The Corner

The Corner

cropped-Logo_round_grey-background.png

အီရန်က ဟော်မုဇ်ကို ဘယ်လောက်ကြာကြာလက်နက်လို အသုံးပြုနိုင်သလဲ

Share မယ်

ဟော်မုဇ်ရေလက်ကြားကို မှီခိုရမှုတွက်ချက်ထားသော အညွန်းကိန်းများအရ ကမ္ဘာ့နိုင်ငံများက မျှော်လင့်ထားသည် ထက် ပို၍ကြာနိုင်

အီရန်နိုင်ငံသည်နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြိုးပမ်း လျက်ရှိ သည် ဟု ကမ္ဘာ့နိုင်ငံများကနှစ်ပေါင်းများစွာကြာအောင် စိုးရိမ်ခဲ့ကြသည်။မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ငါးလတာ ကြာမြင့်ခဲ့သောစစ်ပွဲက အီရန်နိုင်ငံ၏ခေါင်းဆောင်များကသူတို့ထံတွင်ဖြုံလောက်သည့် အခြား လက်နက်တစ်မျိုး ပိုင်ဆိုင်ထားပြီဆိုတာကိုလက်တွေ့သင်ခန်းစာပေးခဲ့သည်။ ပထဝီဝင် အနေအထား နှင့် စစ်ရေးစွမ်းအားတို့ကြောင့် အီရန်နိုင်ငံသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း ၏ ငါးပုံတစ်ပုံခန့် ပုံမှန် ဖြတ်သန်း သယ်ယူ နေရသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို လက်တွေ့အားဖြင့် စိုးမိုးထားနိုင်ခဲ့သည်။ ထိုသို့အဓိက သွေးလွှတ် ကြောကြီးပမာ အရေးပါလှသည့် ပင်လယ်ရေကြောင်း ကြီးကို ပိတ်ဆို့လိုက်ခြင်းက အီရန် ခေါင်းဆောင်များ အဖို့ ယင်းတို့၏ ရန်ဘက်များ အပေါ် အားသာချက် ကြီးမားစွာရရှိစေခဲ့သည်။

အီရန်နိုင်ငံ၏ ရန်သူတော်များကမူ ဟော်မုဇ်ရေလက်ကြားသည် ရေရှည်တွင် အသုံးမဝင်တော့ဘဲ တန်ဖိုး ကျဆင်းသွားမည့် လက်နက်တစ်ခုသာ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ အမေရိကန် စွမ်းအင် ဝန်ကြီး ခရစ်ရိုက် (Chris Wright) က မူ”ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့တာမျိုးဟာ တစ်ခါပဲထုတ် သုံးလို့ရတဲ့ ဝှက်ဖဲတစ်ချပ်ပါ” ဟုမေလအတွင်းကပြောကြားခဲ့သည်။ ယခုအခါ ပင်လယ် ကွေ့နိုင်ငံများ သည်လည်း အခြား အစားထိုးပို့ဆောင်နိုင်မည့် လမ်းကြောင်းများကို ကြိုးစားပမ်းစားရှာ ဖွေနေကြပြီ ဖြစ်သည်။ ဒေါ်နယ်ထရမ့်၏ အီရတ်နှင့် ဆီးရီးယားဆိုင်ရာ သံတမန် တစ်ဦးဖြစ်သူ တွမ်ဘားရက်ခ် (Tom Barrack) က ထိုရေလက်ကြားကို “နှစ်နှစ်လောက်ကြာရင်မေ့သွားကြမယ့် အရေးမပါတဲ့နေရာတစ်ခု”  ဖြစ်သွားပါလိမ့်မယ်ဟု သူတွက်ဆ လက်ခံ ထားတာကို ပြောကြားခဲ့သည်။

လန်ဒန်ထုတ် အီကော်နောမစ်စာစောင်သည် အဆိုပါပြောကြားချက်များနှင့် အယူအဆများကို ဆန်းစစ် နိုင်ရေးအတွက် “Hormuz dependency dashboard ” ခေါ်သည့် ဆန်းစစ်ချက် ညွန်ကိန်းတစ်ခုကို တည်ဆောက်ရန် ကျွမ်းကျင်သူ ပညာရှင်များကို တွေ့ဆုံ မေးမြန်း ပြီးကိန်းဂဏန်းအချက်အလက်များကို ပိုင်းခြားစိတ်ဖြာလေ့လာခဲ့သည်။ ထိုညွန်ကိန်း အရ ကောက်ချက်သုံးခုကို ထောက်ပြခဲ့သည်။ ပထမ အချက်မှာ အီရန်၏ ခြိမ်းခြောက်မှု ၏ ရေရှည် တည်တံ့နိုင်သော စွမ်းအားသည် ကုန်ပစ္စည်းအမျိုးအစား နှင့် နိုင်ငံအပေါ်မူတည်၍ ကွဲပြားသည်။ ဒုတိယအချက်မှာ ဟော်မုဇ် ရေလက်ကြားကို အသုံးပြုပြီး အီရန် နိုင်ငံ၏ ဝင်ငွေရရှိစေရေး စီးပွားရှာနိုင်စွမ်း သည် လျော့နည်းသွားမည် ဖြစ်သော်လည်း မည်သည့် အခါမျှ လုံးဝပျောက်ကွယ်သွားနိုင်ဖွယ်မရှိပေ။ တတိယအချက်မှာအကယ်၍ အီရန် ကောက်ခံနိုင်သည့် အခကြေးငွေများ အချိန်အခါအလိုက် လျော့ကျ သွားလျှင်ပင် ယင်းနိုင်ငံ၏ မဟာဗျူဟာမြောက် ဩဇာအရှိန် အဝါသည် လိုက်ပါလျော့ပါး သွားမည် မဟုတ်ပေ။ စင်စစ် အီရန်အစိုးရသည် ယင်းနိုင်ငံ၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို စနစ်တကျ အဖွဲ့ အစည်း ပုံစံ ခိုင်မာအောင် တည်ဆောက်လာသည် နှင့် အမျှ ယင်း ဩဇာမှာ ပိုမိုနက်ရှိုင်းလာနိုင်ပေသည်။

ဟော်မုဇ်ရေလက်ကြား သင်္ဘောသွားလာမှု မည်မျှအထိ ရေလက်ကြားကို လမ်းလွှဲရှောင်ကွင်း သွားနိုင်  သည်ဆိုသည့် အချက်မှ စတင်ကြည့်ကြပါစို့။ စစ်ပွဲမဖြစ်မီက တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၁၅ သန်း ခန့်သည် ထိုရေလက်ကြား ကို ဖြတ်သန်းသွားလာခဲ့သည်။ ယင်းရေနံစိမ်းများကို လမ်းလွှဲရန် အလွယ်ကူ ဆုံးဟု ထင်ရသည်။ ပင်လယ်နီပေါ်ရှိ ယန်ဘူး (Yanbu) မြို့သို့ ကျွန်းဆွယ် ကုန်း မြေကို ဖြတ်သန်း ဖောက်လုပ်ထားပြီး ရေလက်ကြားကို ရှောင်ကွင်းနိုင်သည့် ဆော်ဒီအာရေးဗီးယား၏ အရှေ့-အနောက် ရေနံပိုက်လိုင်းသည် စစ်မဖြစ်မီက တစ်နေ့လျှင် ပြည်ပတင်ပို့ရန်အတွက် စည် တစ်သန်း မျှသာ သယ်ယူခဲ့သည်။ ယနေ့တွင်မူ ထိုပိုက်လိုင်းသည် ၎င်း၏ ပို့ဆောင်ပေးနိုင်စွမ်း အပြည့်အဝ ဖြစ်သည့် တစ်နေ့လျှင် စည် ခုနစ်သန်း ပမာဏဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ပေးနေပြီဖြစ်သည်။ ယင်းအနက် ရေနံစိမ်းစည်ပေါင်း ငါးသန်းနီးပါးကို ပြည်ပသို့ တင်ပို့ပြီး ကျန်ရှိသည်များမှာ ကမ်းလွန် ရေနံချက် စက်ရုံ များသို့ ရောက်ရှိသည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည်လည်း စစ်မဖြစ်မီက တစ်နေ့ လျှင်ရေနံစိမ်း စည် တစ် သန်းမျှသာ သယ်ယူပို့ဆောင်ပေးခဲ့သည့် ဟာဘရှန်ဖူဂျိုင်ရား( Habshan-Fujairah) ပိုက်လိုင်းကို အပြည့်အဝ အသုံးပြု လျက်ရှိရာ ယခုအခါ တစ်နေ့လျှင် ၁ ဒသမ ၈ သန်းအထိ သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။ တစ်ချိန်က ရပ်ဆိုင်း ထားခဲ့ဖူးသည့် အီရတ်မှ တူရကီသို့ ဆက်သွယ်ထားသော  ပိုက်လိုင်းသေးတစ်ခုမှလည်း တစ်နေ့လျှင်ရေနံစိမ်း စည် နှစ် သိန်းခန့် ပို့ဆောင်လျက်ရှိသည်။

အဆိုပါအချက်များကြောင့် ဟော်မုဇ်ရေလမ်းကြောင်းမှရေနံစိမ်း တင်ပို့မှု  ပမာဏကို တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၁ဝ သန်းအထိ လျှော့ချပေးသွားနိုင်မည် ဖြစ်သည်။ အခုအခါ စစ်ပွဲကြောင့် နောက်ဆက်တွဲ ပေါ်ပေါက် လာနိုင်ခြေ ရှိသည့် ပိုက်လိုင်းသစ်များကို ထည့်သွင်းတွက်ချက်ကြည့်ရမည်။ ပင်လယ်ကွေ့ဒေသ၏ အမိန့်ပေးထိန်းချုပ်သည့် စီးပွားရေးစနစ်များတွင် မြေနေရာရရှိရေးသည် ပြဿနာမဟုတ်ကြောင်း ထိုအကြောင်းအရာကို သိရှိ နားလည် ကျွမ်းကျင်ပြီး ဆောင်ရွက်နေကြဖြစ်သည့် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ခေတ်မီတိုးတက်ဆုံးပိုက်လိုင်းစီမံကိန်းကြီးမှာ လက်ရှိပိုက်လိုင်းနှင့် အပြိုင်သွယ်တန်း မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် တစ်ရက်လျှင် ၁ ဒသမ ၈ သန်းအထိ ရေနံစိမ်းများ ထပ်မံပို့ဆောင်ပေးနိုင် လာမည် ဖြစ်သည်။

အီရတ်နိုင်ငံသည် ယင်းနိုင်ငံ၏ ပိုက်လိုင်းဖြင့်ရေနံပို့ဆောင်နိုင်သည့်စွမ်းအားပဏာမကို တစ်နှစ်အတွင်း တစ်နေ့လျှင် ရေနံစိမ်း စည် တစ်သန်းအထိ တိုးမြှင့်ပို့ဆောင်ပေးနိုင်ရန်ရည်မှန်းထားသည်။ ထို့ပြင် တောင် ပိုင်းရှိ ရေနံမြေများကို ဂျော်ဒန်၊ ဆီးရီးယားနှင့် တူရကီနိုင်ငံများရှိ ယခင်ရှိပြီးသား လမ်းကြောင်းများနှင့် ချိတ်ဆက်ရန် ပိုက်လိုင်းသစ် တစ်ခုကိုလည်း စီစဉ်လျက်ရှိသည်။ တစ်နေ့လျှင် စည် ၂ ဒသမ ၅ သန်း ပို့ဆောင်ပေးနိုင်စွမ်းရှိသည့် အဆိုပါ လုပ်ငန်း စီမံကိန်းအတွက် စာချုပ်များကို စတင်ချုပ်ဆိုနေပြီဖြစ်ပြီး လေးနှစ် အတွင်း ပြီးစီးမည်ဖြစ်ကြောင်း Rystad Energy အကြံပေးလုပ်ငန်းမှ ရာဟူးချောင်ဒရီ (Rahul Choudhary) က ပြောကြားခဲ့သည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ဟော်မုဇ် (Hormuz) ရေလက်ကြားကို ရှောင်ကွင်း၍ အခြားလမ်းကြောင်းမှတစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ငါးသန်း ထပ်မံပို့ဆောင်ပေး လာနိုင်မည် ဖြစ်သည်။

သို့သော်လည်း ယင်းပမာဏအတိုင်းပင် အခြားရွေးချယ်စရာ လမ်းကြောင်းမရှိဘဲ ဟောမုဇ် လမ်း ကြောင်းက ပို့ဆောင်ရမည့်ရေနံစိမ်းများကျန်ရှိနေသေးသည်။ ထို့အပြင် ယခုအစီအစဉ်များအနက် မည်သည့် အစီအစဉ်ကမျှ အမှားအယွင်းမရှိ ရာနှုန်းပြည့်သေချာ စိတ်ချရမှု မရှိပေ။ အီရတ်၏ လုပ်ငန်း စီမံကိန်းများသည် လုံခြုံရေး အန္တရာယ်များနှင့် နယ်စပ်ဖြတ်ကျော် အငြင်းပွားမှုများကြောင့် မအောင်မြင်ဘဲ အလွဲလွဲ အချော်ချော် ဖြစ်သွားနိုင်သည်။ စိတ်ကူးဖြင့် ပုံဖော်ခဲ့ကြသော စီမံကိန်းအမြောက်အမြား မှာလည်း လက်တွေ့အကောင်အထည်မပေါ်ဘဲ စာရွက်ပေါ်တွင်သာ တင်ကျန်ခဲ့ရသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရန်ဘူ (Yanbu) မြို့မှ အာရှသို့ ထွက်ခွာသည့် ရေနံတင်သင်္ဘောများသည် ပုံမှန် အားဖြင့် ဘားဗ်အယ်လ်မန်ဒက် (Bab al-Mandab) ရေလက်ကြားကို ဖြတ်သန်း မောင်းနှင်ကြပြီး ယင်းနေရာတွင် အီရန်နှင့် မဟာမိတ်ဖွဲ့ထားသော ဟူသီ (Houthi) သူပုန်များ၏ တိုက်ခိုက်မှုကို ခံရနိုင်ခြေ ရှိသည်။ ဆော်ဒီ ရေနံစိမ်းများကို ဆူးအက်တူးမြောင်း (Suez Canal) သို့မဟုတ် အီဂျစ်၏ ဆူးမက် (Sumed) ပိုက်လိုင်းမှတစ်ဆင့် သယ်ယူ ပို့ဆောင် နိုင်သော်လည်း ယင်းလမ်းကြောင်းသည်ပင်လျှင် လုံခြုံမှုမရှိနိုင်ပေ။ ဇူလိုင်လ ၂၉ ရက်နေ့က ဆူးအက် အနီးရှိ ဒေမီယတ်တာ (Damietta) ဆိပ်ကမ်း တွင် ရေနံတင်သင်္ဘောတစ်စင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည့်  ဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။

