The Corner

The Corner

cropped-Logo_round_grey-background.png

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ

Share မယ်

အရှေ့အလယ်ပိုင်းအီရန်စစ်ပွဲ ပဋိပက္ခကြောင့် ရေနံလောင်စာဆီ စီးဆင်းမှု မတည်မငြိမ်ဖြစ်ကာ ကမ္ဘာကြီး တစ်ခုလုံးကို စီးပွားရေးအရ အကြီးအကျယ် အကျပ်ရိုက်စေခဲ့ပြီဖြစ်သည်။ အီရန်စစ်ပွဲအရေးသည် ရှင်းလေရှုပ်လေ ဖြစ် လာနေ သည်။ ပြီတော့မလိုလိုနှင့် တစ်ကပြန် ပြန်စနေရ သဖြင့် “ဂျာအေးသူ့အမေရိုက်သည့် ကိန်း” ဆိုက်နေလေပြီ။ ဇူလိုင် ၁၀ ရက် သောကြာနေ့တွင် ကာတာနိုင်ငံ၏ ကြားဝင် စေ့စပ် ညှိနှိုင်းရေးမှူးများသည် တီဟီရန်တွင် ပါဝင် ဆွေးနွေးမှုများ ပြုလုပ် နေရသည်ဟု သတင်းများအရ သိရသည်။

ကာတာနှင့် ဆော်ဒီအာရေဗျ ကုန်သွယ်ရေး ရေနံတင်သင်္ဘောသုံးစင်းသည် ယခုအပတ်အစောပိုင်းတွင် အီရန်၏ ပစ်ခတ်မှု ခံခဲ့ရသည်။ သို့ဖြင့် အမေရိကန်က အီရန်ပစ်မှတ် အများအပြားကို တုံ့ပြန် တိုက်ခိုက်ခဲ့သည်။ အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ဘက် ပစ်မှတ်နေရာများကို တုံ့ပြန် တိုက်ခိုက်ခဲ့ပြန်သည်။’

ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရန် အီရန်၏ လုပ်ဆောင်ချက်သည် ရေတိုလှုပ်ရှားမှုတစ်ခုဖြစ်သည်ဟုလည်း သုံးသပ်နေကြသည်။ မကြာမီ အီရန်အနေဖြင့် ရေလက်ကြားကို ပုံမှန် လည်ပတ်အောင် မလုပ်ဆောင်နိုင်ပါက ဒေသတစ်ခု လုံးက ၎င်းကို ဆန့်ကျင်လာနိုင်သည်ဟုလည်း ဝေဖန်နေကြသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီ (Abbas Araghchi)က အမေရိကန်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ပြီး ဇူလိုင် ၇ ရက် (အင်္ဂါနေ့) တွင် သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် အီရန် ရေနံစိမ်းရောင်းချခွင့် လိုင်စင်ကို အမေရိကန်က ရုပ်သိမ်းခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီ (Author)

“နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစား လိုက်လျောမှုမျိုးသာ ရှိနိုင်သည်” ဟု အဘတ်စ် အာရာချီက X လူမှုမီဒီယာ တွင် ရေးသားခဲ့သည်။ အီရန်က သင်္ဘောတိုက်ခိုက်မှုများအတွက် တာဝန်ယူကြောင်း မပြောဆိုသော်လည်း တီဟီရန်သည် ဆွေးနွေးပွဲ များတွင် သြဇာလွှမ်းမိုးမှုရရှိရန် ထိုကဲ့သို့သော လုပ်ဆောင်ချက်မျိုးကို အသုံးပြုလေ့ရှိသည်ဟု လေ့လာ သုံးသပ် သူများက ပြောကြားခဲ့သည်။

အီရန် က ရေလက်ကြားတွင် သင်္ဘောများကို မကြာသေးမီက တိုက်ခိုက်မှုများသည် “၎င်းတို့၏ စနစ်၏ မှားယွင်း သော အစိတ်အပိုင်း” မှ ဖြစ်သည်ဟု အမေရိကန်အရာရှိများကို အသိပေးခဲ့ကြောင်း အမေရိကန်အရာရှိများက ဇူလိုင် ၁၀ ရက် (သောကြာနေ့) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

တင်းမာမှုများကို ငြိမ်သက်စေရန် ရည်ရွယ်ပုံရသည့် မှတ်ချက်များ

ဤ စစ်‌ရေးအရ တိုက်ခိုက်မှုကြောင့် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်ထားသည့် ယာယီသဘောတူညီချက် (MoU)၏ အနာဂတ်အပေါ် သံသယများဖြစ်ပေါ်စေခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ၂၀၂၆ နိုဝင်ဘာလ အမေရိကန် လွှတ်တော် ရွေးကောက်ပွဲ မတိုင်မီ သမ္မတ ထရမ့်အတွက် နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော ကိစ္စရပ်ဖြစ်သည့် “ရေနံဈေးနှုန်းများ မြင့်တက်မှု” ဖြစ်ပေါ်စေခဲ့သည်။

“အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံက ကျွန်တော်တို့ကို ‘ဆွေးနွေးပွဲ’ ဆက်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ ကျွန်တော် တို့ သဘောတူခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက သူတို့ကို အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသွားပြီလို့ အသေအချာ မပြော နိုင်ကြောင်း ပြောကြားခဲ့ပါတယ်” ဟု ထရမ့်က သောကြာနေ့တွင် ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။ ကာတာညှိနှိုင်းရေးမှူးများသည် တင်းမာမှုများ လျှော့ချရန်နှင့် ဟော်မုဇ်ရေလက်ကြားအရေး ဆွေးနွေးရန်အတွက် ဇူလိုင် ၁၀ ရက် (သောကြာနေ့) တွင် အီရန်အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း အခြေအနေကို သိရှိသူတစ်ဦးက ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

ထရမ့်၏ အီရန်သို့ နောက်ထပ်သတိပေးချက်

ဇူလိုင် ၇ ရက်နေ့တွင် တူရကီ၌ ကျင်းပခဲ့သော “နေတိုးထိပ်သီးအစည်းအဝေး” မှ ထွက်ခွာခဲ့ပြီးနောက် ‘ထရမ့်’ က အီရန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်ဟု ၎င်း၏ လူမှုမီဒီယာစာမျက်နှာတွင် ဗီဒီယိုများစွာနင့်အတူ ဖော်ပြခဲ့ပြီး အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံအား သတိပေးချက်တစ်ရပ်ကို ထပ်မံ ထုတ်ပြန်ခဲ့သည်။

“နေတိုးထိပ်သီးအစည်းအဝေး”တက်ရောက်နေသည့် ဒေါ်နယ် ထရမ့်

 “ဒါဟာ မနေ့က အီရန်က သင်္ဘောတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လက်စားချေတာပါ။ ထပ်မံတိုက်ခိုက်ခဲ့ ရင် ပိုဆိုးလာမှာ ဖြစ်တယ်” ဟု ထရမ့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရပြီး တစ်ရက် အကြာ ဇူလိုင် ၈ ရက်နေ့တွင် ရေးသားခဲ့သည်။ ထရမ့်သည် လျှပ်စစ်နှင့် ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ အပါအဝင် အီရန်၏ အရပ်ဘက် အခြေခံ အဆောက် အအုံများကို တိုက် ခိုက်ရေးနှင့် အီရန်၏ ရေနံတင်ပို့မှု ၉၀% ခန့် ဖြတ်သန်း သွားသော Kharg ကျွန်းကို သိမ်းပိုက်ရေးစသည့် ယခင် ခြိမ်းခြောက်မှုများကို ပြန်လည် ဖော်ပြ အသက်သွင်း လာခဲ့သည်။

စစ်ပွဲကို အပြီးသတ်ရန် ကြိုးပမ်းမှုတွင် အဓိကညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သည့် အီရန် လွှတ်တော်ဥက္ကဋ္ဌ ‘မိုဟာမက် ဘာဂါ ကာလီဘတ်ဖ်’ က ဇူလိုင် ၉ ရက်၌ X မီဒီယာတွင် ပို့စ်တစ်ခုတင်၍ စိန်ခေါ်ခဲ့သည်။

 “အမေရိကန်၏ အနိုင်ကျင့်မှု နှင့် ကတိချိုးဖောက်မှုတို့ကို အီရန်က လက်ခံလိမ့်မည် မဟုတ်ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သင်တို့ဘက်က တိုက်ခိုက်ခဲ့လျှင် သင်တို့လည်း ပြန်လည် တိုက်ခိုက်ခံရပြီး ထိခိုက်နစ်နာလိမ့်မယ်” ဟု ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ‘အဘတ်စ် အာရာချီ’ က Telegram ပို့စ်တစ်ခုတွင် ၎င်းသည် ဆော်ဒီ၊ တူရကီနှင့် အိုမန် လုပ်ဖော်ကိုင်ဖက်များနှင့် စစ်ပွဲတွင် အဓိကကြားဝင်စေ့စပ်ပေးသူများထဲမှ တစ်ဦးဖြစ်သည့် ပါကစ္စတန် စစ်တပ် အကြီးအကဲ ဖီးလ် မာရှယ် ‘အာဆင်း မူနီရ်’ တို့နှင့် ဖုန်းဖြင့် စကားပြောခဲ့သည်ဟု ဖော်ပြခဲ့သည်။ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းမှု များကို လုပ်ဆောင်နေကြောင်း Telegram တွင် အီရန်က အကြံပြုဖော်ပြထားသည်။

ထရမ့်က ဇူလိုင် ၈ ရက်နေ့တွင် ကြားကာလအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် “အဆုံးသတ်သွားပြီ” ဟု ဆိုခဲ့သော်လည်း ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုမည်ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း ညှိနှိုင်း သူများသည် “၎င်းတို့၏အချိန်ကို အလဟဿဖြစ်စေလိမ့်မည်” ဟု ထင်မြင်ကြောင်း ‘ထရမ့်’ က ပြောကြားခဲ့သည်။

ခါမေနီ၏ ဈာပနအခမ်းအနားအပြီးတွင် နောက်ဆုံးသဘောတူညီချက်ရရှိရန် ညှိနှိုင်းမှုများ စတင်ရန် စီစဉ်ထား သည်။ ဆွေးနွေးပွဲများသည် ရေလက်ကြားကို အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးခြင်းနှင့် တီဟီရန်၏ အငြင်းပွားဖွယ်ရာ နျူကလီးယားအစီအစဉ်ကို ရုပ်သိမ်းရေးအပါအဝင် အခက်ခဲဆုံးကိစ္စရပ်များကို အာရုံစိုက်ရန် ဆွေးနွေးရန် ရည်ရွယ်ထား သည်ဟု ဆိုသည်။

နားလည်မှုစာချွန်လွှာမှာ ဘာတွေ သဘောတူညီခဲ့သလဲ?

အီရန်-အမေရိကန်-အစ္စရေးလ် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွင်- အီရန်စစ်ပွဲစတင်ပြီးနောက် ဖြစ်ပေါ် လာသော ရန်လိုမှုများကို အသီးသီး ရပ်စဲကြရန် နားလည်မှုစာချွန်လွှာ’ (MoU) ၌ သဘောတူညီခဲ့ကြသည်။  အပစ်အခတ် ရပ်စဲရေး နားလည်မှုစာချွန်လွှာ၏ ပထမစာပိုဒ်တွင် အမေရိကန်နှင့် အီရန်တို့သည် “လက်ဘနွန်အပါအဝင် စစ်မျက်နှာ အားလုံး၌ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအပြီးတိုင် ရပ်စဲကြရမည်ဟု သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။ နှစ်ဖက်စလုံးက လက်ဘနွန်၏ နယ်မြေပိုင်နက်ဆိုင်ရာ တည်တံ့ခိုင်မြဲမှုကို လေးစားကြမည်ဟု လည်း  ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ သို့သော် အစ္စရေးသည် MoU လက်မှတ်ရေးထိုးပြီးနောက် ပထမရက် အနည်းငယ်အတွင်းမှာပင် တိုက်ခိုက်မှုများ ဆက်လက်ဖော်ဆောင်ခဲ့သည်။

နားလည်မှုစာချွန်လွှာ (MoU)၌ အမေရိကန်သည် ဟော်မုဇ်ရေလက်ကြား၏ ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းရမည် ဖြစ်ပြီး အီရန်သည် ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်စေရန် သေချာစေရမည် ဟု ဖော်ပြထားသည်။

အီရန်၏ နျူကလီးယား သိုလှောင်မှု၊ နျူကလီးယားလက်နက်များ ဝယ်ယူမှု၊ သို့မဟုတ် တီထွင်မှု မပြုလုပ်ကြောင်း MoU တွင် ထပ်မံအတည်ပြုထားသည်။

အမေရိကန်အနေဖြင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးမည်ဟု MoU တွင် ဖော်ပြထားသည်။

ဝါရှင်တန်သည် တီဟီရန်နှင့် ညှိနှိုင်းရန် ကတိကဝတ်ပြုထားဆဲ ဟုဆို

ယခင်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေစဉ် အမေရိကန်၏ တိုက်ခိုက်မှုများ ပြုလုပ်သည့် အလေ့အထ ကြောင့် တီဟီရန်အစိုးရသည် အမေရိကန်ကို ယုံကြည်မှု မရှိကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်အရာရှိတစ်ဦးက ယခု အပတ်တွင် အီရန်အပေါ် နှစ်ရက်ကြာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ဝါရှင်တန်သည် တီဟီရန်နှင့် ညှိနှိုင်းရန် ကတိ ကဝတ်ပြုထားဆဲဖြစ်သည်ဟု ဆိုသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက Al Jazeera သို့ ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့သည် ဇွန်လ ၁၇ ရက်နေ့တွင် ရက် ၆၀ ကြာ ညှိနှိုင်းမှုကာလကို စတင်မည့် နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းတွင် ရန်လိုမှုများ မြင့်တက်လာခဲ့သည်။ ဇူလိုင် ၇ ရက်နေ့ညနှင့် ၈ ရက်နေ့နံနက်တွင် ဟော်မုဇ်ရေလက်ကြားရှိ ကုန်သွယ်ရေး သင်္ဘော များကို အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က တိုက်ခိုက်ခဲ့သည်။ အီရန်က အတည်ပြုထားသော ရေလက်ကြား အတွင်းရှိ လမ်းကြောင်းကို မလိုက်နာ သောကြောင့် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က တိုက်ခိုက်ခဲ့သည်ဟု ယူဆရ သည်။

ထိုတိုက်ခိုက်မှု အပြီးတွင် အမေရိကန်က အီရန်ရှိ ပစ်မှတ် ၈၅ ခုကို ကနဦး တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။

အီရန်သည် ဇူလိုင် ၈ ရက်နေ့တွင် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ ဇူလိုင် ၈ ရက်နေ့ညတွင် အီရန်၏ တောင်ပိုင်း ကမ်းရိုးတန်း နှင့် အရှေ့ ပိုင်းပြည်နယ်များကို အမေရိကန်က ထပ်မံတိုက်ခိုက်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့တွင် အမေရိကန်က  အရပ်ဘက် အခြေခံ အဆောက်အအုံများအပါအဝင် အီရန်၏ တောင်ပိုင်းကမ်းရိုးတန်းနှင့် အရှေ့ပိုင်းပြည်နယ်များကို ထပ်မံတိုက်ခိုက်ခဲ့ သည်။ ယင်းတိုက်ခိုက်မှုများသည် သုံးပတ်ကြာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ပို၍ ထိခိုက် ပျက်စီးစေခဲ့သည်။

ဇူလိုင် ၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင်ကျင်းပသော NATO ထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များအား MoU သည် “ပြီးဆုံးသွားပြီ” ဟု ထင်မြင်ယူဆကြောင်း ပြောကြားခဲ့ သဖြင့်  အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို လောလောဆယ် ဆက်လက်ကျင်းပခွင့်ပြုမည်ဖြစ်သော်လည်း “အချိန်ဖြုန်းခြင်း” ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဒေါသတကြီးဖြင့် အီရန်ခေါင်းဆောင်များကို အမှိုက်များဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

တီဟီရန် က သဘောတူညီချက်တစ်ခု ချုပ်ဆိုလိုသလား?

ထရမ့်က ဇူလိုင် ၉ ရက်နေ့တွင် သမ္မတလေယာဉ် Air Force One ပေါ်တွင် သတင်းထောက်များအား ပြောကြား ရာ၌ စစ်ပွဲကြီးတစ်ခုဆီသို့ ပြန်လည်ရောက်ရှိရန် ရည်ရွယ်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးမှု စားပွဲပေါ်တွင် ရှိနေ စဉ် တီဟီရန်သည် “သဘောတူညီချက်တစ်ခု ချုပ်ဆိုလိုသည်” ဟု ထရမ့် က ပြောကြားခဲ့သည်။ သို့သော် ဇူလိုင် ၁၀ ရက်နေ့ တွင် အီရန်မီဒီယာများက နိုင်ငံ၏ နျူကလီးယားစက်ရုံများတည်ရှိရာ အီရန်တောင်ပိုင်းဒေသတွင် ပေါက်ကွဲမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

အမေရိကန်က ထိုပေါက်ကွဲမှုများတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။  ဇူလိုင် ၁၀ ရက်နေ့ နံနက် တွင် ကြားဝင်စေ့စပ်ပေးသည့်နိုင်ငံများက သံတမန်ရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေချိန်တွင် သေနတ်သံများ တိတ်ဆိတ်သွားပုံရသည်ဟု ဆိုသည်။ အမေရိကန်အရာရှိတစ်ဦးက ဝါရှင်တန်သည် ဆွေးနွေးပွဲများ အပေါ် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာနသို့ ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲများကို တရားဝင်ဖျက်သိမ်းခြင်း သို့မဟုတ် နားလည်မှုစာချွန်လွှာ ဖျက်သိမ်းကြောင်း ကြေညာခြင်း မရှိသေးသော်လည်း တစ်ဖက်နှင့်တစ်ဖက်က ကတိကဝတ် ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဆိုပါက မည်သည့်အချိန်တွင် ကျင်းပမည်ကို မသိရှိနိုင် ဖြစ်နေသည်။

ယခုအချိန်အထိ မည်သည့်ဆွေးနွေးပွဲများ ပြုလုပ်ပြီးပြီလဲ

အမေရိကန်နှင့် အီရန်တို့သည် ဇွန်လ ၁၇ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ(MOU) ကို လက်မှတ်ရေးထိုးခဲ့ပြီး ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ညှိနှိုင်းနိုင်ရန်အတွက် လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးတွင် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးကို လိုက်နာရန် သဘောတူညီခဲ့ကြသည်။ နားလည်မှုစာချွန်လွှာတွင် အီရန်သည် ထိုကာလအတွင်း ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများကို လွတ်လပ်စွာဖြတ်သန်းခွင့်ပြုရန် သဘောတူခဲ့ပြီး အမေရိကန်က အီရန်ရေနံအပေါ် ပိတ်ဆို့မှုများအပြင် အီရန်ဆိပ်ကမ်းများကို ရေတပ်က ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းရန် သဘောတူခဲ့ကြသည်။

ထို့နောက် ဆွစ်ဇာလန်တွင် ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်၊ အီရန်၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှု များ၊ ရေရှည် ပိတ်ဆို့မှုများ လျှော့ပေါ့ပေးရေးနှင့် တီဟီရန်၏ နျူကလီးယားအစီအစဉ်အပါအဝင် အခြားကိစ္စများ အကြောင်း အသေးစိတ် အချက်အလက်များကို ညှိနှိုင်းရန် ဆွေးနွေးပွဲများစတင်ရေး စီစဉ်ခဲ့သည်။ သို့သော် အစ္စရေးသည် လက်ဘနွန်နိုင်ငံ၏ ငါးပုံတစ်ပုံ ခန့်ကို သိမ်းပိုက်ထားပြီး လက်ဘနွန်တောင်ပိုင်းကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေသဖြင့်  ဆွေးနွေးပွဲကို နှောင့်နှေးစေခဲ့သည်ဟု ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံတွင် တိုက်ရိုက်ဆွေးနွေးပွဲအချို့ ပြုလုပ်ခဲ့သော်လည်း ယခုလအစောပိုင်းမှစ၍ နှစ်ဖက်စလုံးသည် ကာတာနိုင်ငံ ဒိုဟာမြို့တော်တွင် “သွယ်ဝိုက်သော နည်းပညာဆွေးနွေးပွဲများ”တွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က တီဟီရန်မြို့၌ အမေရိကန်-အစ္စရေးတို့၏ ကနဦးတိုက်ခိုက်မှုတွင် သေဆုံးခဲ့သော အီရန်၏ အထွတ် အထိပ်ခေါင်းဆောင်ဟောင်း အလီခါမေနီ၏ တစ်ပတ်ကြာ ဈာပန အခမ်းအနား အတွက် ဆွေးနွေးပွဲကို ရပ်ဆိုင်းထားခဲ့သည်။ ထရမ့်ကလည်း ဈာပနအခမ်းအနားများအတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကို ပြန်လည်စတင်မည် မဟုတ် ကြောင်း ကတိပြုခဲ့သည်။

ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မည်မျှဖြစ်နိုင်ခြေ ရှိသနည်း?

ဇူလိုင် ၈ ရက်နေ့တွင် ထရမ့်သည် အီရန်နှင့် MoU သဘောတူညီမှု “ပြီးဆုံးသွားပြီ” ဟု ထင်မြင်ယူဆကြောင်း ပြော ကြားခဲ့သည်။ အီရန်နှင့် အမေရိကန်တို့ စစ်ရေးတိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်ခဲ့ပြီးနောက် အီရန် ခေါင်းဆောင်များကို “ဖျားနာနေသူများ” အဖြစ် ဖော်ပြခဲ့သည်။ (“ဖျားနာနေသူများ” ဆိုသည့် အသုံးအနှုံးသည် နိုင်ငံတကာ ဆက်ဆံရေးတွင် အကျပ်အတည်းနဲ့ဆိုက်နေသူများ၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေသူများဟုလည်း သွယ်ဝိုက်ဆိုလိုနိုင်ပါသည်။ အယ်ဒီတာ The Corner) ထရမ့်က ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို အီရန်က တိုက်ခိုက်မှုအပြီး တွင် အမေရိကန်၏ တိုက်ခိုက်မှုများကို တရားမျှတသည်ဟု ဖော်ပြခဲ့သည်။ အီရန်၏ လုပ်ရပ်သည် MoU စည်းကမ်းချက် များကို ချိုးဖောက်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ထရမ့်၏ စကားများသည် ရှေ့နောက်ညီညွတ်မှုမရှိဘဲ ခုတစ်မျိုး ခနကြာတစ်မျိုး ဖြစ်နေတတ်သည်။ တစ်ဖက်တွင် ထရမ့်က “ကျွန်တော်ထင်တာက စာချွန်လွှာ ကိစ္စ ပြီးသွားပြီထင်တယ်” ဟု ဆိုသည်။ အခြား တစ်ဖက်တွင် “ကျွန်တော် သူတို့နဲ့ ဆက်မဆက်ဆံချင်တော့ဘူး။ သူတို့က အမှိုက်တွေ” ဟု ပြောကြားခဲ့ပြန်သည်။ တစ်ဖက်တွင်မူ အမေရိကန် ညှိနှိုင်းရေးမှူးများသည် ၎င်းတို့၏ အီရန်လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်လက် ဆွေးနွေးခွင့်ပြုမည်ဟု ထရမ့်က ပြောကြားခဲ့ပြန်သည်။

 “ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့နဲ့ အချိန်ဖြုန်းချင်တာမဟုတ်ဘူး။ အခု ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးမှူးတွေကို သူတို့ အလိုရှိတယ်ဆိုရင် ဆက်ပြောခွင့်ပေးမယ်၊ ဒါပေမဲ့ ကျွန်တော် မမြင်ဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။ ယခုအခါ အမေရိကန် ညှိနှိုင်းရေးအဖွဲ့သည် အီရန်နှင့် ဆက်လက်ဆွေးနွေးရန် ကတိပြုထားကြောင်း အမေရိကန် အရာရှိ တစ်ဦးက Al Jazeera သို့ ပြောကြားခဲ့သည်။ အီရန်က အမေရိကန်၏ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် ညှိနှိုင်းရန် ဆန္ဒမရှိ ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များသည် ယခုအပတ်တွင် တိုက်ခိုက်မှုလှိုင်းအသစ်ကို ရှုတ်ချခဲ့ပြီး အမေရိကန်၏ တိုက်ခိုက်မှုများကို “စစ်ရာဇဝတ်မှု” အဖြစ် ရှုတ်ချခဲ့သည်။ သူတို့က “ဝါရှင်တန်ဟာ ဘက်ပေါင်းစုံ အပစ်အခတ် ရပ်စဲရေး ပြဋ္ဌာန်းထားတဲ့ နားလည်မှုစာချွန်လွှာကို ချိုးဖောက်ခဲ့တယ်” ဟု စွပ်စွဲခဲ့ကြသည်။

ထို့အပြင် တီဟီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း အမေရိကန်ကို တရားဝင်တိုင်ကြားချက်တစ်ခု စတင် တင်သွင်းထားသည်ဟု ဆိုသည်။

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေး အဆင်ပြေမည်လား?

အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုလှိုင်းသစ်သည် အချိန်ကာလ မသတ်မှတ်ရသေးသော်လည်း အနည်းဆုံး ရှင်းလင်းပြီး အကန့်အသတ်ရှိသော ရည်မှန်းချက်တစ်ခုရှိသည်ဟု ဆိုသည်။ တီဟီရန်၏ ထိန်းချုပ်မှုကို ဆန့်ကျင်၍ ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်ဖြစ်သည်။ ဟော်မုဇ် ရေလက်ကြား ပြန်ပွင့်ရေးသည် အီရန်အတွက် ဖြစ်နိုင်ခြေ အသစ်များနှင့် ခြိမ်းခြောက်မှုများ ထပ်မံပေါ်ပေါက်လာနိုင်ပေသည်။

အီရန်က ထိန်းချုပ်ထားသော ဟော်မုဇ်ရေလက်ကြားမြေပုံ (Al Jazeera)

ဇူလိုင် ၈ ရက်တွင် ဟော်မုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘော ၁၃ စင်း ဖြတ်ကျော်ခဲ့ပြီး ယခင်အပတ်က တစ်နေ့လျှင် ပျမ်းမျှ ၃၃ စင်း ဖြတ်ကျော်ခဲ့သည်။ အနည်းဆုံး သင်္ဘောသုံးစင်းကို အီရန်က တိုက်ခိုက်ခဲ့သောကြောင့် အမေရိကန်နှင့် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ရေလက်ကြားအတွင်း သွားလာမှု နှေးကွေးသွားခဲ့သည်။

ရေနံဈေးကွက်များသည် ဟော်မုဇ်ရေလက်ကြား လုံးဝပိတ်သွားပါက မည်သို့ ဈေးနှုန်းသတ်မှတ်ကြမည်ဆိုသည့်  စဉ်းစားမှုမျိုး မရှိသေးသော်လည်း “အပစ်အခတ်ရပ်စဲရေး” ကို ပြန်လည် အသက်မသွင်းနိုင်ပါက လာမည့်အပတ်တွင် ရေနံဈေးကွက် မတည်မငြိမ် ဖြစ်လာမည့်အရေးကို ‌ပိုမိုစိုးရိမ်လာနေကြသည်။ အပစ်အခတ်ရပ်စဲရေး၏ အဓိကသော့ချက် မှာ အီရန်အနေဖြင့် ရေလက်ကြားကို ခြိမ်းခြောက်ခြင်းမပြုပါဟု ရှင်းရှင်းလင်းလင်းကြေညာ၍ အပေးအယူလုပ်ရန် ဖြစ်သည်။ ရေတိုနည်းဗျူဟာမြောက် သဘောတူညီချက်၏ နောက်ကွယ်တွင် အလယ်အလတ်နှင့် ရေရှည် ထည့်သွင်းစဉ်းစား ရမည့်အချက်များလည်း ရှိသည်။

ပင်လယ်ကွေ့နိုင်ငံများသည် အိန္ဒိယသမုဒ္ဒရာ သို့မဟုတ် မြေထဲပင်လယ်သို့ ပိုက်လိုင်းများမှတစ်ဆင့် ဟော်မုဇ် ရေလက်ကြားကို ရှောင်ကွင်းရန် အခြားရွေးချယ်စရာများကို တီထွင်နေကြပြီဟုလည်း ကြားသိနေရသည်။ နောက်ဆုံးတွင် ဟော်မုဇ်ပိတ်ဆို့မှုသည် အီရန်ရေနံအတွက်သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး အခြား ရွေးချယ်စရာလမ်းကြောင်းများ ရှင်းလင်းစွာမရှိဟု ဆိုသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် တီဟီရန်သည် ၎င်း၏ ကိုယ်ပိုင်ဗျူဟာဖြင့် ပိတ်မိနေလိမ့်မည်ဟု သုံးသပ်ကြသည်။ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာမှုကို ပိတ်ရန် ခြိမ်းခြောက်ခြင်းကြောင့် အီရန်သည် ရေရှည်သြဇာလွှမ်းမိုးမှုကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။

အီရန်ရှိ အချို့ခေါင်းဆောင်ပိုင်းက ဤအခြေအနေတွင် ၎င်းတို့၏ ရေတိုအားသာချက်ကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ပြီး ရေလက်ကြားကို တစ်စိတ်တစ်ပိုင်းပိတ်ရန် ကြိုးစားရန် လိုအပ်သည်ဟု ယုံကြည်နေကြသည်ဟု ဆိုသည်။ ထိုနည်းလမ်းဖြင့် ဈေးကွက်ကို ဖိအားပေးရန် လုံလောက်သည်ဟု ထင်မြင်နေကြသည်။

ဟော်မုဇ်ကို ဖြတ်သန်းသွားလာမှု ၉၀% ဆက်လက်ဖြစ်ပေါ်နေသော်လည်း ရံဖန်ရံခါ တိုက်ခိုက်မှုအနည်းငယ်သည် အာမခံပရီမီယံများကို မြင့်တက်စေနိုင်သောကြောင့် ရေနံဈေးနှုန်းများနှင့် ကမ္ဘာ့ဈေးကွက်များကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။ အများဆုံးရလဒ်များအတွက် ၎င်းသည် အနည်းဆုံးဖိအားဖြစ်သည်ဟု သုံးသပ်ကြသည်။

ထိုသို့ ကမ္ဘာ့ရေနံဈေးကွက်များကို ထိခိုက်ခြင်းမှ ရှောင်ရှားရန် အမေရိကန်ရှိ အသိုင်းအဝိုင်းအချို့က ဟော်မုဇ်သို့ ဝင်ရောက်ခွင့်ကို ထိန်းချုပ်ထားနိုင်သော အီရန်၏ ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် အကြံပြု ပြောဆိုလာကြသည်။ သို့သော် အီရတ်နှင့် ဗီယက်နမ်စစ်ပွဲကြီးများ ပြီးသည့်နောက် အမေရိကန်အနေဖြင့် အီရန်စစ်ပွဲ ရွှံ့နွံထဲသို့ ဝင်ရောက်ရန် ပထမ ခြေလှမ်းဖြစ်သွားနိုင်ဖွယ် မရှိဟု မည်သူက အာမခံနိုင်မည်နည်းဟူသည့် မေးခွန်းလည်း ရှိနေသည်။

အမေရိကန်က Kharg ကျွန်းကို သိမ်းပိုက်လိုက်မည်ဆိုလျှင် နောက်တစ်နေ့၌ အီရန်ရှိ အမေရိကန်တပ်များသည် သူတို့ ရှင်းလင်းဖယ်ရှားနိုင်ခြင်း မရှိသေးသော အီရန်ဒုံးကျည်များ၏ ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟုဆိုသည်။ ဤသို့ဖြင့်  ပိုနက်ရှိုင်းသော သဲကန္တာရ စစ်နွံထဲသို့ ပို၍ နစ်မြုပ်သွားရလိမ့်မည်ဟု ဝေဖန်မှုများပေါ်ပေါက်နေသည်။

အစ္စရေးနိုင်ငံရှိ အချို့လူများက အီရန်အစိုးရအပြောင်းအလဲ ဖြစ်ရန် လိုချင်ကောင်းလိုချင်နိုင်ကြသည်။ သို့သော် တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် ပါကစ္စတန်တို့က လက်ရှိအခြေအနေ၌ အမေရိကန်နှင့် မဟာမိတ်ဖွဲ့ထားကြပြီး အစ္စရေး နှင့် ခင်မင်ရင်းနှီးမှုမရှိသော ဆက်ဆံရေးမျိုး ရှိနေကြသဖြင့် အစ္စရေးတို့ အမြင်ကို မထောက်ခံကြပါ။

သို့ဆိုသော်လည်း နျူကလီးယားအီရန် သို့မဟုတ် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်လိုသည့် အီရန်ကိုလည်း မလိုချင်ကြဟု ဆိုသည်။ အစ္စရေးကို ထောက်ခံလာမည့် အီရန်အစိုးရမျိုးလည်း လုံးဝဖြစ်မလာနိုင်သောကိစ္စ ဖြစ်သည်ဟု သုံးသပ်ထားကြသည်။

ကိုးကား

  1. US and Iran exchange intensifying fire across Mideast, threatening ceasefire deal, By  JON GAMBRELL, July 10, 2026.(AP)
  2. US-Iran war: Will peace talks resume, and when?- By Sarah Shamim, Published On 10 Jul 2026 (Al Jazeera)
  3. US seeks Iranian pledge to free up Strait of Hormuz, By Parisa Hafezi and Steve Holland, July 11, 2026 (Reuters)
  4. Clock ticking down on Iran’s Hormuz gamble, by Francesco Sisci, July 10, 2026 (Asia Times)
Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *