ကျွန်တော် တစ်ရက်က ဖေ့စဘုတ်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ သို့သော်လည်း ထိုသတင်းကို လူများ ကြိုက်နှစ်သက်မှု နည်းသလို စိတ်ဝင်စားမှုလည်း မရှိကြောင်း တွေ့ရသည်။ သတင်းက ကမ္ဘာနာရီ လှုပ်ရှားမှု အထိမ်းအမှတ် ထိုင်းနိုင်ငံက ပြည်သူတွေကို တစ်နာရီ (၆၀ မိနစ်) မလိုအပ်ပဲ လျှပ်စစ်မသုံးဘဲနေရန် (မီးပိတ်ထားကြရန်) တောင်းဆိုခြင်းဖြစ်သည်။ ကျွန်တော် အတော်သဘောကျသည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်၊ ဖြစ်လိမ့်မည် မဖြစ်လိမ့်မည်ကို အသာထား၍ အင်မတန်ဖြစ်သင့်သော ကိစ္စရပ်တစ်ခု ဖြစ်ကြောင်းကို တစ်ဦးတည်း ထောက်ခံမိသည်။ သို့သော် လွယ်ကူလိမ့်မည်မဟုတ်ကြောင်းလည်း တွေးမိသည်။ တစ်နာရီမပြောနှင့် တစ်မိနစ်စာ လျှပ်စစ်မီး ပြတ်တောက်သွားပါက ကျွန်တော်တို့လို နိုင်ငံ အတွက် ထိခိုက်မှုနည်းသော်လည်း ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများအဖို့မှာ ဒေါ်လာသန်းပေါင်းများစွာ ထိခိုက်သွားနိုင်သည်။ တစ်ခုရှိသည်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်ခြင်းကြောင့်သာ ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သော်လည်း စနစ်တကျ စီစဉ် ပြတ်တောက် စေခြင်းဆိုလျှင် ဖြစ်နိုင်ဖွယ်ရာရှိသည်။ သတိထားရမည်မှာ ဒုစရိုက်လောကသားတို့အတွက် အခွင့်အရေးတစ်ခု မဖြစ်စေရန် ဖြစ်သည်။ ဆိုရလျှင် တစ်နာရီစာ လျှပ်စစ်သုံးစွဲမှု ရပ်နားခြင်းအတွက် ပြင်ဆင်ရန် လုပ်ငန်းစဉ်များက များလှ သည်ဟု အကြမ်းဖျင်း တွေးမိသည်။ မဖြစ်နိုင်သည်တော့မဟုတ်။

(credit: NationThai)
ယနေ့ ကမ္ဘာကြီးတွင် လူအများ သတိထားစရာ မလိုလောက်အောင် သိသာလာသည်မှာ ရာသီဥတု ဖောက်ပြန်မှုပင် ဖြစ်သည်။ အပူချိန် မြင့်တက်လာခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ၏ အခြေခံသည် ရာသီဥတု ပြောင်းလဲ လာခြင်း ၏ အကျိုးဆက်များဖြစ်သည်ကိုလည်း လူတော်တော်များများ သိကြသည်။ သို့သော်လည်း ဂရုတစိုက်ရှိမှု အားနည်းကြသည်။ သွားနေမြဲ၊ လာနေမြဲ၊ လုပ်နေမြဲ၊ ကိုင်နေမြဲ၊ စားနေမြဲ၊ ပြောနေမြဲမှ လွဲ၍ ထိုအကျိုးဆက်ကို ပြုပြင်ကြဖို့ ကြိုးစားကြပါစို့ ဟူသော အဆင့်သို့ ရောက်မလာဘဲ ရာသီဥတု အပေါ် အပြစ်တင်ခြင်းမှာတင် လမ်းဆုံးနေကြသည်။ ကျွန်တော် ကြုံဖူးသည်။ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အဖွဲ့မှ ထုတ်ပြန်ထားသည့် ခန့်မှန်းချက်များတွင် ရန်ကုန်မြို့သည် ပင်လယ်ရေ မြင့်တက်ခြင်း ဒဏ်ကို ခံစားရလိမ့်မည် ဟု သတိပေးထားခြင်းကို ရန်ကုန်ရှိ ကျွန်တော်နှင့် ပတ်သက်သူများအား ပြောကြည့်မိသည်။ ခုနှစ်သက္ကရာဇ်က ဝေးကွာလွန်းလှသေးသည်က တစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် နေထိုင်၍ ရနေခြင်းက တစ်ကြောင်းတို့ကြောင့် လုံးဝ စိတ်ဝင်စားမှု မရှိကြပေ။ မကြာခင်အချိန်က ရန်ကုန်သို့ ရောက်ဖြစ်စဉ်တွင်မူ ကမ်းနားဘက်မှ အဝီစိတွင်းများတွင် ရေငန်များ ဝင်ရောက်လာကြောင်းကို သိခဲ့ရသည်။ စိတ်ထဲကလည်း “ဪ… သူ တကယ်လာနေပြီပဲ” ဟု တွေးမိသော်လည်း မည်သို့မျှ သတိပေးစကား မဆိုမိခဲ့ပါချေ။ သူတို့က ရေငန်ဝင်လာသဖြင့် ယခင် ပေတစ်ရာဝန်းကျင်တွင် ရေရသော်လည်း ယခုတွင် ပေသုံးလေးရာ တူးနေရသဖြင့် အဝီစိတွင်း တူးရတာ ငွေကုန်ကြေးကျ ပိုများလာကြောင်းလောက်သာ ပြောကြသည်။
နောက်ထပ် ပြောဖြစ်သည့် စကားမှာ ယနေ့ခေတ်စားနေသည့် အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခများ အကြောင်းပင် ဖြစ်သည်။ စစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် လောင်စာဆီ အခက်အခဲများ ဖြစ်ရသည်ကို ညည်းညူကြသံများက နေရာအနှံ့။ ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးလူကြီးမကျန် လောင်စာဆီ မရကြမှာကို အလွန်အမင်း စိုးရိမ်နေကြသည်။ တစ်နေ့လုံးအတွင်း တရစပ် အော်ဟစ်နေသည်က “ဆီ… ဆီ… ဆီ”။ ဟုတ်တော့လည်း ဟုတ်သည်။ ဆီမရှိပါက သွားနေကျ လာနေကျ ကိစ္စရပ်များ ရပ်တန့်ကုန်တော့မည်။ ကျန်းမာရေးကိစ္စ၊ ကုန်စည်စီးဆင်းရေး ကိစ္စများအတွက် ကြီးမားသော အခက်အခဲများ ရင်ဆိုင်ရတော့မည်။ သို့ဆိုလျှင် ဆုံးရှုံးမှုများ ဧကန် ပေါ်ပေါက် လာတော့မည်။ သို့သော်လည်း လူသားများ မေ့နေသည့် အချက်တစ်ချက်ကလည်း ရှိသည်။ ထိုအရာမှာ လောင်စာဆီဆိုသည်မှာ “ရုပ်ကြွင်းလောင်စာ” ဖြစ်သည်ကိုပင်။ ထိုရုပ်ကြွင်းလောင်စာများကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများ များပြားလာပြီး မည်သို့မှ ရှောင်လွှဲလို့မရသည့် သဘာဝ ဘေးအန္တရာယ်များ အောက်တွင် လူသားအသက်ပေါင်းများစွာ၊ ပစ္စည်းဥစ္စာ စည်းစိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ကိုပင်။
ထူးထူးခြားခြား ဆုံးရှုံးမှုတစ်ခုမှာ ၂၀၁၅ မေလတုန်းက ချစ်စရာကောင်းသည့် ချိုနှစ်ချောင်းပါ ဆိုင်ဂါသမင် (Saiga Antelope) တွေ အစုအပြုံလိုက် သေကြခြင်းဖြစ်သည်။ အလယ်အာရှဇာတိ ဒီသတ္တဝါတွေ သေကြပုံက တစ်ကမ္ဘာလုံးရှိသမျှ အရေအတွက်၏ သုံးပုံနှစ်ပုံလောက် ရက်ပိုင်းအတွင်း သေခဲ့ကြသည်။ သူတို့နေထိုင်သည့်နေရာတွင် ရာနှင့်ချီပြီး ပြန့်ကျဲသေဆုံးနေသဖြင့် အကြီးစားသေဆုံးမှု (Megadeath) စာရင်းသို့ ထည့်ခဲ့ကြရသည်။ ထိုအကြောင်းရင်းကို သူတို့ကိုယ်ထဲမှာ၊ နေထိုင်ရာ ဝန်းကျင်မှာ၊ ရေမြေသစ်ပင် ထိစပ်သမျှတို့တွင် ပညာရှင်များက မြေလှန်အဖြေရှာကြသည်။ တရားခံက ပက်စကျူရီလာ မယ်တိုစီဒါ (Pasteurella multocida) ဟုခေါ်သည့် ဘက်တီးရီးယားပိုးကြောင့်ဟု သွားတွေ့သည်။ ထိုပိုးသည် ဆိုင်ဂါသမင်၏ အာခေါင်မှာသာနေပြီး အရင်မျိုးဆက်ပေါင်းများစွာမှ ဘက်တီးရီးယားပိုးများက မည်သည့်အန္တရာယ်မှ မပေးခဲ့ချေ။ ယခုတွင် ထိုဘက်တီးရီးယားပိုးများက ရုတ်တရက် ပွားလာပြီး သွေးကြောထဲ ဝင်သွားသည်။ ထိုမှတစ်ဆင့် သမင်၏ အသည်း၊ ကျောက်ကပ်နှင့် သရက်ရွက်ကို တိုက်ခိုက်လေသည်။ အဖြေဆက်ရှာကြည့်သည့်အခါ ဆိုင်ဂါသမင်များ သေသည့် ၂၀၁၅ မေလသည် အပူချိန် ပြင်းထန်ပြီး စိုထိုင်းဆ အလွန်မြင့်နေသည်။ အပူချိန် မြင့်လာသည့်အခါ အရင်က ဒုက္ခမပေးခဲ့သော ခန္ဓာကိုယ်ထဲမှ ဘက်တီးရီးယားများက ပြောင်းလဲလာပြီး ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် မကြာခင်ကမှ ကမ္ဘာကြီးအား ဒုက္ခအကြီးအကျယ် ရောက်စေခဲ့သည့် ကိုဗစ်ကပ်ဘေးကလည်း အပူချိန်မြင့်မားလာမှုနှင့် ဆက်နွှယ်နေနိုင်သည်ဟု ယူဆဖွယ်ရာရှိသည်။ ၂၀၀၈ တွင် ကြုံခဲ့ရသည့် နာဂစ်မုန်တိုင်း အန္တရာယ်မှာ အပူချိန် မြင့်မားလာမှု၏ အကျိုးဆက်ဟု တစ်ထစ်ချ ပြောရမည်ဖြစ်သည်။
နောက်ထပ် ထင်ရှားသည့် အဖြစ်အပျက်မှာ အိုက်စလန်ကျွန်းမှ ရေခဲတောင်များ ပျောက်ကွယ် လာခြင်းပင် ဖြစ်သည်။ ပထမဆုံး ရေခဲတောင်ဈာပနဟု ဆိုရမည့် OK ကျွန်းတွင် “အနာဂတ်သို့ ပေးစာ” ဟု ခေါင်းစဉ်တပ်ပြီး ကြေးပြားတွင် ယခုလို ရေးထိုးထားလေသည်။

“အနာဂတ်သို့ ပေးစာ”
အိုကေ (OK) ရေခဲတောင်ကြီးဟာ ရေခဲတောင်ဆိုတဲ့ ဝိသေသကို ဆုံးရှုံးခဲ့ရတဲ့ ပထမဆုံးသော အိုက်စလန်ပြည်က ရေခဲတောင်ဖြစ်ပါတယ်။
နောင်နှစ် ၂၀၀ အတွင်းမှာ ကျန်တဲ့ ရေခဲတောင်အားလုံးလည်း ဒီကံကြမ္မာကို ကြုံမယ်လို့ မျှော်လင့်ထားပါတယ်။
ဒီမှတ်တမ်းကျောက်စာတိုင်က ဘာတွေဖြစ်နေကြောင်း၊ ဘာတွေလုပ်ဖို့လိုကြောင်းကျုပ်တို့ သိပါတယ်လို့ အမှတ်အသားပြုတာပါ။
(လိုအပ်တာတွေ) လုပ်ခဲ့သလား ဆိုတာကတော့ (အနာဂတ်က) သင်တို့ပဲ သိမှာပါ။
“A Letter to the Future”
OK is the first Icelandic glacier to lose its status as a glacier.
In the next 200 years all our glaciers are expected to follow the same path.
This monument is to acknowledge that we know what is happening and what needs to be done.
Only you know if we did it.
အိုက်စလန်နိုင်ငံသား စာရေးဆရာ အန်ဒရီ (Andri Magnason)
August 2019
415 ppm CO2
ထိုအမှတ်တရ စာသားလေးထဲတွင် “what needs to be done” ဆိုသည့် စကားရပ်မှာ ရိုးရှင်းသော် လည်း ကမ္ဘာကြီးတစ်ခုလုံးအတွက် တာဝန်ကြီးလှသည်။ ယနေ့ခေတ်လူများ၏ လုပ်ရပ်သည် အနာဂတ်တွင် လူဖြစ်လာမည့်သူများမှ အမွေဆက်ခံရမည်ဖြစ်သည်။ ကောင်းခြင်းဖြစ်စေ၊ ဆိုးခြင်း ဖြစ်စေ ရှောင်လွှဲလို့မရ။ ထို့ကြောင့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များမှအစ နေရာဒေသအသီးသီးတွင် ရှင်သန်နေကြသည့် လူသားတစ်ဦးချင်းအဆုံး “ငါတို့ လုပ်ရပ်မှန်သမျှက နောင်မျိုးဆက်များအတွက်” ဟု လေးလေးနက်နက် ခံယူထားကြဖို့ လိုပေသည်။
ဤသို့ အနာဂတ်မျိုးဆက်အပေါ်တွင် တာဝန်ကျေအောင် ထမ်းဆောင်ခဲ့သူတစ်ဦးမှာ နာဆာ (NASA) အာကာသသိပ္ပံအဖွဲ့၏ သိပ္ပံပညာရှင် ဂျိမ်းစ် ဟန်ဆန် (James Hansen) ပင်ဖြစ်သည်။ သူသည် ၁၉၈၈ ခုနှစ် ဇွန်လ ၂၃ တွင် အမေရိကန် လွှတ်တော်ကော်မတီ၌ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ထွက်ဆိုတင်ပြခဲ့သည်။ “ဖန်လုံအိမ် အာနိသင် အကျိုးသက်ရောက်မှုကို တွေ့ရှိခဲ့ပြီ။ သူဟာ ကမ္ဘာ့ ရာသီဥတုကို ပြောင်းလဲပစ်နေပြီ” ဟု ဟန်ဆန်က ထွက်ဆိုခဲ့သည်။ “ဥတုရာသီ ပြောင်းလဲမှုကို တိုက်ပွဲဝင်ရန် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို သိသိသာသာ လျှော့ချဖို့ တိုက်တွန်း” ဆိုသော ခေါင်းစဉ်ဖြင့် နယူးယောက်တိုင်း (The New York Times) သတင်းစာကြီးတွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ပေသည်။
သို့သော်လည်း ယနေ့ထိ မအောင်မြင်ခဲ့ပေ။ ထိုသို့ မအောင်မြင်ခဲ့ရသည့် အဓိက အကြောင်းရင်း တစ်ခုမှာ ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုရေးရှင်းကြီးတွေဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကြီးများ ၏ ရာသီဥတု ပြောင်းလဲမှုကို ငြင်းပယ်ဝါဒဖြန့်မှုတွေကြောင့် ဖြစ်သည်။ ကမ္ဘာ့ အကြီးဆုံး ရေနံကုမ္ပဏီ အိတ်ဇွန် (EXXON) ဟာ ဟန်ဆန်၏ ထွက်ဆိုချက်မတိုင်ခင် ၁၉၇၇၊ ဇူလိုင်လမှာ အိတ်ဇွန်ရဲ့ အကြီးတန်း သိပ္ပံပညာရှင် ဂျိမ်းစ်ဘလက် (James F. Black) က ကုမ္ပဏီ လူကြီးများကို နယူးယောက်၌ ရှင်းပြခဲ့သည်။ “ရုပ်ကြွင်းလောင်စာ စွမ်းအင်စနစ်က ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေက ကမ္ဘာ့ရာသီဥတုအပေါ် သက်ရောက်မှု ရှိနေတယ်ဆိုတဲ့ အချက်ကို သိပ္ပံတွေ့ရှိချက်တွေက အတည်ပြုနေပါတယ်” လို့ သူပြောခဲ့သည်ကို မှတ်တမ်းမှာ တွေ့ရသည်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်ဆတိုးလာရင် ကမ္ဘာ့အပူချိန်ဟာ ၂ ကနေ ၃ ဒီဂရီလောက်အထိ တိုးသွားနိုင်တယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိများကို သူကပဲ ၁၉၇၈ မှာလည်း ပြောခဲ့သေးသည်။ သို့ပေမယ့် “ကမ္ဘာကြီး ပူနွေးလာရင် အာတိတ်ဒေသမှာ ရေနံတူးရတဲ့ စရိတ်တောင် လျော့လာလိမ့်မယ်” လို့ မှတ်ချက်ပြုခဲ့ကြသည်။ အပူချိန်မြင့်လာရင် ဝင်ရိုးစွန်းမှာ ရေနံတူးလို့ရတဲ့ ကာလက လက်ရှိအချိန်ထက် နှစ်လကနေ ငါးလထိ တိုးလာမယ် လို့ပင် ခန့်မှန်းခဲ့ကြသည်။ ပင်လယ်ရေ မြင့်တက်လာမည်ကို သိနေသော အိတ်ဇွန်နှင့် အခြားရေနံကုမ္ပဏီကြီးတွေက ထိုအချိန်ကစ၍ ကမ်းလွန် ရေနံတူးစင်ကို မြှင့်ဆောက်ခဲ့ပေသည်။
လွန်ခဲ့သော နှစ် ၃၀ ကာလမှာ ကမ္ဘာကြီး ပူနွေးမှုကို ထိန်းချုပ်ဖို့ ကြိုးစားသော ကျိုတိုစာချုပ် (Kyoto Protocol) လည်း ကျဆုံးခဲ့သည်။ ၂၀၁၅ တွင် ကမ္ဘာ့အပူချိန်ကို “၁.၅ ဒီဂရီထက် မပိုအောင် လုပ်ကြဖို့၊ မနိုင်တော့ရင်တောင် ၂ ဒီဂရီထက် မပိုစေနှင့်” ဆိုသော ရည်မှန်းချက်ဖြင့် နိုင်ငံအသီးသီး ကိုယ့်ဘာသာ လျှော့ကြမည်ဆိုသည့် သဘောတူညီချက် ရခဲ့သော်လည်း မည်သည့်နိုင်ငံကြီးကမှ သူတို့ ပြောထားသည့် အတိုင်း မလျှော့ခဲ့ကြပေ။ ထို့ကြောင့် “အိမ်ကို မီးတင်ရှို့ခြင်း” (Burning Down the House) ဆောင်းပါးရေးသူ အယ်လန် ဝိုက်ဇမန် (Alan Weisman) က ယခုလို မှတ်ချက်ချခဲ့သည်။
“ဈေးကွက်နဲ့ ကြည့်ရင်တော့ စီးပွားရေးကြီးထွားမှုပေါ့။ လူ့ယဉ်ကျေးမှုအနေနဲ့တော့ ဒါ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု နီးနီးပဲ” (To the market, this is growth; to human civilization, it is almost suicide.)
ပူလစ်ဇာဆုရ စာရေးဆရာမ အဲလစ်ဇဘက် ကိုးလ်ဘတ် (Elizabeth Kolbert) ကလည်း “လှုပ်ရှားဖို့ ပျက်ကွက်ခဲ့တာ ပြည်သူတွေနဲ့ အစိုးရတွေပါပဲ” ဟု ဆိုပါသည်။ “လူငယ်တွေကို ဘာပြောချင်သလဲ” လို့ သူမက ဟန်ဆန်ကို မေးသည့်အခါ —
“ရိုးရိုးပဲ ပြောစရာရှိပါတယ်။ ဒီ (ဥတုဘေး) အရှုပ်ကြီးထဲကို ကျုပ်တို့ ထားသွားတဲ့အတွက် တောင်းပန်ပါတယ်။”
(I’m sorry we’re leaving such a f-x-x-xing mess.)
ဟုတ်ပါသည်။ ရာသီဥတု အပြောင်းအလဲ၏ အကျိုးဆက်များကို မည်မျှပင် အာပေါင်အာရင်း သန်သန်ပင် ဆိုနေပါစေ အခုပြောအခုဖြစ်သည့် ကိစ္စရပ်မဟုတ်သည့်အတွက် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမှအစ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ဝင်စားမှု မရှိကြ။ စိတ်ဝင်စားသူ ရှိခဲ့ပါသော်လည်း “ရေများရေနိုင်၊ မီးများမီးနိုင်” ဆိုသကဲ့သို့ အရာထင်အောင် ကြိုးစား အားထုတ်ခွင့် မရှိ။ ပညာရှင်များက မည်သို့ပင် သတိပေးနေစေကာမူ ထိုထိုစာအုပ်မှတ်တမ်းများကို အလေးအနက် ဝယ်ဖတ်ကြလေ့မရှိ။ သို့ကြောင့်ပင် ဟန်ဆန်က တောင်းပန်သွားခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာရှင်ဆန်ဆန် တာဝန်ခံမှု တာဝန်ယူမှုအတွက် ကြိုးစားခဲ့ကြောင်းနှင့် မည်သို့မျှ အရာမထင်ခဲ့၍သာ တောင်းပန်ခြင်းဖြစ်ကြောင်းကို ထင်ဟပ်ပြနေသည်။ ပညာရှင်တစ်ဦးအတွက်ဆိုလျှင် တာဝန် ကျေပွန် သည်ဟု ဆိုနိုင်ပေသည်။
အကယ်၍ ကျွန်တော့်လို သာမန်စာရေးဆရာတစ်ဦးအနေဖြင့်လည်း တောင်းပန်ခွင့်ရမည်ဆိုလျှင် တောင်းပန်ချင်ပါသည်။ အဘယ်ကြောင့် ဆိုသော် အနာဂတ်လူသားများအတွက် ဒုက္ခအကြီးအကျယ် ရောက်စေခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများထဲတွင် ကျွန်တော်လည်း ပါသည်။ နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ်လုပ်ခဲ့သော လုပ်ရပ်မှ ဆိုးကျိုးတရားများ ခံစားစေမည်ဆိုလျှင် လူပီသသော လူသားတစ်ဦးအဖြစ် တောင်းပန်လိုခြင်းပင် ဖြစ်ပါသည်။
၁-၄ -၂၀၂၆
ကိုးကား – ကပ်ဘေးအလွန်ကမ္ဘာများရဲ့ အလွမ်းဇာတ်များ (ဒေါက်တာမြင့်ဇော်)


