(ပုံစာ) ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် နာဗီ ပိလေး (အလယ်) သည် ၁၉၄၅ မှ ၁၉၄၆ ခုနှစ်အထိ ညူရင်ဘတ် စစ်ဆေးစီရင်မှုများ ပြုလုပ်ခဲ့သည့် ညူရင်ဘတ် တရားရုံး၌ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ဥက္ကဋ္ဌဟောင်း ဆဲလ်ဗီးယား ဖာနန်ဒက်ဇ် ဒီ ဂါမန်ဒီ (ဝဲ)၊ ညူရင်ဘတ် အပြည်ပြည်ဆိုင်ရာ မူဝါဒများ အကယ်ဒမီ၏ ဒါရိုက်တာ ခရစ္စတော့ဖ် ဆာဖာလင်း (ယာ) တို့နှင့်အတူ တွေ့ရစဉ်။ တောင်အာဖရိကနိုင်ငံမှ ဝါရင့်ဥပဒေပညာရှင် နာဗီ ပိလေးသည် “ညူရင်ဘတ် ဖိုရမ် ၂၀၂၆” ညီလာခံသို့ တက်ရောက်နေစဉ်အတွင်း သူမ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အော်စလိုမြို့၌ နော်ဝေ နိုဘယ် ကော်မတီက အသက် ၈၅ နှစ်အရွယ် တောင်အာဖရိက ဥပဒေပညာရှင် “နာဗာနီသမ် နာဗီပီလေး” အား ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ ဥပဒေအတွက် သူမ၏ အလေးအနက် ဆောင်ရွက်မှုများကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သည်။ ကော်မတီဥက္ကဋ္ဌ ယော်ဂန် ဝါ့တ်နာ ဖရစ်ဒ်နက်စ်က နိုင်ငံများနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို မိမိတို့၏ လုပ်ရပ်များအတွက် တာဝန်ခံစေရန်၊ အကြမ်းဖက်မှုနှင့် ပဋိပက္ခတို့၏ သားကောင်များအား မျှော်လင့်ချက်ပေးရန် ရည်စူးထားသော သူမကို ဂုဏ်ပြုခဲ့သည်။ စစ် ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု တို့ကို တရားစွဲဆိုနိုင်သော နိုင်ငံတကာ ဥပဒေစနစ်တစ်ရပ် ခိုင်မာလာစေရေးအတွက် ဆုရှင်၏ ပံ့ပိုးမှုကို ကော်မတီက အထူးအလေးထား စဥ်းစားဆုံးဖြတ် ဂုဏ်ပြု ခဲ့သည်။
ဤဂုဏ်ပြုမှုသည် လူတစ်ဦး၏ လုပ်ငန်းဘဝကို အသိအမှတ် ပြုခြင်းထက် များစွာပိုမိုကျယ်ပြန့်သည်။ စစ်အင်အားချိန်ခွင်လျှာ၊ နိုင်ငံ အကျိုးစီးပွားများနှင့် အင်အားကြီးနိုင်ငံများ၏ တွက်ချက်မှုများက ဘုံ သဘောတူ စည်းမျဉ်းများထက် လွှမ်းမိုး နေတတ်သည့် အခါ ငြိမ်းချမ်းရေးကို မည်သို့ တည်ဆောက် မည်နည်း ဟူသော နိုင်ငံရေးသိပ္ပံ၏ အဓိကမေးခွန်းတစ်ခုကို ထုတ်ဖော်လိုက်နှင့် တူပေသည်။
နာဗီ ပီလေးကို ဂုဏ်ပြုခြင်းအားဖြင့် နိုဘယ်ကော်မတီသည် အစဥ်အဆက် ကုလသမဂ္ဂက ထိန်းသိမ်းထားသော နိုင်ငံတကာ ဥပဒေ အခြေခံမူများကို မီးမောင်းထိုး ပြခဲ့သည်။
အသားအရောင်ခွဲခြား အုပ်ချုပ်သည့်ခေတ်တွင် မွေးဖွားကြီးပြင်းခဲ့သော ရှေ့နေနှင့် နိုင်ငံတကာ တရားမျှတမှု၏ ရှေ့ဆောင်ပုဂ္ဂိုလ်
နာဗီ ပီလေးကို ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒါဘန်မြို့၌ အိန္ဒိယ တမီလ်နွယ်ဖွား တောင်အာဖရိက မိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ သူမသည် ၁၉၄၈ ခုနှစ်မှစ၍ အဖွဲ့အစည်း စနစ် အဖြစ် အတည်ပြုကျင့်သုံးခဲ့သော အသားအရောင်ခွဲခြား အုပ်ချုပ်ရေး စနစ်အောက်တွင် ကြီးပြင်း ခဲ့သည်။ လူမျိုးရေးခွဲခြားမှုက နေအိမ်၊ ပညာရေး၊ အလုပ်အကိုင် နှင့် နိုင်ငံရေး ကိုယ်စားပြုခွင့် တို့ကို ရရှိနိုင်မှုအား သတ်မှတ်ပေးခဲ့သည်။ ခွဲခြားဆက်ဆံမှုမျိုးစုံ ခံနေရသော အသိုင်းအဝိုင်းမှ ဖြစ်သော်လည်း သူမသည် ဥပဒေပညာကို သင်ယူပြီး ရှေ့နေတစ်ဦး ဖြစ်လာနိုင်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် သူမသည် နာတယ်ပြည်နယ်၌ အမျိုးသမီးဦးဆောင်သော ပထမဆုံး ဥပဒေ အကျိုးဆောင် လုပ်ငန်းကို ဖွင့်လှစ်ခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ခုခံ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ထောက်ခံသူများ ဖိနှိပ်မှုကို ရင်ဆိုင်နေရသည့် အခြေအနေတွင် အသားအရောင် ခွဲခြားအုပ်ချုပ်ရေးကို ဆန့်ကျင်သူများဘက်မှ ခုခံချေပပေးခြင်းသည် သူမ၏ တာဝန်များ ထဲတွင် ပါဝင်ခဲ့သည်။ အမျိုးသားများ လွှမ်းမိုးထားသော ဥပဒေ အသက်မွေးဝမ်းကျောင်း နယ်ပယ်သို့ အမျိုးသမီးများ ဝင်ရောက် လုပ်ကိုင်ခွင့် အတွက်လည်းကောင်း၊ လူမျိုးရေးခွဲခြားပြီး သီးခြား ခွဲထားသော နိုင်ငံတော်၏ လုပ်ရပ်များမှ နိုင်ငံသားတို့၏ အခွင့်အရေးကို ကာကွယ်ရန် အတွက် လည်းကောင်း သူမက အလေးအနက် ဆောင်ရွက်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် စတင်ပြီး ၁၉၉၄ ခုနှစ် လူမျိုးပေါင်းစုံ ပါဝင်သည့် ရွေးကောက်ပွဲ များဖြင့် အထွတ်အထိပ်သို့ ရောက်ခဲ့သော တောင်အာဖရိက၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုသည် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ပီလေးသည် တောင်အာဖရိက အဆင့်မြင့် တရားရုံး၌ တာဝန်ထမ်းဆောင်သည့် ပထမဆုံး လူဖြူမဟုတ်သည့် အမျိုးသမီး ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၉၅ ခုနှစ် မေလတွင် ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICTR) ၏ တရားသူကြီး ဖြစ်လာခဲ့သည်။ လူပေါင်း ၈၀၀,၀၀၀ ခန့် သေဆုံးစေခဲ့သော တူစီလူမျိုးများ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပြီး ၁၉၉၄ ခုနှစ် နိုဝင်ဘာလတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိုခုံရုံးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သူမ စတင်ဆောင်ရွက်ခဲ့သော တရားရေး လုပ်ငန်းစဉ်များမှတစ်ဆင့် မုဒိမ်းမှုကို စစ်ရာဇဝတ်မှု တစ်ခုအဖြစ် လည်းကောင်း၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးမှု လက်နက် အဖြစ် အသုံးချနိုင်သည့် လုပ်ရပ်တစ်ခုအဖြစ်လည်းကောင်း အသိအမှတ် ပြုလာစေရန် ပံ့ပိုးခဲ့သည်။
ထို့နောက် ပီလေးသည် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ICTR ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုရာထူးကို ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ ထိုအခန်းကဏ္ဍတွင် လူ့အခွင့်အရေး သည် လူတိုင်းနှင့် သက်ဆိုင်သည် ဟူသော သဘောတရားကို ကာကွယ်ခဲ့ပြီး ထိုအခွင့်အရေးများကို ကာကွယ်ရန် အင်အားကြီး အစိုးရများကို စိန်ခေါ်ရသည့် အခြေအနေ များတွင်လည်း ရပ်တည်ခဲ့ရသည်။
အဆိုပါ စိန်ခေါ်ချက် ကြီးမားသည့် လုပ်ငန်းဘဝကပင် ၂၀၂၆ ခုနှစ် ဆုချီးမြှင့်မှုအတွက် အထောက်အပံ့ ဖြစ်စေခဲ့သည်။ အသားအရောင် ခွဲခြားအုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တိုက်ပွဲမှ နိုင်ငံတကာ တရားရုံးများ အထိ ဆောင်ရွက်ခဲ့မှုကို ဂုဏ်ပြုခြင်းအားဖြင့် ကုလသမဂ္ဂ၏ အခြေခံမူများနှင့်အညီ တရားမျှတမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ပေါ်လွင်လာသည်။
နိုဘယ်ငြိမ်းချမ်းရေးဆု (သို့မဟုတ်) လွတ်လပ်သော လုပ်ထုံးလုပ်နည်း တစ်ရပ်

၁၉၀၁ ခုနှစ်မှစ၍ ချီးမြှင့်လာသော နိုဘယ် ငြိမ်းချမ်းရေးဆုသည် သီးခြားမူ တစ်ရပ်ကို လိုက်နာရန် ရည်ရွယ်ထားသည်။ အဲလ်ဖရက် နိုဘယ်သည် သူ၏ ၁၈၉၅ ခုနှစ် အလိုတော်စာတမ်းတွင် ဆုရှင် ရွေးချယ်ခြင်းကို နော်ဝေလွှတ်တော်၊ စတော်တင်းက ရွေးချယ်ထားသော လူငါးဦးပါ ကော်မတီ တစ်ရပ်ထံ အပ်နှင်းခဲ့သည်။ နော်ဝေ နိုဘယ်ကော်မတီသည် အခြား နိုဘယ်ဆု အမျိုးအစားများကို တာဝန်ယူ ထားသည့် ဆွီဒင်အဖွဲ့အစည်းများနှင့် သီးခြားဖြစ်သည်။
ရွေးချယ်မှု လုပ်ငန်းစဉ်သည် လပေါင်းများစွာ ကြာမြင့်သည်။ အမည်စာရင်းတင်သွင်းမှုများကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရသည်။ အမည်စာရင်းတင်သွင်းခွင့်ကို သတ်မှတ်ထားသော လူအမျိုးအစားများကသာ တင်သွင်းခွင့် ရှိသည်။ အထူးသဖြင့် လွှတ်တော်အမတ် များနှင့် ဝန်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ပညာရှင်များ၊ ယခင်ဆုရှင်များ သို့မဟုတ် ကော်မတီဝင်များ ဖြစ်ကြသည်။ မိမိကိုယ်ကို အမည်စာရင်းတင်သွင်းခွင့် မရှိပေ။ ၂၀၂၆ ခုနှစ်တွင် ကော်မတီထံ တင်သွင်းထားသည့် ဆုလျာထားခံရသူ ၂၈၇ ဦးနှင့်အဖွဲ့များ (လူပုဂ္ဂိုလ် ၂၀၈ ဦးနှင့် အဖွဲ့အစည်း ၇၉ ဖွဲ့) တို့ကို စိစစ်ရွေးချယ်ခဲ့သည်။
အဆိုပြုချက်များ၏ အကျုံးဝင်မှုကို စစ်ဆေးပြီးနောက် ကော်မတီဝင်ငါးဦးက သုံးသပ်၍ နောက်ဆုံး ဆန်ကာတင် အမည်စာရင်း တစ်ခု ပြုစုသည်။ ထို့နောက် နောက်ဆုံး ဆုံးဖြတ်ချက် ရရှိသည်အထိ ဆွေးနွေးသုံးသပ်မှုများ ဆက်လုပ်ကြပြီး အများအားဖြင့် နွေရာသီ နှောင်းပိုင်းနှင့် ဆောင်းဦးရာသီ အစောပိုင်းအကြား ဆုံးဖြတ်ကြသည်။ အားလုံးသဘောတူညီမှု ရရှိရန် ကြိုးပမ်း သော်လည်း သာမန်မဲအများစုဖြင့် ဆုံးဖြတ်နိုင်သည်။ ဆုလျာထားခံရသူများ၏ အမည်နှင့် လုပ်ငန်း စဉ်ဆိုင်ရာ စာရွက်စာတမ်းများ ကို နှစ်ပေါင်း ၅၀ ကြာအောင် လျှို့ဝှက် အဆင့်ဖြင့် ထိန်းသိမ်းထားသည်။
ပထဝီနိုင်ငံရေး အကျိုးဆက်များ
ကမ္ဘာ့သမိုင်းတွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရွေးချယ်မှုများသည် အငြင်းပွားမှုများမှ ကင်းလွတ်ခြင်း မရှိကြောင်း အထင်အရှား ပြသနေသည်။ ၁၉၇၃ ခုနှစ်တွင် ဟင်နရီ ကစ်ဆင်ဂျာကို ဆုချီးမြှင့်ခဲ့ချိန်က ပြင်းထန်သော ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဘားရက် အိုဘားမား၊ ၂၀၁၂ ခုနှစ်တွင် ဥရောပ သမဂ္ဂ၊ ၂၀၁၉ ခုနှစ် အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက်နှင့် ယမန်နှစ် ၂၀၂၅ ခုနှစ်က ဗင်နီဇွဲလား နိုင်ငံမှ အစွန်းရောက် လက်ယာဝါဒီနှင့် လွတ်လပ်သော ဈေးကွက်ဝါဒကို ထောက်ခံသူ အတိုက်အခံ ကော်ရီနာ မာချာဒိုတို့ကို ရွေးချယ် ခဲ့မှုများနှင့် ပတ်သက်၍လည်း အငြင်းပွားမှုများ ရှိခဲ့သည်။ မာချာဒိုသည် သူမ၏ဆုကို ဒေါ်နယ် ထရမ့်အား သူမရရှိသော ဆုဖြင့် ဂုဏ်ပြုခဲ့သူ လည်း ဖြစ်သည်။ ဖော်ပြခဲ့သည်များမှာ နမူနာသာဖြစ်ပြီး အလားတူ ဖြစ်ရပ် အားလုံး မဟုတ်သေးချေ။
နာဗီ ပီလေးကို ရွေးချယ်မှုကလည်း ခေတ်နောက်ပြန်ဆွဲဝါဒီများကို မသက်မသာ ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်သည်။ နိုင်ငံတကာ တရားမျှတရေး အဖွဲ့အစည်းများကို ကာလရှည်ကြာ ဆန့်ကျင်လာသူ ဒေါ်နယ် ထရမ့်သည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရန်ကို ထင်ရှားသော နိုင်ငံရေး ရည်မှန်းချက်အဖြစ် ထားရှိခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင်ပင် သူက “စစ်ပွဲရှစ်ခုကို အဆုံးသတ်ပေးခဲ့သည်” ဟု ထပ်မံ ကြွားဝါခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုအတွင်း အခြေခံ အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာစေခြင်းနှင့်အတူ နိုင်ငံတကာတွင်လည်း ဗင်နီဇွဲလားနှင့် ဖြစ်စေ၊ အီရန်နှင့်ဖြစ်စေ နိုင်ငံတကာ ဥပဒေကို ဆန့်ကျင်သော တစ်ဖက်သတ် အင်အားသုံးမူဝါဒကို ထောက်ခံနေခြင်းကြောင့် ကျိုးကြောင်းဆင်ခြင် ကြည့်ပါက သူသည် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရထိုက်သည်ဟု မဆိုနိုင်ပေ။
ယခုနှစ် ဆုချီးမြှင့်မှုသည် ဘင်ယာမင် နေတန်ယာဟု၏ အစိုးရထံမှ ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်သည်။
နာဗီ ပီလေးသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်မှာ မှန်ပါသည်။ ထိုကော်မရှင်က ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဂါဇာ၌ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ခဲ့ကြောင်း ကောက်ချက်ချကာ အစ္စရေးအဆင့်မြင့်အရာရှိအချို့ကို တာဝန်ရှိသူများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုအစီရင်ခံစာကို တဲလ်အဗစ် (အစ္စရေး) သာမက ဝါရှင်တန် (အမေရိကန်) ကပါ ချက်ချင်း ပယ်ချခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယခု အိန္ဒိယဥပဒေပညာရှင် ရှရီနီဗာဆန် မူရာလီဒါ ဦးဆောင်နေသော ဤကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးကို နိုဘယ်ဆု ချီးမြှင့်ခြင်းသည် ဂါဇာရှိ အချက်အလက်အမှန် ရှာဖွေရေး လုပ်ငန်းနှင့် အရပ်သားများ ကာကွယ်ရေးကို ပိုမိုထင်ရှားစေသည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် ၁၉၄၈ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေး သဘောတူစာချုပ်တို့ကို ကျူးလွန် သည်ဟု စွပ်စွဲခံရသူများ၏ မည်သူမည်ဝါဖြစ်မှု သို့မဟုတ် ၎င်းတို့၏ မဟာဗျူဟာ မဟာမိတ် ဆက်ဆံရေး အပေါ် မူတည်၍ စံနှုန်းအမျိုးမျိုးဖြင့် ကျင့်သုံး၍မရကြောင်း ပြန်လည် သတိပေးရန် ရည်ရွယ်သည်။
ဆက်လက်ပြီး အငြင်းပွားနေဆဲ
နာဗီ ပီလေးကို ရွေးချယ်ခြင်းသည် နိုင်ငံတကာစနစ်အတွင်း ပိုမိုကျယ်ပြန့်သော အကျပ်အတည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူမ၏ ဘဝခရီးလမ်းက နိုင်ငံတကာဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၊ အထူးသဖြင့် ကုလသမဂ္ဂ၏ အဖွဲ့အစည်းများသည် ထိခိုက်နစ်နာသူတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုပေးရာ၊ အချက်အလက်အမှန်များကို မှတ်တမ်းတင်ရာနှင့် ခေါင်းဆောင်များက မိမိတို့၏ လတ်တလော အကျိုးစီးပွားထက် ကျော်လွန်သော တာဝန်ဝတ္တရားများကို ရင်ဆိုင်ရနိုင်ရာ နေရာများဖြစ်ကြောင်း သတိပေးနေသည်။
ဤဆုသည် အဲလ်ဘတ် ဂျွန် လူသူလီ (၁၉၆၀)၊ ဒက်စ်မွန် တူးတူး (၁၉၈၄) နှင့် နယ်လ်ဆင် မန်ဒဲလား၊ ဖရက်ဒရစ် ဒီကလတ်တို့ “နှစ်ဦးတွဲ” (၁၉၉၃) အပြီး တောင်အာဖရိကအတွက် စတုတ္ထအကြိမ် ဆုချီးမြှင့်မှုဖြစ်ကြောင်းလည်း မမေ့သင့်ပေ။ ထို့အပြင် ဆုရရှိသူ စုစုပေါင်း ၁၁၃ ဦးအနက် အမျိုးသမီးအား ချီးမြှင့်သော (၂၁) ကြိမ်မြောက်ဆုဖြစ်ပြီး ဆုရှိသူအမျိုးသမီးပေါင်းသည် ဆုပေးခဲ့သည့် အကြိမ်ပေါင်း၏ ငါးပုံတစ်ပုံပင် မပြည့်ပေ။
အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်လုပ်ဆောင်လိုသော ခေါင်းဆောင်များက အင်အားသုံး၍ ရရှိသော သဘောတူညီချက်များ အတွက် မိမိတို့၏ စွမ်းဆောင်မှုဟု အလွယ်တကူ ဂုဏ်ယူပြောဆိုကြသည့် ကမ္ဘာတွင် အသားအရောင်ခွဲခြားအုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း၊ နိုင်ငံတကာရာဇဝတ်မှုများကို တရားစွဲဆိုခြင်းနှင့် လူ့အခွင့်အရေးကို ကာကွယ်ခြင်းတို့အတွက် ဘဝကိုရင်းခဲ့သော ဥပဒေပညာရှင် တစ်ဦးအား ဤဆုချီးမြှင့်ခြင်းဖြင့် နိုဘယ်ကော်မတီက ကမ္ဘာ့ခေါင်းဆောင်များကို သတိပေး လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ငြိမ်းချမ်းရေးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘုံသဘောတူ စည်းမျဉ်းများနှင့် ဒီမိုကရေစီနည်းကျ စည်းမျဉ်းများကို အကောင်အထည်ဖော်နိုင်သည့် လူ့အဖွဲ့အစည်း များ၏ စုပေါင်းစွမ်းရည်ဖြင့်လည်း တိုင်းတာရသည်။ သို့သော် ဆုရှင်၏ အမည်ကို ကြေညာပြီးနောက် အစောပိုင်း တုံ့ပြန်မှုအချို့က ပြသနေသကဲ့သို့ ဤအယူအဆနှင့် ၎င်းကို အဓိပ္ပာယ်ဖွင့်ဆိုပုံများသည် တစ်ခါတစ်ရံ အငြင်းပွားဖွယ် ဖြစ်နေဆဲပင်။
ကိုးကား မူရင်း: Navi Pillay’s Nobel Peace Prize is an example of how international law trumps the law of the jungle – The Conversation dated 13th October 2026


