ယီမင်သူပုန်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် ဆော်ဒီအာရေဗျနိုင်ငံသည် ထိရောက်သည့် ရွေးချယ်စရာ နည်းလမ်းကောင်း မရှိသည့် အခြေအနေဆိုက်
ယီမင်နိုင်ငံသည် ၂ဝ၁၄ ခုနှစ်ကတည်းကစ၍ ပြည်တွင်းစစ်နွံအတွင်းသို့ ကျရောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနှင့် မျှော်လင့်ချက်အမဲ့ဆုံး နေရာများအနက် တစ်ခုဖြစ်လာခဲ့သည်။ ယင်းနိုင်ငံတွင် လူတစ်ဦးကျစီ၏ စုစုပေါင်း ပြည်တွင်းထွက်ကုန် (GDP) တန်ဖိုးမှာ မှာ ၅၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး မိသားစုအများစုမှာလည်း နိုင်ငံခြားက ကူညီထောက်ပံ့မှုများ မရရှိဘဲရှင်သန် ရပ်တည် နိုင်ခြင်းမရှိတော့ပေ။ အသက် ငါးနှစ်အောက် ကလေးငယ် နှစ်သန်းကျော်မှာ အာဟာရချို့တဲ့လျက်ရှိကြ သည်။ သို့သော်လည်း ဒေသတွင်း ပဋိပက္ခ၏ တစ်ဖက်တွင်ရှိပြီး အီရန်နိုင်ငံက ထောက်ခံ အားပေးထားသည့် ဟူသီ သူပုန်များသည် ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် တိုင်းပြည် အုပ်ချုပ်ရေးကို ဂရုမစိုက်ကြဘဲ ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများတွင်သူတို့၏ စစ်ပွဲယန္တရားကြီး ဆက်လက် လည်ပတ်နိုင်ရေး အတွက် လုံလောက်သည့် ငွေကြေးများကို အဓမ္မတောင်းခံလျက်ရှိကြသည်။
ယခုအခါဟူသီသူပုန်များသည် ယင်းတို့၏ရန်သူများကို ထောက်ခံအားပေးနေသည့် ဆော်ဒီအာရေဗျ နိုင်ငံသည် စစ်ပွဲ ထိခိုက်မှု ဒဏ်ကို ခံနိုင်ရည် အလွန်နည်းပါးလိမ့်မယ်ဆိုသည့်အချက်မှာ သေချာသလောက် ဖြစ်နေသဖြင့် လောင်းကြေးထပ်နေကြပါပြီ။
အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဟူသီသူပုန်တို့သည် ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းမြို့ တစ်မြို့ ဖြစ်သည့် ဒါဟရန် (Dhahran) မြို့ရှိနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်သော ဆော်ဒီအရမ်ကို (Saudi Aramco) ရုံးချုပ်ကိုပါ တိုက်ခိုက်ခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် “သဲကန္တာရတွင်းက ဒါဗို့စ်” (Davos in the desert) ဟု တစ်ခါတစ်ရံ တင်စားခေါ်သော အနာဂတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်ပတ်လည် ထိပ်သီး ညီလာခံကြီး (Future Investment Initiative – FII ) တစ်ခုကို ယခု အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင် ကျင်းပရေး အတွက်အိမ်ရှင်အဖြစ် ပြင်ဆင် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ဝိုင်းရံပိတ်ဆို့ခံထား ရသည့် အခြေအနေမျိုးကို ကြုံခဲ့ ရခြင်းပင် ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohamad Bin Salman) သည် သူ လုပ်လေ့လုပ်ထ ရှိသည့်အတိုင်း ရက်သတ္တတစ်ပတ်လုံး သူ၏ဘုရင့်နိုင်ငံတော်နှင့် စီးပွားရေးလုပ်ကိုင်ရန် စိတ်ထက်သန်နေကြသည့် နိုင်ငံအကြီးအကဲများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း ရှင်ကြီးများနှင့် အခြားသော အရေးပါသည့် ဧည့်သည်တော်ကြီးများကို ဖော်ရွေပျူငှာ စွာတွေ့ဆုံ နှုတ် ဆက်ခြင်း၊ ရင်းနှီး မြှုပ်နှံမှုကိစ္စများကို ဆွေးနွေးရင်း အချိန်ကုန်လေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ ထိုသို့ မဟုတ်ခဲ့ပေ။ ယီမင်နိုင်ငံရှိ အီရန်က ကျောထောက်နောက်ခံပြုထားသည့် ဟူသီ လက်နက်ကိုင် အဖွဲ့သည် ရီယားဒ် (Riyadh) မြို့သို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် သီတင်းပတ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ အသက် အန္တရာယ်ရှိသော တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လေဆိပ်မှာလည်း လက်တွေ့အားဖြင့် ပိတ်ထားရသည့် အခြေအနေတွင် ရှိနေသည်။ အနောက်နိုင်ငံ အစိုးရအများအပြားကလည်း ၎င်းတို့၏ နိုင်ငံသားများကို ထိုတိုင်းပြည်သို့ ခရီးမသွားကြရန် သတိပေးထားကြသည်။ ဟိုတယ်များနှင့် အခြားသော ပွဲကျင်းပရာ နေရာများသည် ပစ်မှတ်ထားခံရနိုင်သဖြင့် ကုမ္ပဏီအဆင့်မြင့် အရာရှိကြီးများမှာလည်း စိုးရိမ် ထိတ်လန့် နေကြသည်။ ရက်ပေါင်းများစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီးနောက် ပွဲစီစဉ်သူများက အဆိုပါ အခမ်းအနားကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းရန် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။
ပြည်သူလူထုရှေ့မှောက်တွင် ဆော်ဒီအာရေဗျ အစိုးရ အရာရှိများသည် သူပုန်တို့ကို အာခံ တုံ့ပြန် တိုက်ခိုက် နိုင်ကြောင်း ပြသရန် ကြိုးပမ်းခဲ့ကြသည်။ “ဆော်ဒီ အဘိဓာန်မှာ ‘ကြောက်ရွံ့ခြင်း’ ဆိုတဲ့ စကားလုံး မရှိပါဘူး” ဟု စွမ်းအင်ဝန်ကြီးက ယခုရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သော ရေနံလုပ်ငန်း အမှုဆောင်အရာရှိချုပ်များ၏ တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
သို့ရာတွင် ဆော်ဒီတို့အတွက် ကောင်းမွန်သော ရွေးချယ်စရာ လမ်းများ မရှိပေ။သူတို့သည် ဟူသီ သူပုန် များကို အနိုင်ယူရန် ကြိုးပမ်း ရုန်းကန်ကြလိမ့်မည်ဖြစ်ပြီး ကာလရှည်ကြာမည့်စစ်ပွဲသည် ယင်းနိုင်ငံ၏ စီးပွားရေး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည့် စီမံကိန်းများကိုသာမကရိယာ့ဒ် မြို့တော်ကို ဘဏ္ဍာရေးနှင့် ခရီးသွားလုပ်ငန်း ဗဟိုချက်မတစ်ခု ဖြစ်လာစေရန် ကြိုးပမ်းမှုများကိုပါ ကပြောင်းကပြန်ဖြစ်သွား စေပေလိမ့်မည်ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်မူ ဟူသီသူပုန်တို့၏ နောင်ကာလတွင်ပေး လာမည့် အန္တရာယ်များကို တားဆီးရန်ထက် ပိုမိုဖိတ်ခေါ်သလို ဖြစ်သွားစေမည့် တန်ဖိုးကြီးမားသော သဘောတူညီချက် တစ်ခုကို ပြုလုပ်ပေးလိုက်ရခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
ဟူသီသူပုန်များသည် ၂ဝ၁၄ ခုနှစ်တွင် ယီမင်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး မြို့ပြဒေသအများစုကို သိမ်းပိုက် ခဲ့ကြသည်။ သူတို့ကို အာဏာရယူသွားမည့်အခြေအနေမျိုးမှနေ၍ ရှင်းလင်းဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် နောက်တစ်နှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သည့် တပ်ဖွဲ့များက ဝင်ရောက် ကျူးကျော် တိုက်ခိုက် ခဲ့ကြသော်လည်း အခုချိန်ထိ ၎င်းတို့ သိမ်းယူထားသည့် ဒေသများ ကို ဆက်လက် ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။ ၂ဝ၂၂ ခုနှစ် အပစ်အခတ်ရပ်စဲရေးက ရှေ့တန်းစစ်မျက်နှာပြင်များတွင် အပစ်အခတ် ရပ်စဲ သွားစေ ခဲ့သော်လည်း၂ဝ၂၆ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သည့် ပိုမို ကျယ်ပြန့်လာသော ပင်လယ်ကွေ့ စစ်ပွဲက ရရှိထားသော အပစ်အခတ် ရပ်စဲရေးကို ခိုင်မြဲတည်တံ့ မနေနိုင်စေရန် ဖန်တီး ပေးလိုက်သည်။ နွေရာသီ ရောက်လာချိန်တွင် နှစ်ဖက်စလုံးကပင် တိုက်ပွဲများ ပြန်လည်စတင်ရန် ပြင်ဆင် ခဲ့ကြပါတော့သည်။ ယခုနှစ် စက်တင်ဘာလ ရောက်ချိန်တွင်မူ ဟူသီသူပုန်များသည် ဆိပ်ကမ်းမြို့ မိုခါ (Mokha) အပါအဝင် ယီမင်နိုင်ငံ၏ အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသ၏နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည့် ထိုးစစ်ကြီးတစ်ရပ်ကို စတင် တိုက် ခိုက်ခဲ့သည်။
ဆော်ဒီတပ်များနှင့်ယင်းတို့၏ ယီမင်မဟာမိတ်တပ်ဖွဲ့များသည်ယခုအောက်တိုဘာလအတွင်းမှာပင် တန်ပြန် ထိုးစစ်ကို စတင်တိုက်ခိုက်ခဲ့ကြသည်။ တိုးတက်မှုကမူ နှေးကွေးလျက်ရှိသည်။ ယင်းတပ်များ သည် ကမ်းရိုးတန်း တစ်ဝက် တစ်ပျက်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသော်လည်း လောလောဆယ်အခြေ အနေတွင်မူ မိုခါမြို့၏ တောင်ဘက် ကီလိုမီတာ ၄ဝ အကွာတွင် ရှိသော ဒဟူဘက် (Dhubab) မြို့အနီးမှာပင် တပ်များ ရပ်တန့်နေကြပုံရသည်။ ယီမင်နိုင်ငံတွင် သာမန်အားဖြင့် စစ်ဆင်ရေးများ သည် အစပိုင်းတွင် အားကောင်း ကြသော်လည်း မကြာခင်မှာပဲ အခြေအနေများမှာတဖြည်းဖြည်း ရပ်တန့်သွား တတ်သည်။ တစ်ချိန်တည်းမှာပင် ဟူသီသူပုန်တပ်များသည် ဟူသီဆန့်ကျင်ရေး အခိုင်အမာစခန်းဖြစ်ပြီး ယီမင်နိုင်ငံ၏ တတိယ အကြီးဆုံး မြို့ဖြစ်သော တိုင်းဇ် (Taiz)မြို့ကြီး ကို ဝိုင်းဝန်းပိတ်ဆို့ ထားရန် ကြိုးပမ်းလျက်ရှိကြသည်။

ယင်းတို့သည် ဆော်ဒီအာရေဗျနိုင်ငံဘက်သို့လည်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို ပြန်လည် စတင် ခဲ့ကြသည်။ လေဆိပ်များသည် အဓိက ပစ်မှတ်များ ဖြစ်လာခဲ့ကြပြီး မြို့တော်လေဆိပ်မှာ တစ်ပတ်အတွင်း သေကျေ ပျက်စီးမှုများလှသည့် တိုက်ခိုက်မှု လေး ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုးရွားဆုံး တိုက်ခိုက်မှုမှာ အောက်တိုဘာ ၁ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ပြည်တွင်း ခရီးစဉ်များကို ဝန်ဆောင်မှုပေး နေသည့်Terminal 3 ကိုဟူသီတို့ပစ်ခတ်လိုက်သည့်ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းပင် ဖြစ် သည်။ယင်းတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၃ဝဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရသူများတွင်အစ္စလာမ် ဘာသာရေးအရ အမြတ်ဆုံးနေရာများသို့ သွားရောက်မည့် ဂျေဒါ (Jeddah) မြို့သို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်ရောက်မည့် ဘုရားဖူးများလည်း ပါဝင်သည်။
ဆော်ဒီတပ်များသည် ထိုသို့သောဒုံးကျည်မျိုးများကိုအဘယ်ကြောင့် ကြားဖြတ် ဟန့်တားနိုင်ခြင်း မရှိခဲ့ရ သနည်း ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ဆော်ဒီတပ်များတွင် အမေရိကန်လုပ် THAAD နဲ့ Patriot ဒုံးကျည်လက်နက်များအပါအဝင် အဆင့်မြင့် လေကြောင်းကာကွယ်ရေး စနစ်များရှိသည်။ သို့ရာတွင် ဒေသတွင်းရှိ အခြားနိုင်ငံများစွာကဲ့သို့ပင် ၎င်းတို့သည်စစ်ပွဲ ရှစ်လနီးပါး ကြာလာသည့်အခါ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ဖြည့်တင်းမှုများလျော့ပါးလာမည်ကို စိုးရိမ်လျက်ရှိသည်။ ဟူသီတပ်များကလည်း ခုခံ ကာကွယ်သူများကို အလွန်အမင်း ဝန်ပိသွားစေရေး အတွက်ဒရုန်းများနှင့် ဒုံးကျည်များကို ရောနှော အသုံးပြုပြီး အလွှာပေါင်းစုံပါဝင်သည့် တိုက်ခိုက်မှု ပုံစံ များကို စတင်အသုံးပြုလာကြပြီဖြစ်သည်။ ဆော်ဒီဘက်တွင် မကြာမီ လက်ခံရရှိမည့် တိုက်ခိုက်မှုများအကြောင်း သတိပေးသည့် မိုဘိုင်းလ်ဖုန်း အချက်ပေးစနစ်များကို ဒေသခံများ အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ များလွန်းသည််ဆိုသော အကြောင်းပြချက်ဖြင့် မကြာသေးခင်က ပိတ်ထားခဲ့ခြင်းကလည်း အခြေအနေကို ပိုဆိုးစေခဲ့သည်။ (လေဆိပ် တိုက်ခိုက်ခံရပြီး နောက်တွင် ထိုစနစ်များကို ပြန်လည်ဆောင်ရွက်ပေးခဲ့သည်)။
ရီယာ့ဒ်မြို့တော် လေဆိပ်ကို အောက်တိုဘာ ၁၈ ရက်နေ့အထိ ပိတ်ထားခဲ့ရသည်။ အခြားလေဆိပ်များ ပွင့်နေသော်လည်း ဂျေဒါနှင့် ဒါမာမ် (Dammam) မြို့များဆီသို့ သွားမည့် လေယာဉ်များသည် ဟူသီတို့၏ ဆက်တိုက် တိုက်ခိုက်မှုများကြောင့် လေကြောင်းတွင် နာရီပေါင်းများစွာ ဝိုင်းပတ်ပျံသန်းနေရဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားလေကြောင်းလိုင်း အများအပြားမှာလည်း ဆော်ဒီနိုင်ငံကို ပျံသန်းမည့် ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ကြသည်။ ဥရောပ၏ လေကြောင်းလိုင်း ဘေးကင်းလုံခြုံရေး အေဂျင်စီ ကလည်း လေကြောင်းလိုင်းများကို ဆော်ဒီလေပိုင်နက်၏ ကြီးမားသောအပိုင်းတစ်ပိုင်းကို ရှောင်ရှားကြရန် တိုက်တွန်းထားသည်။
ထိုအဖြစ်အပျက်များအားလုံးသည် နိုင်ငံအတွင်း စည်ကားရမည့် အချိန်ကာလကို ထိခိုက်စေခဲ့သည်။ အောက်တိုဘာ ၁၁ ရက်နေ့သည် ယခုနှစ် ရီယာ့ဒ်တွင်လက်ခံကျင်းပသည့် ကမ္ဘာ့ရေနံကွန်ဂရက် (World Petroleum Congress) စွမ်းအင် ထိပ်သီးအစည်းအဝေး စတင်သည့်ရက် ဖြစ်သည်။ ရေနံကုမ္ပဏီကြီး များ၏ အကြီးအကဲအချို့ကအစည်းအဝေး တက်ရောက်မည့် အစီအစဉ်ကိုပယ် ဖျက်ခဲ့ကြသည်။
ယီမင်နိုင်ငံရေးတွင် ဆော်ဒီအာရေဗျနိုင်ငံရင်ဆိုင်နေရသော အရင်းခံပြဿနာမှာ စစ်တိုက်ရာတွင် အတွေ့အကြုံ ရင့်ကျက် နေသည့်ဟူသီသူပုန်တို့ထက် ယီမင်အစိုးရတပ်များ ဆုံးရှုံးရမည့်အခြေအနေ ပိုများနေခြင်းပင် ဖြစ်သည်။ ဆော်ဒီ အိမ်ရှေ့စံ မင်းသားမိုဟာမက်၏ နိုင်ငံစီးပွားရေးတစ်ခုလုံးကို ပြန်လည် ပြုပြင် ဆန်းသစ်ရန် ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်သော “Vision 2030” ကိုစစ်ပွဲက နှောင့်ယှက်ဖျက်ဆီး လိုက်မည်ဖြစ်သည်။ ၂၀၂၅ခုနှစ်က ဆော်ဒီနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် ကြွယ်ဝ ချမ်းသာမှု ရန်ပုံငွေ အဖွဲ့ (Sovereign-wealth Fund) သည် ပင်လယ်ကွေ့ဒေသက အီမီရိတ် (Emirates) လေကြောင်းလိုင်း ကဲ့သို့ အထက်တန်းစား လေယာဉ်ကြီးများဖြင့် ခရီးသည်များ ပို့ဆောင်ပေးလျက်ရှိသော လေကြောင်းလိုင်း များကို ယှဉ်ပြိုင်ရန် မျှော်လင့်ချက်ဖြင့် ရီယာ့ဒ်လေကြောင်း (Riyadh Air) လိုင်းသစ်ကို စတင် တည်ထောင် ခဲ့သည်။ ထိုလေကြောင်းမှလေယာဉ်များကို လုံခြုံစိတ်ချစွာ ထားရှိနိုင်ရေးအတွက် အောက်တိုဘာ ဒုတိယ ပတ်အတွင်း မှာပင် ရီယာဒ်မြို့မှနေ၍ တိတ်တဆိတ် ရွှေ့ပြောင်း ထားခဲ့သည်။ မြို့တော်တွင်ရှိသောငွေကြေး လုပ်ငန်း အဓိက ဆောင်ရွက်ရာ ရပ်ကွက်မှ ဝန်ထမ်းများကိုလည်း နောက်ထပ် အမိန့် တစ်စုံတရာ မထုတ်ပြန် မချင်း နေအိမ်မှ နေ၍သာ အလုပ်လုပ်ကိုင်ကြရန် ညွန်ကြားထားခဲ့သည်။
စစ်ပွဲကလည်း အောင်မြင်နိုင်မည့်ပုံ မပေါ်ပေ။ ဆော်ဒီတို့ကမူ ၎င်းတို့သည် ဥပဒေကြောင်းအရမှန်ကန်သော ယီမင်တွင်နိုင်ငံတကာက အသိအမှတ် ပြုထားသည့် အစိုးရ ကိုယ်စား ဝင်ရောက် တိုက်ခိုက် နေခြင်းသာ ဖြစ် ကြောင်း အခိုင်အမာ ဆိုသည်။ ကုလသမဂ္ဂ အဖွဲ့ကြီး ကလည်း ဟူသီတို့ကို တရားဝင် အစိုးရဟု အသိအမှတ်မပြုပေ။ သို့ရာတွင် ဖြစ်ရပ်မှာ ဝတ္ထုဆန်နေသည်။ အကြောင်းမှာ ယီမင်အစိုးရမှာ အနှစ်သာရ မရှိဘဲ အခွံသာ ကျန်တော့သော အစိုးရ ဖြစ်၍ပင်တည်း။ ၂ဝ၂၂ခုနှစ်တွင် ဆော်ဒီနိုင်ငံ၏ ကြိုးကိုင် စီစဉ်မှုဖြင့် လှုပ်ရှားခဲ့သော အပြောင်းအလဲ၏ အစိတ်အပိုင်းအဖြစ် တင်မြှောက်ထားခဲ့သည့် သမ္မတ ရာရှစ် အယ်လ် အလီမီနှင့် ဝန်ကြီးများမှာ ရီယာဒ်မြို့တော်တွင်သာအချိန်ကုန်နေလေ့ရှိသည်။
ယီမင်နိုင်ငံ တပ်မတော်မှာ အမည်ခံ သဘောလောက်သာ ရှိတော့သည်။ ၂ဝ၁၅ ခုနှစ် ကတည်းကပင် ဟူသီ ဆန့်ကျင်ရေး အင်အားစုများသည် အစ္စလာမ္မစ် ဝါဒီများမှအစ တောင်ယီမင်နိုင်ငံ သီးခြား လွတ်လပ်ရေးကို တောင်းဆိုနေကြသော ခွဲထွက်ရေး ဝါဒီ တိုင်းရင်းသား လူမျိုးစုများ အထိပါဝင်သော သောင်းပြောင်း ရောထွေး နေသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသာ ဖြစ်သည်။ ယင်းတို့အနက် တချို့ကို ဆော်ဒီအာရေဗျက ထောက်ပံ့ပေးထားပြီး တချို့ကိုမူ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ထောက်ပံ့ ပေးထားသည်။ UAE သည် ပို၍ ထိရောက်သော အကူအညီပေးနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သဘောထား ခဲ့ကြသည်။ အကြောင်းရင်း တစ်ချက်မှာ ယူအေအီးသည် လက်ဝေခံ တပ်ဖွဲ့များကို စစ်ရေး လေ့ကျင့်ပေးရန်နှင့်အကြံဉာဏ်ပေးရန် ရှေ့တန်း စစ်မြေပြင်များအထိ အထူးစစ်ဆင်ရေး တပ်ဖွဲ့များကို စေလွှတ် နေရာချထားပေးရန် လိုလိုလားလား ရှိသောကြောင့်ပင် ဖြစ်သည်။ ဆော်ဒီတို့ကမူ အဝေးမှာ လှမ်း၍ ကွပ်ကဲမှုကို ပို၍ လိုလားသည်။
သို့ရာတွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က ကျောထောက်နောက်ခံပြုအားပေးထားသော ခွဲထွက်ရေး သမားများက ဆော်ဒီက ထောက်ခံ အားပေးထားသောစခန်းမှ နယ်မြေအစိတ်အပိုင်း အတော် များများကို ယမန်နှစ် အတွင်းက သိမ်းယူလိုက်ပြီးသည့်နောက်ပိုင်းတွင် ပင်လယ်ကွေ့ အင်အားကြီး နိုင်ငံများနှင့် မသင့်မမြတ် ဖြစ်ခဲ့ရသည်။ ယူအေအီးသည် ယင်းနိုင်ငံ၏ တပ်ဖွဲ့များကို ရုပ်သိမ်းရန် တွန်းအားပေး ခံရပြီး ဆော်ဒီတို့သည် ယင်းတို့၏ စွမ်းရည် အထက်မြက်ဆုံး မဟာမိတ်တို့ မပါဘဲစစ်ပွဲကို ဆင်နွှဲ တိုက်ခိုက်ရတော့သည်။ အကျိုးရလဒ်ကမူ ကြေကွဲ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရသည်။ ဟူသီသူပုန်တို့က မိုခါမြို့ဘက်သို့ ချီတက်လာကြသဖြင့် အစိုးရတပ်များ ထွက်ပြေးခဲ့ရသည်။ အကယ်၍ ဆော်ဒီတို့သည် စစ်ပွဲကို အဝေးမှနေ၍သာ ဆက်တိုက်နေမည်ဆိုပါက ပိုမိုကောင်းမွန်သည့် ရလဒ်များထွက် လာမည့်ပုံ မပေါ်ပေ။
သူတို့သည် ပြင်ပအကူအညီကို အလွန်အမင်းလိုလားတောင့်တ နေကြသည်။ ဆော်ဒီအာရေဗျသည် ပါကစ္စတန်နှင့် တူရကီနိုင်ငံ တို့နှင့် ချုပ်ဆိုထားသော အပြန်အလှန် ကာကွယ်ပေးရေး သဘောတူ စာချုပ်အရ အကူအညီများ တောင်းခံကာ တပ်များကို ပင့်ဖိတ်သည်။ ပါကစ္စတန်နိုင်ငံသည် ထောင်သောင်းချီသည့် တပ်ဖွဲ့ဝင် အများအပြားကို စေလွှတ်ခဲ့သော်လည်း ၎င်းတပ်များက ယီမင်နိုင်ငံ အတွင်းသို့ ဝင်ရောက်၍လုံးဝ တိုက်ခိုက်ပေးမည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက်သည် အမေရိကန်အား လေကြောင်းကနေ ဝင် တိုက်ခိုက်ပေးရေးအတွက် အမိန့်ပေးရန် သမ္မတထရမ့်ကို မေတ္တာရပ်ခံခဲ့သည် (ယခုအချိန်အထိ ဒေါ်နယ်ထရမ့်က သံသယဖြင့် ကန့်ကွက်ထားခဲ့သည်) သို့ရာတွင် လေကြောင်း အင်အား သက်သက်ဖြင့် ဟူသီသူပုန်တို့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သို့ရာတွင်လည်း ၂၀၂၄ခုနှစ် ကတည်းကပင် ဟူသီသူပုန်တို့ကို အမေရိကန်၊ ဗြိတိန်၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့က လေကြောင်းကနေ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
အခြားနည်းလမ်းမှာ သံခင်းတမန်ခင်း နည်းလမ်းဖြင့် ဖြေရှင်းရေးပင်ဖြစ်သည်။ ၂ဝ၂၂ ခုနှစ်ကတည်းကပင် ဆော်ဒီတို့သည် ဟူသီ သူပုန်တို့နှင့် သဘောတူညီချက် တစ်ခုရရှိရေးကို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသည်။ သဘောတူညီချက် ရခါနီးပြီး ဆိုသည့် အခါတိုင်းတွင် သူပုန်တို့က နောက်ထပ် တောင်းဆိုမှုများ ထပ်တိုးလာခဲ့ ကြမြဲဖြစ်သည်။ ယခုအချိန်တွင်မူ ဟူသီသူပုန်တို့သည် သူတို့ အသာစီးရနေပြီဟု ခံစား နေကြသည်။ သူတို့၏ တောင်းဆိုချက် စည်းကမ်းသတ်မှတ်ချက်များမှာ တင်းမာလွန်း ပါလိမ့်မည်။ ဆော်ဒီတို့က ဒေါ်လာဘီလီယံနှင့် ချီ၍ ထုတ်ပေးကောင်း ထုတ်ပေးရမည်ဖြစ်ပြီး ယီမင်နိုင်ငံတွင် ဟူသီအစိုးရ အုပ်ချုပ်ရေးကို အသိအမှတ် ပြုပေးရ ကောင်းသည်။ ဆော်ဒီအာရဗျ အစိုးရအရာရှိများက ထိုကဲ့သို့ အကြီးအကျယ် အလျှော့ပေး လိုက်လျောမှု များ လုပ်ပေးလိုက်ခြင်းသည် သူပုန်များကို နောက်ထပ် တောင်းဆိုချက် အသစ်များ တောင်းဆိုရန် ပိုမို ရဲတင်း လာစေမည့် အရေးကို မှန်ကန်စွာဖြင့် စိုးရိမ် ပူပန်လျက်ရှိသည်။
များမကြာသေးမီကမှ ဆော်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော လူပုဂ္ဂိုလ်အတော်များများကမူ ဆော်ဒီတို့သည် သဘောထား အမြင် ခြားနားချက်များကို ချေဖျက်ရန်ကြိုးပမ်း ကြပြီး တူညီသည့် အနေအထား တစ်ရပ်ကို ရွေးချယ်ကြ လိမ့်မည်။ မိုခါမြို့ကို ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းပြီးမှသာ ငြိမ်းချမ်းရေး အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိမ့်မည်ဟု ယုံကြည် ထားကြသည်။ သို့ရာတွင် ဟူသီတို့ဘက်ကလည်း သဘောထားကို ဖော်ပြခွင့် ရှိနေသည်။ ဟူသီတို့သည် ရီယာဒ်ကို ဒုံးကျည်များဖြင့် ဆက်တိုက် တိုက်ခိုက်ပြီး နေပြီး တိုင်ယာဇ် (Taiz)ကို အနိုင်တိုက် သိမ်းပိုက်ရန် ဆောင်ရွက် ကြမည်ဆိုလျှင် ဆော်ဒီတို့သည် စစ်ပွဲကို ရပ်တန့်ရန် မဖြစ်မနေ ဖိအားပေးခံရမည့်အခြေအနေမျိုးကို ခံစားနိုင်ကြဖွယ်မရှိကြောင်း အီကော်နော်မစ် စာစောင် ဆောင်းပါးရှင်က သုံးသပ် ရေးသားထားသည်။
ရည်ညွန်း – The Economist October 17th -23rd 2026


