The Corner

The Corner

cropped-Logo_round_grey-background.png

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၁)

Share မယ်

ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သို့ အမှတ်တရ

Photo courtesy of the author

စာပေလောက၏ ကြယ်ပွင့်တစ်ပွင့်၊ သတင်းစာပညာ၏ လမ်းပြစံပြတစ်ဦးဖြစ်သူ ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သည် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် စာချစ်သူ ပြည်သူတို့၏ ရင်ထဲမှ အပြီးတိုင် ထွက်ခွာသွားခဲ့သည်။

ယခုဆိုလျှင် ဆရာကြီး ကျွန်တော်တို့ကို ကျောခိုင်းစွန့်ခွာသွားခဲ့သည်မှာ ၁၃ နှစ်တင်းတင်း ပြည့် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ဆရာကြီး၏ ထက်မြက် သွက်လက်သော မင်စက်များ၊ စာပေနှင့် သတင်းစာပညာအပေါ် ထားရှိခဲ့သော မြင့်မြတ်သည့် သစ္စာတရားတို့မှာမူ ကျွန်တော်တို့၏ နှလုံးသားတွင် အမြဲထာဝရ မညှိုးနွမ်းသော အမှတ်တရများအဖြစ် ပွင့်လန်းဆဲပင် ဖြစ်သည်။

ဆရာကြီး မောင်ဝံသသည် ဘဝအတွေ့အကြုံ၊ သမိုင်းမှတ်တမ်းနှင့် သင်ခန်းစာများ စီခြယ်ထားသည့် အတ္ထုပ္ပတ္တိများ၊ အမှောင်ထုထဲမှ အတွေးအမြင်သစ်များကို ဖော်ထုတ်ပေးသည့် ဘာသာပြန်စာပေနှင့် လူအများ၏ အသိဉာဏ်ကို နိုးကြားစေသော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အတွေးအမြင် ဆောင်းပါးများကို ကလောင်စွမ်းပြကာ မနားတမ်း ရေးသားခဲ့သူ ဖြစ်သည်။

ဆရာကြီးသည် ကိုယ်ကျိုးအတ္တကို အစဉ်ပဓာနမထားဘဲ လောကကောင်းကျိုးနှင့် စာပေအကျိုးအတွက် မိမိ၏ အချိန်၊ ခွန်အားနှင့် ဘဝကို  အနစ်နာခံ ပေးဆပ်သွားခဲ့သော အစဉ်အမြဲ လေးစားဂုဏ်ယူဖွယ် စာပေ သူရဲကောင်း တစ်ဦးကြီး ဖြစ်ပေသည်။

Photo courtesy of the author

ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သည် မြန်မာ့စာပေနှင့် သတင်းစာလောက၏ မုန်တိုင်းထန်သော သမိုင်း ဆုံမှတ်များ တွင် ပြည်သူ့ဘက်မှ မယိမ်းမယိုင် ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ိပြီး ဂုဏ်သိက္ခာပြည့်ဝစွာ စံပြဖြစ်ခဲ့သော ကလောင်ရှင်ကြီးတစ်ဦး ဖြစ်သည်။

ဆရာကြီး၏ စာမူတိုင်း၊ မင်စက်တိုင်းနှင့် လောကဓံကို ရင်ဆိုင်ဖြတ်သန်းခဲ့သည့် ဘဝလမ်းကြောင်း တိုင်းသည် ပြည်သူလူထုအပေါ် ထားရှိသော အတိုင်းအဆမဲ့ စေတနာ၊ သစ္စာတရားနှင့် မေတ္တာရောင်ခြည်တို့ကို အထင်းသား အထင်အရှား ပြသနေသည့် သမိုင်းဝင် သက်သေအဖြစ် အစဉ်ထွန်းလင်းလျက်ရှိသည်။

“သတင်းစာဆရာဆိုသည်မှာ ပြည်သူ့ဘက်မှ သစ္စာရှိစွာ ရပ်တည်ရမည်၊ ပြည်သူ၏ ရင်ခုန်သံနှင့် အသံကို သတ္တိရှိရှိ ဖော်ထုတ်ပေးရမည်” ဆိုသည့် လှပခိုင်မာသော ခံယူချက်ဆီမီးကို လက်ကိုင်ပြုကာ ဆရာကြီးသည် အသိပညာပေး ဆောင်းပါးပေါင်းမြောက်မြားစွာကို မင်စက်မခြောက် စဉ်ဆက်မပြတ် ရေးသားခဲ့သည်။

ထို့ပြင် ကမ္ဘာ့သမိုင်းကို ပုံဖော်ခဲ့ကြသည့် ကစ်ဆင်းဂျား၊ မိုရှေဒါယန် စသည့် နိုင်ငံတကာ ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို စာဖတ်သူတို့၏ အတွေးအခေါ် ပွင့်လန်းစေရန် ခင်းကျင်းပြသပေးခဲ့ရာ ဆရာကြီး၏ ထိုအဖိုးတန် နိုင်ငံရေး အတ္ထုပ္ပတ္တိ လက်ရာများကို ကျွန်တော်ကိုယ်တိုင်လည်း တင်းတိမ်မရနိုင်အောင် မြတ်မြတ်နိုးနိုး နှစ်ခြိုက်စွာ ဖတ်ရှုလေ့လာခဲ့ရဖူးပါသည်။

ဆရာကြီး လက်စွမ်းပြ ဘာသာပြန်ဆို ရေးသားခဲ့သော အဖိုးတန် စာအုပ်စာပေ အများအပြားကို ကြည့်ရှုလေ့လာလျှင် ဆရာကြီး၏ မြင့်မြတ်ဖြူစင်လှသော စိတ်ဓာတ်နှင့် အမျိုးသားရေး ခံယူချက်ကို ထင်းရှင်းစွာ တွေ့မြင်နိုင်သည်။

ထိုသို့ ရေးသားပြုစုခဲ့ခြင်းမှာ ပြည်သူလူထုအနေဖြင့် ကမ္ဘာ့နိုင်ငံရေး၏ ရွေ့လျားအလှည့်အပြောင်းများ၊ ဒီမိုကရေစီစနစ်၏ အနှစ်သာရများနှင့် ကျင့်စဉ်များကို ထိုးထွင်းသိမြင် နားလည်လာပြီး မိမိတို့နိုင်ငံ၏ အနာဂတ် ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ဖန်တီးပုံဖော်နိုင်ကြစေရန် စေတနာအပြည့်ဖြင့် အသိပညာ လမ်းခင်းပေးခဲ့ခြင်းပင် ဖြစ်သည်။

ဆရာကြီးသည် မျိုးဆက်သစ် သတင်းသမားများအတွက် လမ်းမှန်ကို ညွှန်ပြပေးရာ အလင်းရောင် မီးရှူးတန်ဆောင် တစ်ခု ဖြစ်ခဲ့သည်။ မိမိအား မွေးထုတ်ပျိုးထောင်ပေးခဲ့သော၊ မိမိအပေါ် ကျေးဇူးရှိခဲ့သော သတင်းစာ လောကကို မြင့်မြတ်သော စေတနာဖြင့် ကျေးဇူးဆပ်သည့်အနေဖြင့် ကွယ်လွန်ခါနီး အချိန်ထိတိုင်အောင် မျိုးဆက်သစ် သတင်းစာဆရာများ လက်စွဲပြု ကိုင်စွဲရမည့် သတင်းစာပညာရပ်ဆိုင်ရာ သင်ခန်းစာများ၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို စေတနာအပြည့်ဖြင့် မနားတမ်း ရေးသားကာ စနစ်တကျ သင်ကြားပြသပေးခဲ့ပေသည်။

ဆရာကြီးကို လွမ်းဆွတ်ခြင်းနှင့် လက်ကျန်မင်စက်၏ အမှတ်တရ

ဆရာကြီး ကွယ်လွန်ခဲ့သည်မှာ ၁၃ နှစ်တင်းတင်း ပြည့်မြောက်သည့် ဤအမှတ်တရ နေ့ရက်တွင် ဆရာကြီး၏ အဖိုးတန် စာပေမွန်တစ်ခုဖြစ်သည့် “အရှင်ဇနကာဘိဝံသ၏ သာသနာရေး မျှော်မှန်းချက်များနှင့် ဝံသ မှတ်စု” စာအုပ်ကို ကျွန်တော် အလွမ်းပြေ မြတ်မြတ်နိုးနိုး ပြန်လည်ဖတ်ရှုမိသည်။

(ထိုစာအုပ်မှာ “ဒေါင်း” စာပေ တိုက်၌ အလုပ်လုပ်သော ပုဂ္ဂိုလ်လည်းဖြစ်၊ ကျွန်တော်နှင့် ငြင်းဖော် ငြင်းဖက် ပုဂ္ဂိုလ်လည်းဖြစ်၊ကျွန်တော်၏ ချစ်ခင်ရင်းနှီး လှစွာသော ဦးဇော်ဝင်းထံမှ လက်ဆောင် ရရှိခဲ့ခြင်းဖြစ်၏။ ကျွန်တော် သတင်းစာတိုက်မှ အငြိမ်းစား မယူမီ ရက်သတ္တ နှစ်ပတ် အလို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် သူကိုယ်တိုင် လက်မှတ် ထိုး၍ အမှတ်တရ ပေးခဲ့ သော စာအုပ် မွန်တစ်အုပ် ပါပေ။

အရှင်ဇနကာဘိဝံသ၏ သာသနာရေး မျှော်မှန်းချက်များနှင့် ဝံသ မှတ်စု” စာအုပ်ကို  ကျွန်တော် ဖတ်ရှု ရသည့်အခါ စာမျက်နှာတိုင်းတွင် စိမ့်ဝင်နေသော ဆရာကြီး၏ အသိဉာဏ်အလင်း၊ စေတနာနှင့် အမျိုးသားရေး မြှင့်တင်လိုသည့် စိတ်ဓာတ်တို့သည် ယနေ့ထက်ထက်တိုင် ကျွန်တော်တို့၏ ရင်ထဲ၌ အသစ်တဖန် ပြန်လည်နိုးကြား လန်းဆန်းလျက်ပင် ရှိနေ ဆဲဟု သတိပြုမိပါသည်။

အရှင်ဇနကာဘိဝံသ ၏ သာသနာရေးမျှော်မှန်းချက်များ နှင့် ဝံသမှတ်စု” (ဒုတိယအကြိမ်ထုတ်) စာအုပ်  (၂၀၁၈)၏ အဓိက ရည်ရွယ်ချက်မှာဗုဒ္ဓသာသနာတော် တိုးတက်ပြန့်ပွားရေးအတွက် ကူညီဆောင်ရွက်လိုသူများ၊ တိုင်းပြည်ကို ချစ်မြတ်နိုးသူများ အမြဲသတိရ နှလုံးသွင်းရမည့် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ၏ မြင့်မြတ်သော သာသနာပြုစိတ်ဓာတ်၊ ဘာသာရေးအမြင်နှင့် သာသနာရေးဆိုင်ရာ မျှော်မှန်းချက်များကို နောင်လာနောက်သားများ သိရှိစေရန် စုစည်းတင်ပြထားခြင်း ဖြစ်သည်။

စာအုပ်တွင် ပါဝင်သော အဓိက အကြောင်းအရာများ (မာတိကာ) တွင်မောင်ဝံသ ၏ အမှာစာ (စာအုပ်ပြုစုရခြင်း၏ ရည်ရွယ်ချက်နှင့် ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကို ဖော်ပြချက်)၊ ဂုဏ်ပြုပွဲ အစီအစဉ် (ဆရာတော်ကြီးနှင့် စပ်လျဉ်း၍ ပြုလုပ်ခဲ့သော ပူဇော်ပွဲ အခမ်းအနား မှတ်တမ်းများ)၊ သာသနာရေး မျှော်မှန်းချက်များ (စာတမ်း) (အနာဂတ် ဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲရေး၊ ပရိယတ္တိစာပေ သင်ကြားရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် သံဃာ့အဖွဲ့အစည်း စည်းကမ်းစနစ်တကျ ရှိစေရေးတို့အတွက် ဆရာတော်ကြီး၏ အဖိုးတန် မျှော်မှန်းချက် စာတမ်း။ )

ကျမ်းစာများ စာရင်းချုပ်တွင်  အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ကိုယ်တိုင် ရေးသားပြုစုတော်မူခဲ့သော ကျမ်းစာပေါင်းများစွာ (ဥပမာ – ကိုယ်ကျင့်အဘိဓမ္မာ၊ အနာဂတ်သာသနာရေး၊ ရတနာ့ဂုဏ်ရည် စသည်) ၏ စာရင်းချုပ်။

ဝံသမှတ်စုများ ကဏ္ဍတွင် စာရေးဆရာ မောင်ဝံသ ရေးသားထားသော ‘အရှင် မဟာဇနကာဘိဝံသ’၊ ‘အာစရိယဂုဏော အနန္တော’ အစရှိသည့် ဆရာ့ဂုဏ်ရည်ပူဇော်ချက် ဆောင်းပါးများ။

ဓမ္မနှင့် ဘဝဆောင်းပါးတိုများအဖြစ် စာအုပ်၏ နောက်ပိုင်းတွင် ‘ပုဂံ ပုပ္ပား သဒ္ဓါပွားကြစေဖို့’၊ ‘လှူတတ်လျှင် မြတ်ပါသည်’၊ ‘ဝါရှင်တန်မှ ပရိတ်ကြိုး’ နှင့် ‘အို နာ သေဘေး တရားပေးသွားသော မေမေ’ အစရှိသော သံဝေဂရဖွယ်၊ လိုက်နာမှတ်သားဖွယ်ရာ ဘာသာရေးဆောင်းပါးများ ပါဝင် ပြီး အထူးပင် ကုသိုလ် လည်းရ၊ အတွေးအမြင်လည်း ရပါသည်။

ဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ရေး ခံယူချက်

အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ သာသနာပြုလုပ်ငန်းစဉ်များနှင့် သာသနာရေးဆိုင်ရာ မျှော်မှန်းချက်များ၊ သာသနာတော် သန့်ရှင်းတောက်ပရေးနှင့် ရဟန်းသံဃာတော်များ သာသနာ့ကျင့်ဝတ်နှင့်အညီ စည်းကမ်းပြည့်ဝရေး ခံယူချက်များကို  ဆရာက နှိုက်နှိုက် ချွတ်ချွတ် လေ့လာတင်ပြထားခြင်း ဖြစ်ပေရာ ကျွန်တော့် အတွက် ရင်သပ်ရှုမော အံ့သြ စိတ်ဖြင့် ဆရာ၏ ဘာသာရေး သမ္မာဒိဋ္ဌိ နှင့် သ မ္မာ သင်္ကပ္ပ စင်ကြယ်ပုံကို ထောက်ချင့် နားလည် ရပေသည်။

ဆရာတော်ကြီး၏ ခေတ်မီဆန်းသစ်သော သာသနာပြုနည်းစနစ်များ၊ စာပေသင်ကြားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများနှင့် အမျိုး၊ ဘာသာ၊ သာသနာနှင့် လူမှုအဖွဲ့အစည်းအပေါ် ထားရှိသည့် ဆရာတော်၏ အမြော်အမြင် များကို ဖော်ထုတ်ရေးသားထားသည်မှာလည်း အလွန်ပင် လေးစားအံ့သြ ရပေသည်။

ဆရာကြီး၏ မြင့်မြတ်သော စေတနာကို အသိအမှတ်ပြုခြင်း

ဆရာကြီး မောင်ဝံသသည် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ အဖိုးတန်လှစွာသော ကျမ်းဂန်သရုပ်များ၊ နက်နဲလှသော ဩဝါဒ မြွက်ကြားချက်များကို လေးနက်စွာ ဆည်းပူးလေ့လာခဲ့ရာမှ ပွင့်လန်းလာသည့် ဉာဏ်အလင်းနှင့် ဓမ္မရသ  စာစုများကို “ဝံသ မှတ်စု” အဖြစ်  စနစ်တကျ သီကုံးပြုစုခဲ့ပါသည်။ ထိုသို့ ပြုစုခဲ့ခြင်းသည် တိုင်းသူပြည်သား စာချစ်သူအပေါင်းတို့၏ နှလုံးအိမ်သို့ ဆရာတော်ဘုရားကြီး၏ မြင့်မြတ်သည့် အသိဉာဏ်အလင်းရောင်ခြည်များ အဆက်မပြတ် စိမ့်ဝင်ကူးစက်စေရန် မေတ္တာကတ္တီပါလမ်းခင်းပေးခဲ့ခြင်းပင် ဖြစ်ကြောင်း ကျွန်တော် အလေးအနက် သဘောပေါက်မိခဲ့ရပါသည်။

သေလွန်ခြင်းထက် ကျော်လွန်၍

အင်္ဂလိပ် စာဆိုကြီး John Milton က “A good book is the precious life-blood of a master spirit, embalmed and treasured up on purpose to a life beyond life” (ကောင်းမွန်လှစွာသော စာအုပ်တစ်အုပ် ဆိုသည်မှာ ထူးချွန် ထက်မြက်သည့် မဟာလူသားတစ်ဦး၏ အဖိုးတန်လှသော အသက်သွေးကြောပင် ဖြစ်သည်။ ထိုသွေးကြောကို စာရေးသူ၏ သေလွန်ခြင်းထက် ကျော်လွန်၍ နောင်လာနောက်သားတို့ဆီသို့ သက်ဝင်လှုပ်ရှားစွာ ကျန်ရစ်စေရန် မွမ်းမံထိန်းသိမ်း ထားခြင်းဖြစ်ပေသည်) ဟု ဆိုခဲ့သကဲ့သို့ ဆရာကြီး၏ ပင်ကိုအသိဉာဏ် သွေးကြောများကို စာပေအဖြစ် မွမ်းမံ၍ နောင်လာနောက်သားတို့အတွက် လက်ဆောင်ပါးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြုစုပေးခဲ့ခြင်းမှာ တိုင်းသူပြည်သား စာချစ်သူအပေါင်း၏ နှလုံးအိမ်သို့ ဆရာတော်ကြီး၏ မြင့်မြတ်သည့် အသိဉာဏ်အလင်းရောင်ခြည်များ အဆက်မပြတ် စိမ့်ဝင်ကူးစက်စေရန် မေတ္တာကတ္တီပါလမ်း ခင်းပေးခဲ့ ခြင်းပင်ဖြစ်ကြောင်း နက်ရှိုင်းစွာ သဘောပေါက်မိခဲ့ရပါသည်။

Henry Wadsworth Longfellow ၏ ကဗျာအတိုင်းပင် —

Lives of great men all remind us
We can make our lives sublime,
And, departing, leave behind us
Footprints on the sands of time.

(ကြီးမြတ်သော သူတို့၏ ဘဝဇာတ်ကြောင်းများသည် ကျွန်ုပ်တို့၏ ဘဝများကို မြင့်မြတ်အောင် တည်ဆောက် နိုင်ကြသည်ဟု သတိပေးလျက် ၎င်းတို့ ထွက်ခွာသွားသည့်တိုင် စာပေနှင့် စေတနာတည်းဟူသော ခြေရာများကို သမိုင်း၏ သဲသောင်ပြင် (မြေပြင်) ထက်၌ ထာဝရ ကျန်ရစ်ခဲ့စေခဲ့ပေပြီ။)

ထို့ကြောင့်ပင် စာပေအကျိုး၊ အမျိုးသားအကျိုးကို ရှေ့ရှုခဲ့သော ဆရာကြီး မောင်ဝံသ၏  မွန်မြတ်လှသည့် ဗလဝ စေတနာ တန်ခိုးနှင့် ထက်မြက်လှသည့် အမျိုးသားရေး (ပြည်သူ အပေါ် ချစ်ခင်လေးစားမှု) အမြင်တို့အပေါ် ကျွန်တော်၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲနှင့် ထပ်လောင်း၍ ပိုမို မြတ်နိုးမှု ဖြစ်ရပါတော့သည်။

…….

မြေကြီးက မီးသီး

(မြေကြီးကနေ မီးလင်းအောင် လုပ်လို့ရတဲ့ နည်းပညာ)

Illustration courtesy of the author

ရန်ကုန်၏ အိမ်ခြံမြေ ဈေးအကြီးဆုံး ရပ်ကွက်တစ်ခုဖြစ်သည့် ဗဟန်းမြို့နယ်ရှိ ဂျပန် စတိုင်  Sushi Bar စားသောက် ဆိုင်အတွင်း၌ လေအေးပေးစက်အေးအေးလေးဖြင့် သုတ်သင်ထားသော ဆာရှိမိ ပန်းကန်များမှာ စိမ်းလန်းစွာ တောက်ပနေသည်။

သန့်ရှင်းသပ်ရပ်သည့် သစ်သားစားပွဲဝိုင်းတွင် ထိုင်နေသူမှာ အငြိမ်းစား လျှပ်စစ်ဓာတ်အားစနစ် (EP – Electrical Power) အင်ဂျင်နီယာ ကြီး ဦးအေး ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် “ငါ မသိတဲ့ လျှပ်စစ်အကြောင်း ကမ္ဘာပေါ်မှာ မရှိဘူး” ဆိုသည့် အမူအရာ အပြည့်။

ဦးအေးသည် သူ၏ ဘဝတစ်ခုလုံးကို ဗို့အားမြင့်စနစ်များကြားတွင် ကျင်လည်ဖြတ်သန်းခဲ့ရသဖြင့် လျှပ်စစ်နှင့် ပတ်သက်လာလျှင် အလိုလိုနေရင်း ဂုဏ်ယူဝင့်ကြွားစိတ်က ကိန်းအောင်းနေတတ်သည်။ ယခုလည်း ဆိုင်၏ အေးမြလှသော လေထုထဲတွင် ဆာမွန်နှင့် တူနာဆာရှိမိ လတ်လတ်ဆတ်ဆတ် စားစရာများကို တစ်လုပ်ချင်း မြည်းစမ်းရင်း မျက်မှောင်ကြုတ်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

သူ့အကြည့်က ဆိုင်မျက်နှာကြက်တွင် တပ်ဆင်ထားသည့် ခေတ်မီ မီးဆိုင်းဒီဇိုင်းများနှင့် လေအေးပေးစက်များဆီသို့ ရောက်သွားသည်။ လျှပ်စစ်စီးဆင်းမှုစနစ်၊ ဝိုင်ယာကြိုးလိုင်းများ ဖွဲ့စည်းပုံနှင့် ဝန်အားခွဲဝေမှု (Load Distribution) မည်မျှ စနစ်တကျ ရှိမရှိကို စိတ်ထဲကနေ အလိုလို တွက်ချက်နေမိခြင်း ဖြစ်သည်။ သူ့ရှေ့က ဆာရှိမိ ပန်းကန်ထဲက ရေခဲငွေ့များကြားတွင် တောက်ပနေသော ငါးအသားလွှာများကဲ့သို့ပင် ဦးအေး၏ မျက်လုံးများကလည်း လျှပ်စစ်ပညာရပ်နှင့် ပတ်သက်လာလျှင် စူးရှတောက်ပလျက် ရှိသည်။

စားပွဲ တစ်ဖက် တစ်ချက်တွင် ထိုင်နေသူမှာ လျှပ်စစ်လုပ်ငန်းခွင်ထဲသို့ အသစ်ဝင်ခါစ  သူ၏ တူတော်မောင်   ကျော်ဇင် ဖြစ်သည်။

ကျော်ဇင်က မကြာသေးမီ ရက်ပိုင်းအတွင်းသူဖတ်ရှုခဲ့ရသောသတင်းတစ်ပုဒ်ကိုစတင်ပြောဆိုလိုက်ခြင်းဖြင့် ငြိမ်သက်နေမှုကိုဖြိုခွင်းလိုက်သည်။

“ဘဘကြီး ဦးအေး ရေ …

ဂျပန်ဒီဇိုင်နာ Satoshi Nakagawa က “Micropower Collection” (MPC) လို့ခေါ်တဲ့ နည်းပညာတစ်ခုကို တီထွင်လိုက်ပြီတဲ့။ အဲဒါက စိုစွတ်နေတဲ့ မြေဆီလွှာ၊ မြေဩဇာ၊ နောက်ဆုံး ပြင်သစ်ပေါင်မုန့်လို အရာတွေထဲကနေ လျှပ်စစ်ဓာတ်အား အနည်းငယ်စီကို စတင်ထုတ်ယူနိုင်တဲ့ နည်းပညာ ဖြစ်ပါသတဲ့။ ဒါဆို မြေကြီးက ရွှေသီးတယ် ဆိုသလိုပဲမြေကြီးက လျှပ်စစ်စီး သီးပြီလို့မဆိုနိုင်ဘူးလား?

ဒါနဲ့ပတ်သက်ပြီး ပါမောက္ခ Nakao ရဲ့ သုံးသပ်ချက် က  ဒီတီထွင်မှုဟာ အိမ်သုံးဘက်ထရီတွေ၊ ကားဘက်ထရီတွေ လောက် လျှပ်စစ်ဓာတ်အား အများကြီး မထွက်နိုင်ပေမယ့် ဒီနည်းပညာသုံးပြီး မီးသီးလေးတွေ လင်းအောင် လုပ်ပြနိုင်တဲ့ အနုပညာဆန်ဆန် ဖန်တီးမှုကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။

လောလောဆယ် လျှပ်စစ်မီးလိုင်းကြီးတွေအတွက် သုံးလို့မရသေးပေမယ့် မီးလိုင်းမရှိတဲ့နေရာတွေမှာ LED မီးသီးလေးတွေ ထွန်းဖို့၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ မြေပြိုတာ၊ ရေကြီးတာတွေကို စောင့်ကြည့်ပေးမယ့် အာရုံခံကိရိယာ (Sensors) လေးတွေကို ဓာတ်အားပေးဖို့အတွက်တော့ သုံးလို့ရနိုင်တယ်လို့ ဆိုပါတယ်။

ဦးအေးက ငါးအသားလွှာကို စိမ်ပြေနပြေ ဝါးမျိုလိုက်ပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“ဟာ… ကျော်ဇင်ရာ! အဲဒါ ၁၇၉၉ ခုနှစ်က အလက်ဇန်းဒရိုး ဗော်လ်တာ တီထွင်ခဲ့တဲ့ Voltaic Pile နည်းပညာ မဟုတ်လား။ သွပ် (Zinc) နဲ့ ကြေးနီ (Copper) ဓာတ်ခေါင်းတွေကို အိုင်းယွန်းပါတဲ့ မြေဆွေးအစိုထဲ ထိုးစိုက်ပြီး ဓာတ်ပြုမှုကနေ လျှပ်စစ်ဓာတ်အား အနည်းငယ်စီ စုတာလေ။ ငါတို့  ကျောင်းသား ဘဝ တုန်းက အာလူးထဲ၊ သံပုရာသီးထဲ သံချောင်းစိုက်ပြီး မီးထွန်းကြည့်တာ နှစ် ၄၀ မကတော့ဘူး။ အခြေခံ ဓာတုဗေဒပဲ”

“ဒါပေမဲ့ ဘဘကြီး… သူတို့က ဒါကို ‘Micropower Collection’ လို့ ခေါ်တယ်ဗျ” ကျော်ဇင်က ပြန်ပြောသည်။ “ရာသီဥတု မရွေးဘဲ ၂၄ နာရီပတ်လုံး တည်ငြိမ်တဲ့ လျှပ်စစ်စီးကြောင်း ရနေတာတဲ့။ ကာဗွန်လည်း မထွက်တော့ ဝေးလံခေါင်သီတဲ့နေရာမှာ အာရုံခံ ကိရိယာ ဆင်ဆာတွေနဲ့ အရေးပေါ်မီးတွေအတွက် အသုံးဝင်နိုင်တယ်လို့ အင်ဂျင်နီယာအချို့က မျှော်လင့်နေကြတယ်”

ဦးအေးက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး “အေး… ထားပါတော့။ ဒါနဲ့  သူ့ရဲ့ မြေဆီလွှာနဲ့ မြေဆွေး ထည့်ထားတဲ့ ပလတ်စတစ် ဆလင်ဒါဘူး (သေတ္တာ ) တွေ ကနေ စုစုပေါင်း ဓာတ်အား ဘယ်လောက်ထွက်လဲ” ဟု မေးလိုက်သည်။

ကျော်ဇင်က “ဟို… ဝပ် ၁၀၀ ဝန်းကျင်လောက်ပဲ” ဟု ခပ်တိုးတိုး ဖြေလိုက်ပြီး ပြန်လည်တုံ့ပြန်ရန် စကားလုံး ရှာနေမိသည်။

“ဒါပေမဲ့ ဘဘကြီး… ဒီ ….ဒီဇိုင်နာ Nakagawa က အသက် ၇၂ နှစ်ရှိပြီဗျ။ သူက Tripod Design ကုမ္ပဏီရဲ့ စီအီးအိုလည်း ဖြစ်သလို အင်ဂျင်နီယာတစ်ယောက်လည်း ဟုတ်တယ်။ သူက ဝေဖန်မှုတွေကို အကြာကြီး တိုက်ပွဲဝင်ခဲ့ရတာ။ သူက ကမ္ဘာ့လူဦးရေ ဒီထက် များသည်ထက် များလာဖြစ်လာရင် စွမ်းအင်ပြဿနာက အစားအစာ ပြဿနာလိုပဲ အရေးကြီးလာမယ်လို့ မြင်တယ်လေ။ ဒါကြောင့် လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်က မြေဆီလွှာကို သုံးပြီး ကိုယ်တိုင် လျှပ်စစ်ထုတ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ရှိတယ်”

ဦးအေးက ဆာရှိမိကို ဆက်ဝါးရင်း မျက်ခုံးပင့်ပြသည်။

“သူက ဒီ ‘Micropower Collection (MPC)’ နည်းပညာနဲ့ ဝိုင်တို့၊ ပြင်သစ်ပေါင်မုန့်တို့ကနေပါ လျှပ်စစ်စီးကြောင်း အသေးစားလေးတွေထုတ်ပြဖူးတာ ဘဘကြီးရဲ့။ အခုလည်း ဟီတာချီအိုတာ (Hitachi-ota) မြို့က ‘Ku-An’ ဖန်လုံအိမ်အပြင်၊ မနှစ်က ‘Lu-An’ ဆိုတဲ့ နေရာတစ်ခု ထပ်ဖွင့်ထားသေးတယ်။ အဲ့ဒီမှာ မြေဆီလွှာနဲ့ မြေဆွေး ထည့်ထားတဲ့ ပလတ်စတစ် ဆလင်ဒါဘူးပေါင်း ၂,၀၀၀ သုံးပြီး ၁၀၀ ဝပ် ထွက်အောင် လုပ်ထားတာ။ အဲဒီလောက်ဆိုရင် ထမင်းပေါင်းအိုးတစ်လုံးနဲ့ အခြား အိမ်သုံးပစ္စည်းလေးတွေကိုပါ မောင်းနှင်နိုင်တယ်တဲ့။”

ကျော်ဇင်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

“အဓိကက သဘာဝဘေးအန္တရာယ် ကြုံလို့ မီးပျက်တဲ့နေရာတွေ၊ ပြီးတော့ စိုက်ပျိုးရေးမြေမှာ ပိုးမွှားဖျက်ဆီးမှုကို သိနိုင်တဲ့ အာရုံခံ ကိရိယာ ဆင်ဆာတွေ၊ မြစ်ရေလျှံတာ၊ မြေပြိုတာကို တိုင်းတဲ့ ဆင်ဆာတွေနဲ့ သူခိုးအချက်ပေး ခေါင်းလောင်း တွေလို စွမ်းအင်အနည်းငယ်ပဲ လိုတဲ့ အော့ဖ်ဂရစ် (Off-grid) စက်တွေအတွက် အလွန် အသုံးဝင် တယ်လေ။ တပ်ဆင်ပြီးရင် ကာဗွန်ဒိုင်အောက်ဆိုဒ်လည်း လုံးဝမထွက်ဘူး။ နေရောင်ခြည်နဲ့ လေစွမ်းအင်လို ရာသီဥတုအပေါ်လည်း မမှီခိုဘူး ဘဘကြီးရဲ့။ ဂြိုဟ်တုနဲ့ အချက်အလက် ဆက်သွယ်နိုင်တဲ့ မြေကြီးစွမ်းအင်သုံး တိုင်တိုလေးတွေအပြင် မြေကြီးထဲ စိုက်ထားရင် ပိုးစုန်းကြူးလေးတွေလို လင်းနေတဲ့ အနုပညာလက်ရာတွေပါ သူက ဖန်တီးထားတာ။”

ဦးအေးက လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်သည်။

“မင်းပြောတဲ့ တိုကျိုတက္ကသိုလ်က အင်ဂျင်နီယာ ပရော်ဖက်ဆာ အငြိမ်းစား Masayuki Nakao ကလည်း Nakagawa ကို သိတယ်လေ။ သူကိုယ်တိုင်လည်း ပြောထားတယ်… ဒီစနစ်က သာမန်ဘက်ထရီတွေ၊ ကားဘက်ထရီတွေနဲ့ ယှဉ်ရင် ထွက်တဲ့အားက သိသိသာသာကို နည်းလွန်းလို့ လက်တွေ့မကျဘူးတဲ့။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့… သူဖန်တီးတဲ့ မီးရောင်က လူတွေရဲ့ စိတ်ခံစားချက်ကို လှုပ်ခတ်နိုင်စွမ်းရှိတယ်၊ ကြည့်ရတာ  အနုပညာ တစ်ခုလိုလှပတယ်လို့တော့ သူက ချီးကျူးထားသားပဲ။”

“ဟုတ်တယ် ဘဘကြီး!” ကျော်ဇင်က အားတက် သရော ထောက်ခံသည်။

“ဒါကြောင့်ပဲ Nakagawa က ဝေဖန်မှုတွေကို ဂရုမစိုက်တာ။ သူက ‘ဒါဟာ အသေးစားစွမ်းအင် (Micro power) ဖြစ်တဲ့အတွက် ဒီအသေးစားစွမ်းအင်နဲ့ ဘာတွေလုပ်လို့ရမလဲဆိုတာကိုပဲ ငါတို့ စဉ်းစားရမယ်’ လို့ သူကပြောတာပါ။ စွမ်းအင်ဗျူဟာမှာ ဒီလို စွမ်းအင်စုဆောင်းတဲ့ နည်းပညာမျိုးစုံကို ပေါင်းစပ်အသုံးပြုဖို့က အရေးကြီးတယ်လို့ သူက ယူဆထားတာ” ဟူ၍ ကျော်ဇင် က ဆက်သည်။

ဦးအေးက တူဖြစ်သူ၏ မျက်နှာကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။

“အေးပါ… စီးပွားဖြစ် အကြီးအကျယ် သုံးဖို့ မဖြစ်နိုင်ပေမယ့် လူတွေကို စွမ်းအင်အကြောင်း တွေးတောလာအောင် လှုံ့ဆော်ပေးနိုင်တဲ့ အနုပညာမြောက်တဲ့ အတွေးအခေါ်တစ်ခုအနေနဲ့တော့ ငါလည်း အသိအမှတ်ပြုပါတယ် ကျော်ဇင်ရာ။”

ကျလပ်!

ရုတ်တရက်  Sushi Bar ဆိုင်တစ်ခွင်လုံး မှောင်အတိ ကျသွားလေသည်။  ပုံမှန် မီးပျက်ချိန်နှင့် ကွက်တိ တိုက်ဆိုင်သွားခြင်း ဖြစ်သည်။ ဆိုင်အတွင်း ညည်းတွားသံများ မထွက်မီ အမှောင်ထုထဲမှ ဦးအေး၏ သက်ပြင်းချသံကြီးက ပထမဆုံး ထွက်ပေါ်လာသည်။

“ဟော… ဒီလမ်းပါ မီးပျက်ပြီ။ ဂျပန်ဆိုင် ဆိုတော့ မီးစက် နှိုးတာ ခဏ စောင့်ရဦးမယ်” ဟု ကျော်ဇင် က မှောင်ထဲမှ ရယ်ကျဲကျဲ ပြောလိုက်သည်။

ဦးအေးက အမှောင်ထဲတွင် မိမိ ဆူရှီပန်းကန်ကို လက်ဖြင့် စမ်းမိအောင် ကိုင်ထားရင်း အသံကို ခပ်အုပ်အုပ် လုပ်လိုက်သည်။

“အေး… နာကာဂါဝါရဲ့ အလင်းရောင်က မင်းတို့ စိတ်ကို လှုပ်ခတ်မလားတော့ မသိဘူး၊ အခု မီးပျက်သွားတာတော့ ငါ့ရဲ့ ဆူရှီစားချင်တဲ့ စိတ်ကို တကယ် လှုပ်ခတ်သွားတာပဲ! ကျော်ဇင်… မင်း ပြောတဲ့ အဲဒီ ပိုးစုန်းကြူးလို လင်းတဲ့ မြေဆီလွှာ မီးသီးတိုင်လေးတွေ အခု ဆိုင်ထဲ လာစိုက်ပေးလို့ မရဘူးလား?”

“ဘဘကြီးကလည်း… သူက သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေ၊ မီးမရှိတဲ့ နေရာတွေမှာ သုံးဖို့ တီထွင်တာလေ”

“ငါ့အတွက်တော့ အခု ဒီဆိုင်က သဘာဝဘေးအန္တရာယ် ကျရောက်နေတာပဲ!” ဦးအေး၏ ရယ်ချင်စရာ ညည်းသံက အမှောင်ထဲတွင် ပျံ့လွင့်သွားသည်။

“ကဲ… အင်ဂျင်နီယာ သဘာဝအရ သီအိုရီကြည့်ရင်တော့ နာကာဂါဝါ ပြောတာ အပြည့်အဝ မမှားပါဘူး။ ကမ္ဘာ့ စွမ်းအင် မဟာဗျူဟာမှာ Micro-power စနစ်ပေါင်းစုံ ပေါင်းစပ်ရမှာပဲ။ ဒါပေမဲ့ အခုတော့ ငါတို့ ရန်ကုန်မှာ မြေဆွေး ဘက်ထရီ ထိုင်ဖို့ မစဉ်းစားခင်၊ ဒီ ဆူရှီဆိုင်က မီးစက် မြန်မြန်နှိုးအောင် သွားပြောပေးကြပါဦး… ငါ မှောင်မှောင်ထဲ မတော်တဆ သူများ ပန်းကန်ထဲက ငါးမုန့်ကို မှားနှိုက်မိတော့မယ်!”

နှစ်ဦးစလုံး အမှောင်ထဲတွင် တဟားဟား ရယ်မောလိုက်ကြစဉ် ဆိုင်၏ မီးစက်ကြီးသည် “ဝုန်းခနဲ” နိုးသွားပြီး ဆူရှီဆိုင်အတွင်း အလင်းရောင် ပြန်လည် လင်းထိန်သွားခဲ့တော့သည်။

လျှပ်စစ်ပညာရှင်ကြီး ဦးအေးကတော့ လျှပ်စစ်ဓာတ်အား ပြန်ရသွားသည့် မီးသီးများကို ကြည့်ရင်း ဆူရှီတစ်တုံးကို ပါးစပ်ထဲ သက်သောင့် သက်သာ ထည့်လိုက်တော့သည်။

ဦးအေးက မီးပြန်လာချိန် တွင် တူတော်မောင်ကို ပညာပေး စကား ဆိုတော့ သည်။

မီးခဏခဏပျက်တဲ့ အခုလိုအချိန်မျိုးမှာဆိုရင် ဒီလို Micro-power (အသေးစားလျှပ်စစ်ဓာတ်အား) စနစ်တွေဟာ အိမ်တိုင်းအတွက် တကယ်ကို အသုံးတည့်ပြီး အသက်ကယ်အလင်းရောင် ရရှိစေမယ့် နည်းပညာမျိုး ဖြစ်ပါတယ်။ဒီစနစ်ကနေ ထွက်တဲ့ လျှပ်စစ်ဓာတ်အားဟာ တီဗီတွေ၊ ရေခဲသေတ္တာတွေလို အိမ်သုံး လျှပ်စစ် ပစ္စည်းအကြီးစားတွေကို မောင်းနှင်ဖို့ မလုံလောက်ပေမယ့် အရေးပေါ်အခြေအနေတွေအတွက် အလွန်အသုံးဝင် လာနိုင်ပါတယ် ။

မီးပျက်ချိန် အရေးပေါ် အလင်းရောင်ရရှိခြင်းအိမ်က အပင်စိုက်ထားတဲ့ ပန်းအိုးထဲက မြေဆီလွှာ (သို့မဟုတ်) စိုစွတ်နေတဲ့ စွန့်ပစ်ပစ္စည်းတွေထဲကနေ လျှပ်စစ်ဓာတ်အား ဆွဲထုတ်ပြီး အခန်းတွင်း လမ်းလျှောက်လို့ရမယ့် LED မီးလုံးလေးတွေကို လင်းနေအောင် တောက်လျှောက် ထွန်းထားနိုင်တယ်။ဖယောင်းတိုင် ထွန်းစရာမလိုတော့တဲ့အတွက် မီးလောင်မယ့် အန္တရာယ်ကိုလည်း လုံးဝ ကာကွယ်ပြီးသား ဖြစ်သွားတယ်။

မီးအကြာကြီးပျက်တဲ့အခါ ပြင်ပနဲ့ ဆက်သွယ်ရေး မပြတ်တောက်သွားဖို့အတွက် အရေးကြီးတဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ အရေးပေါ် ရေဒီယိုတွေကို အားသွင်းဖို့ ဗို့အားအနည်းငယ်ကို တစ်ရက် ၂၄ နာရီပတ်လုံး အဆက်မပြတ် ထုတ်ပေး ထားနိုင်ပါတယ်။

ရေကြီးဒဏ်ကြောင့် တစ်မြို့လုံး မီးလိုင်းတွေပြတ်တောက်သွားချိန်မျိုးမှာ ဘက်ထရီအပိုဝယ်စရာမလိုဘဲ မိမိပတ်ဝန်းကျင်က စိုစွတ်တဲ့ မြေကြီး (သို့မဟုတ်) ရေဒီယိုလှိုင်း၊ အပူလှိုင်းတွေကို သုံးပြီး ကယ်ဆယ်ရေး အချက်ပြမီးတွေ၊ အရေးပေါ် အချက်ပေးဥဩ (Siren) တွေကို အလုပ်လုပ်စေနိုင်ပါတယ်။

ကုန်ကျစရိတ်သက်သာပြီး ရေရှည်သုံးနိုင်ခြင်းအခုခေတ် ဆိုလာစနစ် (Solar System) တွေက ဝယ်ယူတပ်ဆင်ခ အရမ်းစျေးကြီးသလို သာမန် ဓာတ်ခဲ (Battery) တွေကလည်း သက်တမ်းကုန်ရင် အသစ်လဲရပါတယ်။

ဒီ Micro-power စနစ်ကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ စိုစွတ်မှုနဲ့ သဘာဝဒြပ်ပစ္စည်းတွေကိုပဲ အခြေခံတာမို့ ကုန်ကျစရိတ် အလွန်သက်သာပြီး စွမ်းအင်ကုန်ခန်းသွားခြင်း မရှိဘဲ ရေရှည် စိတ်ချရပါတယ် ငါ့ တူကြီး ရေ…

HEADLINE: Japanese designer Satoshi Nakagawa pioneers Micropower Collection (MPC) technology to generate electricity from soil

SOURCE: AFP

——————-

KG ဆရာမများ၏ အာရုံကြော ဆေးဝါးများ

Illustration courtesy of the author

လူ့ဘဝမှာ အသက်အန္တရာယ် အရှိဆုံး အလုပ်က ဘာလဲဟု မေးလာလျှင် စစ်မြေပြင်သွားသည့် အလုပ်ဟု ဖြေပါက မှားသွားလိမ့်မည်။ အမှန်တကယ်တော့ အသက် ငါးနှစ်ခွဲအရွယ် ကလေး ခြောက်ယောက်ရှိသည့် KG အတန်းထဲသို့ တစ်ယောက်တည်း ဝင်သွားရခြင်းသည်သာ အန္တရာယ်အရှိဆုံး ဖြစ်ပေသည်။

နေ့လယ် ၁၂ နာရီခွဲအချိန် ။ ကျောင်းအုပ်ကြီး အတန်းလာစစ်ရန် တစ်နာရီမျှသာ လိုတော့သည့် အချိန်တွင် ဆရာမများ ရုံးခန်းအတွင်း၌ အရေးပေါ် အစည်းအဝေးပွဲတစ်ပွဲ ကျင်းပနေ၏။ ဆရာမ မချိုချိုသည် ဆံပင်များကို ကုတ်ခြစ်ရင်း CCTV ဖန်သားပြင်ကို ကြည့်ကာ သွေးပျက်နေသည်။

“အမလေး… မမလှလှရေ ကြည့်ပါဦး! ဟိုမှာ သမီးလေး တုနှိုင်းမေထွဋ်က စားပွဲ၊ ကုလားထိုင်တွေကို မှောက်ခုံလုပ်ပြီး အတန်းအလယ်မှာ လဟာပြင် ဈေးကြီး ဖွင့်နေပြီ။ သူဆွဲထားတဲ့ ကာတွန်းပုံတွေကို ‘ငါးကျပ်… ငါးကျပ်’ ဆိုပြီး အတင်းလိုက်ရောင်းနေတယ်!”

CCTV ထဲတွင်တော့ အခြေအနေက ကမ္ဘာပျက်မတတ်။ ဖိုးလပြည့်က တုနှိုင်းမေထွဋ် ဆိုင်မှ စက္ကူမုန့်များကို ပိုက်ဆံမပေးဘဲ လုပြေးကာ အတန်းနောက်၌ ပုန်းစားနေသည်။ မေပုလဲကလည်း “အမ်းတာ နည်းတယ်” ဆိုကာ ပါးစပ်ကြီးဟပြီး အော်ငိုနေ၏။ အောင်ကောင်းမြတ်ကမူ အာကာသယာဉ်မှူး လုပ်နေပြီး စုစုဝေကမူ လွယ်အိတ်ကို ခေါင်းအုံး၍ စားပွဲအောက်တွင် အိပ်ပျော်နေလေသည်။

ဒီကြားထဲ ခန့်ညားက ရုံးခန်းတံခါးကို တစ်မိနစ် တစ်ခါ လာခေါက်ကာ “ဆရာမ… ဖိုးလပြည့် ကျွန်တော့်ခဲဖျက် ယူသွားတယ်” ဟု သတင်းလာပို့နေသေးသည်။

စီနီယာ ဆရာမကြီး ဒေါ်လှလှကမူ တည်ငြိမ်စွာဖြင့် အာရုံကြော ဆေးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်၊  မျိုချလိုက်ပြီးမှ လက်စွဲတော် ပေတံအရှည်ကြီးကို စားပွဲပေါ် ဒုန်းခနဲ ရိုက်လိုက်သည်။

“အေး… စိတ်အေးအေးထား ချိုချို! ငါတို့မှာ နည်းဗျူဟာ ရှိတယ်”

ဆရာမကြီး ဒေါ်လှလှက စစ်ဆင်ရေး ဗျူဟာများကို တစ်ခုချင်းစီ ရှင်းပြတော့သည်။

“တုနှိုင်းမေထွဋ်ဆီ သွားမယ်။ သူရောင်းတဲ့ ကာတွန်းပုံတွေကို ငါတို့က ‘၁၀ ကျပ်’ ပေးပြီး အကုန်ဝယ်ပစ်မယ်။ ဒါဆို သူ ဆိုင်ပိတ်ပြီး ငြိမ်သွားလိမ့်မယ်။  ငိုနေတဲ့ မေပုလဲကို ဂျယ်လီကျွေးပြီး ပါးစပ်ပိတ်မယ်။ အိပ်နေတဲ့ စုစုဝေကိုတော့ ကျောင်းအုပ်ကြီး ပြန်တဲ့အထိ လုံးဝ သွားမနှိုးနဲ့!”

ဒီလိုနှင့် ဆရာမ  နှစ်ယောက်သည် အနံ့ပျောက်ဆေး၊ ဂျယ်လီမုန့်များနှင့် စက္ကူပိုက်ဆံများကို ကိုင်ဆောင်ကာ KG ဆိုသည့် စစ်မြေပြင်သို့ ချီတက်သွားကြတော့သည်။

အတန်းထဲ ရောက်သည်နှင့် ဆရာမ မချိုချိုက ယုယသော အသံဖြင့် တုနှိုင်းမေထွဋ်ဆီ ချဉ်းကပ်လိုက်၏။

“သမီး တုနှိုင်းမေထွဋ်လေး… ဆရာမတို့ ကာတွန်းပုံတွေ အကုန်ဝယ်မယ်နော်၊ အခု ဆိုင်ခဏပိတ်ရအောင်…”

သို့သော် သမီးလေး တုနှိုင်းမေထွဋ်က စက္ကူပိုက်ဆံအိတ်ကို ပိုက်ထားရင်း ဆရာမများကို စိုက်ကြည့်ကာ –

“ဆရာမတို့ အကုန်ဝယ်လည်း ဈေးလျော့မပေးဘူး။ စက္ကူ တစ်ရွက်ကို ၁၀ ကျပ်၊ အမ်းပိုက်ဆံ မရှိလို့ နောက်မှလာယူ!” ဟု ပြန်လည် ဈေးဆစ်လိုက်လေသည်။

အခြေအနေများ ရှုပ်ထွေးနေစဉ်မှာပင် အတန်းပြင်ပမှ ဒေါက်ဖိနပ်သံကြီး မြည်လာ၏။

တောက်… တောက်… တောက်…

ကျောင်းအုပ်ဆရာမကြီး ရောက်လာပြီ ဖြစ်သည်။ ဆရာမနှစ်ယောက်မှာ မူးလဲချင်စိတ်ပင် ပေါက်သွားကြသည်။

ကျောင်းအုပ်ကြီးက မျက်မှန်ကို ပင့်ရင်း အတန်းထဲသို့ လှမ်းကြည့်လိုက်သည်။

“ဆရာမ ဒေါ်လှလှ… ဒါ ဘာလုပ်နေကြတာလဲ! အတန်းက ဘာလို့ ဒီလောက် ဆူညံနေရတာလဲ!”

ထိုခဏ၌ ဆရာမ ဒေါ်လှလှ၏ စီနီယာ ဦးနှောက်က ချက်ချင်း အလုပ်လုပ်လိုက်သည်။ သွေးမပျက်ဘဲ အပြုံးတုကြီးဖြင့် –

“ဆရာမကြီးရှင့်… ဒါ… ဒါက ကလေးတွေကို သင်ရိုးသစ်အတိုင်း ‘လက်တွေ့ ဈေးရောင်းဈေးဝယ်နှင့် လူမှုဆက်ဆံရေး ဗဟုသုတ’ သင်ကြားပေးနေတာ ဖြစ်ပါတယ်ရှင့်! သမီး တုနှိုင်းမေထွဋ်က စီးပွားရေး လုပ်ငန်းရှင် အောင်ကောင်းမြတ်က အာကာသ အင်ဂျင်နီယာ၊ စုစုဝေကတော့… စွမ်းအင်ပြန်ဖြည့်နေတဲ့အချိန် ပညာဒါန သင်ခန်းစာပါရှင့်!”

ကျောင်းအုပ်ကြီးက အံ့ဩသွားပြီး သမီးလေး တုနှိုင်းမေထွဋ် ဘက်သို့ လှည့်ကာ –

“ဩော်… ဟုတ်လား။ ဒါဆို သမီး တုနှိုင်းမေထွဋ်… ဆရာမကြီးကို ကာတွန်းပုံတစ်ပုံ ရောင်းပါဦး” ဟု စမ်းသပ် လိုက်သည်။

တုနှိုင်းမေထွဋ်က ကျောင်းအုပ်ကြီးကို မပြုံးမရယ် တည်ငြိမ်စွာ ကြည့်လိုက်ပြီး –

“ဆရာမကြီးက ငါးကျပ်တန် ကာတွန်းပုံကို ၁၀ ကျပ်ပေးရမယ်။ အမ်းငွေ မရှိဘူးနော်!” ဟု ပြောချလိုက်တော့သည်။

ကျောင်းအုပ်ကြီးမှာ ခဏမျှ အံ့ဩသွားပြီးမှ သဘောတကျ ရယ်မောကာ ပြန်ထွက်သွားပါတော့သည်။

ညနေ ၄ နာရီ ကျောင်းဆင်းချိန်… ကလေးများ အိမ်ပြန်သွားကြသည့်အခါ KG အခန်း ထဲတွင် စားပွဲများ မှောက်ခုံ ကျန်ခဲ့သလို၊ ရုံးခန်းထဲတွင်မူ ဆရာမ ဒေါ်လှလှနှင့် မချိုချိုတို့သည် အာရုံကြော ဆေးတစ်လုံးစီ ထပ်မံ မျိုချနေကြရတော့၏။

“မမလှလှရေ… မနက်ဖြန် မနက် ကျောင်းဖွင့်ရင်ရော ဘာစစ်ဆင်ရေး လုပ်ကြမလဲဟင်?”

ဆရာမ ဒေါ်လှလှက ကော်ဖီကို တစိမ့်စိမ့် သောက်ရင်း သက်ပြင်းချလိုက်သည်။

“မနက်ဖြန်အတွက်တော့… ငါတို့ အာရုံကြောဆေး နှစ်လုံးစီ ကြိုသောက်ထားကြတာပေါ့ ချိုချိုရယ်…”

အကင်းပါးပြီး ပညာရှင်ပီသသော ဆရာမကြီးက အရေးပေါ် အစည်းအဝေး ခေါ်ယူခြင်း

ညနေ ၄ နာရီ ကျောင်းဆင်းချိန်။ ကလေးများ အိမ်ပြန်သွားကြ၍ ကျောင်းဝင်းတစ်ခုလုံး အေးချမ်းသွားသော်လည်း ရုံးခန်းထဲတွင်မူ အပူချိန်က ဆူပွက်နေဆဲဖြစ်သည်။

အကင်းပါးပြီး ပညာရှင်ပီသသော ကျောင်းအုပ်ဆရာမကြီးသည် မျက်မှန်ကို အသာနှိမ့်ချ၍ မျက်မှန်အောက်မှ ဆရာမ ဒေါ်လှလှနှင့် မချိုချိုတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်၏။ စားပွဲပေါ်တွင်တော့ မွန်းလွဲပိုင်းက သမီးလေး တုနှိုင်းမေထွဋ်နှင့် ကလေးများ ဆော့ကစားရာမှ သိမ်းဆည်းရမိသော “ကစားစရာ အရုပ်မျိုးစုံ” ပါဝင်သည့် ပလတ်စတစ်ခြင်းတောင်းကြီး ရှိနေသည်။

“ကဲ… ဆရာမတို့။ မွန်းလွဲပိုင်းက ‘သင်ရိုးသစ် လက်တွေ့သင်ခန်းစာ’ ဆိုပြီး ငါ့ကို စနစ်တကျ ရှင်းပြသွားကြတာတော့ ချီးကျူးပါတယ်”

ကျောင်းအုပ်ကြီး၏ စကားကြောင့် ဒေါ်လှလှနှင့် မချိုချိုတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိုးရိမ်တကြီး တံတွေးမျိုချလိုက်ကြရသည်။

“ဒါပေမဲ့… ငါ့အတန်းစစ်အတွေ့အကြုံအရ ဒီကလေးတွေ ကစားနေတဲ့ အရုပ်တွေကို ကြည့်ရတာ စိုးရိမ်စရာရှိတယ်။ ဒါကြောင့် ညနေ ကျောင်းဆင်းတာနဲ့ ဆရာမတို့ကို အရေးပေါ် အစည်းအဝေး ခေါ်ရတာပဲ”

ကျောင်းအုပ်ကြီးက ခြင်းတောင်းထဲမှ ဂျယ်လီစေ့အိတ်နှင့် ပလတ်စတစ်အရုပ်အချို့ကို ပေတံဖြင့် တို့ကြည့်ရင်း အလေးအနက် ပြောလိုက်သည်။

“ဆရာမတို့သိလား… မွန်းလွဲပိုင်းက သမီးလေး တုနှိုင်းမေထွဋ်နဲ့ ကလေးတွေ ဆော့ကစားနေတဲ့ Squishy အရုပ်တွေ၊ ပလတ်စတစ်အရုပ်တွေဟာ ထိုင်းနိုင်ငံထုတ်တွေ အများကြီးပါတယ်။ အခုတလော ဈေးကွက်ထဲမှာ အတုအပနဲ့ အန္တရာယ်ရှိတဲ့ ကစားစရာတွေ အရမ်းပေါနေတာ။ ငါတို့က အတန်းထဲမှာ ‘မုန့်မစားနဲ့၊ အိပ်မနေနဲ့’ လို့ ထိန်းရုံတင်မကဘူး၊ သူတို့ဆော့တဲ့ အရုပ်တွေရဲ့ ဘေးကင်းမှုကိုပါ စစ်ဆေးတတ်ရမယ်”

ဆရာမ မချိုချိုက စိုးရိမ်တကြား ပျာပျာသလဲ မေးလိုက်သည်။

“အမလေး… ဆရာမကြီးရယ်။ အရုပ်တွေက အတုလား၊ အစစ်လား၊ ဘေးကင်းရဲ့လားဆိုတာ ဘယ်လိုစစ်ရတာလဲရှင့်။ ကျမတို့ကတော့ လှရင်ပြီးရော၊ ကလေးတွေ ငြိမ်ရင်ပြီးရော ထင်နေတာ”

ကျောင်းအုပ်ကြီးက ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်၏။

“အေး… အဲဒါကြောင့် ငါက အကင်းပါးပါစေလို့ အမြဲမှာတာပေါ့။ ထိုင်းနိုင်ငံထုတ် ဒါမှမဟုတ် ထိုင်းက တင်သွင်းတဲ့ အရုပ်တွေမှာ TISI (Thai Industrial Standards Institute) ဆိုတဲ့ ထိုင်းစက်မှုစံညွှန်း ပါ၊ မပါ စစ်ရတယ်။ စစ်နည်းက လွယ်လွယ်လေး…”

ကျောင်းအုပ်ဆရာမကြီးက ခြင်းတောင်းထဲမှ စက္ကူဘူးတစ်ခုကို မပြီး အသေးစိတ် ရှင်းပြတော့သည်။

(အရုပ်၏ ထုပ်ပိုးမှုဘူး သို့မဟုတ် ကတ်ပြားပေါ်တွင် စက်ဝိုင်းလေးထဲ အလယ်မှ မျဉ်းကွေးနှစ်ကြောင်းပါသော TISI တံဆိပ် ပါရမည်။ ကစားစရာများအတွက် စံညွှန်းနံပါတ်မှာ TISI 685-2540 ဖြစ်သည်။)

“TISI တံဆိပ်တွေ့တာနဲ့တင် လုံးဝမပြီးသေးဘူး ဆရာမတို့။ ဘာလို့လဲဆိုတော့ တချို့ အရုပ်တွေက တံဆိပ်အတု ရိုက်နှိပ်ထားကြလို့ပဲ” ဟု ကျောင်းအုပ်ကြီးက ဖုန်းမျက်နှာပြင်ကို ဆရာမနှစ်ယောက်အား ပြသရင်း ဆက်ပြောသည်။

“အခု TISI ရဲ့ တရားဝင် Official Website  ဒါမှမဟုတ် TISI QR Code စနစ်ထဲ ဝင်ပြီး ကုန်ပစ္စည်း ပိုင်ရှင်နာမည်နဲ့ မှတ်ပုံတင်နံပါတ်ကို စစ်ဆေးရမယ်။ တကယ်လို့ စနစ်ထဲမှာ မှတ်ပုံတင်မထားဘူးဆိုရင် အဲဒီအရုပ်ဟာ အတုဖြစ်နိုင်သလို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ခဲဓာတ်တွေ ပါဝင်နေနိုင်တယ်”

ဆရာမ ဒေါ်လှလှနှင့် မချိုချိုတို့လည်း ကျောင်းအုပ်ကြီး၏ စနစ်တကျ ရှင်းပြချက်ကြောင့် အရေးကြီးပုံကို သဘော ပေါက်သွားကြသည်။

“ဒီတော့ ငါတို့ အတန်းထဲမှာ ကလေးတွေ ကစားမယ့် အရုပ်တွေကို ဘေးကင်း စိတ်ချရဖို့အတွက် ဆရာမတို့ နောက်ဆို ဒီ အချက် လေးချက်ကို အထူးဂရုစိုက် စစ်ဆေးရမယ်…”

ထိုင်းနိုင်ငံထုတ် ကစားစရာ အရုပ်တိုင်းတွင် အာမခံချက်ရှိသော TISI တံဆိပ် (TIS 685-2540) ပါရှိရမည်။

QR code သို့မဟုတ် စံညွှန်းနံပါတ်ကို TISI ဝဘ်ဆိုက်တွင် တိုက်ဆိုင်စစ်ဆေး၍ တရားဝင် ခွင့်ပြုချက်ရရှိထားသော ပစ္စည်းဟုတ်မဟုတ် စိစစ်ရမည်။

·Squishy သို့မဟုတ် ဂျယ်လီစေ့များကဲ့သို့ သေးငယ်သော အရုပ်များသည် အသက် သုံးနှစ်အောက် ကလေးများ ပါးစပ်ထဲ ထည့်မိပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်သဖြင့် အသက်အရွယ် သတ်မှတ်ချက် သတိပေးချက်ကို သေချာဖတ်ရမည်။

·စူးရှသော ဓာတုဆေးနံ့ထွက်နေခြင်း၊ ဆေးရောင်ကွက်များ လွယ်ကူစွာ ကွာကျနေခြင်းများ ရှိပါက အဆိပ်အတောက် ဖြစ်စေနိုင်သဖြင့် ကလေးများကို လုံးဝ မဆော့ကစားစေရ။

ကျောင်းအုပ်ဆရာမကြီးက ခြင်းတောင်းထဲမှ အရုပ်များကို ပြန်လည်သိမ်းဆည်းရင်း ပြုံးလိုက်သည်။

“ကဲ… ဆရာမတို့၊ ကလေးတွေကို သင်ရိုးညွှန်းတမ်း အတိုင်း သင်ပေးတာထက် သူတို့ရဲ့ ဘေးကင်းလုံခြုံရေးက ပိုအရေးကြီးတယ်။ မနက်ဖြန် ကျောင်းဖွင့်ရင် မိဘတွေကိုပါ ကလေးတွေ အရုပ်ဝယ်ပေးတဲ့အခါ TISI မတ်ခ် ပါတာပဲ ဝယ်ပေးဖို့ အသိပညာပေး စာစောင်လေး ထုတ်ပေးလိုက်မယ်”

ဒေါ်လှလှနှင့် မချိုချိုတို့လည်း သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း –

“ဟုတ်ကဲ့ပါ ဆရာမကြီး။ ကျမတို့လည်း အရုပ်တွေကို လှရင်ပြီးရော ထင်နေတာ၊ အခုလို ရှင်းပြမှ ဘေးအန္တရာယ် ကင်းရှင်းရေးရဲ့ အရေးကြီးပုံကို သေချာ သဘောပေါက်သွားတော့တယ်” ဟု ပြိုင်တူ ပြန်လည် လျှောက်ထားလိုက်ကြသည်။

ညနေခင်း အစည်းအဝေး ပြီးဆုံးသွားချိန်တွင်မူ KG  ၏ ဆရာမများမှာ အာရုံကြော ဆေးဝါးများ သောက်သုံးရန် မလိုတော့ဘဲ ကလေးများ၏ ဘေးကင်းရေးအတွက် အသိပညာအသစ်များဖြင့် စိတ်အေးချမ်းစွာ အိမ်သို့ ပြန်နိုင်ခဲ့ကြလေတော့သည်။

HEADLINE: TISI Consumer Safety Advisory on Thai Toy Safety Standards and Certification (TIS 685-2540)

SOURCE: Thai Industrial Standards Institute (TISI) / Ministry of Industry, Thailand

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *