The Corner

The Corner

cropped-Logo_round_grey-background.png

နှလုံးသားထဲက ထွက်ခွာသွားပြီ ဖြစ်သော ကျွန်တော့်သူရဲကောင်း

Share မယ်

ကျူးဘားနိုင်ငံမှာ “တစ်နေ့” လျှပ်စစ်မီး နှစ်နာရီကနေ လေးနာရီလောက်ပဲ ရတော့တယ်။ တိုင်းပြည်စီးပွားရေးက ပြိုလဲတော့မယ်။ အမေရိကန် နိုင်ငံက ကျူးဘားနိုင်ငံကို ဝင်သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာနေတယ် ဆိုတဲ့ သတင်းတွေကို ကြားရတဲ့ အခါ ငယ်ငယ်က ဖီဒယ်ကက်စထရိုက ကိုယ့်သူရဲကောင်း ဖြစ်ခဲ့တာကို သတိရမိပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် စနစ်ကို ဖီဒယ်ကက်စထရို ဦးဆောင်တဲ့ သူပုန်အဖွဲ့က တော်လှန်ဖြုတ်ချနိုင်တယ် ဆိုတာက ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ဦးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသလိုပါပဲ။ ပြည်သူလူထု အများစုကြီးအတွက် “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း” တွေကို ကိုယ်စားပြုတောင်းဆိုတယ်ပေါ့။ ဒီလို ခေါင်းဆောင်မျိုးက ဦးဆောင်တည်ထောင်ခဲ့တဲ့ ကျူးဘားနိုင်ငံက ဒီကနေ့ မြင်တွေ့ရတဲ့ ‘ပြိုလုဆဲဆဲ နိုင်ငံဘဝ’ ကို ဘယ်လို ဆိုက်ရောက်ခဲ့ရတာလဲ။

ကျူးဘား တော်လှန်ရေးသမား ဖီဒယ်ကတ်စထရို (Photo: Wiki)

အဓိကကတော့ နိုင်ငံရေးစနစ်ပါပဲ။ ဦးတည် ရည်မှန်းချက် ကောင်းပေမယ့် တစ်ပါတီချုပ်ကိုင် ဗဟို စီမံကိန်း စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာ တင်းကျပ်တဲ့ အာဏာချုပ်ကိုင်မှုနဲ့ တိုင်းပြည်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တဲ့ ဗျူရိုကရေစီ ယန္တရားဟာ တိုင်းပြည်စီးပွားရေးကို ရုန်းထွက်ဖို့ မလွယ်တဲ့ တွင်းနက်ကြီးထဲကို ဆွဲချသွားခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု (ရုရှား) နဲ့ အရှေ့ဥရောပနိုင်ငံတွေ အပါအဝင် ကွန်မြူနစ် (ဆိုရှယ်လစ်) နိုင်ငံတွေ အားလုံးမှာ ဒီသဘောကို တွေ့ကြရမှာပါ။ အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ စစ်ရေး စွမ်းပကား မြှင့်တင်ရေးကို အဓိကထားပြီး လူထုအတွက် လူသုံးကုန် ပစ္စည်း ထုတ်လုပ်ရေးက ဘက်ဂျက် ပိုသလောက် လုပ်တာပေါ့ ဆိုတဲ့ အဆင့်မျိုးပဲ ရှိပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်တဲ့ ကွန်မြူနစ် အုပ်စုနဲ့ အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ အရင်းရှင် အုပ်စုကြားက စစ်အေး “တိုက်ပွဲ”ကလည်း အဓိက အကြောင်းတရား တစ်ရပ်ပါ။

