ကြောင်းရာစုံစုံ နိုင်ငံတကာ ဇာတ်ခုံ
ဦးမိုး – ကိုတိုးရေ ခရီးရောက်မဆိုက် မေးရဦးမယ်။ ဟို သမ္မတ ထရမ့် နိုင်ပြီ၊ နိုင်ပြီလို့ အော်နေတဲ့ အမေရိကန် – အီရန် ဇာတ်လမ်း ဘယ်ရောက်သွားပြီလဲဗျ။ ကျန်ခဲ့တဲ့ အပတ်ကတော့ နှစ်ဦးသဘောတူ လက်မှတ်တွေ ဘာတွေ ထိုးကြလို့ဆို…။
ဦးတိုး – ကိုမိုးကလည်း သူနိုင်ပြီဆိုတိုင်း ကိစ္စတစ်ခုက ပြီးသွားပြီမဟုတ်တာလည်း သိနေလျက်သားနဲ့ဗျာ။ နောက်ဆိုရင် ကိုမိုး သူမဟုတ်တဲ့ အခြားသူ နောက်တယောက်က ပြောလာရင် ဖြစ်နိုင်ခြေပိုများတယ်ဆိုတာသာ မှတ်ထားလိုက်ပေတော့ဗျာ။ ကဲ ကျွန်တော်တို့လည်း တစ်ခါတလေတွေ့ကြတာ ဒီဇာတ်လိုက်ကြီး အကြောင်းပဲ ပြောဖြစ်နေတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ခေါင်းစဥ်ပြောင်းကြရအောင်။
ဦးမိုး – ဟဲ ဟဲ ကိုတိုးပြောတာလည်း ဟုတ်ပါတယ်ဗျာ။ ကျွန်တော်တို့ ဘေးကကြည့်နေတဲ့ လူတွေမှာလည်း လမ်းဘေးမှာ ကြက်နှစ်ကောင်ခွပ်နေရင်တောင် ထိုင်ကြည့်ပြီး ဝေဖန်နေကြတာ မဟုတ်လားဗျ။ အခု သမ္မတထရမ့်က သူပြောချင်ရာတွေပြော လုပ်ချင်ရာတွေလုပ်နေတာကို ကြည့်ပြီး ရင်တမမနဲ့ သူပြောတာနဲ့ ပြောင်းပြန်ယူနေရတဲ့ခေတ် မဟုတ်လားဗျ။ ကဲပြောဦး ခင်ဗျားပြောင်းချင်တဲ့ ခေါင်းစဥ်။
ဦးတိုး – ကိုမိုး ကြားပြီးလောက်ပြီတော့ ထင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် ဆာ ကီယာ စတန်မာတစ်ယောက် နုတ်ထွက်သွားပြီဆိုတဲ့ သတင်းလေ။
ဦးမိုး – အေးဗျ ဟုတ်သားပဲ။ ဗြိတိန်လို ဒီမိုကရေစီနိုင်ငံကြီးကလည်း ဘယ်လိုတုံးဗျ။ ကျွန်တော်ဖြင့် ဒီသတင်းကြားတော့ အံ့သြနေရောဗျာ။
ဦးတိုး – ဒီမိုကရေစီနိုင်ငံမို့လို့လည်း ဒီလိုကိစ္စတွေ ဖြစ်လာတာဖြစ်မှာပေါ့ဗျာ။ ခေါင်းဆောင်လုပ်နေသူ အသုံးမကျတာတွေကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်ရှိနေတော့ ခေါင်းဆောင်ကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်တွေ မှားတာ၊ စီးပွားရေး မူဝါဒတွေ အလုပ်မဖြစ်တာ၊ အတိုက်အခံတွေ ထောက်ပြတာတွေက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတော့ သူလည်း သိက္ခာရှိရှိ ရာထူးကို စွန့်သွားတာ ဖြစ်မှာပေါ့။ သို့သော်လည်း သူ့ရဲ့ ကျန်ရှိသက်တမ်း နိုင်ငံရေးကတော့ ကောင်းမှာမဟုတ်ဘူး။
ဦးမိုး – ခင်ဗျားပြောတာ ဟုတ်မှာ…။
ဦးတိုး – ကဲ နောက်တစ်ခုကို ဆက်ရရင်တော့ ဒီတစ်ခါ အာဖရိကအလှည့်ပေါ့။ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဆူဒန်နိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ ကိစ္စရပ်တွေ ပိုများလာနိုင်တယ်ဆိုပြီး သတိပေးတယ်တဲ့ဗျ။ နောက်ပြီး အီသီယိုးပီးယားနိုင်ငံမှာလည်း လက်ရှိ ဝန်ကြီးချုပ် အာဗီ အာမက် ဦးဆောင်တဲ့ ကြီးပွားချမ်းသာပါတီက ၉၀ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားတယ်လို့ ရွေးကောက်ပွဲ အဖွဲ့ကြီးက ဇွန်လ ၁ ရက်နေ့က ကြေညာလိုက်လို့ အတိုက်အခံပါတီတွေက အလိမ်အညာ ရွေးကောက်ပွဲကြီးလို့ ဝိုင်းပြီး စွပ်စွဲကြသလို မဲပေးခဲ့ကြတဲ့ ပြည်သူတွေကလည်း ဒါဟာ မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြတယ်။
ဦးမိုး – ကျွန်တော့် မိတ်ဆွေ တစ်ယောက်ပြောသလို ဒီလိုနိုင်ငံတွေမှာ ဒါတွေဖြစ်တာ ဘာဆန်းသလဲလို့ ဆိုသလိုပေါ့။
ဦးတိုး – နိုင်ငံတကာ အကြောင်းဆိုတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးကိုတော့ ထည့်ပြောရဦးမယ်။ သူတို့ဆီမှာ ဒီမိုကရတ်နဲ့ ရီပတ်ဗလစ်ကင် ပါတီနှစ်ခုက ကွန်ဂရက်မှာ သဘောတူလိုက်ကြတဲ့ အိမ်ရာမြေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရှိပြီးသား ဥပဒေတွေကို ဖြေလျှော့ပေးလိုက်တဲ့ ဥပဒေ အသစ်တစ်ခုကို သမ္မတ ထရမ့်က လက်မှတ်မထိုးဘူးလို့ ငြင်းလိုက်သတဲ့။ သူက သူတင်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကြမ်းကို ကွန်ဂရက်က အတည်ပြုမှသာ အဲဒီ အိမ်ရာ ဥပဒေ အသစ်ကို လက်မှတ် ထိုးမယ်ဆိုပြီး ပြောလေရဲ့။
ဦးမိုး – ဒါမှသာ ထရမ့် ပီသမှာပေါ့ဗျာ။ အဲဒီလိုမှ မဟုတ်ရင် ထရမ့်ဘယ်ဟုတ်လိမ့်မှာတုံးဗျ။ ဒါပေမဲ့ ဆိုးတာတော့ ဆိုးတယ်ဗျို့… ပြည်သူတွေရဲ့မျက်နှာထက် သူ့အတွက်ပဲ သူကြည့်တယ်လို့ ဆိုရပါလိမ့်မယ်။ ကဲ ဘာ ကမ္ဘာပေါ်က စိတ်ဝင်စားစရာတွေ ကျန်သေးလဲဗျ။
ဦးတိုး – အာရှဘက်မှာဆိုရင် အိန္ဒိယနိုင်ငံမှာ ဆေးကျောင်းသား အယောက် နှစ်သန်းကျော်ကျော်လောက်ကို အင်မတန်မှ စိတ်ပန်းလူပန်းနိုင်လှတဲ့ စာမေးပွဲတစ်ခုကို ပြန်ဖြေခိုင်းလို့ဆိုပြီး ဆန္ဒပြ တောင်းဆိုနေကြသတဲ့။

ဦးမိုး – ဟင် ဘာဖြစ်လို့လဲ။ ပြန်ဖြေရမယ့် ကျောင်းသားကျောင်းသူ အရေအတွက်ကလည်း နည်းနည်းနောနောပါလားဗျ။
ဦးတိုး – ဟုတ်တယ်။ အကြောင်းက စာမေးပွဲ မေးခွန်းလွှာတွေ လူမှုကွန်ရက်ကနေ ပေါက်ကြားသွားတယ်လို့ ပြောကြတာပဲဗျ။ အဲဒီ ဆန္ဒပြပွဲကို အခု အိန္ဒိယ နိုင်ငံရေးလောကမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ ပိုးဟပ်ပါတီက ဦးဆောင်တယ်လို့ သိရတယ်ဗျ။ (ပိုးဟပ်ပါတီသည် လူငယ်များဖြင့် စုစည်းထားပြီး အစိုးရ၏ လုပ်ပုံကိုင်ပုံများကို လူသိရှင်ကြား ဝေဖန်လေ့ရှိသည်)