အီရန် နိုင်ငံသို့မဟုတ် ယင်း၏ နောက်ကွယ်မှ လက်ဝေခံအဖွဲ့များသည် ဟော်မုဇ် (Hormuz) ရေလက် ကြား ၏ သြဇာအရှိန်အဝါကို လျော့ကျသွားစေနိုင်သည်ဟု စိုးရိမ်ရသည့် အခြေခံ အဆောက်အအုံ သစ် များကို တိုက်ခိုက် လာနိုင်ခြေ ရှိပါသည်။ သဘောတူညီချက်တစ်ခု ရရှိခဲ့လျှင်ပင် ထိုကဲ့သို့သော စီမံကိန်း များ အတွက် အာမခံကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်များမှာအဆိုပါ တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ် ကြောင့် မြင့်တက်သွားစေနိုင်ဆဲ ဖြစ်သည်။

ဟော်မုဇ် ရေလက်ကြားမှ ဖြတ်သန်းနေသော ကုန်စည်အမျိုးအစားများ (Credit: UNCTAD)

ချက်လုပ်ပြီး ရေနံထွက်ကုန်ချောပစ္စည်းများ၏ လမ်းကြောင်းကို ပြောင်းလဲပို့ဆောင်ရေးအတွက်ဆိုလျှင် ပို၍ပင် ခဲယဉ်းသည်။ ပါရှားပင်လယ်ကွေ့ နိုင်ငံများသည် လွန်ခဲ့သောနှစ်အတွင်းက ဟော်မုဇ်ရေ လက် ကြားက တစ်ဆင့် ဓာတ်ဆီ၊ ဒီဇယ်နှင့် အခြားအားဖြည့်လောင်စာဆီ စုစုပေါင်း တစ်ရက်လျှင် စည်ပေါင်း ငါးသန်းနီး ပါး တင်ပို့ခဲ့သည်။ ထိုရေနံထွက်ကုန်ချောပစ္စည်းများအတွက် ကုန်းလမ်းပိုက်လိုင်း အစားထိုးလမ်း ကြောင်းဟူ၍ မရှိသေးပေ။ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ယင်းနိုင်ငံ၏ အရှေ့-အနောက်စင်္ကြံလမ်း(east-west corridor)ကို တစ်ရက်လျှင် စည်ပေါင်း နှစ်သန်းအထိ တိုးချဲ့သည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကုန်းလမ်းပိုက်လိုင်းတစ်ခု ဆောက်လုပ်ရန် စီစဉ်နေသည်။ သို့သော် ထိုစီမံကိန်းမှာ စတင်ကာစ အဆင့်၌သာ ရှိသေးပြီး ရန်ဘူ (Yanbu) ဆိပ်ကမ်း၏ လက်ခံနိုင်စွမ်းအားကိုလည်း အလားတူပမာဏအထိ တိုးမြှင့်ပေးရန် လိုအပ်မည်ဖြစ်သည်။

အီရတ်နိုင်ငံသည် ဆီးရီးယားနိုင်ငံသို့ တစ်ရက်လျှင် လောင်စာဆီတင် ကားစီးရေ ၁,ဝဝဝခန့် တင်ပို့ ပေးနေပြီး စစ်ပွဲမဖြစ်မီက ၁ဝ စီးသာ ရှိခဲ့ရာမှတိုး မြင့်လာခြင်းဖြစ်ကာ ထိုလမ်းကြောင်းမှာ နှေးကွေးပြီး ကုန်ကျစရိတ် ကြီးမားလှသည်။ ဆီးရီးယားနိုင်ငံသည် အီရန် စစ်ပွဲစတင်ချိန်မှစ၍ ထိုသယ်ယူပို့ ဆောင် ရေး ယာဉ်အသွားအလာများမှ ကုန်စည်ဖြတ်သန်းခ အဖြစ် ဒေါ်လာ ၁၅ သန်းမှ သန်း ၂ဝ အထိဝင်ငွေ ရရှိခဲ့သည်။ ပါရှားပင်လယ်ကွေ့ ပြင်ပတွင် ရေနံချက်စက်ရုံသစ်များ ဆောက်လုပ်ခြင်းသည် ပိုက်လိုင်း များ ဆောက်လုပ်ခြင်းထက် ပိုမိုအချိန်ယူရမည်ဖြစ်ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ် သည်။

အဆိုပါပြဿနာမှာ ကာတာနိုင်ငံသက်သက်နီးပါးက တင်ပို့နေသည့် သဘာဝဓာတ်ငွေ့ရည် (LNG) အတွက် အဆိုးရွားဆုံး ဖြစ်သည်။ မည်သည့် ဓာတ်ငွေ့ရည် ပိုက်လိုင်းမျှ ဆောက်လုပ်ဆဲမရှိသလို ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှု (Feasibility studies) များကိုလည်း ထုတ်ပြန်ထားခြင်း မရှိပေ။ ကာတာနိုင်ငံသည် အိုမန်နိုင်ငံသို့ ပိုမိုလွယ်ကူသည့် ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းနိုင်သော်လည်း ယင်းပိုက်လိုင်းများ သည် ရုရှား၏ နော့ဒ်စထရင်း (Nord Stream) လေး လိုင်းတွဲ ပိုက်လိုင်းမှ ဥရောပသို့ ပို့လွှတ်ရန် လျာထား ခဲ့ ဖူးသည့် ဓာတ်ငွေ့ပမာဏမျိုးအထိပမာဏများစွာ ပို့ဆောင်ပေး ရန်လိုအပ်မည် ဖြစ်သည်။ ပို၍ပင် ဖြစ်နိုင်ခြေ မရှိသည်မှာ ကာတာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ရည် ထုတ်လုပ်သည့် စုပေါင်းစက်ရုံကြီး တစ်ခုလုံးကို အာ ရေဗျပင်လယ် ကမ်းရိုးတန်းတွင် အသစ်တစ်ဖန် ပြန်လည် တည် ဆောက်ရန်လိုအပ်မည် ဖြစ်သည်။ 

မျှော်လင့်ချက်အရိပ်အမြွက်များ ရှိနေဆဲဖြစ်သည်။ ရေနံ၊သဘာဝဓာတ်ငွေ့နှင့်ရေနံထွက်ကုန်ချော ပစ္စည်းများ တင်သွင်းသူအများစုသည် အချိန်တန်လျှင် ဟော်မုဇ် (Hormuz) ရေလက်ကြားမှ တင်သွင်း နေရမှုကို မှီခိုအားထား နေရခြင်းမှ လမ်းခွဲနိုင်ကြမည်ဖြစ်သည်။ ဈေးနှုန်းများတရားလွန်မြင့် တက်နေ ချိန်ကာလ နှစ်အနည်းငယ်အတွင်း အမေရိကတိုက်များနှင့် အခြားဒေသများမှ တစ်နေ့လျှင် အပိုဆောင်းရေနံစိမ်းစည်ပေါင်း နှစ်သန်းမှ သုံးသန်းအထိ ပိုမိုထွက်ရှိလာအောင် တွန်းပေးနိုင်ပါသည်။ တရုတ်နိုင်ငံ၏ ရေနံချက်စက်ရုံများကလည်းအ ပိုအလျှံထုတ်လုပ်နိုင်စွမ်း အလုံအလောက် ရှိနေသေး သကဲ့သို့ သဘာဝဓာတ်ငွေ့ရည် (LNG) သည်လည်း ယင်း၏ သမိုင်းတွင် အလျင်မြန်ဆုံး တိုးချဲ့မှု ကို ကြုံနေသည်။ သို့ဖြစ်ရာ ကမ္ဘာ့စျေးနှုန်းများကို အီရန်၏ လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းသည် ယခုဆယ်စုနှစ် မကုန်မီမှာပင် လျော့ကျသွားမည်ဖြစ်သည်။

သို့သော် ယင်းနိုင်ငံ၏ ပင်လယ်ကွေ့အိမ်နီးချင်းများအပေါ် ချုပ်ကိုင်ထားမှုမှာမူ ထိုသို့မဟုတ်ပေ။ ယင်း နိုင်ငံတို့၏ စွမ်းအင်အမြောက်အမြား တင်ပို့မှုသည် ဟော်မုဇ်ရေလက်ကြားကို နှစ်ပေါင်းများစွာ မဖြစ် မနေ ဆက်လက် အသုံးပြုနေရမည်ဆိုသည့် အချက်ကြောင့်တင် မကပေ။ ယင်းနိုင်ငံအများအပြားမှာ သွင်းကုန်များအတွက်ပါ ဟော်မုဇ်ရေလက်ကြားကို အားကိုးနေရသောကြောင့် ဖြစ်သည်။ ပင်လယ် ကွေ့ အာရပ်နိုင်ငံများသည် ယင်းတို့၏ အဓိကအစားအစာနှံစားသီးနှံများ၏ ၉၅% အတွက်ဖြည့်ဆည်း ပေးနေသည့်တင်သွင်းသူ ပြည်ပနိုင်ငံများကို မှီခိုနေရသော်လည်း ဆော်ဒီအာရေးဗီးယားတွင်သာ သင့်တော်သည့် ကုန်အမြောက်အမြား လက်ခံနိုင်သော ကောင်းမွန်သည့်ဆိပ်ကမ်းများရှိပြီး ယင်းတို့သည်လည်း ဒေသတစ်ခုလုံးကို ထောက်ပံ့နိုင်လောက်အောင် မကြီးမားပေ။ စီးပွားရေးအရ ကြည့်လျှင်လည်း နှံစားသီးနှံ၊ သံရိုင်း သို့မဟုတ် ဘောက်ဆိုက် (bauxite) စသည်တို့ကို ကုန်းလမ်းမှ မြောက်မြားစွာ သယ်ယူရန် မဖြစ်နိုင်ပါ။ Panamax သင်္ဘောတစ်စင်းလျှင် နှံစားသီးနှံ တန်ချိန် ၆ဝ,ဝဝဝ သယ်ဆောင်နိုင်ပြီး ယင်းပမာဏမှာ ကုန်တင်ကား အစီး ၂,ဝဝဝ စာနှင့် ညီမျှသည်။

ထင်ရှားသော ဖြေရှင်းနည်းတစ်ခုမှာ ဒေသတွင်း မီးရထားလမ်းများ ပိုမိုဖောက်လုပ်ရန်ဖြစ်သော်လည်း ထိုနည်းလမ်း သည်လည်း နှေးကွေးပြီး ကုန်ကျစရိတ် မြင့်မားမည်ဖြစ်သည်။ မြေပြင်အနေအထား ဆင်တူသည့် ဩစတြေးလျတွင် အတိတ်က တည်ဆောက်ခဲ့သော သတ္တုတွင်းဆိုင်ရာ ရထားလမ်း စီမံကိန်းများသည် တစ်ကီလိုမီတာလျှင် ဒေါ်လာ ၁၂ သန်းမှ ၁၅ သန်းအထိ ကုန်ကျခဲ့သည်။ သို့ဖြစ်ရာ ပင်လယ်နီမှ ကာတာအထိ ရထားလမ်းကြောင်းတစ်ခုသည် ဒေါ်လာ ၂၅ ဘီလီယံထက် ကျော်လွန်သွား နိုင်သည်။

ပင်လယ်ကွေ့နိုင်ငံများတွင် ပုံမှန်အားဖြင့် လေးလမှခြောက် လစာ လိုအပ်မှုကို လုံလောက်ပြည့်စုံစေ နိုင်သော မဟာဗျူဟာမြောက် ကောက်ပဲသီးနှံ ရိက္ခာသိုလှောင်ထားမှုများ ရှိသော်လည်း လတ်ဆတ်သော စားနပ်ရိက္ခာ အစားအသောက်များ၊ ဆေးဝါးများနှင့် စက်ပစ္စည်းကိရိယာများကဲ့သို့ ကုန်သေတ္တာ များဖြင့် သယ်ယူရသော ကုန်စည်များ အတွက်မူ အလားတူ စုဆောင်းထားရှိမှု မရှိပေ။ တစ်နှစ်လျှင် ပေ ၂၀ အရှည်ရှိ ကုန်သေတ္တာ (TEU) ၁၉ သန်းနီးပါး ချထားနိုင်သည့် ဒေသတွင်း အကြီးဆုံး ကုန်သေတ္တာ ဆိပ်ကမ်းကြီးဖြစ်သော ဂျဘဲလ်အလီ(Jebel Ali)ဆိပ်ကမ်း သည်ပါရှား ပင်လယ်ကွေ့အတွင်း၌ တည်ရှိသည်။ ရေလက်ကြားပြင်ပတွင် အကြီးဆုံးဆိပ်ကမ်းမှာ ဂျက်ဒါ (Jeddah) ဖြစ်ပြီးကုန်သေတ္တာ ၇ ဒသမ ၅ သန်း TEU ဆံ့သည်။ ယင်းဆိပ်ကမ်းသည် စစ်ပွဲမတိုင်မီကတည်းက ကြံ့ကြံ့ခံ ရပ်တည်ကာ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေရပြီ ဖြစ်ကြောင်း ကက်ပလာဒေတာ အမည်ရှိ အချက်အလက် စုဆောင်းသည့်လုပ်ငန်းမှအယ်လက်အီလင်ဒါ (Alexis Ellender )က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ အီရန်သည် ဟော်မုဇ်ရေလက်ကြားကိုအချိန်ကာလတစ်ခုအထိ လက်နက်သဖွယ် ဆက်လက် အသုံးပြု နိုင်မည် ဖြစ်ပြီး ယင်းမှဝင်ငွေရအောင်စီးပွားရှာနိုင်မည်ဟု အီကော်နော်မစ် စာစောင်ညွန်ကိန်း အရ သုံးသပ် ဖော်ညွန်း ခဲ့သည်။ ပင်လယ်ကွေ့နိုင်ငံများ၏ ထိခိုက်လွယ်မှု ပမာဏမတူညီခြင်းက ၎င်းတို့၏ သင်္ဘောများ ပုံမှန် သွားလာနိုင်ရေး အတွက် မည်မျှအထိ သည်းခံဆောင်ရွက်နိုင်သည်ဆိုသော အချက်မှာ ကွဲပြားသွားနိုင်ပေသည်။ ကာတာနိုင်ငံက ယာယီ အခကြေးငွေများကောက်ခံခြင်းကို လက်ခံနိုင်ကြောင်း ဖော်ညွန်းခဲ့သော်လည်း အခြားနိုင်ငံများက လက်မခံဘဲ ပိုမို တင်းမာသော ရပ်တည်ချက်ကို ဆုပ်ကိုင် ထား ကြသည်။ သို့သော် သဘောထား တင်းမာလှသည့် ယူအေအီး (UAE) ပင်လျှင် သဘောထား ပျော့ပျောင်း လာခဲ့ပြီးယခုအခါ အီရန်နှင့် ကုန်သွယ်ရေး ပြန်လည် စတင်နေပြီ ဖြစ်သကဲ့သို့ နှစ်နိုင်ငံက သံတမန်များ လည်း ဆွေးနွေးလျက်ရှိသည်။

ဩဂုတ်လ ၅ ရက်နေ့တွင် အီရန်အရာရှိတစ်ဦးကသူတို့ အစိုးရသည် အိုမန်နိုင်ငံနှင့် ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတစ်ခုကို သဘောတူညီခဲ့ပြီး “အချို့သော တတိယအဖွဲ့နိုင်ငံများ” ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တိုက်တွန်းခဲ့သည်။ ယင်းက အီရန်အား ဟော်မုဇ်ကို ထိန်းချုပ်ခွင့် ပေးလိုက်သည်ဟု ယူဆပါက အီရန်နိုင်ငံသည် မည်မျှအထိ ဆောင်ရွက်နိုင်မည်နည်းဟုမေးစရာရှိသည်။ အီရန် လွှတ်တော်အမတ်တစ်ဦးက ဇွန်လတွင် ယင်းတို့ နိုင်ငံသည် ရေလက်ကြားကို ဖြတ်သန်းသွား လာသည့် သင်္ဘောတစ်စင်းလျှင် ဒေါ်လာ ၁ ဒသမ ၅ သန်းမှ နှစ်သန်းအထိ ကောက်ခံနေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ယင်းသည် စစ်ပွဲမတိုင်မီ သွားလာမှု ပမာဏ၏ ၇ဝ% နီးပါး ရှိသည်ဟု တွက်ဆ လျှင် ပင် တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၃၅ ကျော်ကော်ခံ ရရှိမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုကိန်းဂဏန်းမှာ မတန်တဆများပြားလွန်းပြီးမျက်လုံးပြူးသွားရလောက်အောင်ပင် အံ့အား သင့်ဖွယ် ရာဖြစ်ပြီး တကယ်တမ်းတွင် ဖြစ်နိုင်ခြေမရှိပေ။ အခြားရွေးချယ်စရာမရှိသည့် ဈေးကွက်တစ်ခုတွင် အဓမ္မ ခြိမ်းခြောက် အကျပ်ကိုင်ပြီး သတ်မှတ်ထားသော နှုန်းထားများသည် ပုံမှန်စီးဆင်းမှုကို ပြန်လည်စတင်နိုင်စေမည့် သဘောတူညီချက် တစ်ခု ရရှိသွားပါက ဆက်လက်တည်တံ့မည် မဟုတ်ပါ။ အီရန်ပါလီမန်သို့ တင်သွင်းထားသော ဥပဒေကြမ်း မူကြမ်းတွင် ကုန်စည်ပမာဏ၊ တန်ဖိုးနှင့် သင်္ဘော အမျိုးအစားအပေါ် အခြေခံ၍ နှုန်းထားများ သတ်မှတ်ရန် မျှော်မှန်း ထားပြီး ကန့်သတ်ချက်တစ်ခုမှာ ကောက်ခံမည့်အခကြေးငွေသည် နောက်ထပ် အကောင်းဆုံး အစားထိုး နည်းလမ်း၏ ကုန်ကျစရိတ် အောက်လျော့ နည်းနေရမည်ဖြစ်သည်။

GSSI စုပေါင်းစွန့်စားမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ရှာဟင်း အီရန်နီဂျက်(Shahin Irani Nejad) က အခြား သော ဥပဒေပြုရေး အဆိုပြုချက်တစ်ခုတွင် အီရန်ရေပိုင်နက်အတွင်း တစ်တန်လျှင် ပျမ်းမျှ ယူရို သုံးယူရိုနှင့် နိုင်ငံတကာ ရေပိုင်နက်တွင် နှစ်ယူရို ကောက်ခံရန် အဆိုပြုထားကြောင်း ထောက်ပြထား သည်။ ၎င်းက နောင်တွင် မျှော်မှန်း နိုင်သော ဝင်ငွေကို တစ်နှစ်လျှင် ဒေါ်လာ နှစ်ဘီလီယံမှ သုံးဘီလီယံအထိ ပိုမို ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်း ထားသည်။ ရေလက်ကြားကို ရှောင်ကွင်းနိုင်သည့် စွမ်းဆောင်ရည် ကြီး ထွားလာသည်နှင့်အမျှ ထိုဝင်ငွေသည် လျော့ကျ သွားမည်ဖြစ်သော်လည်း ပုံစံတူ လျော့ကျမည် မဟုတ် ပေ။ ရေနံစိမ်းတင် သင်္ဘောများသည် မကြာမီ စျေးသက်သာခွင့် ရရှိနိုင်မည်ဖြစ်သော်လည်း ချက်လုပ်ပြီး ရေနံထွက်ကုန်ချောပစ္စည်းများ၊ သဘာဝဓာတ်ငွေ့ရည်နှင့် ကုန်အမြောက်အမြား တင်ဆောင်သည့် သင်္ဘောများသည် နှစ်ပေါင်းများစွာ ပိုမိုမြင့်မားသော အခကြေးငွေများကို ရင်ဆိုင်ရနိုင်သည်။

ထိုကဲ့သို့သော ဝင်ငွေစီးဆင်းမှုများသည် ရေရှည်တည်တံ့ပါ့မလားဟုမေးစရာရှိသည်။ အခကြေးငွေများ သည် ခန့်မှန်းရလွယ်ကူပြီး ပေးချေရန် လွယ်ကူကာ စစ်ပွဲအန္တရာယ် ပရီမီယံကြေးများထက် နည်းနေ သရွေ့ သင်္ဘောပိုင်ရှင် အများအပြားသည် ပေးဆောင်ကြလိမ့်မည်ဟု Lloyd’s List သင်္ဘောလုပ်ငန်း ဂျာနယ်မှ Richard Meade က ပြောကြားခဲ့သည်။ သို့သော် သင်္ဘောများသည် အီရန်အား အခကြေးငွေ မပေးဘဲ ရေလက်ကြားကို အကြိမ်ကြိမ် ဖြတ်သန်းပါက ထိုအခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။ တင်းမာမှုတစ်ခု ပေါ်ပေါက်လာမည် ။ယင်းမှာ အီရန်နိုင်ငံသည်ယင်း၏အစိုးရယန္တရား လုပ်ငန်း လည် ပတ်ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သည့် ငွေကြေးရရှိရေး အတွက်အမေရိကနှင့် ငြိမ်းချမ်းရေးရရှိရန် လိုအပ်သည်။ သို့ရာတွင်ဖြတ်သန်းခငွေကြေးပေးဆောင်ရန် မလိုက်နာဘဲ ပျက်ကွက်သည့် ရေနံတင် သင်္ဘောများကို ဆက်လက် တိုက်ခိုက်နေရမည်ဖြစ်ရာ ယင်းက ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ခက်ခဲစေနိုင်သည်။

အကောင်းဘက်ကကြည့်လျှင် အီရန်သည် ယင်းနိုင်ငံ၏ အခကြေးငွေများကို လိုအပ်သည်ထက် ပိုမိုမြန် ဆန်စွာ လျှော့ချပေးနိုင်ဖွယ်ရှိသည်။ မစ္စတာ မီယာဒီ (Meade) က အီရန်၏ မဟာဗျူဟာ ရည်မှန်းချက် မှာ ဝင်ငွေ အများဆုံး ရရှိရေးထက် စျေးကွက်တွင် ပါဝင်ခွင့်ကို ထိန်းသိမ်းထားရန်နှင့် ဟောမုဇ် ရေလက်ကြားကိုစောင့်ရှောက်သူအဖြစ် ယင်းနိုင်ငံ၏ အခန်းကဏ္ဍကို ခိုင်မာစေရန် ဖြစ်ပုံရသည်ဟုဆိုသည်။  အီရန်သည် ရေရှည်တည်တံ့သော အချက်တစ်ခုကို လိုလားသည်။ ယင်းမှာ အိုမန်နှင့် နှစ်နိုင်ငံ မူဘောင် အရ ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှု ဗိသုကာနိုင်ငံဖြစ်စေ သို့မဟုတ် ခွင့်ပြုမိန့်ပေးသည့် စနစ်ဖြစ်စေ တစ်မျိုးမျိုးကိုဆောင်ရွက်နိုင်မည့် ထိန်းချုပ် ကွပ်ကဲရေး စနစ်တစ်ခုပင် ဖြစ်သည်။ အီရန်သည် ၎င်း၏ လက်နက်သစ်ကို အလွယ်တကူ သိမ်းပိုက်လိုက်နိုင်ခြင်းက ယင်းနိုင်ငံ၏ ရန်သူများကိုအံ့ဩ ထိတ်လန့် စေခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို အီရန်နိုင်ငံ၏ထိန်း ချုပ်ထား နိုင်ခြင်းသည် စစ်ပွဲပြီးသွားတိုင် ဆက်လက်ကျန်ရစ်နေပြီး သက်တမ်းကြာရှည်စွာ ဆက်လက်တည်ရှိနေမည့် ပုံပေါ်ကြောင်း အီကော် နော်မစ်စာစောင်ဆောင်းပါးရှင်ကသုံးသပ်ထားကြောင်းတင်ပြလိုက်ရပေသည်။

ရည်ညွန်း  –

The Economist  August 8 -14th.

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *