The Corner

The Corner

cropped-Logo_round_grey-background.png

ပုလင်းပေးမှ သတင်းရေးတာလား

Share မယ်

ခေတ်တိုင်းမှာ သတင်းသမားတွေအများစုဟာ လခစားသတင်းသမားတွေဖြစ်ကြတော့ တံစိုးလက်ဆောင်နဲ့ မကင်းကြလို့ ”ပုလင်းမပေးရင် သတင်းမရေးဘူး” တို့ဘာတို့ဖြစ်လာကြ၊ အဲဒီ တံစိုးလက်ဆောင်ပေးတာကပဲ သတင်း သမားတွေအတွက် ပြောစရာဖြစ်လာရဆိုတာတွေ ပြောခဲ့ပြီးပါပြီ။ မြန်မာပြည်မှာ သတင်းထောက်လို့ ၁၉၃၃ ခုနှစ်ကျမှ စတင်ခေါ်ဝေါ်သုံးစွဲကြဆိုတာလည်း ပြောခဲ့ပြီးပြီ။ ၁၉၃၃ ခုနှစ်မှာ ပေါ်ထွက်ပေါက်ဖွားခဲ့တဲ့ သတင်း ထောက်တွေဟာ နှစ်နှစ်အကြာ ၁၉၃၅မှာတော့ စောစောက ပုလင်းကိစ္စ ပြောစရာဖြစ်ခဲ့တယ်။

“တခြားသတင်းထောက်တွေ အကြောင်းတော့ ကောင်းကောင်း မသိဘူးဗျ။ ကျွန်တော်တို့မြို့က သတင်းထောက် ကတော့ဖြင့် လက်ဖက်ရည်တစ်ခွက် ပသလိုက်လည်းရတာပဲ။ ခေါက်ဆွဲကလေးတစ်ခွက်လောက် ပသလိုက် ရင် လည်းပြီးတာပဲ။ သူ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာမှဖြင့် ဟိုလူကခေါ်၊ ဒီလူကခေါ်နဲ့ သိပ်ကိုဟန် ကျနေတာပဲ။ နို့မခေါ်လို့ ဘယ့်နှယ်လုပ်မလဲ။ သူနဲ့မတည့်မှဖြင့် ဆော်တော့တာမို့ ခေါ်ကြရတာပ။ တယ်ခက်တာ ကိုး။ ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင် မဟုတ်ဘူး။ ကျွန်တော်တို့သတင်းထောက်ကတော့ ငယ်တဲ့ အမှုကြီးအောင် ကြီးတဲ့အမှု အကျိုးနည်းအောင် ရေးတော့တာပဲဗျ။ အဲဒါကတော့ မပသတဲ့အခါဗျ။ ပသတဲ့ အခါတော့ဖြင့် သတင်းစာထဲမှာကို မပါလာတော့ဘူးဗျ။ ကောင်းလိုက်တဲ့သတင်းထောက်ပဲနော်။”

အဲဒါ ၁၉၃၅ခုနှစ် စက်တင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းမှာ မောင်သံချောင်းဆိုသူရဲ့ အယ်ဒီတာ့ထံပေးစာက ကောက်နုတ်ဖော်ပြခဲ့တာပါ။ မောင်သံချောင်းဆိုတာ တခြားလူ မဟုတ်ပါဘူး။ မြန်မာစာရေးဆရာတွေထဲ ပေးစာ ရေးရာမှာ ထိပ်တန်းအဆင့် ရှိသူလို့ စာရေးဆရာမြသန်းတင့်က ညွှန်းဆိုရသူ သိပ္ပံမောင်ဝ ဖြစ်တယ်။သူက အုပ် ချုပ်ရေးတာဝန်အမျိုးမျိုးနဲ့  စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ မြောင်းမြ၊ ဇလွန်၊ ညောင်တုန်း၊ ရန်ကုန် (အင်းစိန်)၊ စလင်း၊ ကျောက်ဆည်၊ ရွှေဘို၊ မန္တလေး စတဲ့ မြို့ပေါင်း ၁၂ မြို့မှာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်တော့ ဘယ်မြို့ ရောက်တုန်း ကြုံခဲ့ရတဲ့ သတင်းထောက်အကြောင်းရေးခဲ့တာဆိုတာတော့ ပြောဖို့ခက်ပါတယ်။