ဦးမိုး – ကောင်းရောဗျာ။ သက်ဆိုင်ရာ အာဏာပိုင် တာဝန်ရှိသူတွေရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်တဲ့ ကိစ္စတစ်ခုကို ပြည်သူပြည်သားနဲ့ ကျောင်းသားလူငယ်တွေက ဒုက္ခခံရတာကတော့ မဟုတ်သေးဘူး ထင်တယ်ဗျ။
ဦးတိုး – ကိုမိုး မိတ်ဆွေစကားနဲ့ ပြောရရင် ဒီလိုနိုင်ငံတွေမှာ ဒီလိုကိစ္စမျိုးတွေက ဘာဆန်းလို့လည်းလို့ပဲ ပြောရမှာပေါ့။ နိုင်ငံတကာရေးရာကို ဆက်ပြောရရင်တော့ အမေရိကတိုက်က ကိုလံဘီယာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ် သမ္မတလောင်း အေဘယ်လာဒို ဒီလာ အက်စ်ပရဲလာ က အနိုင်ရသွားတယ်ဗျ။ သူအနိုင်ရသွားတာကလည်း သူ့ရဲ့ပြိုင်ဘက် လက်ဝဲသမားကို တစ်ရာခိုင်နှုန်းလောက်နဲ့ ကပ်နိုင်တယ်ဆိုပဲ။ ဒါဟာ သမ္မတရာထူးကနေဖယ်ပေးရတော့မယ့် အမေရိကန် သမ္မတ ထရမ့်နဲ့ မတည့်သူ ဂူးစတပ် ပေဒရို နောက်ပိုင်း ရွေးကောက်ပွဲ ရလဒ် တစ်ခုဖြစ်တယ်လို့ ဆိုတယ်ဗျ။ ကိုလံဘီယာ သမ္မတ ပေဒရိုလက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေးဟာ တော်တော်ကြီးကို အဆင်မပြေ ဖြစ်ခဲ့တာလို့ သိရတယ်။ အခုထရမ့်ထောက်ခံတဲ့ လက်ယာသမား ဒီလာ အက်စ်ပရဲလာ ကတော့ ပြည်ပနိုင်ငံတွေရဲ့ ထောက်ခံမှုကိုလည်းရ နောက်ပြီး ကိုလံဘီယာပြည်သူတွေက လက်ရှိသမ္မတလက်ထက်မှာ နေထိုင်စရိတ်ကြီးမြင့်လာမှုနဲ့ ဒုစရိုက်မှုတွေမြင့်တက်လာနေတဲ့ အပေါ်မှာ သူက အနိုင်ယူသွားနိုင်တာ ဖြစ်မှာပေါ့လေ။
ဦးမိုး – အေးဗျ စိတ်ဝင်စားစရာကတော့ ကမ္ဘာပေါ်မှာ လက်ယာသမားတွေ တဖြည်းဖြည်းနဲ့ နေရာရလာတာ ကိုတော့ ထည့်မတွက်လို့ မရတော့ဘူး။ လက်ဝဲသမားတွေ နေရာပျောက်လာတာ အမေရိကန်နဲ့ ဥရောပမှာတင်မဟုတ်တော့ဘဲ အမေရိကတိုက် အထိ ကျယ်ပြန့်လာတယ် ပြောရမယ်ထင်တယ်။
ဦးတိုး – မှန်ပါတယ်။ ဒါကလည်း လူ့သဘာဝပါပဲ။ အခုလို နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေဟာ မြင့်တက်လာတာတွေ နည်းပညာတွေတိုးတက်မြင့်မားလာပြီး အလုပ်အကိုင်ရှားပါးလာတာတွေကို မလွန်ဆန်နိုင်တဲ့အခါ အုပ်ချုပ်သူလူတစ်စုကို အားကိုးတကြီး ရှာကြတာ မဆန်းပါဘူး။ အသည်းကြားက မဲတစ်ပြားကို မျှော်လင့်ချက် အတွက် အသုံးချတာကြောင့် ဒီလိုဖြစ်ရပ်တွေ ဖြစ်လာတာပေါ့။ ဒါနဲ့ ပတ်သက်လို့ တလောက ဟန်ဂေရီနိုင်ငံက အာဏာရှင် ဗစ်တာ အော်ဗန်ကို အနိုင်ရပြီး ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ ပီတာ မိုက်ရာက မီးမြှိုက်မယ့် အော်ပရေးရှင်းလို့ နာမည်ပေးထားတဲ့ အစီအစဥ်က ခြစားမှုတွေ၊ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိပါ ပြုပြင်ပြောင်းလဲမယ်လို့ လုပ်နေတယ်လို့ သိရတယ်။ အဲလို ပြုပြင်မှုတွေ လုပ်ပြီး အရင် ဝန်ကြီးချုပ် ဗစ်တာအော်ဗန်ရဲ့ မိတ်ဆွေဖြစ်တဲ့ လက်ရှိသမ္မတ တာမတ်စ် ဆူလ်ရော့ကိုပါ ဖယ်ရှားဖို့ လုပ်နေသေးတယ်။
ဦးမိုး – သြော် ဒီလိုလားဗျ.။ ဒါနဲ့ ဗင်နီဇွဲလားနိုင်ငံက ငလျင်အကြောင်းရော ခင်ဗျားကြားသေးလား။ သိသလောက် ပြောပြပါဦး။

ဦးတိုး – ကြားပါတယ်ဗျ။ သိသလောက်ပြောပြမယ်။ ရစ်ချ်တာစကေး ၇ ဒသမ ၅ လောက်ရှိတဲ့ အင်အားကြီး ငလျင်ကြီးတစ်ခု ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ် မြို့ရဲ့ မိုင် နှစ်ရာလောက်ဝေးတဲ့ ဆန်ဖိလစ်ပီဆိုတဲ့ နေရာကို ဗဟိုပြုပြီး လှုပ်ခတ် သွားတယ်တဲ့ဗျ။ လှုပ်ပြီးပြီးချင်းမှာ မြို့တော်က အဆောက်အအုံတွေ ပြိုပျက်ကျပြီး ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်တယ်တဲ့ဗျ။ အမေရိကန် နိုင်ငံကတော့ အသက်ရှင်ကျန်သူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေမှာကူညီဖို့ ကျွမ်းကျင်သူ အဖွဲ့တွေနဲ့ လူသားချင်းဆိုင်ရာ အထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ပြောတယ်။ ငလျင်လှုပ်သွားတဲ့နေကလည်း နိုင်ငံမှာ အားလပ်ရက်ဖြစ်တာမို့လို့ လူအတော်များများဟာ အိမ်မှာပဲရှိနေကြတာမို့လို့ အထိအခိုက် အသေအပျောက် များနိုင်တယ်လို့ ခန့်မှန်းကြတယ်။
ဦးမိုး – ဗင်နီဇွဲလားကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ လို့ပဲ ပြောရမလားမသိတော့ဘူး။
ဦးတိုး – ကဲ ကဲ ကျွန်တော်တို့လဲ အခု မိုးမရွာတဲ့နေ့တွေမှာ ပူတဲ့ ရာသီဥတုနဲ့ ကြုံနေရသလို ဥရောပ အနောက်ဘက် က နိုင်ငံတချို့မှာလည်း အပူချိန် တော်တော် မြင့်တက်နေတယ်တဲ့ဗျ။ ပြင်သစ်နိုင်ငံမှာဆိုလည်း အပူဆုံးဆိုတဲ့ ၁၉၄၇ ခုနှစ်တုန်းကတည်းက တင်ခဲ့တဲ့ ၄၄ ဒသမ ၃ ဒီဂရီ စင်တီဂရိတ် စံချိန်ကိုတောင် ကျော်သွားသတဲ့။ လူတွေဟာ ပူလွန်းလို့ ရေထဲ ဆင်းနေကြရင်း ရေနစ်ပြီး သေကြရတာက ၄၈ ယောက်တောင် ရှိတယ်တဲ့ဗျ။ အခုဆိုရင် ဥရောပ နိုင်ငံတွေမှာ ဘယ်တုန်း ကမှ အဲကွန်းတပ်ခဲ့တဲ့ အစဥ်အလာ မရှိခဲ့ရာကနေ အခုဆိုရင် အဲကွန်း တပ်ဖို့ မတပ်ဖို့ အငြင်းအခုံတွေတောင် ဖြစ်နေကြတယ်လို့ သိရတယ်ဗျ။
ဦးမိုး – သြော် သူတို့တွေမှာလည်း။ ကိုယ်တွေတင် ဒုက္ခရောက်နေတယ်မှတ်တယ်။ သူ့တို့လည်း ဒုက္ခတွေနဲ့ပါလားဗျ…
ဦးတိုး – ကဲ ကမ္ဘာကြီး တစ်ခုလုံးတော့ ပတ်ပြီးသွားပြီ။ ဘာသိချင်သေးလဲဗျ။ ပြန်ဦးမယ်။ အိမ်က မိန်းမ မျှော်နေရော့မယ်။
ဦးမိုး – တော်ပါပြီဗျာ… နားလျှံသွားပြီ။ တစ်ပတ်အတွင်း သတင်းပဒေသာ နားထောင်လိုက်ရသလိုပဲ။ လက်ဖက်ရည်ဆိုင်ကို မကြာခဏတော့ လာသဗျို့ ။ မဟုတ်ရင် ဒီသတင်းတွေနဲ့ ချည်းပဲ ပြီးနေတော့တာ အခြား သာရေး နာရေး အာလာပ သလ္လာပကို မပြောရတော့ဘူး။