ကျူးဘားနိုင်ငံမှာလည်း ဒီလက္ခဏာရပ်တွေကို တွေ့ရပါတယ်။ ပိုဆိုးတာက ဖီဒယ် ကက်စထရို ဦးဆောင်တဲ့ ကျူးဘားနိုင်ငံ စတင်ထူထောင်ခဲ့စဥ် ကတည်းက ဆိုဗီယက် ပြည်ထောင်စု ဦးဆောင်တဲ့ ကွန်မြူနစ် စီးပွားရေး အုပ်စု (COMECON) ရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ခဲ့တာပါ။ ဥပမာ ပြောရရင် ဆိုဗီယက် ပြည်ထောင်စုက ကျူးဘားနိုင်ငံရဲ့ သကြားကို စျေးကွက်ပေါက်စျေးထက် ပိုပေးဝယ်ပြီး ကျူးဘားနိုင်ငံလိုအပ်နေတဲ့ ရေနံကို စျေးကွက်ပေါက်စျေးထက် အများကြီးလျှော့ ရောင်းပေးပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ကျူးဘားနိုင်ငံက အမြတ်ထွက်တယ်လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာ ကျူးဘားနိုင်ငံရဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်စွမ်းဟာ အတွင်းကနေ လှိုက်စား ဖြိုဖျက်တာ ခံခဲ့ရပါတယ်။ ဒါကြောင့် ကျူးဘားနိုင်ငံဟာ ကိုယ်ပိုင် စက်မှုလုပ်ငန်းနဲ့ ရိက္ခာစိုက်ပျိုးထုတ်လုပ်ရေးမှုကို ဘယ်တုန်းကမှ အခိုင်အမာ မတည်ဆောက်နိုင်ခဲ့ပါဘူး။ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားတဲ့ အခါမှာ ကျူးဘားနိုင်ငံဟာ သူနိုင်ငံ ကုန်သွယ်မှုရဲ့ (၈၀) ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားအပြီး ဆယ်စုနှစ်မှာ ကျူးဘားနိုင်ငံဟာ စီးပွားရေး ကျပ်တည်းမှုကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျူးဘားနိုင်ငံဟာ ဗင်နီဇွဲလား နိုင်ငံအပေါ် မှီခိုခဲ့ရပါတယ်။ ရေနံရရှိဖို့ ကျူးဘားနိုင်ငံရဲ့ ဗင်နီဇွဲလားအပေါ် မှီခိုနေရမှုဟာ ဒေါ်နယ်ထရမ့်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့မှာ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး ဗင်နီဇွဲလားသမ္မတ နီကိုလတ် မာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ပြိုလဲသွားခဲ့ရပါတယ်။ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ တင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပေါင်းလိုက်ချိန်မှာ အခြေအနေမကောင်းတဲ့ ကျူးဘားနိုင်ငံရဲ့ စီးပွားရေးဟာ ပြိုလုဆဲဆဲ အခြေအနေ ဆိုက်ရောက်သွားပါတယ်။

ကျူးဘားနိုင်ငံရဲ့ လက်ရှိအခြေအနေကိုကြည့်လိုက်ရင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကို တွေ့ရမှာပါ။ ဒါကလည်း အတိတ်သမိုင်းနဲ့ ဆက်စပ်နေပါတယ်။ နိုင်ငံရေး ရပ်တည်ချက် အရ ဖီဒယ်ကက်စထရို ဦးဆောင်တဲ့ ကျူးဘားနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်တဲ့ ကွန်မြူနစ် အုပ်စုမှာ ပါဝင်ခဲ့ပြီး ဘဏ်တွေအပါအဝင် အမေရိကန် ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုကို ပြည်သူပိုင် သိမ်းခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်နဲ့ မိုင် ၉၀ သာဝေးတဲ့ ကျွန်းနိုင်ငံလေးက ဒီလို အရေးယူ ဆောင်ရွက်လိုက်တာဟာ အမေရိကန် ပြည်ထောင်စုအဖို့ နားရွက်တံတွေးဆွတ်ခံခဲ့ရသလို ဖြစ်ခဲ့ပါတယ်။ ပြောမယ်ဆိုရင် ဖီဒယ်ကက်စထရိုဦးဆောင်တဲ့ တော်လှန်ရေး အောင်မြင်ခဲ့တဲ့ ၁၉၅၉ ခုနှစ်အထိ “ကြည့်” ရင် အမေရိကန်က ကျူးဘားကို တိုက်ရိုက် ၁၁ နှစ်၊ သွယ်ဝိုက် ၅၆ နှစ် လွှမ်းမိုး ချုပ်ကိုင်ခဲ့တာပါ။ အမေရိကန် နိုင်ငံက ကွန်မြူနစ် ကျူးဘားနိုင်ငံအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဝက်ပင်လယ်အော် ကျူးကျော်မှု (The bay of Pigs invasion) ၁၉၆၁ ခုနှစ် နဲ့ ကျူးဘားနိုင်ငံ အရေးအခင်း ၁၉၆၂ တို့ဟာ ကျူးဘားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားက သမိုင်း ဒဏ်ရာဒဏ်ချက်တွေလို့ ပြောရမှာပါ။

တိုင်းပြည်စီးပွားရေး ပြိုလဲတော့မလို ဖြစ်လာချိန်မှာ ကျူးဘားနိုင်ငံ ကွန်မြူနစ်အစိုးရဟာ တရုတ်နိုင်ငံရဲ့ “ဆိုရှယ်လစ် စျေးကွက်စီးပွားရေး” ကို နမူနာယူပြီး ပြုပြင်ပြောင်းလဲရေးတွေကို ဖုတ်ပူ မီးတိုက် ကမန်းကတန်း ဆောင်ရွက်ခဲ့ပါတယ်။ တကယ့်အနှစ်သာရကို ပြောရရင် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေဟာ ကွန်မြူနစ်နိုင်ငံအဖြစ် ထူထောင်ခဲ့တဲ့ ၁၉၅၉ ခုနှစ် နောက်ပိုင်း အရေးပါ အရာရောက်ဆုံး ပြုပြင်ပြောင်းလဲရေး တွေလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အလာကောင်းပေမယ့် အခါနှောင်းပြီလို့ ပြောရမှာပါ။ ပထမ ပြုပြင်ပြောင်းလဲခဲ့တာတွေကို ကြည့်ရအောင်ပါ။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်း ၁၀၀ ထက် မပိုစေရဆိုတဲ့ မူလကန့်သတ်ချက်တွေကို ဖျက်သိမ်းပေးခဲ့ပါတယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို လုပ်ငန်းတစ်ခုမက လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပါတယ်။ မူလက ကျူးဘားအစိုးရကပဲ လုပ်ကိုင်ခွင့်ရှိတဲ့ “သွင်းကုန်/ပို့ကုန်” လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကပါ လုပ်ကိုင်ခွင့် ရှိလာပါတယ်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးတွဲလုပ်ကိုင်တဲ့ ဖက်စပ်လုပ်ငန်းတွေကို ခွင့်ပြုပေးခဲ့ပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ဒစ်ဂျစ်တယ် နိုင်ငံခြားငွေ လဲလှယ်ရေး စျေးကွက်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၇၀ ကျော် ကာလက ဆိုဗီယက် နည်းပညာနဲ့ တည်ဆောက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေဟာ အပိုပစ္စည်းတွေ မရှိလို့ မလည်ပတ်ဘဲ ရပ်နားထားရတဲ့ အချိန်မှာ နည်းပညာနဲ့ စီမံခန့်ခွဲရေး အပိုင်းအရ လူသားရင်းမြစ် လုံလုံလောက်လောက် မရှိချိန်မှာ ဘက်ဂျက် မလုံလောက်မှုနဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကြောင့် တိုင်းပြည်စီးပွားရေးရဲ့ အသက် သွေးကြော ဖြစ်တဲ့ ရေနံ လုံလုံလောက်လောက် မရရှိတဲ့အခါ.. တိုင်းပြည်ရဲ့ အခြေခံ အဆောက် အအုံတွေ ပြိုလဲနေချိန်မှာ ကျူးဘား ကွန်မြူနစ် အစိုးရ ချမှတ်လိုက်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေဟာ လျှောမွေးပဲ ဖြစ်ဖို့ များသွားပါပြီ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေကို အမြစ်က ဆွဲနုတ်သလို ဖြစ်နေပါတယ်။

အမှန်ကတော့ ယခုအချိန်မှာ သမ္မတ အိုဘားမား ကျင့်သုံးခဲ့တဲ့ မူဝါဒမျိုးကို အမေရိကန် အစိုးရက ကျင့်သုံးရမှာပါ။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ကျူးဘားနိုင်ငံက အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေဟာ ဥပဒေတွေပြဋ္ဌာန်းပြီး အခိုင်အမာ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေ ဖြစ်လို့ပါ။ သမ္မတ အိုဘားမားဟာ ကျူးဘားနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးကို ၂၀၁၅ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှာ အပြည့်အဝ ပြန်လည်ဖော်ဆောင်ပြီး မူဝါဒအပြောင်းအလဲတွေကို ချမှတ်ခဲ့ပါတယ်။ ကျူးဘားနိုင်ငံကို အစိုးရဦးဆောင်တဲ့ အကြမ်းဖက် ဝါဒီများ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ကျူးဘားနိုင်ငံနဲ့ အမေရိကန် နိုင်ငံအကြား လေကြောင်းလိုင်း ပျံသန်းမှုတွေကို ခွင့်ပြုခဲ့ပါတယ်။ ကျူးဘားနိုင်ငံရဲ့ ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံတွင်းမှာရှိတဲ့ ကျူးဘားနွယ်ဖွားတွေကနေ ကျူးဘားနိုင်ငံ အတွင်းမှာရှိတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေထံ လွှဲဖို့ ငွေတွေကို ခွင့်ပြုခဲ့ပါတယ်။ ဘီလျံနဲ့ ချီတဲ့ ဒီလွှဲပို့ငွေတွေဟာ ဖြစ်တည် အားယူစ ကျူးဘားပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေအတွက် တွန်းအားကောင်း တစ်ရပ် ဖြစ်ခဲ့ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ သမ္မတ အိုဘားမား က အမေရိကန် ကုမ္ပဏီတွေကို ကျူးဘားနိုင်ငံအတွင်း အင်တာနက် အခြေခံ အဆောက်အအုံ တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံ ခွင့်ပြုပေးခဲ့တာပါ။