မခက်တာကတော့ သတင်းထောက်ဆိုတာပေါ်လာပြီး တယ်မကြာဘူး သတင်းနဲ့အတူ ပုလင်းကိစ္စတွေ ပါလာခဲ့ တယ်ဆိုတာ အသေအချာ ပြောနိုင်တာပါပဲ။ စာရေးဆရာ ပါရဂူလို့ ဆိုလိုက်ရင် စာဖတ်ဝါသနာ ပါသူတိုင်းလိုလို သိကြပါလိမ့်မယ်။ သိတာကလည်း စာရေးဆရာ၊ ဘာသာပြန် စာရေးဆရာတယောက်အနေနဲ့ ပဲသိကြ တာများ မယ်ထင်ပါတယ်။ ပါရဂူဟာ ၁၉၄၅ ခုနှစ်ကထွက်ခဲ့ဖူးတဲ့”ယုဝတီသတင်းစာမှာ ခေါင်းကြီးနဲ့ “လှုပ်ရှားနေသော ဤကမ္ဘာ” ဆိုတဲ့ နိုင်ငံတကာရေးရာ အခန်းတစ်ခုကို တာဝန်ယူရေးသားခဲ့တဲ့ သတင်းစာသမားလည်း ဖြစ်ခဲ့ဖူး ပါတယ်။

“နိုင်ငံခြားသံရုံးများသည် အထူးအားဖြင့် အမေရိကန်သံရုံးနှင့် ကွန်မြူနစ်နိုင်ငံသံရုံးများသည် ခေါင်းကြီးပိုင်းနှင့် နိုင်ငံတကာရေးရာ ရေးသူအမည်ကို မရအရ စုံစမ်းပြီး စာရေးသူထံ ချဉ်းကပ်လာကြသည်။ ထမင်းဖိတ်ကျွေး ကြ သည်။ ယမကာ တိုက်ကြသည်။ လက်ဆောင်ပစ္စည်းပေးကြသည်။ စာအုပ်စာတမ်း ပေးကြသည်။ အမေရိကန် သံရုံးက ဆိုလျှင် ထိုစဉ်က နေ့စဉ်ထုတ် ‘နယူးယောက်တိုင်း’ သတင်းစာကိုပင် မှန်မှန်ပို့ပေးသည်။ ယင်းအခြေအနေ၌ အချောင် သတင်းစာဆရာဘဝ ရောက်လာသော မိမိမှာ အဘယ်မှာလျှင် ကျောက်စာတိုင်လုပ်နေနိုင်မည်နည်း။ စာရေးမည် လုပ်တိုင်း သူတို့၏ လက်ဆောင်ထုပ်ကြီးက မျက်စိရှေ့မှောက် ရောက်နေသည်။

ကျွန်တော်အပါအဝင် ယုဝတီသတင်းစာ အယ်ဒီတာအဖွဲ့ဝင်လူငယ်များမှာ များသောအားဖြင့် လက်ဝဲယိမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် သတင်းစာ၏ ပေါ်လစီမှာ လက်ဝဲယိမ်းပေါ်လစီဖြစ်သည်။ အမေရိကန်ဆန့် ကျင် ဘက် ရေးစရာရှိလျှင် ပယ်ပယ်နယ်နယ်ရေးလေ့ရှိသည်။ ထိုအခါ အမေရိကန်သံရုံးမှ ထမင်းဖိတ်ကျွေးလျှင် လည်း ကျွေးသည်။ လက်ဆောင်ပစ္စည်းထုပ် ရောက်လျှင်လည်း ရောက်လာသည်။ ယင်းသို့ သံရုံး၏ အမြှူ အဆွယ်ခံ ရသောအခါ မိမိ၏ ကလောင်ကို လျှော့လျှော့ပေါ့ပေါ့ လုပ်ပစ်လိုက်ပြန်သည်။ ဘယ်လောက် သတင်းစာ ဆရာ ကျင့်ဝတ်နှင့် ပြည့်စုံသည့် သတင်းစာဆရာဖြစ်သနည်း။”

ဆရာပါရဂူတို့ ပုလင်းပေးတဲ့ကိစ္စကျတော့ နိုင်ငံရေးတွေပါ ပါလာပြီ။

ဆရာမောင်ဝံသတို့ သတင်းသမားဘဝ ၁၉၆၇ တစ်ဝိုက်ကျတော့ နယ်သတင်းထောက်တွေဟာ သူတို့နယ်က ရေး ပို့တဲ့သတင်းလေး သတင်းစာမှာပါဖို့ ရန်ကုန်ရောက်တိုင်း နယ်သတင်းကိုင်တဲ့ အယ်ဒီတာ အပါအဝင် သတင်းသမားတွေ ကို ကျွေးမွေးပြုစုရပါတယ်။ ကိုယ်တွေ့ သတင်းသမားဘဝ ၁၉၉၆ ခုနှစ် တစ်ဝိုက်မှာတော့ မှတ်မှတ်ရရ ဖြစ်ကျန်ရစ်တာ တစ်ခု ရှိတယ်။ သတင်းတာဝန်နဲ့ တောင်ငူနယ်ဘက်ထဲရှိတဲ့ ဆည်မြောင်း စီမံကိန်းတစ်ခုကို ရောက်ခဲ့တယ်။ ရောက်တဲ့ညမှာပဲ စီမံကိန်း မန်နေဂျာက သတင်းသမားတွေကို ပုလင်း အကောင်းစားတွေနဲ့ ဧည့်ခံကျွေးမွေးပြီး တ ယောက်စီတိုင်းကို စာအိတ်တလုံးစီပေးတယ်။ပြီးတော့”သတင်းသမားတွေမှာ ဘေးပေါက် ဝင်ငွေရယ်လို့ မယ်မယ်ရရ မရှိတာသိထားလို့၊ အတိုင်းအတာ တစ်ခုရှိတဲ့ ချီးမြှင့်ငွေပေးတာပါ”လို့ ဆိုပါတယ်။

အဲ့ဒီအချိန်တုန်းက သတင်းသမားတယောက်ရတဲ့ လစာငွေရဲ့ ဆယ်ဆလောက်ရှိတဲ့ ငွေတွေကို သတင်းသမား တစ်ဦးစီ တိုင်းကို ပေးခဲ့တာပါ။ ပုလင်းပေးမှ သတင်းရေးမယ်ဆိုလို့ ပေးတာမျိုးတော့ မဟုတ်ဘူးပေါ့ ခင်ဗျာ။

ဟော…ပြီးခဲ့တဲ့ ဩဂုတ်လလယ်ထဲထွက်ပေါ်ခဲ့တဲ့ လတ်လတ်ဆတ်ဆတ် သတင်းတစ်ပုဒ် ”ဒေါ်လာ ခြောက်သန်း တိတ်တဆိတ် လက်ခံခဲ့တဲ့ Forbes မဂ္ဂဇင်း အယ်ဒီတာ ထုတ်ပယ်ခံရ”

graphic: magnific

“တိတ်တဆိတ် ငွေကြေးလက်ခံယူမှု တစ်ခုကြောင့် ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်း အယ်ဒီတာ တစ်ဦး ဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ ရန်ဒေါလ်လိန်းဟာ Forbes ရဲ့ အယ်ဒီတာ တစ်ဦး ဖြစ်သလို သတင်း ဆောင်းပါး အကြောင်းအရာတွေကိုအဓိက ကွပ်ကဲကြီးကြပ်တဲ့ အရာရှိလည်း ဖြစ်ပါတယ်။

သူဟာချမ်းသာကြွယ်ဝမှုဆိုင်ရာအကြံပေးကဏ္ဍတွေနဲ့ ပတ်သက်ရင် မဂ္ဂဇင်းနဲ့ ကာလရှည်ကြာ အလုပ်တွဲ လုပ်ခဲ့တဲ့ Shook သုတေသနဌာနကိုထူထောင်သူ ရောဘတ်ဂျွန်ရွှတ်ခ်ဆီကနေ ဒေါ်လာ ၆ သန်းလောက် လက် ခံရယူခဲ့တာလို့ သတင်းရင်းမြစ် သုံးခုက New York Times သတင်းစာဆီ ပြောကြားခဲ့ပါတယ်။”

သတင်းနဲ့ပုလင်းက ဒီတစ်သက် ဝေးဖို့ရာအကြောင်း မမြင်လို့ ဆိုရတော့လေမလား….။

ကိုးကား-

၁။ သူ့စာတွေကပြောတဲ့ သိပ္ပံမောင်ဝ (လူထုဦးလှ)
၂။ ပရကထာ (ပါရဂူ)
၃။ ဝေါမြို့က လာခဲ့တယ် (မောင်ဝံသ)

Click to rate this post!
[Total: 2 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *