The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၅) – မောင်လူထွန်း

Share မယ်

ပြေးနိုင်မှ လွတ်မယ် သမ္မတ ထရမ့်

သမ္မတ ထရမ့် နေတိုးအစည်းအဝေးမှ အပြန်ခရီးကို စာနယ်ဇင်းများက သရော်ကြပုံ (Credit: The Okalahoma Observer)

ဦးမိုး – ဟာ ကိုတိုး တယ်စောပါလား။ မင်္ဂလာပါဗျာ။

ဦးတိုး –  မင်္ဂလာပါ။ ကိုမိုး လာဗျို့… ကျုပ်က ဒီနေ့ ရောက်တာ နည်းနည်းစောတယ်ဗျ။ မိုးရိပ်လေရိပ်တွေ ရှိတာနေနဲ့ မိုးလွတ်မလားဆိုပြီး ထွက်လာတာ ပြန်ရင်တော့ မိုးချတော့မယ်ထင်တာပဲ မိုးတိမ်တွေကို ညို့နေတာပဲ။

ဦးမိုး – ကျွန်တော်လည်း စောစောထွက်လာမလို့ဟာ သတင်းကြည့်နေတာနဲ့ဗျာ။ ကိုတိုး ဟိုသမ္မတကြီး ထရမ့် နောက်ပေါက်က ပြေးရတဲ့ လျှို့ဝှက်ဆန်းကြယ် ခရီးစဥ် အကြောင်း သတင်းကြား လိုက်သေး လားဗျ။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ သံတမန်ရေးရာ လျှို့ဝှက်ဆန်းကြယ် လှည့်ကွက် ပေါင်းစုံကို မြင်ဖူးပြီ ထင်ခဲ့တာ အခုတော့ တော်တော်ဆန်းသဗျ။ နေတိုး ထိပ်သီး အစည်းအဝေးလုပ်တဲ့ တူရကီနိုင်ငံ အန်ကာရာြမို့ လေဆိပ်မှာ အမေရိကန် သမ္မတ ထရမ့်ကို လေယာဥ်တွေပေါ်ကို စားစရာ တင်တဲ့ အလုံပိတ် လော်ရီကားနဲ့ မှောင်ခိုထုတ်သွားရတဲ့ သတင်းလေ။

ဦးတိုး – ကြားပြီးပါပကောဗျာ။ ဟား ဟား ဟား… စံပဲဗျို့။ အဲဒီ ကိစ္စကို ဖွင့်ချလိုက်တဲ့ ဝါရှင်တန်ပို့စ် သတင်းစာကြီးက သတင်းထောက်ကို ချီးကျူးရမယ်။ 

ဦးမိုး – (တဟားဟား ရယ်မောရင်း) ဟေ့ ကောင်လေးရေ လာပါဦး ငါတို့ကို ထုံးစံအတိုင်း လုပ်ပါဦးကွာ။ ရေနွေးကြမ်းလည်း မမေ့နဲ့ဟေ့။

ဒီမယ် ကိုတိုးရယ်၊ ဒီလို သာမန် အစားအစာတင် လော်ရီကားလေးကို အထင်မသေးပါနဲ့ဗျ။ ဆန်းဒဝစ်ချ်တွေလည်း တင်တယ်၊ သောက်စရာ ကော်ဖီ လက်ဖက်ရည်လည်း တင်တယ်… ဟဲ ဟဲ အခုဆိုရင် အမေရိကန် သေနာပတိချုပ်ကိုပါ တင်ပေးလိုက်ပြီလေ။ ဒါနဲ့ ဘယ်လိုက ဘယ်လို အဲဒီလို အခြေအနေ ရောက်သွားရတာလည်းဗျ။ နည်းနည်းလောက် ရှင်းပြပါဦး။ ခင်ဗျားက ဒီလိုမျိုးဆိုရင် ခရေစေ့တွင်းကျ သိတတ်လို့။

ဦးတိုး – ဒီလိုဗျ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ဒရာမာကတော့  အီရန်နဲ့ စစ်ရေး တင်းမာမှုတွေပဲဗျ။ အပြန်အလှန် စစ်ရေးရေချိန် မြင့်တက်နေချိန် တူရကီနိုင်ငံမှာ လုပ်တဲ့ နေတိုး (NATO) ထိပ်သီး အစည်းအဝေး အချိန်နဲ့ကိုက်ပြီး အမေရိကန်သမ္မတစီးလာတဲ့ Air Force One လေယာဥ်ကြီးကို အီရန်ဘက်က ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ စိတ်ချရတဲ့ ထောက်လှမ်းရေး သတင်း ရလာတော့ အပြီး အန္တရာယ်က မီးနီအဆင့်ပြနေတဲ့ အချိန်မှာတော့ သိက္ခာထက် အသက်ရှင် လွတ်မြောက်ရေးက အရေးကြီးအဆင့် ပထမဦးစားပေး ဖြစ်သွားတာပေါ့ဗျာ။

ဦးတိုး – သိက္ခာကို ခဏဖယ်ထားလိုက်ပါဦးဗျာ စစ်ရေးဗျူဟာမြောက် စိတ်အေးအေးနဲ့ လှည့်စားသွားတာကို စဉ်းစားကြည့်။ သမ္မတရဲ့ လုံခြုံရေး အဖွဲ့က သမ္မတစီးတော်ယဥ် Air Force 1 ဘိုးအင်း ၇၄၇ လေယာဉ်ကြီးကို တည်ကြက် အဖြစ် သုံးလိုက်တယ်။ အိမ်ဖြူတော် သတင်းထောက် အဖွဲ့နဲ့ ဝန်ထမ်းတွေကို လေယာဉ်ပေါ်တင်၊ ပြတင်းပေါက် လိုက်ကာတွေ ပိတ်ထားခိုင်းပြီး ထရမ့် ပါလာတယ်လို့ ထင်အောင် လှည့်စားပြီး ပျံခိုင်းလိုက်တာ။ တစ်ဖက်လှည့်ပြီး သမ္မတထရမ့်ကို လေယာဉ်ရဲ့ အနောက်ဘက်ကနေ အစားအစာ တင်တဲ့ ဟိုက်ဒရောလစ် ကားနဲ့ သယ်ပြီး စီ-၃၂ အေ (C-32A) လေယာဉ်ငယ်ဆီ လျှို့ဝှက် ပို့ဆောင်လိုက်တယ်။ ဒါဟာ သာမန် လုံခြုံရေး စည်းမျဉ်းမကဘဲ စစ်ရေး လှည့်စားမှုနည်းဗျူဟာ တစ်ခုအဖြစ် လှလှပပ တန်ပြန် တိုက်ကွက် တစ်ခုပဲဗျ။ အက်ရှင်ကား တစ်ကားလိုပဲ။ အဲ အဲ စားစရာတင်တဲ့ အလုံပိတ် လော်ရီကားကြီး သမ္မတကြီးကို တင်သွားရတာတော့ နည်းနည်းတော့ အောက်တာပေါ့ဗျာ… ဟဲ ဟဲ။

ဦးမိုး – ကြားရတာ ရယ်စရာ ကောင်းပေမယ့် ဒီနေရာမှာ နိုင်ငံရေး ဟာသ ကိစ္စက ပိုမို နက်ရှိုင်းလာ လို့ ထင်တယ်ဗျ။ သူ့ရဲ့ လေကြောင်း ခရီးစဉ်မှာ ဘာကြောင့် ဒီလောက် ထိခိုက်လွယ်တဲ့ ဟာကွက် ပေါ်သွားရတာလဲ။ အဲဒီ လေယာဥ်ကြီးကလည်း ကာတာနိုင်ငံက သမ္မတ ထရမ့်ကို မျက်နှာလုပ်ပြီး  လက်ဆောင် ပေးထားတဲ့ ဘိုးအင်း ၇၄၇ လေယာဉ်သစ်ကြီး မဟုတ်လား။ နောက်ပြီး လေယာဉ်မှာ အထူး ဒုံးကျည်ရန် ကာကွယ်ရေး စနစ်တွေ အပြည့်အစုံ မတပ်ဆင်ရသေးဘူးတဲ့။ အဲဒီတော့ ရောချပြီး “အမှတ်တရ ဖြစ်အောင် လေယာဉ်ဟောင်းနဲ့ပဲ ပြန်မယ်” လို့ ကြေညာပြီး နောက်ကွယ်မှာတော့ အလုံပိတ် ကားထဲမှာ ပုန်းပြီး လေယာဉ် ပြောင်းစီးခဲ့ရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။

အင်ကာရာ လေဆိပ်မှ သမ္မတထရမ့် ခရီးစဥ် အသေးစိတ်ပြပုံ (Photo: AOL.com)

ဦးတိုး – အမှန်တော့ ဒါက တကယ့် စစ်ရေး ကိစ္စဗျ။ ပုံရိပ် ပျက်တာ မပျက်တာထက် အီရန်က ပြတ်ပြတ် သားသား သတင်းစကား ပါးလိုက်တာ။ နောက်ဆုံး တိုက်ခိုက်မှုတွေနဲ့ စစ်ရေး တင်းမာမှုတွေ စတင်ခဲ့ပြီးတည်းက အရှေ့အလယ်ပိုင်းနဲ့ အနီးဝန်းကျင် လေပိုင်နက်ဟာ အမေရိကန် ထိပ်တန်း အရာရှိတွေအတွက် လုံခြုံမှု မရှိတော့ဘူးဆိုတာ ဝါရှင်တန်ကို သိစေချင်တာ။ ဒါကြောင့်လည်း အန်ကာရာလို နေတိုး မဟာမိတ်နိုင်ငံရဲ့ လေယာဉ်ကွင်းမှာတောင် ဒရုန်းတွေ၊ ဒုံးကျည်တွေ ဒါမှမဟုတ် လျှို့ဝှက် တိုက်ခိုက်မှုတွေ ရှိနိုင်တယ်လို့ စိစစ်ပြီး အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ဒီလို စီစဥ်ခဲ့တာပေါ့ဗျ။

ဦးမိုး – ဟုတ်မယ်။ ဒါပေမဲ့ဗျာ သမ္မတက လေယာဥ် နောက်ပေါက်က လစ်ပြေးပြီး အဲဒီ တည်ကြက် လေယာဉ်ပေါ် ပါသွားတဲ့ သတင်းထောက်တွေရဲ့ နေရာကိုလည်း စဉ်းစားကြည့်ပါဦး။ ဖြစ်သင့်ရဲ့လားဆိုတာ။ အခုမှ ပြန်တွေးပြီး ကြောက်နေကြမလား မသိဘူး။ သူတို့က သူတို့နဲ့အတူ  ထရမ့်ပါလာမယ်ထင်ပြီး ဗြိတိန်နိုင်ငံကို သွားနေတယ်၊ အဆင်ပြေတယ် အထင်နဲ့ လေယာဉ်ပေါ်မှာ လိုက်ကာပိတ်ပြီး ထိုင်လိုက်ခဲ့ကြတာ။ နောက်ပြီး အလုံပိတ်ကားပေါ်မှာ ဘယ်သူတွေပါပြီး လေယာာဥ်ပေါ်မှာလည်း ဝန်ကြီးတချို့ ကျန်ခဲ့သေးတယ်လို့ သတင်းဌာနတွေက အတည်မပြုနိုင်တဲ့ သတင်းတွေကို ဆက်ပြီး ပြောနေကြသေးတယ်။ ဝါရှင်တန် နိုင်ငံရေးမှာတော့ ဒီကိစ္စက လပေါင်းများစွာ ငြင်းခုံစရာ ဖြစ်လာတော့မှာပါ။ ဒါဟာ ပါးနပ်တဲ့ ခြိမ်းခြောက်မှု ကာကွယ်ရေးလား၊ ဒါမှမဟုတ် အမေရိကန်နဲ့ အီရန်ကြားက လုံခြုံရေး အခြေအနေ ဘယ်အခြေအနေအထိ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီလဲ ဆိုတာပေါ့။

ဦးတိုး – ဒါကတော့ နှစ်ခုစလုံးပဲ ကိုမိုးရ။ စစ်မှန်တဲ့ နိုင်ငံရေး လက်တွေ့ဝါဒ မှာ ရန်သူက ပစ်မှတ်ကို နိုင်ငံတကာ ထိပ်သီး အစည်းအဝေးကနေ ဘေးကင်းကင်း ထွက်ခွာနိုင်ဖို့ အလုံပိတ်ကားထဲမှာ ပုန်းခိုင်းလိုက်နိုင်ပြီ ဆိုရင်ကိုပဲ အင်အားချိန်ခွင်လျှာက များသွားပြီး ရန်သူက ပေးနိုင်တဲ့ အန္တရာယ်များတဲ့ ဘက်ကို ယိုင်သွားပြီဆိုတာ ပြနေတာပဲ။ မဟုတ်ဘူးလား။

ဦးမိုး – ကဲ… နောက်တစ်ခါ ထရမ့် အရှေ့အလယ်ပိုင်းကို လာရင်တော့ လျှို့ဝှက် လုံခြုံရေး အဖွဲ့က လေယာဉ် ပျံသန်းမှု လမ်းကြောင်းတင် မဟုတ်ဘူး၊ လေဆိပ်ကနေ အစားအစာသယ်တဲ့ အလုံပိတ်ကားထဲမှာ သမ္မတနဲ့ သူ့အဖွဲ့ ပုန်းစရာနေရာ နေရာကျန်အောင်ချန်ဖို့ စီစဥ်ရတော့မယ် ထင်တယ်။

ဦးတိုး – အမှန်မတော့ ဒါက ဇာတ်လမ်းရဲ့ အစပဲ ရှိသေးတာ။ စစ်ရေးဗျူဟာ ရှုထောင့်ကကြည့်ရင် ဒီ စားစရာတင်တဲ့ အလုံပိတ်ကား ပြဿနာရဲ့ နောက်ကွယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ကစားကွက်ကြီး တစ်ခုလုံး ရှိနေတာ။ တူရကီမြေပေါ်မှာ ဒါမျိုး ဖြစ်သွားတာကို ရုရှားနဲ့ တရုတ်က ဘေးကနေ လက်ခုပ်တီးပြီး ကြည့်နေကြမှာ အသေအချာပဲ။ အမေရိကန်ရဲ့ လုံခြုံရေး ဟာကွက်ကို ကမ္ဘာသိအောင် ပြလိုက်သလိုပဲလေ။

ဦးမိုး – အေးဗျ မှန်တယ် ကိုတိုး။ အထူးသဖြင့် နေတိုး အဖွဲ့ဝင် တူရကီရဲ့ အခန်းကဏ္ဍက တော်တော် စိတ်ဝင်စားဖို့ကောင်းလာပြီ။ အီရန်က အန်ကာရာ လေဆိပ်အထိ ခြိမ်းခြောက်နိုင်စွမ်း ရှိနေတာကို တူရကီ သမ္မတ အာဒိုဂန်က မသိဘဲ နေမလား။ ဒါမှမဟုတ် သိလျက်နဲ့ အမေရိကန်ကို အကျပ်ရိုက်အောင် ကစားကွက် ဆင်လိုက်တာလားဆိုတာ စဉ်းစားစရာပဲ။ နိုင်ငံတကာ သံတမန်ရေးမှာ “ရန်သူ့ ရန်သူဟာ ငါ့မိတ်ဆွေ” ဆိုတဲ့စကားက ရှိသေးတာကိုး။

ဦးတိုး – ဟေ့ ကောင်လေး… တို့ဝိုင်းကို ရေနွေးကြမ်းတစ်အိုး လဲပေးပါဦကွ။ ဒီမယ် ကိုမိုး၊ ကျွန်တော့် အထင်တော့ ဒီအရှုပ်ထုပ်ကြီးက ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး။ ဝါရှင်တန်မှာရှိတဲ့ ကွန်ဂရက်လွှတ်တော်ကလည်း ဒီကိစ္စကို ဘတ်ဂျက်ကိစ္စတွေ၊ စစ်ရေးအသုံးစရိတ်တွေနဲ့ ဆွဲထည့်ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဦးမှာ။ အထူးသဖြင့် အဲဒီ တည်ကြက် Airforce 1 လေယာဉ်ပေါ်က သတင်းထောက်တွေရဲ့ သက်ဆိုင်တဲ့ မီဒီယာတွေကတော့ အိမ်ဖြူတော်ကို အလွတ်ပေးမှာ မဟုတ်ဘူး။

ဦးမိုး – မှန်တာပေါ့ဗျာ။ သတင်းထောက်တွေက သူတို့ကို “ဓားစာခံ” လိုအဖြစ် အသုံးချခံလိုက်ရတာကို သိသွားတဲ့နေ့ကစပြီး သူတို့ရဲ့ ကလောင်သွားတွေ ထက်နေအောင် သွေးထားကြမှာ။ ဒါပေမဲ့ ကျွန်တော်တို့ အရပ်သားတွေ အမြင်မှာတော့ ကမ္ဘာ့သြဇာအရှိဆုံး သမ္မတတစ်ယောက်ရဲ့ လုံခြုံရေးဟာ ဟမ်ဘာဂါနဲ့ ဆန်းဒဝစ်ချ်တွေကြားမှာ နေခဲ့ရတယ်ဆိုတာ… တကယ့်ကို ရာဇဝင်တွင်မယ့် နိုင်ငံရေး ပြက်လုံးတစ်ခုပါပဲဗျာ။

ဦးတိုး – ဒါလောက်နဲ့တော့ ပြီးသွားမယ် မထင်ဘူးဗျ။ နေတိုးအဖွဲ့ရဲ့ အနာဂတ်အတွက်ပါ စဉ်းစားစရာ ဖြစ်လာတယ်။ တူရကီဟာ နေတိုး မဟာမိတ်နိုင်ငံ ဖြစ်ပေမယ့် ရုရှားဆီကနေ အက်စ်-၄၀၀ (S-400) ဒုံးကျည် ကာကွယ်ရေးစနစ် ဝယ်ထားတဲ့ နိုင်ငံဗျ။ အန်ကာရာ လေဆိပ်ထဲမှာ အမေရိကန် သမ္မတ လုံခြုံရေးအတွက် လေယာဉ် ပြောင်းစီး ရလောက်အောင် စိုးရိမ်ခဲ့ရတယ် ဆိုတာဟာ နေတိုးရဲ့ လေကြောင်းစုံစမ်းရေးနဲ့ ကာကွယ်ရေးစနစ်မှာ ပါဝင်တဲ့ တူရကီရဲ့ သတင်းအချက်အလက် လုံခြုံမှုကိုပါ ဝါရှင်တန်က မယုံကြည်တော့တာကို ပြနေသလိုပဲ။

ဦးမိုး – ခင်ဗျားပြောတာ မှန်တယ်။ အင်း… ဒါက အတော်လေး အရေးကြီးတဲ့ အချက်ပဲ။ အမေရိကန်နဲ့ တူရကီ သံတမန်ရေးဟာ အရင်ထက် ပိုအက်ကြောင်း ထပ်မံ ပေါ်လွင်သွားတာပေါ့။ မဟာမိတ်ဆိုပေမယ့် အပြန်အလှန် ယုံကြည်မှု မရှိသလောက် ရောက်သွားတဲ့ သဘောပေါ့။

ဦးတိုး – ကမ္ဘာ့ရေးရာမှာ သြဇာပြန်ထူထောင်မယ်လို့ ကြွေးကြော်ထားတဲ့ အမေရိကန် သမ္မတ တစ်ယောက်အနေနဲ့ ဒီလို အဖြစ်အပျက်မျိုးကြုံရတာဟာ မကြာခင်မှာ လာတော့မယ့် ပြည်တွင်းမှာလည်း ရွေးကောက်ပွဲ ကစားကွက်အရ ထိုးနှက်ချက် ဖြစ်သွားနိုင်တယ်။ ပြိုင်ဘက် ဒီမိုကရက်တွေက “ကမ္ဘာ့အင်အားကြီး သမ္မတကို အလုံပိတ်ကားနဲ့ ခေါ်ထုတ်ခဲ့ရတယ်” ဆိုပြီး ပြိုင်ဘက်တွေက အကြီးအကျယ် လှောင်ပြောင်ကြတော့မှာ အသေအချာပဲ။

ဦးမိုး – အပြောတော့ မစောနဲ့ ဗျ။ ထရမ့်ကတော့ သူ့စတိုင်အတိုင်း “ဒါဟာ အီရန်က သူ့ကို လုပ်ကြံတာကို သူက ဘယ်လို ကျော်လွှားနိုင်ခဲ့တဲ့အကြောင်း၊ သမိုင်းမှာ ဘယ်သမ္မတမှ မကြုံဘူးပဲ သူမို့လို့ ဒီလိုအကောင်းဆုံး လျှို့ဝှက်စစ်ဆင်ရေးမှာ ပါဝင်နိုင်တာ” ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောရင် ပြောဦးမှာ။ နိုင်ငံရေးသမားဆိုတာ ရှုံးတာကိုတောင် အနိုင်အဖြစ် ပုံဖော်တတ်ကြတာကိုး။

ဦးတိုး – ဒီကိစ္စကို ရယ်စရာလိုလို ဖြစ်နေပေမယ့် သေချာတဲ့အချက်ကတော့ အမေရိကန်ရဲ့ ဟန့်တားနိုင်စွမ်း ဟာ အရှေ့အလယ်ပိုင်းမှာ တော်တော်လေး ပြိုလဲနေပြီဆိုတာကို ပြနေတာပဲ။

ဦးမိုး – စာဆန်ဆန် ပြောရရင် ဒီဇာတ်လမ်းရဲ့ နိဂုံးချုပ်မှာတော့ ဒီဖြစ်ရပ်ဟာ ခေတ်သစ် ကမ္ဘာ့နိုင်ငံရေးရဲ့ “အချိုးအကွေ့” တစ်ခုပါပဲဗျာ။ ကမ္ဘာ့ အင်အားကြီး နိုင်ငံရဲ့ သေနာပတိချုပ်ပင်လျှင် သမားရိုးကျ လုံခြုံရေး နည်းလမ်းတွေကို စွန့်လွှတ်ပြီး ဟမ်ဘာဂါတင်တဲ့ အလုံပိတ်ကားနောက်မှာ ပုန်းရတဲ့အထိ ကမ္ဘာ့အင်အား ချိန်ခွင်လျှာက ထူးဆန်းစွာ ကမောက်ကမ ဖြစ်နေပြီဆိုတာကို ဒီ လက်ဖက်ရည်ဆိုင် ဝိုင်းကနေ သုံးသပ်ရတော့တာပေါ့ဗျာ… ကဲ ကဲ မိုးတွေလည်းလာပြီ ထီးပါလား ကိုယ့်လူ ပြန်ကြရအောင်။

ဦးတိုး – ဟုတ်တယ်။ ရေနွေးကြမ်းလည်း နှစ်အိုးကုန်ပြီ။ နောက်မှ ဆုံကြဦးစို့ရဲ့…

Click to rate this post!
[Total: 4 Average: 4]

Leave a Comment

Your email address will not be published. Required fields are marked *