The Corner

The Corner

cropped-Logo_round_grey-background.png

ဝန်ကြီးချုပ် ကီယာစတာမာ အလွန် ဗြိတိန်နိုင်ငံရေး

Share မယ်

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ လေဘာပါတီခေါင်းဆောင်နဲ့ ဗြိတိန် ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ကြောင်း ရုတ်တရက် ကြေညာလိုက်တယ်။ ပါတီက သူ့အပေါ် ထောက်ခံမှု မရှိတော့တာကို သိလိုက်ရတဲ့အတွက် ပါတီခေါင်းဆောင်အဖြစ်က သူနုတ်ထွက်ပြီဖြစ်ကြောင်း ကြေညာခဲ့တယ်။

အမှတ် (၁၀) ဒေါင်းနင်းလမ်းနေအိမ်မှာ သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ် ကီယာစတာမာက လွန်ခဲ့တဲ့ နှစ်နှစ်က သူဒီနေရာကို ဂုဏ်ယူစွာနဲ့ ရောက်ရှိလာပြီး ၁၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် လေဘာပါတီအစိုးရကို ဦးဆောင်နိုင်ခဲ့ပေမယ့် ခုချိန်မှာ သူဟာ လောဘာပါတီခေါင်းဆောင်နဲ့ ထိုက်တန်ပါရဲ့လားဆိုတဲ့ မေးခွန်းတွေ မေးလာတာကြောင့် ထိုက်တန်သူကို နေရာပေးဖို့ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ကြောင်း ကြေညာ သွားခဲ့တယ်။

ကီယာ စတာမာ ရုတ်တရက် နုတ်ထွက်သွားခြင်းဟာ ဗြိတိန်နိုင်ငံရေးကို စောင့်ကြည့် လေ့လာ နေကြသူတွေ အတွက် အံ့အားသင့်စရာပါ။ ကီယာ စတာမာဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တာအတွင်း ဗြိတိန်နိုင်ငံရဲ့ ခြောက်ယောက် မြောက် ဝန်ကြီးချုပ်ပါ။

ဗြိတိန်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မကြာခဏ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ခဲ့ပြီး ကီယာစတာမာ အပါအဝင် ဝန်ကြီးချုပ် ခြောက်ယောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ခုလို ဝန်ကြီးချုပ်တွေ တစ်ယောက်ပြီး တစ်ယောက် အပြောင်းအလဲ မြန်ရတဲ့ အဓိကအကြောင်းရင်း တစ်ခုကတော့ ဗြိတိန် နိုင်ငံရေး စနစ်ရဲ့ အားနည်းချက်၊ ဥရောပသမဂ္ဂက နုတ်ထွက်ခဲ့တဲ့ (Brexit) ဂယက်၊ ပါတီတွင်းအကွဲအပြဲများနဲ့ စီးပွားရေးကျဆင်းမှုကို ပြည်သူတွေက စိတ်မရှည်မှုတွေကြောင့်ပဲ ဖြစ်တယ်။

၂၀၁၆ ခုနှစ်မှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နုတ်ထွက်ခဲ့ပြီး ထရီဇာမေ တက်လာတယ်။ ထရီဇာမေက ၂၀၁၉ ခုနှစ်မှာ နုတ်ထွက်သွားပြီး ဘောရစ်ဂျွန်ဆင် တက်လာပြန်တယ်။ ဘောရစ်ဂျွန်ဆင်လည်း ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကာလမှာ စည်းကမ်းဖောက်ပြီး ပါတီပွဲပေးလို့ ပါတီဂိတ်နဲ့ ရာထူးက ဖယ်ရှားခံရတယ်။ သူ့နောက်မှာ လစ်ဇ်ထရပ်စ် တက်လာပြီး (၄၉)ရက်ပဲ ခံတယ်။ အဲဒီနောက်မှာ အိန္ဒိယနွယ်ဖွား ရီရှီဆူနက် တက်လာပြီး ၂၀၂၄ ခုနှစ်မှာ ရာထူးက နုတ်ထွက်ခဲ့ရပြန်တယ်။ ရီရှီဆူနက် အပြီးမှာ လက်ရှိဝန်ကြီးချုပ် ကီယာစတာမာ အာဏာရ လာတယ်။ ကီယာစတာမာဟာ (၁၄)နှစ်အတွင်း ပထမဆုံးအကြိမ် လေဘာပါတီခေါင်းဆောင်အဖြစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။ ဗြိတိန်နိုင်ငံရေးမှာ ကွန်ဆာဗေးတစ်ပါတီတွေကသာ အမြဲတမ်း ဦးဆောင်နေရာက လေဘာပါတီ ပြန်လည်အနိုင်ရရှိခြင်းလည်းဖြစ်တယ်။

လေဘာပါတီ ခေါင်းဆောင်အဖြစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာသူ ကီယာ စတာမာဟာ နှစ်နှစ်တာကာလအတွင်း ဗြိတိန်နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ပါတီတွင်းက သူ့ကို မနှစ်မြို့ ကြသူတွေ ကြောင့် ရာထူးက နုတ်ထွက် ပေးခဲ့ရတယ်။ စတာမာ ရာထူးက နုတ်ထွက်သွားတဲ့အတွက် လာမယ့် ဇူလိုင်လ ဒုတိယပတ်အတွင်း လေဘာပါတီက ခေါင်းဆောင်သစ်တဦးကို တင်မြှောက်ကြမှာပါ။ အဲဒီခေါင်းဆောင်သစ်ဟာ ကီယာစတာမာ နေရာကို ဆက်ခံမယ့် ဝန်ကြီးချုပ်သစ်လည်း ဖြစ်တယ်။

လတ်တလော ရေပန်းစားနေသူကတော့ မန်ချက်စတာ မြို့တော်ဝန်ဟောင်း အန်ဒီဘန်နမ် ပဲဖြစ်တယ်။ အန်ဒီ ဘန်နမ် လွှတ်တော်ထဲ ဝင်ရောက်နိုင်ဖို့ လေဘာပါတီ အမတ်တစ်ဦး ရာထူးက နုတ်ထွက်ပေးခဲ့ပြီး ဇွန်လက ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဘန်နမ်က အနိုင်ရသွားလို့ လွှတ်တော်အမတ်ဖြစ်လာခဲ့တယ်။ လေဘာ ပါတီဝင်တွေဟာ ကီယာစတာမာ နေရာကို ဘန်နမ်နဲ့အစားထိုးဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။

ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ လေဘာပါတီက အမတ်နေရာအများအပြား ရှုံးနိမ့်ခဲ့ရတာဟာလည်း ကီယာစတာမာအပေါ် ဖိအားကျရောက်ခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲမှာ နိုင်ဂျယ် ဖာရက်(Nigel Farage)ဦးဆောင်တဲ့ လက်ယာစွန်း ပြုပြင်ပြောင်းလဲရေးပါတီ( Reform UK) က လေဘာပါတီမဲန္ဒနယ်အများအပြားကို သိမ်းပိုက်ပြီး အပြတ်အသတ် အနိုင်ရရှိခဲ့တယ်။

ဇွန်လ ၂၂ ရက်မှာ ကီယာစတာမာ နုတ်ထွက်ကြောင်း နဲ့ ဇူလိုင်လလယ်မှာ လေဘာပါတီ ခေါင်းဆောင် အပြောင်းအလဲနဲ့ အာဏာလွှဲပြောင်းရေး ကြေညာလိုက်စဉ်မှာ အတိုက်အခံ ပြုပြင်ပြောင်းလဲရေးပါတီက အထွေထွေ ရွေးကောက်ပွဲ ချက်ချင်းကျင်းပဖို့ တောင်းဆိုခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီကတော့ ကီယာစတာမာရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ကျရှုံးမှုအပေါ် ဝေဖန်ခဲ့ကြတယ်။

ဝန်ကြီးချုပ် ကီယာစတာမာ နေရာကို ဆက်ခံဖို့ ရေပန်းစားနေတဲ့ အန်ဒီ ဘန်နမ် ဟာ မေလ (၁၈) ရက်က ကျင်းပတဲ့ Makerfield ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီးလွှတ်တော် အမတ်ဖြစ်လာခဲ့တယ်။  သူ့ကို လေဘာပါတီဝင်တွေက ပါတီခေါင်းဆောင် အဖြစ် ထောက်ခံကြတဲ့အတွက် လာမယ့်ဇူလိုင်လမှာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာဖြစ်တယ်။

ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတော့မယ့် အန်ဒီဘန်နမ် (Photo: The Economist)

ဘန်နမ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ မန်ချက်စတာမြို့တော်ဝန် (Mayor of Greater Manchester) အဖြစ် ကိုးနှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ လေဘာအစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီး နဲ့ ယဉ်ကျေးမှု၊ မီဒီယာ၊ အားကစားဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်တယ်။

ဆယ်နှစ်အတွင်း ဝန်ကြီးချုပ် ခုနစ်ယောက်အထိ အပြောင်းအလဲဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံရေးဟာ ရှုပ်ထွေးပြီး ပြောင်းလဲမှု မြန်ဆန်လှတယ်။ အထူးသဖြင့် ဥရောပကခွဲထွက်ခဲ့ Brexit နောက်ပိုင်း ဂယက်များ၊ ပါတီတွင်းအကွဲအပြဲများ နဲ့ စီးပွားရေး ကျဆင်းခြင်းတွေ ပါဝင်တယ်။

၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ လေဘာပါတီဟာ ပြီးခဲ့တဲ့ မေလက ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ Nigel Farage ဦးဆောင်တဲ့ လက်ယာစွန်း ပြုပြင်ပြောင်းလဲရေး ပါတီ (Reform UK) ကို နေရာအများအပြားမှာ ရှုံးနိမ့်သွားခဲ့ခြင်းဟာ ဝန်ကြီးချုပ် ကီယာစတာမာ နုတ်ထွက်ရခြင်းနဲ့ ဆက်စပ်နေတယ်။

ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဗြိတိန်အထွေထွေရွေးကောက်ပွဲကို ၂၀၂၉ ခုနှစ်မှာ ကျင်းပတဲ့အခါ စစ်တမ်းတွေအရ အလားအလာ အကောင်းဆုံး ဖြစ်နေတာက ပြုပြင်ပြောင်းလဲရေး (Reform UK) ပါတီလို့ သိရတယ်။ ပြုပြင် ပြောင်းလဲရေး ပါတီဟာ လက်ရှိအချိန်မှာ လူထု ထောက်ခံမှု ၂၅% ကနေ ၂၇% အထိ ရရှိထားပြီး အာဏာရ လေဘာပါတီနဲ့ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီတို့ကို လူထုက စိတ်ပျက်နေချိန်မှာ Reform UK ပါတီက အမတ်နေရာ ၇၀% အထိ အနိုင်ရနိုင်ခြေရှိတယ်လို့ ခန့်မှန်း ထားကြတယ်။ လက်ရှိ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီဟာ ပြုပြင်ပြောင်းလဲရေးပါတီကို မကျော်နိုင်သေးသလို အာဏာရ လေဘာပါတီရဲ့ လူထု ထောက်ခံမှုကလည်း ၁၈% ကနေ ၁၉% အထိ ကျဆင်းနေတယ်။

ဝန်ကြီးချုပ် ကီယာစတာမာ အလွန် ဗြိတိန်နိုင်ငံရေးက ရွေးကောက်ပွဲမတိုင်မီအထိ ထူးခြားမယ့်လက္ခဏာ မရှိသေးပေမယ့် ၂၀၂၉ ရွေးကောက်ပွဲအလွန်မှာတော့ လေဘာပါတီနေရာမှာ ပြုပြင်ပြောင်းလဲရေးပါတီက ဦးဆောင်တဲ့ အစိုးရသစ်တရပ် ပေါ်လာမယ့် အနေအထားတစ်ရပ်ကိုတော့ တွေ့မြင်နေကြရတယ်။

CWM

Ref: The Economist. June 27th 2026.

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *