ဟိုတုန်းက ခေတ်ကာလတစ်ခုမှာသာ ဆိုရင် Christopher Nolan ရဲ့ The Odyssey ရုပ်ရှင်ဟာ အမေရိကန်တွေ အကြိုက်တွေ့ပြီး ဂုဏ်ပြုခံရမယ့် “ကွန်ဆာဗေးတစ်” တွေရဲ့ အမြင်ကို ထင်ဟပ်နေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်နေမှာပါ။ ဂရိရှေးဟောင်း ကဗျာဆရာ Homer ရဲ့ The Odyssey ကဗျာကြီးကို ဒါရိုက်တာ နိုလန်ရဲ့ ရိုက်ကူးပုံဖော်ချက်ဟာ ကာလတို အတွင်းမှာ ငွေကြေး အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့ပေမယ့် အစဉ်အလာတွေကို ချိုးဖောက်လိုက်တဲ့အခါ မမျှော်လင့်တဲ့ တုံ့ပြန်ချက်တွေ အကျိုးဆက်ဆိုးတွေ ကြုံနေရပါတယ်။
ဟောလိဝုဒ် သရုပ်ဆောင် မက်ဒေမွန်က ပါးနပ်တဲ့ ရှေးဟောင်း ပုံပြင်ထဲက ဇာတ်ကောင် အိုဒေးဆပ် အဖြစ် သရုပ်ဆောင်ထားပြီး အိုဒေးဆပ် ဟာ ထရိုဂျန် (Trojan) မြင်းရုပ်ကြီးရဲ့ လှည့်ကွက်နဲ့ စစ်ဥပဒေတွေကို ချိုးဖောက်ပြီး ဂရိတွေကို Troy မြို့ကို ဝင်လုခွင့် ပေးခဲ့တာ၊ စစ်ဦးဘီလူး အေဂါမေနွန် (Agamemnon) သူ့ အမိန့် အာဏာ နဲ့ လောဘဇော အတွက် စက်ဆုပ်စရာ ယဇ်ပူဇော်မှုကို လုပ်ခဲ့တာ၊ ဇီးယက်စ် (Zeus) နတ်ဘုရားရဲ့ ဧည့်ဝတ်ကျေဖို့ လုပ်ထုံးနည်းလမ်းတွေကို အလွဲသုံးစားလုပ်ပြီး အိုဒေးဆပ်ရဲ့ မိန်းမ ပင်နာလိုပီ (Penelope) ကို နောက်ကို ကောက်ကောက် ပါအောင် ပိုးပန်းနေကြသူတွေကလည်း Ithaca တိုင်းပြည်ကို ဝါးမျိုဖို့ ဝန်မလေးကြတာ၊ အိုဒေးဆပ် ရဲ့ စစ်သည်တွေဟာ ထရိုဂျန်တွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ အေသင်နာ နတ်သမီးရဲ့ ကျောင်းတော် ကို ဖျက်ဆီး၊ နတ်ဘုရားတွေရဲ့ သတိပေးချက်ကို လျစ်လျူရှု ခဲ့ကြလို့ နောက်ဆုံးမှာ အိမ်နဲ့ ဝေးရာမှာ စစ်မြေပြင် အတွင်းမှာ သေပွဲဝင်ခဲ့ ကြရတာပါ။ ဒါရိုက်တာ နိုလန်ရဲ့ ရုပ်ရှင်က အိုဒေးဆပ်ရဲ့ ပရမ်းပတာ လုပ်ရပ်ဟာ ကမ္ဘာကြီးကို ပျက်စီးစေဖို့ ဦးတည်စေခဲ့တာ၊ နတ်ဘုရားတွေရဲ့ ဥပဒေကို ပြစ်ဒဏ်မခံရဘဲ ချိုးဖောက်လို့ရတယ် ဆိုတာကို လက်ရှိ ကမ္ဘာကြီးကို ပြသချင် ပုံရတယ်။
ဒါပေမဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကမှာတော့ လက်ယာယိမ်း အများစုက ဒီရုပ်ရှင်ကို မကြိုက်ကြဘူး။ အခုအချိန်မှာ သမ္မတ ထရမ့်က လိုက်နာဖို့ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ အဖွဲ့အစည်းတွေကို ဂရုမစိုက်လို့ဘဲ လုပ်ချင်တာလုပ်နေလို့ သူ့ကို ထောက်ခံသူတွေက သဘောကျ ကြတာလေ။ နိုလန်ရဲ့ ရုပ်ရှင်ကတော့ ဒီလို မထီမဲ့မြင် ပြုတာဟာ ရေရှည်မှာ ဒုက္ခ ပေးနိုင်တယ်လို့ ထောက်ပြထားတာပါ။ ပြောရရင် ဒီရုပ်ရှင်ဟာ Trump ရဲ့ လွန်လွန်ကျူးကျူး သဘောထားတွေအပေါ် ကွန်ဆာဗေးတစ် ရှုထောင့်ကနေ ဝေဖန်ထားတာလို့ လွယ်လွယ် အဓိပ္ပာယ်ဖွင့် လို့ရပါတယ်။ ဒါပေမဲ့လည်း တစ်ခု စိတ်ဝင်စားစရာ ကောင်းတာက လက်ယာယိမ်း MAGA တွေက ဒီအတွက်ကြောင့် ရုပ်ရှင်ကို တိုက်ခိုက်နေကြတာလည်း မဟုတ်ပြန်ဘူး။ သူတို့ ဒီရုပ်ရှင်ကို အမှန်တကယ် တိုက်ခိုက်နေကြတဲ့ အကြောင်းရင်းက ရုပ်ရှင်ထဲမှာ လူမည်းတွေနဲ့ လိင်ပြောင်းသူတွေ ပါဝင်နေလို့သာ ဖြစ်တယ်။
ကမ္ဘာ့အချမ်းသာဆုံး အီလွန် မက်စ် ကတောင်မှ အေဂါမေနွန် ရဲ့ ကျူးကျော်စစ်ကို ဆင်ခြေပေးခဲ့တဲ့ ဟယ်လင် (Helen) နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး လူပီတာ ညောင်အို ကို ပါဝင်စေခဲ့တာကြောင့် အွန်လိုင်းမှာ ဒေါသတကြီးနဲ့ မကျေမနပ် ပြောခဲ့ သေးတယ်။ လိင်ပြောင်းထားသူ မင်းသား အီလီယော့ ပေ့ချ်ကကျတော့ ပါဝင် သရုပ်ဆောင်စေတယ်။ သူဌေးကြီး အီလွန်မက်စ်က ဒါရိုက်တာ နိုလန်ကို ကို “လူဖြူဆန့်ကျင်ရေးသမား/လူမျိုးရေးခွဲခြားသူ” လို့ ဗန်းစကားနဲ့ စွပ်စွဲခဲ့သလို အခြား ကွန်ဆာ ဗေးတစ်တွေ ကလည်း လူမည်း မင်းသမီး လူပီတာ ညောင်အို ဟာ ဟယ်လင် အဖြစ် သရုပ်ဆောင် စေတာ လွန်စွာ ရုပ်ဆိုးလွန်းတယ်လို့ ပြောခဲ့ကြတယ်။ အများစုက သမိုင်းကြောင်းအရ မမှန်ကန်ဘူးဆိုပြီး သူတို့ဝေဖန်မှုကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် The Odyssey ဆိုတာ မန္တန်တွေ၊ သားရဲကောင်တွေ ပါတဲ့ စိတ်ကူးယဥ် ရုပ်ရှင်ကားကြီးပါ။ သမိုင်းကြောင်း နောက်ခံ ဇာတ်ကားတစ်ကား မဟုတ်ပါဘူး။ ဒါ့အပြင် လူမည်းတွေဟာ ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲတွေမှာ ပါလာတိုင်း ဒီလို ဒေါသပေါက်ကွဲမှုတွေဟာ ပုံမှန်ဖြစ်နေကျပါ။ ရေနဂါးမတွေ၊ လေဆာဓားတွေ အစရှိတဲ့ ဟာတွေ ပါပါ မပါပါ တုံ့ပြန်မှု လွန်သူတွေကတော့ လူဖြူချည်း ပဲပါတဲ့။ ဖျော်ဖြေရေး လုပ်ငန်းတစ်ရပ်ရယ်လို့ မမြင်ဘဲ နိုင်ငံရေးအရ တောင်းဆိုဖို့ အကြောင်းပြချက် အမြဲရှာနေကြတာပါပဲ။ သူတို့ရဲ့ အဓိက ပြဿနာက သူတို့အောက် နိမ့်ကျတယ်လို့ ယူဆထားတဲ့ လူတွေဟာ လူဖြူတွေနဲ့ တန်းတူ (သို့မဟုတ်) သီးသန့် လူဖြူအမျိုးအစားတွေရဲ့ နေရာတွေကို ရလာကြတာကို မကြည့်နိုင်တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က Troy ရုပ်ရှင်မှာ ဗြိတိသျှ၊ ဩစတြေးလျနဲ့ ဂျာမန်မျိုးနွယ် သရုပ်ဆောင်တွေကို သရုပ်ဆောင်ခွင့် ပေးတုန်းက ဘယ်သူမှ မကျေမနပ် မပြောခဲ့ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အများအားဖြင့် ဆံပင်ရွှေဝါရောင်တွေ နဲ့လေ။
အမေရိကန် လက်ယာယိမ်းတွေမှာ လူသားယဉ်ကျေးမှုရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို လူဖြူတွေရဲ့ သီးသန့် အမွေအနှစ်အဖြစ် ဆက်ဆံတတ်တဲ့ အလေ့အထနဲ့ လက်ရှိ နိုင်ငံရေးကို ရှေးဟောင်း ဥရောပပေါ် ပုံရိပ်ထင်ဟပ်ချင်တဲ့ အလေ့အထတွေရှိတော့ The Odyssey ရဲ့ စိန်ခေါ်မှုက The Lord of the Rings တို့ The Little Mermaid တို့ထက် ပိုတောင် ကြီးမားနေပါသေးတယ်။ “ငါတို့ရဲ့ မျိုးရိုးနဲ့ အမွေအနှစ်ဟာ အေသင်၊ ရောမ၊ ဖီလာ ဒဲလ်ဖီးယား၊ မွန်တီချယ်လို တို့အထိ ပြန်လိုက်လို့ရတယ်” လို့ လုပ်ကြံခံလိုက်ရတဲ့ လက်ယာယိမ်း ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားမှု ပြင်းထန်သူ ချာလီကာ့ခ် ရဲ့ နာရေးမှာ စတီဗင်မေလာ (Stephen Miller) က ကြေညာခဲ့ဖူးတယ်။ “ငါတို့ရဲ့ ဘိုးဘေးတွေက မြို့တွေကို တည်ဆောက်ခဲ့ကြတာ။ အနုပညာနဲ့ ဗိသုကာလက်ရာတွေကို ဖန်တီးခဲ့တာ။ စက်မှု လုပ်ငန်းတွေကို တည်ဆောက်ခဲ့တာ” တဲ့။
တရားလွှတ်တော်ချုပ်က မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို အနိုင် အတည်ပြုပေးခဲ့ပြီးနောက် စတီဗင် မေလာက Fox News သတင်းဌာန တီဗီ တွေ့ဆုံခန်းမှာ ဒေါသတကြီးနဲ့ “ခေတ်သစ်နည်းပညာ၊ ဆေးဝါးနဲ့ လေကြောင်းခရီးစဉ်တွေကို ထားလိုက်ပါဦး၊ ကိုယ့်ဘာသာဆို ဘီးကိုတောင် ဖြစ်ဖြစ် မြောက်မြောက် မတီထွင်နိုင်ခဲ့ကြတဲ့ တတိယကမ္ဘာ့နိုင်ငံတွေက လူတွေဟာ အမေရိကန်ကို လာနေကြတယ်၊ ဒီနိုင်ငံထဲကို ဝင်လာပြီး ကလေးမွေးလိုက်တာနဲ့ ထိုကလေးက အလိုအလျောက် နိုင်ငံသား ဖြစ်သွားရသလား” ဆိုပြီး ပြောခဲ့တယ်။ ဒါဟာ ရှေးဟောင်း အေသင်ကနေ အတ္တလန္တာ လေဆိပ်အထိ အောင်မြင်မှုတိုင်းကို ဘယ်နောက်ခံကမဆို လူဖြူတွေအတွက်ပဲ ဖြစ်ရမယ်လို့ မောင်ပိုင်စီးလိုက်တဲ့ လူမျိုးရေးဆိုင်ရာ ဂုဏ်ပုဒ် ခိုးယူမှု ပုံစံတစ်မျိုးပါပဲ။
ဒီလိုပါပဲ၊ တရားလွှတ်တော်ချုပ်က Trump အနေနဲ့ ဟေတီ ဒုက္ခသည်တွေရဲ့ ယာယီ အကာအကွယ် ပေးထားတဲ့ ဗီဇာအမျိုးအစားကို ရုပ်သိမ်းနိုင်တယ်လို့ ဆုံးဖြတ်ပြီးနောက် လက်ယာယိမ်း ပေါ့ဒ်ကတ်စတာ မီဂန်ကေလီ (Megyn Kelly) က ဒုက္ခသည်တွေကို “ဟေတီကိုပဲ ပြန်သွားကြ” လို့ ငေါက်ငမ်းခဲ့ပြီး “ငါတို့နိုင်ငံက နင်တို့နိုင်ငံထက် ပိုကောင်းတယ်ဆိုတာ ငါတို့သိတယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ လုပ်ငန်းခွင်ကျင့်ဝတ်၊ ယဉ်ကျေးမှုနဲ့ တန်ဖိုးထားမှုတွေနဲ့ ပြည့်နှက်အောင် လုပ်ထားလို့ပဲ။ နင်တို့ ဒီမှာရှိနေတာက ဒါကို တည်ဆောက်ခဲ့ပြီး ဒီမှာနေထိုင်တဲ့ ငါတို့အတွက် ပေါ့ပျက်သွားစေတယ်” လို့ ပြောခဲ့ပြန်ရော။
ဒါပေမဲ့ ကေလီ၊ ဖြစ်ဖြစ် မီလာ ဖြစ်ဖြစ် ဒီနိုင်ငံကို တည်ဆောက်ခဲ့ကြတာ မဟုတ်တာတော့ သေချာပါတယ်။ ဒီလို အမြင်ရှိသူတွေဟာ ရှေးဟောင်း ဂန္ထဝင်စာပေတွေဟာ လူသားတွေကို သင်ခန်းစာပေးနိုင်တဲ့ အရာအဖြစ် တန်ဖိုးထားကြတာ မဟုတ်ဘဲ မိမိတို့ကသာ သာလွန်မြင့်မြတ်တယ်ဆိုတာကို ကျောက်ရုပ်တုကြီးတွေ အဖြစ်ပဲ တန်ဖိုးထားကြတာပါ။
လက်ယာယိမ်းသူ အချို့က “ယဉ်ကျေးမှု” အကြောင်း ပြောတဲ့အခါ သူတို့လုပ်နေတာက ဒီနေ့ခေတ်မှာ ကျင့်သုံးချင်တဲ့ လူမျိုးရေးအဆင့်အတန်း ခွဲခြားမှုကို ရှေးခေတ်ကာလအထိ ဆွဲသွင်းပြီး ဆက်စပ် အကြောင်းပြဖို့ ကြိုးစားနေကြသလိုမျိုးပဲ။ The Odyssey ရုပ်ရှင်မှာ မှာ လူမည်းတွေကို ပါဝင် သရုပ်ဆောင်ခွင့် ပေးလို့မရဘူးတဲ့၊ ဘာလို့လဲဆိုတော့ The Odyssey က သူတို့ လူဖြူတွေပဲ ပိုင်တယ်လို့ ထင်ထားတဲ့ “အနောက်တိုင်း ယဉ်ကျေးမှု” ရဲ့ ဒေါက်တိုင်တစ်ခု ဖြစ်နေလို့တဲ့။ ဒီလို အစွန်းရောက် လွန်းတဲ့ လက်ယာယိမ်းအုပ်စုဟာ ရှေးခေတ်ကာလကို သူတို့မုန်းတဲ့ လူမျိုးပေါင်းစုံ ရောနှောမှု လုံးဝမရှိနိုင်တဲ့၊ သီးခြားယဉ်ကျေးမှုတွေပဲ ရှိတဲ့ စကြဝဠာတစ်ခုလို စိတ်ကူးယဉ်နေကြတာပါ။

တကယ်တန်းကျတော့ ဂရိဟာ မြောက်အမေရိကတိုက်လောက် အာဖရိကနဲ့ မဝေးပါဘူး။ ဒါ့အပြင် အတ္တလန္တိတ် ကျွန်ကုန်ကူးသန်းရေးလုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်းတစ်ခုဖြစ်တဲ့ “ခေတ်သစ်လူမျိုးရေး” အယူအဆဆိုတာ ဂရိခေတ်ထွန်းကားပြီး နောက်ပိုင်း နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာမှ ပေါ်လာတာပါ။ ဂရိအနုပညာတွေမှာ လူမည်းတွေကို ပုံဖော်ထားတာ တွေ့နိုင်ပါတယ်။
လူမည်းတွေဟာ ဒါရိုက်တာ နိုလန် ကို ဝေဖန်သူနေတွေ စိတ်ကူးယဉ်သလို ရှေးဟောင်း မြေထဲ ပင်လယ်ကမ္ဘာမှာ ရှားပါးမနေခဲ့ပါဘူး။ ထိုသို့ ရှားပါးခဲ့တယ်ဆိုရင်တောင်မှ ဂန္ထဝင် စာပေတွေကို ရိုက်ကူးရာမှာ အသားအရောင် မခွဲခြားဘဲ သရုပ်ဆောင်ခွင့် ပေးတာက အနုပညာအရ သဘာဝ ကျပါတယ်။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်မှာရှိတဲ့ လူမျိုးရေးအယူအဆဟာ The Odyssey ကို ရေးခဲ့တုန်းက ရှုပ်ရှုပ်ထွေးထွေး ကိစ္စတွေ မရှိသေးလို့ပါပဲ။
အချို့က ထောက်ပြကြသလိုပဲ သရုပ်ဆောင် မက်ဒေမွန်တောင် ဂရိလူမျိုး မဟုတ်ပါဘူး။ တကယ်လို့များ အခုခေတ် ဒါရိုက်တာ တစ်ဦးဦးက တိုကျို၊ လာဂို့စ်၊ မက္ကဆီကိုစီးတီး သို့မဟုတ် ဝါရှင်တန်ဒီစီ တို့မှာ ဂရိ ရာဇဝင် ပြဇာတ်ကို ကပြချင်တယ်ဆိုရင်တောင် ဂရိသရုပ်ဆောင်အဖွဲ့ သီးသန့်ရဖို့ မလွယ်ပါဘူး။ ဒါကြောင့် အမေရိကန်ရုပ်ရှင်ဖြစ်တဲ့ ဒါရိုက်တာ နိုလန်ရဲ့ အော်ဒစီ (Odyssey) သရုပ်ဆောင်အဖွဲ့ဟာ အမေရိကန်နိုင်ငံနဲ့ ပုံစံတူနေတာဟာ ထိုရုပ်ရှင်ရဲ့ အရိုးစင်းဆုံး အချက်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါကို သိသိကြီးနဲ့ ငြင်းခုံနေကြတာက အနုပညာကို နိုင်ငံရေး အယူအဆတွေထဲကို အတင်းဆွဲသွင်းချင်လို့ပဲလို့ ယူဆပါတယ်။ အနုပညာကို အနုပညာလို ကြည့်တာပဲ ကောင်းပါတယ်။
ကိုးကားနှင့် ဝန်ခံချက် – အမေရိကန် ဂျာနယ်လစ် အက်ဒမ် ဆာဝါး The Atlantic မဂ္ဂဇင်းတွင် ရေးသားထားသည့် “The Fear of Black Greeks, White people don’t own the accomplishments of ancient Greece” ဆောင်းပါးကို မူရင်း အာဘော် မပျက်စေရန် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။


