်ရိုက်ခတ်သွားမှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံကလည်း ရေလက်ကြားအတွင်း တည်ငြိမ်ရေးဟာ ဒေသတွင်း အကြီးမားဆုံး ရေကြောင်း တံခါးပေါက်တစ်ခုဖြစ်တဲ့ပို့ကလန်း (Port Klang) အပါအဝင် သူ့နိုင်ငံရဲ့၏ ဆိပ်ကမ်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ရှုမြင်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ပိုပြီးရှုပ်ထွေးတဲ့ဗျူဟာမြောက် အနေအထားမှာရှိနေပါတယ်။ မလက္ကာ ရေလက်ကြားရဲ့ ကမ်းရိုးတန်း အစိတ်အပိုင်းအတော်များများကို ထိန်းချုပ်ထားရုံသာမက အင်ဒိုနီးရှားအစိုးရဟာ မလက္ကာလမ်းကြောင်း ပိတ်ဆို့သွားရင်အဓိက အစားထိုး အသုံးပြုနိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ဆွန်ဒါ (Sunda)နှင့် လွမ်းဘော့ (Lombok) ရေလက်ကြားတွေကိုလည်း အချုပ်အခြာအာဏာ ကျင့်သုံးထားသည်။ အဲဒီအခြေအနေက အင်ဒိုနီးရှားကို ထူးခြားတဲ့ပထဝီဝင်နိုင်ငံရေး အသာစီးရရှိစေပါတယ်။ အကြောင်းကတော့ အင်ဒိုနီးရှားနိုင်ငံဟာ ပင်မရေကြောင်း စင်္ကြံကိုသာမက သွားလာနိုင်တဲ့တခြားလမ်းကြောင်းတွေကိုပါ သြဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော ကမ်းရိုးတန်းနိုင်ငံ ဖြစ်တာကြောင့်ပဲဖြစ်တယ်။ အဲဒါကြောင့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို က အင်ဒိုနီးရှားနိုင်ငံရဲ့ ပထဝီဝင်အနေအထားကို တိုင်းပြည်ရဲ့အကြီးမားဆုံး ဗျူဟာမြောက် ပိုင်ဆိုင်မှုတွေက တစ်ခုအဖြစ် ထပ်ကာတလဲလဲ ဖော်ပြပြောဆိုခဲ့တာကတော့ အံ့ဩစရာ မဟုတ်တော့ပါဘူး။ အင်ဒိုနီးရှားအစိုးရရဲ့ အမြင်မှာတော့ ဒီရေလမ်းကြောင်းတွေကို ထိန်းချုပ်ထားတာဟာ ရေကြောင်းလုံခြုံရေး ကိစ္စသက်သက် မဟုတ်ဘဲ အင်ဒိုပစိဖိတ်ဒေသတွင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုရရှိနိုင်ရေးနဲ့သူ့နိုင်ငံရဲ့ အချက်အချာကျတဲ့အခန်းကဏ္ဍကိုမြှင့်တင်နိုင်ရေး နည်းလမ်းတစ်ခု အဖြစ်လည်း ရှုမြင်ထားပါတယ်။
အဲဒီလို ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုဟာ အခုနှစ်စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဟောမုဇ် ရေလက်ကြား အကျပ်အတည်းကာလအတွင်းမှာထင်ရှားပေါ်လွင်လာခဲ့တယ်။ တင်းမာမှုများ အမြင့်ဆုံး ရောက်ရှိနေချိန်မှာ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယုဓိ ဆာဒေဝါ (Purbaya Yudhi Sadewa) က မလက္ကာ ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့သင်္ဘောများထံမှ ဖြတ်သန်းခကောက်ခံဖို့ အကြံပြုချက်ကို စတင်ပြီး တင်ပြခဲ့တယ်။ အဲဒီအဆိုပြုချက်ကို မလေးရှားနှင့် စင်္ကာပူနိုင်ငံတွေကချက်ချင်းပဲ ငြင်းပယ်ခဲ့ကြပြီး နိုင်ငံတကာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်တာကိုလည်း ခံခဲ့ရတယ်။ အဲဒီနောက်တော့ အင်ဒိုနီးရှား အစိုးရဟာ ရေလက်ကြားကို အုပ်ချုပ်တဲ့ လက်ရှိဥပဒေစနစ်နဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်မှာဖြစ်ကြောင်း ပြန်ပြီးတော့ အတည်ပြုကာ သူ့နိုင်ငံရဲ့အဆိုပြုချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
ခဏတာမျှသာ ဖြစ်ပွားခဲ့ပေမယ့်အဲဒီဖြစ်စဉ်ဟာ သတိပြုစရာ ကောင်းလှပါတယ်။ ရေကြောင်းဆိုင်ရာ မဟာဗျူဟာ ကျတဲ့ကျဉ်းမြောင်းတဲ့ ရေလက်ကြားတွေဟာ ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးမှာ ပိုပြီးတော့ အချက်ကျလာတာနဲ့ အမျှ ကမ်းရိုးတန်းနိုင်ငံတွေဟာအဲဒါတွေကို ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ နိုင်ငံတကာ အများပိုင်ပစ္စည်းအဖြစ် သတ်မှတ်ရုံတင်မကဘဲ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်တဲ့မဟာဗျူဟာမြောက် အရင်းအမြစ်တွေအဖြစ်ပါ ရှုမြင်လာကြပါလိမ့်မယ်။ ဟောမုဇ် အကျပ်အတည်းဟာအဲဒီလိုအယူအဆ ပြောင်းလဲလာမှုကို တွန်းအားပေးခဲ့တယ်။ ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းခ ကောက်ခံနိုင်ခြေနဲ့ စပ်လျဉ်းလို့ဆွေးနွေးမှုတွေဟာတခြားနေရာတွေမှာလည်း အလားတူ ငြင်းခုံမှုတွေကို မလွှဲမရှောင်သာ ပြန်ပြီးတော့မီးမွှေးပေးခဲ့တယ်။
မလက္ကာ ရေလက်ကြားရဲ့ ဖြစ်စဉ်မှာတော့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) က သတ်မှတ်ထားတဲ့ ဥပဒေကြောင်းဆိုင်ရာ ကန့်သတ်ချက်တွေနဲ့တခြားကမ်းရိုးတန်း နိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေ ကြောင့်အခုလိုအဆိုပြုချက်တွေဟာ အမှန်တကယ် ဖြစ်လာနိုင်ခြေ အလွန်နည်းပါးနေတုန်းပါပဲ။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့အဆိုပြုချက် အရေးပါရတဲ့ အကြောင်းရင်းကတော့အဲဒီအယူအဆဟာ ဒေသတွင်း နိုင်ငံရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုတွေထဲကို စတင် ဝင်ရောက်လာခဲ့တာကြောင့်ဖြစ်ပါတယ်။ မကြာသေးခင်အချိန်အထိ ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်ကို နိုင်ငံတကာစနစ်ရဲ့ ငြင်းခုံဖွယ်မရှိတဲ့ အခြေခံမူ တစ်ခုအဖြစ် အများအားဖြင့် သတ်မှတ်ခဲ့ကြပေမယ့် ဒီကနေ့ခေတ်မှာတော့ မဟာဗျူဟာမြောက် ရေလမ်းကြောင်းတွေဟာ နိုင်ငံရေးအသွင်ပိုပြီးတော့ ပြောင်းလဲလာနေပြီ ဖြစ်ပါတယ်။
တရုတ်နဲ့အမေရိကန် ပြိုင်ဆိုင်မှု
မလက္ကာ ရေလက်ကြားရဲ့ အနာဂတ်ကို ဒီရေလက်ကြားက ကမ်းရိုးတန်းနိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သာမက အမေရိကန်နှင့် တရုတ်တို့အကြား ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေကိုပါ ပုံဖော် ပေးနေပါတယ်။ အဲဒီရေလက်ကြားရဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အရေးပါမှုဟာ ကုန်သွယ်မှုပမာဏ များပြားစွာ စီးဆင်းနေတာကြောင့် သာမကဘဲ အာရှ (အထူးသဖြင့် တရုတ်နိုင်ငံ)ရဲ့ စွမ်းအင်လုံခြုံရေးအတွက် အရေးအကြီးဆုံး သွေးကြောတစ်ခုအဖြစ် တည်ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။
စင်စစ်မှာတော့တရုတ်အစိုးရဟာဒီလိုထိခိုက်လွယ်တဲ့အားနည်းချက်တွေကို ကာလရှည်ကြာကတည်းက စိုးရိမ်မကင်းပဲ အတော်ကို သတိပြုမိခဲ့တာပါ။ ၂၀၀၃ ခုနှစ်ကတည်းက အဲဒီတုန်းကတရုတ်သမ္မတ ဟူကျင်ထောင် က တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် မရှိတဲ့ရေကြောင်းစင်္ကြံတစ်ခုပေါ် မှီခိုနေရမှုကို ဖော်ပြဖို့ “မလက္ကာ ရေလက်ကြား အကျပ်အတည်း” (Malacca Dilemma) လို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုကျော် ကြာခဲ့ပေမယ့်လည်း တရုတ် ရေနံစိမ်းတင်သွင်းမှုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မလက္ကာ ရေလက်ကြားကို ဖြတ်သန်း နေရဆဲဖြစ်ပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက သို့ ဦးတည်ပို့ဆောင်သည့် ပို့ကုန်အချို့လည်း ပါဝင် နေတာကြောင့် အဲဒီစိုးရိမ်မှုဟာ ပိုမိုကြီးထွားလာခဲ့ဖို့ပဲရှိပါတယ်။ ဒီလိုမှီခိုအားထားရမှုဟာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဘယ်ဒေသတွင်းကအရေးအခင်းအကျပ်အတည်းတွင်မဆို ထူးခြားစွာ အရေးပါလာပါတယ်။ ထိုင်ဝမ်ကျွန်း (တရုတ်တိုင်ပေ)အရေး ပဋိပက္ခ၊ တရုတ်-အမေရိကန် ဆက်ဆံရေး ပိုပြီးယိုယွင်းလာမှု ဒါမှမဟုတ်အိန္ဒိယ-ပစိဖိတ်ဒေသတွင်း ပိုမိုကျယ်ပြန့်လာတဲ့ ပဋိပက္ခမြင့်တက်လာမှုတွေအားလုံးဟာ မလက္ကာရေလက်ကြားကို တရုတ်နိုင်ငံအပေါ် မဟာဗျူဟာမြောက် ဖိအားပေးနိုင်တဲ့ လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။ ရေလက်ကြားကို တမင်တကာ ပိတ်ဆို့မှုပြုလုပ်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းပါသေးနေပေမယ့် ပြိုင်ဘက် နိုင်ငံတစ်ခုခုက မိမိနိုင်ငံ၏ စွမ်းအင်နှင့် ကုန်သွယ်ရေး စီးဆင်းမှုများကို နှောင့်နှေးကြန့်ကြာအောင် သို့မဟုတ် ပြတ်တောက်အောင် ပြုလုပ်ပြီး ကုန်ကျန်စရိတ်များစွာ ပိုမိုကုန်ကျလာစေနိုင်သည့် ဖြစ်နိုင်ခြေကို တရုတ်မူဝါဒ ချမှတ်သူတွေကတော့ လျစ်လျူရှုထားလို့ရနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့်ဒီလိုထိခိုက်လွယ်တဲ့ အားနည်းချက်ကို လျှော့ချနိုင်ရေးဟာ ရေရှည်မဟာဗျူဟာမြောက် ဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အပြန်အလှန် အထောက်အကူပြုတဲ့ နည်းလမ်းနှစ်ခုကို ကျင့်သုံးခဲ့သည်။ ပထမနည်းလမ်းက အိန္ဒိယ-ပစိဖိတ်ဒေသတစ်ခုလုံးမှာ သူ့နိုင်ငံရဲ့ ရေတပ်အင်အားကို တိုးမြှင့်ခိုင်မာနေအောင်ဆက်လက်လုပ်ဆောင်တာပဲ ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်ဟာတောင်တရုတ်ပင်လယ်နှင့် ပတ်ဝန်းကျင်ရေပြင်တွေမှာ စစ်ဆင်ရေးတွေကို မှန်မှန်တိုးချဲ့ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ ကုန်သွယ်ရေးကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ခဲ့တယ်။ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နိုင်ငံနဲ့အခြား အရှေ့တောင်အာရှ ပိုင်နက် တောင်းဆိုကြတဲ့ နိုင်ငံတွေနဲ့နှင့် အငြင်းပွားမှုတွေအပါအဝင် တရုတ်ပြည်ရဲ့ ပိုမိုတင်းမာစွန့်စားလာသော ပြုမူဆောင်ရွက်ချက်တွေကိုလည်းဒီကျယ်ပြန့်တဲ့ မဟာဗျူဟာအခြေအနေအောက်မှာ အဓိပ္ပာယ် ဖော်ယူရမှာပဲ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုတွေဟာ အချုပ်အခြာအာဏာဆိုင်ရာ မေးခွန်းတွေထက် ပိုမိုလွန်လွန်ကဲကဲ ကိုယ့်နိုင်ငံရဲ့စီးပွားရေး အဓိကမှီခိုနေရတဲ့ ပင်လယ်ရေကြောင်း လမ်းကြောင်းများအပေါ် ပိုမိုထိန်းချုပ်နိုင်စေဖို့ တရုတ်၏ သန္နိဋ္ဌာန်ကို ရောင်ပြန်ဟပ်နေတာပဲဖြစ်ပါတယ်။
ဒုတိယမဟာဗျူဟာကတော့မလက္ကာရေလက်ကြားကို မှီခိုနေရမှုကို လျှော့ချဖို့အတွက် သယ်ယူ ပို့ဆောင်ရေးစင်္ကြံ (Corridors) တွေကို အမျိုးအစားစုံလင်အောင် ဖန်တီးတာကိုအထူး အာရုံစိုက်ဆောင်ရွက်တာပါပဲ။ ဥပမာအားဖြင့်၊ ရပ်ဝန်းနှင့် လမ်းကြောင်း အစီအစဉ် (Belt and Road Initiative) အောက်မှာတရုတ်ပြည်ဟာ တရုတ်နိုင်ငံကနေ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ဆက်သွယ်ပေးတဲ့ ကုန်းဘက်ဆိုင်ရာ အခြား ရွေးချယ်စရာ လမ်းကြောင်းတွေမှာ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သည်။ ဥပမာတစ်ခုကတော့တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်ကွေ့ကမ်းရိုးတန်းရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်ပေးထားတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ပဲဖြစ်ပါတယ်။ အလားတူ မဟာဗျူဟာမြောက် စဉ်းစားချက်ကတော့ ရှင်ကျန်းနှင့် အာရေဗျပင်လယ်ရှိ ပါကစ္စတန်နိုင်ငံရဲ့ ဂွါဒါ (Gwadar) ဆိပ်ကမ်းကို ဆက်သွယ်ဖို့ ဒီဇိုင်းဆွဲထားသည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကိုလည်း အခြေခံကနေစပြီးအခိုင်အမာအကူအညီပေးထားပါတယ်။
ဒါပေမဲ့လို့အဲဒီ အစီအစဉ်နှစ်ခုလုံးဟာ ကြီးမားတဲ့အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၃ နှင့် ၂၀၁၇ တွေမှာ စတင်လည်ပတ်ခဲ့တဲ့မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အစိတ်အပိုင်း အနည်းငယ်မျှကိုသာ ဖြည့်ဆည်းပေးနိုင်တယ်။ ဒါ့ပြင် မြန်မာနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်းပထဝီဝင်နိုင်ငံရေးဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့နှင့် ပေါင်းစပ်လိုက်သောအခါဒီလမ်းကြောင်းတွေရဲ့ လက်တွေ့အသုံးဝင်နိုင်မှုကို ဆက်လက်ကန့်သတ်ထားပါတယ်။
ရလဒ်ကတော့တခြားဘယ်လိုရွေးချယ်စရာအကြောင်းကမှ မလက္ကာရေလက်ကြားလိုထိရောက်မှု၊ စွမ်းဆောင်နိုင်တဲ့ အင်အားနှင့် ကုန်ကျစရိတ် သက်သာမှုပေါင်းစပ်မှုကို မပေးနိုင်သေးပါဘူး။ မျှော်မှန်းနိုင်သော အနာဂတ်ကာလအထိ မလက္ကာရေလက်ကြားဟာ ကမ္ဘာ့စျေးကွက်တွေဆီကိုတရုတ်ပြည်ရဲ့ မရှိမဖြစ် ပင်လယ်ရေကြောင်း ထွက်ပေါက်အဖြစ် ဆက်လက်တည်ရှိနေမယ်ဆိုတာပဲဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ဒီဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်လေ့လာခဲ့တယ်။ ဆယ်စုနှစ်ပေါင်း များစွာတိုင်အမေရိကန်အစိုးရဟာ ပစိဖိတ်အနောက်ပိုင်းရှိ ဂွမ်ကျွန်းကနေ အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ ဒီယေဂိုဂါးဆီးယားအထိ အိန္ဒိယ-ပစိဖိတ်ဒေသတစ်ခွင်လုံးမှာကျယ်ပြန့်တဲ့ စစ်ဘက်ဆိုင်ရာ တပ်စွဲမှုတွေကို ထိန်းသိမ်းထားခဲ့ပြီး အရှေ့တောင်အာရှတစ်ခွင်တွင်မှာလည်း ခိုင်မာတဲ့ မဟာမိတ်ကွန်ရက်နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အားကိုးအားထားပြုခဲ့တယ်။
စင်္ကာပူနိုင်ငံဟာ ဒီမဟာဗျူဟာအတွင်း အထူးအရေးပါတဲ့ နေရာတစ်ခုမှာ တည်ရှိသည်။ ၁၉၁၀ ပြည့်နှစ် နားလည်မှု စာချွန်လွှာ (MOU) ဟာ အမေရိကန်တပ်ဖွဲ့တွေကို စင်္ကာပူရဲ့စစ်ဘက်ဆိုင်ရာ စခန်းတွေ အသုံးပြုခွင့် ပေးခဲ့ပြီး ၂၀၀၅ မဟာဗျူဟာမြောက် မူဘောင်သဘောတူညီချက်က ပူးပေါင်းဆောင်ရွက်မှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနဲ့ ကာကွယ်ရေးနည်းပညာတွေအထိ တိုးချဲ့ခဲ့တယ်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုဟာ မစ္စတာထရမ့် ဒုတိယအကြော့အစိုးရလက်ထက်မှာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ခဲ့တယ်။ ၂၀၂၅ ခုနှစ်မှာအမေရိကန်နိုင်ငံဟာ မလေးရှားနိုင်ငံနဲ့ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ပင်မကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် အဆင့်မြှင့်တင်ခဲ့တယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကို ပေါင်းစည်းကြည့်လိုက်ရင် အမေရိကန်ပြည်ထောင်စုဟာ မလက္ကာရေလက်ကြားသို့ ဝင်ရောက်နိုင်မှုကို ထိန်းချုပ်ထားတဲ့ နိုင်ငံတိုင်းနှင့် တရားဝင် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေရရှိထားပြီဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆိုလို့မလက္ကာ ရေလမ်းကြောင်းကိုတိုက်ရိုက်ထိန်းချုပ်ခွင့်ရတယ်လို့ အဓိပ္ပာယ် မသက်ရောက်ပေမယ့် တရုတ်နိုင်ငံ အလွန်အမင်း မှီခိုနေရတဲ့ကမ္ဘာ့အရေးပါဆုံး ပင်လယ်ရေကြောင်း စင်္ကြံတွေထဲက တစ်ခုကို ဝန်းရံထားတဲ့ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်တဲ့အမေရိကန်ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးတော့ခိုင်မာ စေပါတယ်။
ရည်ညွန်း – The Diplomat, August 10, 2026.