Photo: ABC News

သမ္မတ အိုဘားမားရဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ကျူးဘား နိုင်ငံအတွင်း မှတ်ပုံတင်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ငါးသိန်းကျော်အထိ ရှိလာပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက စားသောက်ဆိုင်နဲ့ တည်းခိုခန်းလုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ ထွက်ပေါ်လာပါတယ်။ ကျူးဘားနွယ်တွေ အပါအဝင် အမေရိကန် နိုင်ငံသားတွေဟာ ကျူးဘားနိုင်ငံကို သိန်းနဲ့ချီပြီး လာရောက် လည်ပတ်ခဲ့ကြပါတယ်။ သမ္မတအိုဘားမား အစိုးရရဲ့ ဖိအားကြောင့် ကျူးဘားကွန်မြူနစ် အစိုးရဟာ အများပြည်သူ  အတွက် ပလာဇာနဲ့ ပန်းခြံလိုနေရာတွေမှာ “ဝိုင်ဖိုင်” ကို အခမဲ့ကို ဖန်တီးပေးခဲ့ပါတယ်။ ကျူးဘားလူငယ်တွေဟာ ပြင်ပကမ္ဘာနဲ့ လွတ်လွတ် လပ်လပ် ဆက်သွယ်ခွင့်တွေ ရလာကြပါတယ်။ ဒီဖြစ်ရပ်တွေရဲ့ နိုင်ငံရေး အကျိုးသက်ရောက်မှုကို အလွယ်တကူ တွေးမြင် ကြည့်လို့ရပါတယ်။ သမ္မတအိုဘားမား ၂၀၁၆ ခုနှစ် မတ်လမှာကျူးဘားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ၈၈ နှစ်အတွင်း အမေရိကန် သမ္မတ တစ်ဦးရဲ့ ပထမဆုံး ကျူးဘားခရီးစဥ်ပါ။ ဒီခရီးစဥ်အတွင်း သမ္မတ အိုဘားမား က “အမေရိကန်အနေနဲ့ ကျူးဘားနိုင်ငံမှာ အပြောင်းအလဲတစ်ရပ် အတင်းအကျပ် ဖော်ဆောင်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီလိုလုပ်နိုင်တဲ့ စွမ်းပကားလည်း မရှိပါဘူး ဆိုတာကျွန်တော်အတိအလင်း ပြောဆိုခဲ့ပြီးသားပါ” လို့ ပြောဆိုခဲ့ပြီး ကျူးဘားကွန်မြူနစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေအပေါ် “မဝံ့မရဲ” ဖြစ်နေတာကို လျော့ပါးသွားဖို့ နားချခဲ့ပါတယ်။ ပြောရရင် ကျူးဘားကွန်မြူနစ် အစိုးရဟာ စီးပွားရေး လုပ်ပိုင်ခွင့် လျော့ကျသွားတာနဲ့အတူ နိုင်ငံရေးကပါ ဆုတ်ယုတ်သွားမှာ ကို စိုးရိမ်နေခဲ့တာပါ။ တစ်ဖက်မှာလည်း သမ္မတအိုဘားမား အနေနဲ့လည်းကျူးဘားနိုင်ငံဆိုင်ရာ မူဝါဒကိုလည်း ကျင့်သုံးဖော်ဆောင်နေရာ မှာ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာအပေါ်မှာပဲ အားပြုနေရပြီး ကွန်ဂရက်ရဲ့ အခိုင်အမာ ဥပဒေ ပြဋ္ဌာန်းမှုတွေ မရှိတဲ့အတွက် အကန့်အသတ်နဲ့ပဲ ဆောင်ရွက်နိုင်သလို ဖြစ်နေပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာချိန်မှာ သမ္မတ အိုဘားမားရဲ့ မူဝါဒတွေကို ဖျက်သိမ်းခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့ရေးကို ပြန်ကျင့်သုံးခဲ့တဲ့အတွက် အရှိန်ယူစ ကျူးဘား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေဟာ “ခြေထိုးခံ လဲကျ” သလို ဖြစ်ခဲ့ရပါတယ်။ အခုအချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံအတွင်း “အင်အားသုံး အစိုးရပြောင်းလဲရေး” ကို ဖော်ဆောင်နေတာ ဖြစ်လို့ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်နေသရွေ့ ကျူးဘားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေက မအောင်မြင်နိုင်ဘူးလို့ပဲ ပြောရမှာပါ။ ကျူးဘားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ “တိုင်းပြည်စီးပွားရေး ပြိုလဲမှု”နဲ့ “ဒဏ်ခတ်ပိတ်ဆို့မှု” အကြား ကြားညပ် ရပ်တန့်နေရတာပါ။

အမှန်ကတော့ သမ္မတ အိုဘားမား ကျူးဘားခရီးစဥ် အတွင်း ပြောခဲ့သလို ကျူးဘားနိုင်ငံရဲ့ အနာဂတ်ကို ကျူးဘားလူငယ်တွေက ဖော်ဆောင်နိုင်အောင် ဝိုင်းဝန်းပံ့ပိုးအားပေးရမှာပါ။ နိဒါန်းအစကို ပြန်ကောက်ပါရစေ။ ကျွန်တော့် သူရဲကောင်း ဖီဒယ်ကက်စထရိုက ပြည်သူတွေရဲ့ ဆန္ဒလိုလားချက်နဲ့ တိုင်းပြည်ရဲ့ ပကတိ လိုအပ်ချက်တွေကို လျစ်လျူရှုပြီး “ထွက်ပေါက်မဲ့သွားတဲ့အထိ” အမြစ်တွယ်သွားတာကို ဘာကြောင့် ခွင့်ပြုခဲ့ရတာလဲ။ တိုင်းပြည်နဲ့ လူထုရဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုပြီး တော်လှန်ရေးကို ဆင်နွှဲခဲ့တဲ့ ကျွန်တော့် သူရဲကောင်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ရုန်းထွက်ဖို့ ပိုခက်ခဲတဲ့ ‘တွင်းနက်’ ကြီးထဲမှာ ဘာလို့ထားခဲ့ရတာလဲ။

ကျွန်တော့်သူရဲကောင်းက ကျွန်တော့်နှလုံးသားထဲကနေ ထွက်ခွာသွားခဲ့ပါပြီ။

Click to rate this post!
[Total: 3 Average: 4]

Leave a Comment

Your email address will not be published. Required fields are marked *