The Corner

The Corner

cropped-Logo_round_grey-background.png

တကယ်ဖြစ်လာနေတဲ့ အေအိုင်ရဲ့ ခြောက်လှန့်သံ

Share မယ်

အေအိုင်ကို လူတွေနဲ့ ယဥ်ပါးအောင်လုပ်သင့်ပြီ

ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာခြင်းတည်းဟူဖြစ်ရပ်က နည်းပညာရှင်များကို ခြောက်လှန့်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ယခုနောက်ပိုင်းတွင် မဲပေးကြသူ ပြည်သူများကပါ ထိုစိုးရိမ်ပူပန်မှုကို တဖြည်းဖြည်းနှင့် သိရှိခံစားလာရသည်။ အနောက်နိုင်ငံများတွင် အေအိုင် ကို လူကြိုက် နည်းလာပြီး နိုင်ငံရေး နှင့် မဲဆွယ်ခြင်းစသည့် အရေးပါသော အခန်းကဏ္ဍများတွင် အေအိုင် အသုံးပြုမှု များပြားလာခြင်းကို စိုးရိမ်နေကြသည်။ အမေရိကန်နိုင်ငံအတွင်း အေအိုင်နှင့် ပတ်သက်သည့် အပြင်းထန်ဆုံး ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်တစ်ခုတွင် အေအိုင်အတွက် ဒေတာစင်တာ (အချက်အလက်များ သိုလှောင်သည့် အဆောက်အအုံ) များ တည်ဆောက်ခြင်း လုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် တန်ဖိုးရှိသော စီမံကိန်းများ ပျက်ပြားခဲ့ရသည်။ ထို့ပြင် နိုင်ငံရေး ပြိုင်ဘက်များအတွင်း အေအိုင် အလှူရှင်ကြီးများက မန်ဟက်တန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွင် ဒေါ်လာ သန်းပေါင်းများစွာကို ပုံအော သုံးစွဲခဲ့ကြသည်ဟု ကြားသိရလေသည်။ လူထုစစ်တမ်း ကောက်ယူသူ များက မဲဆန္ဒရှင်များအား မေးမြန်းရာတွင် ၄၀ ရာခိုင်နှုန်းခန့်က အေအိုင် ကို လုပ်ငန်းကဏ္ဍ အများစုတွင် ပိတ်ပင်စေချင်ကြောင်း ပြောကြားခဲ့ကြသည်ဟု ဆိုသည်။ သို့သော် နိုင်ငံရေးတွင်သာ မဟုတ်ပေ။ ထိုကဲ့သို့ အငြင်းပွားမှုများသည် အခြားနေရာများတွင်လည်း ပေါ်ပေါက်နေသည်။ မကြာသေးမီက ချစ်ပ်ပြား ထုတ်လုပ်မှု အမြတ်အစွန်းများ အများအပြား ရရှိသွားပြီးသည့်နောက် တောင်ကိုရီးယား ဆမ်ဆောင်းကုမ္ပဏီမှ အလုပ်သမား များသည် အထူးအပိုဆုကြေးများ ရရှိရန်အတွက် သပိတ်မှောက်မည်ဟု ၎င်းတို့၏ အလုပ်ရှင်ကို ခြိမ်းခြောက် ခဲ့ကြသည်။

ဤဆန့်ကျင်ကန့်ကွက်မှုများသည် စတင်ရုံသာ ရှိသေးသည်ဟု ဆိုလျှင်ရပေလိမ့်မည်။ အကြောင်းမှာ အေအိုင် နည်းပညာကိုယ်တိုင်ကလည်း စလုံးရေစ ရုံမျှသာ ရှိသေးသောကြောင့် ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာရန် အလားအလာနေသည့် အင်ဒီ ဘန်ဟမ် (Andy Burnham) သည် အေအိုင်နှင့် ပတ်သက်၍  တစ်လုံးတစ်ပါဒမျှပင် ဖွင့်ဟပြောဆိုခြင်းမရှိပဲ ရေငုံနှုတ်ပိတ်နေပေသည်။ အမေရိကန်နိုင်ငံသားများကလည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ် ၃၉ ခုအနက် အေအိုင်ကို အဆင့် ၂၉ နေရာတွင်သာ ထားနေကြသေးသည်။

သို့သော်လည်း အခြေအနေသည် ရုတ်ခြည်း  ပြောင်းလဲသွားနိုင်မှာ သေချာနေပြီး ဒေတာစင်တာများနှင့် ပတ်သက်၍ အငြင်းပွားမှုများသည် ရှေ့တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် ရှေ့ပြေးနိမိတ်များ ဖြစ်နေပြီ။ ထိုကိစ္စတွင် ပါဝင်သူ တစ်ဦးဦးက “ငါ့အိမ်နားမှာတော့ ဒီလို အဆောက်အအုံတွေ လာမဆောက်ပါနဲ့” ဆိုသည့် သဘောထားထက် ကျော်လွန်သော မုန်းတီးမှုတစ်ခု ဖြစ်သည်။ အမေရိကန်လူမျိုး အများစုသည် မိမိတို့ အိမ်ဘေးတွင် ဒေတာစင်တာတစ်ခု ရှိနေခြင်းထက် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု ရှိနေခြင်းကို ပို၍ လိုလိုလားလား လက်ခံကြလိမ့်မည်။ လူသူမနီးသော ယူတာ (Utah) သဲကန္တာရထဲတွင် ဒေတာစင်တာတစ်ခု ဆောက်လုပ်မည့် အစီအစဉ်သည်ပင်လျှင် ပြင်းထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒေတာစင်တာများသည် ကြည့်ရဆိုးသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤကဲ့သို့ ကန့်ကွက်မှုများ သည် နည်းပညာကို ကန့်ကွက်နေသည်ကို ပြသခြင်း ဖြစ်နေသည်။ အေအိုင်ကို ကျွမ်းကျင်သည့် ပညာရှင်များသည် မကြာမီ ရောက်ရှိလာတော့မည့် “အလုပ်အကိုင် ပျောက်ဆုံးမှုကပ်ဘေး” နှင့် အေအိုင်ကို သုံးပြီး ဖန်တီးထားသည့် စူပါဗိုင်းရပ်စ်က လူသားမျိုးနွယ်ကို မျိုးတုံးသွားစေနိုင်သည့် အန္တရာယ်များအကြောင်း နှစ်ပေါင်းများစွာကပင် သတိပေးထားခဲ့ကြသည်။ ထို့ကြောင့် ဒေတာစင်တာများကို ဆန့်ကျင်သူများသည် ၎င်းတို့က လူသားမျိုးနွယ် အချင်းချင်းကို ကယ်တင်နေကြသည်ဟု ယုံကြည်နေကြပြီး သူတို့၏ ထင်မြင် ယူဆချက်ကိုလည်း မှားယွင်းနေသည်ဟု ပြော၍ မရနိုင်။

ဆန့်ကျင်ကန့်ကွက်မှုများလုပ်နေချင်းကလည်း မှားသည် မှန်သည် မည်သူမျှ တပ်အပ် မပြောနိုင်ပေ။ လျှပ်စစ် ဓာတ်အား (သို့မဟုတ်) ရေနွေးငွေ့အင်ဂျင်များ ပေါ်ပေါက်လာသကဲ့ပင် အေအိုင်သည်လည်း ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်အောင် ပြောင်းလဲပေးနိုင်မှာလား ဆိုသည့် အယူအဆ တစ်ရပ်လည်း ရှိနေသေးသည်။ အကယ်၍ နိုင်ငံများက အေအိုင် နည်းပညာအတွက် လိုအပ်သော ကွန်ပျူတာ တွက်ချက်မှု စွမ်းပကားများကို ဖြတ်တောက်လိုက်ခြင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်ကိုင်လိုက်ခြင်းမျိုး တားဆီးခြင်းမျိုး ပြုလုပ်ပါက အေအိုင်မှ ရရှိလာမည့် အကျိုးကျေးဇူး အားလုံး ဆုံးရှုံးသွားနိုင်သည်။ ကိုဗစ်-၁၉ (Covid-19) ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးထုတ်လုပ်မှုကို ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ရှေ့မဆက်နိုင်ဘဲ နောက်ကျကျန်ရစ်ခဲ့သည့် mRNA ကာကွယ်ဆေးနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို နမူနာအဖြစ် ကြည့်နိုင်ပါသည်။

Photo: Magnific

အကယ်၍သာ အေအိုင်ဖွံ့ဖြိုးရေးကို အမေရိကန်နိုင်ငံသာ အရှုံးပေး သွားခဲ့ပါက ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာနှင့် စစ်ရေးဆိုင်ရာ နည်းပညာ စွမ်းပကားများကို တရုတ်နိုင်ငံထံသို့ လွှဲပြောင်းပေးလိုက်ရသလို ဖြစ်သွားနိုင်သည်။ ဥရောပနှင့် ကနေဒါနိုင်ငံတို့သည်လည်း အမေရိကန်ထက်စာလျှင် စွန့်စားရမှုကို ပို၍ ကြောက်ရွံ့တတ်ကြသည်။ ကမ္ဘာ့အခြားနေရာများက ရှေ့သို့ ဆက်တိုက်တွန်းအားပေးနေချိန်တွင် ၎င်းတို့က AI ကို လည်ပင်းညှစ် ပိတ်ဆို့ထားလိုက်မည်ဆိုပါက ၎င်းတို့၏ ဆုံးရှုံးမှုများသည် ပြန်လည်ကုစားနိုင်တော့မည် မဟုတ်ပေ။ စက်မှု တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီးနောက် နှစ်ပေါင်းနှစ်ရာကျော် ကြာမြင့်လာသည့်တိုင်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ပထမဆုံးနိုင်ငံများကို ရင်ပေါင်တန်း လိုက်မီနိုင်သည့် နိုင်ငံဟူ၍ အနည်းငယ်သာ ရှိသေးသည်။

ထို့ကြောင့် ရင်းနှီးပေးဆပ်ရမည့် အကျိုးဆက်များမှာ အလွန်ပင် ကြီးမားလှသည်။ ဆန့်ကျင်နေခြင်းထက် တဖြည်းဖြည်းချင်း တိုးမြှင့်လုပ်ဆောင်သွားခြင်းက ပို၍ ကောင်းမွန်ပါသည် ဟုသာ ဆိုရပေမယ်။ ယနေ့ ကြုံတွေ့နေသည့် စိန်ခေါ်မှုများနှင့် ပြဿနာများကို ကြိုတင်ပြင်ဆင်ပြီး အဆင်ပြေအောင် ဖြေရှင်းရင်း ရှေ့သို့ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံများအကြား ညီညီညွတ်ညွတ် တွန်းအားပေး ချီတက်ခြင်း ဖြစ်သည်။ အေအိုင်ခေတ်ကို ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လူသားတိုင်းတွင် တူညီသည့် ခံယူချက်နှင့် စိတ်ဓာတ်မျိုး ရှိနေကြရန် လိုအပ်မည် ဖြစ်သည်။

အေအိုင် ဖွံ့ဖြိုး အောင်မြင်စေရန်အတွက် မူဝါဒများကို ရှာဖွေနေကြသည့် နိုင်ငံရေးသမားများနှင့် အေအိုင် ကုမ္ပဏီများအတွက် လမ်းညွှန်ချက် လေးချက်ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

ပထမဦးစွာ အေအိုင် ၏ အကျိုးကျေးဇူးများကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးပါ။ ဆန့်ကျင် နေသူများအနေဖြင့် ၎င်းတို့က လမ်းဖယ်ပေးလိုက်ပါက မိမိတို့၏ ဒေသတွင်း နယ်မြေများပါ အကျိုးကျေးဇူး ခံစားရမည်ဖြစ်ကြောင်း သိမြင်လာအောင် ပြသပေးရန် လိုအပ်သည်။ လတ်တလောတွင် ဒေတာစင်တာ တည်ဆောက်သည့် ကုမ္ပဏီများသည် အမြော်အမြင် ကြီးကြီးဖြင့် အနီးနားရှိ မြို့ရွာများကို ပြုပြင် တည်ဆောက်ရန် ရန်ပုံငွေများ စတင် ထောက်ပံ့ပေးသည့် နည်းဖြင့် စည်းရုံးသိမ်းသွင်းသင့်သည်။ တဖြည်းဖြည်းချင်းနှင့် ဤချဉ်းကပ်ပုံကို လူ့အဖွဲ့အစည်းတစ်ခုလုံးဆီသို့ပါ ကျယ်ပြန့်အောင် လုပ်ဆောင် သွားရမည် ဖြစ်ကာ ပြည်သူများအနေဖြင့် အေအိုင်၏ တိုးတက်မှုတွင် ၎င်းတို့၏ စီးပွားရေးအရ အကျိုးအမြတ် ခံစားခွင့် ရှိနေကြောင်းနှင့် လုပ်ငန်းခွင် ထိခိုက်ပျက်ပြားမှုများကို နည်းနိုင်သမျှနည်းပြီး နေသာထိုင်သာ ရှိရေးအတွက် “လုပ်ခလစာ အာမခံချက်” ဖြင့် သက်သေပြရမည် ဖြစ်သည်။ အားလုံးအတူတကွ ကြီးပွားချမ်းသာလာသည်ဟူသော အသိစိတ်ဓာတ်မျိုး ရှိမှသာလျှင် “ဘယ်သူနိုင်မလဲ/ဘယ်သူရှုံးမလဲ” ဆိုသည့် အဆိပ်အတောက်ဖြစ်စေသော နိုင်ငံရေး အားပြိုင်မှုများကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

ဒုတိယအချက်မှာ လူမှုပြဿနာများကို နည်းပညာဖြင့် အကူအညီပေးရန် လိုအပ်လာသည့်အခါတွင် စည်းမျဉ်းစည်းကမ်းများကို ပြတ်ပြတ်သားသား ချမှတ်ထားရန် လိုပါလိမ့်မည်။ အေအိုင် နည်းပညာကို အသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ခြင်း သို့မဟုတ် ဇီဝ အကြမ်းဖက်မှုများ  ကျူးလွန် လာနိုင်ခြင်း စသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အလားအလာများကို လက်တလော အခြေအနေတွင် သာမန်ပြည်သူများ အနေဖြင့် အလေးအနက်ထားကြခြင်း အလေ့အထ မရှိကြသေးပေ။ ထိုပြဿနာများနှင့် အခြားသော အရေးကိစ္စရပ်များကို နည်းမှန်လမ်းမှန်ဖြင့် နည်းပညာကို အသုံးပြုကာ ကိုင်တွယ်ဖြေရှင်းခြင်းသည် နည်းပညာကို ကန့်သတ်ချုပ်ချယ်ထားရန် တောင်းဆိုနေသည့် အကြောင်းပြချက်များကိုလည်း တစ်စတစ်စ  အားနည်း သွားစေမည် ဖြစ်သည်။

တတိယအချက်မှာ အရာရာတိုင်းကို တိတိကျကျ တိုင်းတာ တွက်ချက် ထင်ရှားအောင် ပြသပါ။ အေအိုင်ကြောင့် အလုပ်အကိုင် လျှော့ချမှုများ ရှားပါးမှုများ ဖြစ်ပေါ်နေသည်၊ လျှပ်စစ် ဓာတ်အားခများ၊ ရေများ အဆမတန် သုံးစွဲနေရသည် ဟူသော ယေဘုယျ အယူအဆမှာ မှားယွင်းနေနိုင်ပါသည်။ ပိုမိုတိကျသော ကိန်းဂဏန်း အချက်အလက်များ မရှိဘဲနှင့်မူ အဆိုပါ ကိစ္စရပ်များကို အတည်ပြုရန် ခက်ခဲသည်။ ဒေတာစင်တာများသည် ရေအလွန်အကျွံသုံးစွဲမှုနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးထားသော ပြဿနာရပ်များ၊ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရသည်။ (ဥပမာ – တစ်ချိန်က ဖုန်းတာဝါတိုင်များမှ လွှတ်သော အချက်ပြလှိုင်းသည် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟူသော နည်းလမ်းမကျသည့် စွပ်စွဲချက်မျိုး ရှိခဲ့ဖူးသည်) အချက်အလက်အမှန်များသည် သတင်းမှားများကို လုံးဝအမြစ်ပြတ်အောင် ကုစားနိုင်မည် မဟုတ်သော်လည်း အချက်အလက်များ မရှိခြင်းက သတင်းမှားများကို ပိုမိုဆိုးရွားသွားစေ ခြင်းကို သတိပြုသင့်ပါသည်။

စတုတ္ထအချက်မှာ နိုင်ငံတော် ယန္တရားကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် အေအိုင်ကို အသုံးပြုသင့်သည်။ ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်အတွက် အေအိုင်ကို အသုံးပြုနိုင်သည်မှာ ပုဂ္ဂလိကကဏ္ဍ တစ်ခုတည်း မဖြစ်သင့်ပါ။ အခွန်ဆောင်ခြင်းသည် အခွန်ထမ်းပြည်သူများအတွက် အလွန်လွယ်ကူချောမွေ့သော ကိစ္စတစ်ခု ဖြစ်လာသင့်ပြီး နိုင်ငံတော်က ဦးစီးလုပ်ဆောင်သည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များသည်လည်း အချက်အလက်များကို ချိတ်ဆက်မှုမရှိဘဲ ချောမွေ့စွာ ပေါင်းစပ်ထားသင့်သည်။ စာသင်ကျောင်းများသည်လည်း အေအိုင်သုံး သင်ယူမှုစနစ်များကို စမ်းသပ်လုပ်ဆောင်သင့်သည်။ ထို့အပြင် အေအိုင်သည် နိုင်ငံရေးသမားများ မည်သည်တို့ လုပ်ဆောင်နေသည်ကို ပြည်သူများက စောင့်ကြည့်စစ်ဆေးရန်အတွက်လည်း ပိုမို လွယ်ကူစေနိုင်ပါသည်။

အကယ်၍ အေအိုင်နည်းပညာသည် မိမိတို့၏ လူမှုပြဿနာများ နောက်ကွယ်တွင် မှန်မှန်ကန်ကန် ရပ်တည်လျက် ရှိနေသည် သို့မဟုတ် မိမိတို့ သားသမီးများ၏ ပညာရေးကို အထောက်အကူပြုနေသည်ဆိုပါက ပြည်သူများအနေဖြင့် အေအိုင်ကို ဆန့်ကျင်ကန့်ကွက်ရန် အလားအလာ နည်းပါးသွားပါလိမ့်မည်။ ထို့ပြင် အစိုးရ၏ လုပ်ဆောင်ချက်များသည် ထိရောက်မှုရှိသည်ဟု ပြည်သူများက ယုံကြည်ပါက နိုင်ငံတော်အနေဖြင့် အေအိုင်နည်းပညာကို ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်လိမ့်မည်ဟု ပိုမိုယုံကြည်လာကြမည် ဖြစ်သည်။

စက်ယန္တရားများ၏ နိုင်ငံရေး

အေအိုင်က ၎င်းတို့၏ ဘဝများကို မည်သို့ ပြောင်းလဲပစ်နိုင်သည်ဆိုသည့် သံသယဖြင့် မဲဆန္ဒရှင်များက အနီးကပ် စိတ်ဝင်တစား စောင့်ကြည့်ကြသည်မှာ အမှန်ပဲဖြစ်ပါသည်။ အဆိုပါ သံသယကို ဖြေရှင်းရန်သာလိုသည် အပြစ်မတင်သင့်ပေ။ အနာဂတ်သည် ရှုပ်ထွေးပွေလီပြီး ထူးဆန်းကာ ခန့်မှန်းရခက်ခဲပါလိမ့်မည်။ အေအိုင်က လုပ်တာပဲ ဘာဖြစ်ဖြစ်လက်ခံရမှာပဲဟု ပြောနေမည့်အစား အေအိုင်မည်သို့မည်ပုံအလုပ်လုပ်၍ မိမိ ရည်မှန်းချက်များ အမြန်ဆုံးနည်းဖြင့် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု အောင်မြင်အောင် စည်းရုံးသိမ်းသွင်းသင့်သည်။ အကယ်၍ မအောင်မြင်ပါက ပိုမိုပြင်းထန်သော လူထု၏ တုံ့ပြန်မှုများ၊ ဆန့်ကျင်မှုများ ထွက်ပေါ်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် လူသားမျိုးနွယ်အတွက် ကြီးမားလှသော အခွင့်အလမ်း ကောင်းများကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

မူရင်း – The AI backlash is only getting started – The Economist, 27th June ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုသည်

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *