The Corner

The Corner

cropped-Logo_round_grey-background.png

မော်စီတုန်း သင်ပေးခဲ့တဲ့ အမေရိကန် နိုင်နည်း

Share မယ်

မော်စီတုန်းရဲ့ တရုတ်ခေါင်းဆောင်တွေအတွက် အမေရိကန်ကို ဆန်းသစ်ထွန်းကားလာသောအင်အားကြီး နိုင်ငံတစ်နိုင်ငံက လက်ရှိဩဇာလွမ်းမိုးနေသော အင်အားကြီးနိုင်ငံကို မတိုးသာမဆုတ်သာ အခြေအနေမျိုး ထိ ရောက်အောင် တိုက်ခိုက်ယှဉ်ပြိုင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကုန်သွယ်ရေးစစ်ပွဲ (Trade war)၊ နည်းပညာစစ်ပွဲ (Tech war)၊ စစ်အေးတိုက်ပွဲသစ် (New cold war) စတဲ့ အတိုကောက် ဖော်ပြချက် ဝေါဟာရတွေဟာ ကတောက်ကဆ ဖြစ်နေတဲ့တရုတ်နဲ့အမေရိကန် ဆက်ဆံရေးမှာ စိတ်ထင့် ရင်လေးစရာ ဝန်းကျင်အခြေအနေ အရိပ်အယောင်တွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် အခုနှစ်စောစောပိုင်းမှာ နှစ်နိုင်ငံသဘောတူညီခဲ့ကြတဲ့ အသုံးအနှုန်းတွေ ကတော့ အဲဒီလို မဟုတ်ပါဘူး။ အခုအခါ အဲဒီနှစ်နိုင်ငံဟာ “မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် အပြုသဘောဆောင် ဆက်ဆံရေး” (Constructive relationship of strategic stability) မှာ တရားဝင် ရှိနေကြပြီ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီစကားစုက စာရှုသူကို ရင်ခုန်သံမမြန်စေခဲ့ဘူးဆိုရင် ဒီလို ရှုပ်ထွေးကျယ်ဝန်းလှတဲ့ စကားစုကို သုံးတဲ့ ရည်ရွယ်ချက်တွင် အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ ဒီစကားစုဟာ မဟာ အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတွေကို ငြိမ်းချမ်းစွာ ရေရှည်ထိန်းသိမ်း စီမံခန့်ခွဲမယ့် နည်းလမ်းကို ရည်ညွှန်း လိုတာကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အတွေးခေါ်ပညာရှင်အတော်များများဟာ အမေရိကန်နဲ့သူတို့နိုင်ငံရဲ့ဆက်ဆံရေးကို ဘယ်လို ဖော်ပြနေကြသလဲဆိုတဲ့ အချက်မှာ ပွင့်လင်းပြတ်သားလွန်းပြီး ပိုပြီးတော့တောင် စိုးရိမ်စရာ ကောင်းလှ ပါတယ်။ အဲဒီ ပညာရှင်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို “မဟာဗျူဟာမြောက် တည်ငြိမ်မှု” လို့ မခေါ်ကြ တော့ဘဲ “မဟာဗျူဟာမြောက် အကဲသာမှုမရှိသည့် အခြေအနေ” (Strategic Stalemate – အကျပ်အတည်း ဆိုက်နေသည့် အခြေအနေ) လို့ သုံးနှုန်းကြပါတယ်။ ဒီစကားလုံးဟာ တရုတ်နိုင်ငံမှာ သံတမန်ရေးရာ ဆက်ဆံရေး ထက် အသာစီး ရရှိရေး တိုက်ပွဲဝင်မှုကို ပိုပြီးတော့ ပေါ်လွင်စေတဲ့ အဓိပ္ပာယ်ပါ ဝေါဟာရ ဖြစ်တယ်။ အခုနောက်ပိုင်းမှာ အဲဒီလို သုံးနှုန်းသူတွေထဲမှာ တရုတ်အစိုးရအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန လက်အောက်က သုတေသီတွေနဲ့ ထိပ်တန်းတက္ကသိုလ်တွေက ပညာရှင်တွေ ပါဝင်တယ်။ တရုတ်နိုင်ငံသား အများစုနှင့် ရင်းနှီးပြီးသားဖြစ်တဲ့ ဒီစကားလုံးတွေဟာ ၁၉၃၈ ခုနှစ်က ယင်အန်း (Yan’an) ရှိ အဝေးတစ်နေရာက ကွန်မြူနစ် အခြေစိုက် စခန်းမှာ တရုတ် ခေါင်းဆောင်ကြီး မော်စီတုန်း ပြောကြားခဲ့တဲ့ “ရေရှည် စစ်ပွဲအကြောင်း” (On Protracted War) မိန့်ခွန်းတွေ ကနေ ဆင်းသက်လာတာ ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးဆယ်ကျော်က မော်စီတုန်းရဲ့ အတွေးအခေါ်တွေကို လွန်လွန်ကဲကဲ အလေးပေး မရှုမြင်သင့်ပေမယ့် အဲဒီ ရေရှည် စစ်ပွဲဆိုင်ရာ မူဝါဒဘောင်ဟာ တရုတ်နိုင်ငံက အမေရိကန်နဲ့ ပြိုင်ဆိုင်မှုကို ဘယ်လို ရှုမြင်သလဲဆိုတာနဲ့ အခြေအနေတွေ ဘယ်လို ဆက်လက် ဖြစ်ပေါ်လာနိုင်တယ် ဆိုတာအတွက် တန်ဖိုးရှိတဲ့ သဲလွန်စ အရိပ်အမြွက်တွေကို ပေးစွမ်းနိုင်ပါတယ်။ လန်ဒန်ထုတ်အီကော်နောမစ် (The Economist) မဂ္ဂဇင်း ပုံနှိပ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးပွဲ ကျင်းပတော့မှာ ဖြစ်လို့ အရင်တရုတ် ခေါင်းဆောင်ကြီးရဲ့  ပြောက်ကျားစစ် ကာလတုန်းကပြောခဲ့တဲ့ မိန့်ခွန်းတွေဟာ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာတယ်။

နည်းပညာ ပိုမို သာလွန်တဲ့ ရန်သူကို ရေရှည်စစ်ပွဲ ဆင်နွှဲရင် ပထမအဆင့်မှာ အင်အားနည်းသည့် တော်လှန်ရေး သမားတွေဟာ ခံစစ်ပြင်ပြီး ကြံ့ကြံ့ခံ နေရာယူထားရမည်ဟု မော်စီတုန်းက တိုက်တွန်းခဲ့ တယ်။ နောက်တစ်ဆင့် မှာကတော့  မဟာဗျူဟာမြောက် အကဲသာမှုမရှိသည့် အခြေအနေ (Strategic Stalemate) ပဲ ဖြစ်ပါတယ်။ နယ်ပယ် ကျယ်ပြန့်လွန်းတာမို့ အားနည်းလာတဲ့ ရန်သူဟာ ရှေ့သို့ ထပ်မတိုးနိုင်တော့ဘဲ၊ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ ပိုပြီးတော့ စနစ်ကျလာကြတယ်။ နောက်ဆုံး အဆင့်ဖြစ်တဲ့ ထိုးစစ်ဆင်တဲ့ အဆင့် ရောက်ရှိလာပြီး တစ်ချိန်က အင်အားနည်းခဲ့တဲ့ တော်လှန်ရေး သမားတွေက တစ်ချိန်က အင်အားကြီး ခဲ့တဲ့ ရန်သူကို အပြတ်အသတ် အနိုင်ယူလိုက်ကြပါတော့တယ်။

အဲဒါကြောင့် တရုတ်နှင့် အမေရိကန်တို့ဟာ မဟာဗျူဟာမြောက် အကဲသာမှုမရှိသည့် အခြေအနေ သို့ ရောက်ရှိသွားပြီလို့ ကြေညာတာမျိုးဟာ အတော်ကို လေးနက်တဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။အဲဒီ အင်အား ကြီးနှစ်နိုင်ငံအနက် ဘယ်နိုင်ငံက အားအင်ကုန်ခမ်းနေတဲ့ လက်ရှိ အာဏာပိုင်ဖြစ်ပြီး ဘယ်နိုင်ငံက တက်ကြွတဲ့ တော်လှန်ရေး သမား ဖြစ်တယ် ဆိုတာကို ဘယ်သူကမှ သံသယ ဖြစ်ဖွယ် မရှိပါဘူး။ ၂ဝ၁၈ ခုနှစ်မှာ ထရမ့်က တရုတ်နိုင်ငံကို အခွန်စတင် တိုးမြှင့်ကောက်ခံခဲ့စဉ်က ကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့တယ်။ ထရမ့်ရဲ့ပထမ သမ္မတ သက်တမ်း ကျန်ရှိတဲ့ ကာလတွေမှာ တရုတ်နိုင်ငံဟာ ခုခံသူအဖြစ် အဆင့်နဲ့ စိတ်ရှည်လက်ရှည် နေခဲ့ရတယ်။ တရုတ်နိုင်ငံဟာ လုံးဝငြိမ်ခံမနေဘဲ အမေရိကန်ကို ကိုယ်ပိုင်အခွန်များ ပြန်လည်ကောက်ခံပြီး တုံ့ပြန်ခဲ့ပေမဲ့ အပြည့်အဝ အကောင်အထည် ဖော်ပါက တရုတ်နိုင်ငံဟာ အမေရိကန်ကုန်ပစ္စည်းတွေကို ပိုပြီး ဝယ်ယူရမှာ ဖြစ်ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီးတော့တံခါးဖွင့်ပေးရမယ့် တစ်ဖက်သတ် ဆုံးရှုံးမှုများတဲ့ သဘောတူညီချက် တစ်ခုကို လက်ခံခဲ့တယ်။ မော်စီတုန်း၏ စကားအရဆိုရင်တော့အဲဒီ သဘောတူညီချက်ဟာ  ရေရှည်စစ်ပွဲရဲ့ ပထမအဆင့်မှာယေဘုယျ လိုအပ်လေ့ရှိတဲ့”ဆုတ်ခွာဝံ့သည့် သတ္တိ” ကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဆုတ်ခွာခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အရှုံးပေးဖို့မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်ဖို့အတွက် အရင်းအမြစ်တွေကို ထိန်းသိမ်းထားရှိဖို့ပဲ ဖြစ်တယ်။ ဂျိုးဘိုင်ဒင် သမ္မတသက်တမ်းတစ်လျှောက်မှာ တရုတ်နိုင်ငံ လုပ်ဆောင်ခဲ့တာတွေ ကလည်း ကွက်တိပဲဖြစ်တယ်။ အမေရိကန်မှာကြီးမားတဲ့ အသာစီးရမှုတွေရှိတဲ့ နယ်ပယ်တွေ [အထူးသဖြင့် အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semi-conductor) တွေပါ] ကို အပြည့်အဝ သတိပြုမိ တာမို့ တရုတ်အရာရှိတွေဟာဘယ်လောက်ပဲ ကုန်ကျစရိတ်ကြီးပါစေ ပြည်တွင်းဖြစ် အစားထိုး ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်ဆောင်ခဲ့ကြတယ်။

ဒါ့အပြင် သူတို့ဟာ ပို့ကုန် ထိန်းချုပ်မှု စနစ်ကို ပိုမို ခိုင်မာအောင် ပြုလုပ်တာနဲ့ အရေးပါတဲ့ သတ္တုတွေကို တူးဖော် ထုတ်လုပ်တဲ့ တရုတ် ကုမ္ပဏီတွေကို ထိန်းချုပ်မှု တင်းကျပ်လိုက်တဲ့ပုံစံနဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ခဲ့ကြတယ်။ ဒေါ်နယ် ထရမ့် သမ္မတ ရာထူး နေရာကို ပြန်ရောက်လာပြီး အခွန်တွေကို ထပ်ပြီးတော့ တိုးမြှင့်လိုက်တဲ့အခါ တရုတ်နိုင်ငံက အပြင်းအထန် ပြန်လည် တုံ့ပြန်တာကြောင့် သူ့ရဲ့ အရာရှိတွေ အတော်ကို အံ့အားသင့်ခဲ့ ကြရတယ်။ တရုတ်နိုင်ငံဟာ မြေရှားသတ္တုအပါအဝင် သတ္တုတင်ပို့မှုတွေကို ပိတ်ပင် တားဆီးလိုက်တဲ့ နည်းနဲ့ အမေရိကန် စက်မှုလက်မှု လုပ်ငန်းပေါင်း များစွာကို ရပ်ဆိုင်းသွားစေမယ့် အရေး ကို ခြိမ်းခြောက် ခဲ့တယ်။

မဟာ အင်အားကြီး နှစ်နိုင်ငံစလုံးဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထိခိုက်နာကျင်အောင် လုပ်ဆောင်နိုင် စွမ်းမှာတော့ အကြမ်းဖျင်းအားဖြင့် တန်းတူညီမျှမှု ရှိနေကြပြီလို့ ပြောဆိုလေ့ ရှိကြသည်တာ အထူးအဆန်း စကားတော့ မဟုတ်ပေ။ အမေရိကန်တွင် ကွန်ပျူတာ ချစ်ပ်ပြားများ ရှိပြီး တရုတ်တွင်မူ ရှားပါးမြေထုသတ္တုများ ရှိကြသည်။ လေ့လာသူဆန်းစစ်သူများက စီးပွားရေးအရ နှစ်နိုင်ငံလုံးသည် အခြေခံအားဖြင့် တန်းတူညီမျှ ရှိနေကြသကဲ့သို့ ယင်းအခြေအနေကို “နှစ်ဦးနှစ်ဖက် သေချာပေါက် ပျက်စီးစေနိုင်မှု” (Mutually Assured Disruption) သို့မဟုတ် “ထိခိုက်လွယ်မှု အချိုးအစား ညီမျှနေခြင်း” (Balance of Vulnerability) ဟု ခေါ်ဆိုကြသည်။ ဤသို့ “ဗျူဟာမြောက် စီးချင်းထိုး ရပ်တန့်နေမှု” (Strategic Stalemate) ဟု ပုံဖော် သုံးသပ်ခြင်းက ထိုသို့ တန်းတူညီမျှဖြစ်လာသည့်အထိ ရောက်ရှိလာခြင်းသည်ပင်လျှင် တရုတ်နိုင်ငံအတွက် တိုးတက်မှုတစ်ခုဖြစ်သည်ဆိုသော ထင်ရှားသည့်အချက်ကို ထိရောက်စွာ ညွှန်းဆိုနေသည်။

ထင်ရှားသည့် မေးခွန်းတစ်ခုမှာ ရှီကျင့်ဖျင်အနေဖြင့် “ရေရှည်စစ်ပွဲ” ၏ တတိယအဆင့်ဖြစ်သော အပြည့်အဝ တုံ့ပြန်စစ်ဆင်ရေးကို ဆင်နွှဲရန် အစီအစဉ် ရှိမရှိပင် ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က အမေရိကန်နှင့် ကုန်သွယ်ရေး ပဋိပက္ခများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့စဉ်က တရုတ်၏ ကြံ့ကြံ့ခံ နိုင်စွမ်းကို မြှင့်တင်ရန်အတွက် မော်စီတုန်း၏ မိန့်ခွန်းများကို ပြန်လည်လေ့လာကြရန် ပြည်သူများကို နိုင်ငံပိုင်မီဒီယာများက တိုက်တွန်းခဲ့သည်။ သို့သော် လှေနံ ဓားထစ် ခေါင်းဆောင်ကြီးမော်၏ သုံးသပ်ချက်များနှင့် နှိုင်းယှဉ်ချက်များသည် အတိုင်းအတာ တစ်ခု အထိသာ ဆင်တူသည်။ တရုတ်တွေးခေါ်ရှင် အများစုက အမေရိကန် အပေါ် လုံးဝ အပြတ်အသတ်နိုင်သော စီးပွားရေးအောင်ပွဲကို ရရှိရန် မဖြစ်နိုင်ဟု ယုံကြည်ကြသည်။ ဗျူဟာမြောက် စီးချင်းထိုး အခြေအနေကို ထိန်းသိမ်းထားခြင်းကသာ ပိုမိုလက်တွေ့ကျသော ရည်မှန်းချက်တစ်ခု ဖြစ်ပုံရသည်။ ရှန်ဟိုင်း ဖူဒန် တက္ကသိုလ်မှ ဟွမ်ရင်ဝေ က ဤအခြေအနေသည် နှစ်ပေါင်း ၃၀ အထိ ကြာမြင့်နိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ပြောကြားခဲ့သည်။

ထိုသို့ အခြေအနေ ရပ်တန့်နေခြင်း၏ ပြဿနာမှာ ရေရှည်မခံဘဲ ခဏတာသာ ဖြစ်သွားနိုင်ခြင်း ပင်ဖြစ်သည်။ နှစ်နိုင်ငံ စလုံးသည် ထိုအခြေအနေမှ ရုန်းထွက်ချင်ကြပြီး အသာစီးရရှိရန် နည်းလမ်းသစ်များကို ရှာဖွေ နေကြသလို မိမိတို့အား ပိတ်လှောင်သွားစေနိုင်သည့် အန္တရာယ်များကိုလည်း သတိထား စောင့်ကြည့် နေကြသည်။ ဉာဏ်ရည်တု နည်းပညာ (AI) ကဏ္ဍတွင် ထာဝရ နိမ့်ကျသည့် အနေအထားသို့ ရောက်ရှိ သွားမည်ကို စိုးရိမ်ခြင်းသည် အမေရိကန်က အဆိုပြုထားသော AI ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို တရုတ်က လက်ခံရန် တွန့်ဆုတ်နေသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ တရုတ်၏ AI မော်ဒယ်များသည် အမေရိကန်နှင့် တန်းတူ အစွမ်းထက်မလာမချင်း။ ဆိုလိုသည်မှာ AI ကဏ္ဍတွင် စီးချင်းထိုး တန်းတူအဆင့်သို့ မရောက်မချင်း။ တရုတ်သည် သူ၏ AI ဓာတ်ခွဲခန်းများ၏ လုပ်ဆောင်ချက်များကို လျှော့ချရန် လိုလားပုံမရပေ။

ဗျူဟာမြောက် တန်းတူဖြစ်နေမှု၏ ထိရှလွယ်သော သဘာဝက တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နှင့် သူ၏ မဟာမိတ်များ (အထူးသဖြင့် ဂျပန်) သို့ မြေရှားသတ္တု တင်ပို့မှုကို အဘယ်ကြောင့် ဆက်လက် ကန့်သတ် ထားရ သနည်း ဆိုသည်ကိုလည်း ရှင်းပြနေသည်။ အကယ်၍ မဟာအာဏာပိုင် နှစ်နိုင်ငံစလုံးသည် သူတို့ အခိုင်အမာ ပြောဆိုသကဲ့သို့ တည်ဆောက်ရေးဆန်သော ဆက်ဆံရေး ရှိခဲ့ပါက တရုတ်သည် မြေရှားသတ္တု များကို လိုလားသော ကမ္ဘာ့ကုမ္ပဏီများအတွက် ပွင့်လင်းမြင်သာပြီး ထိရောက်သည့် လိုင်စင်စနစ်တစ်ခုကို ဖန်တီးပေးခဲ့နိုင်သည်။ ယင်းအစား သူတို့၏ ဆက်ဆံရေးမှာ မယုံသင်္ကာ သံသယနွံတွင် နစ်နေပြီး တရုတ်နိုင်ငံ အနေဖြင့် မစ္စတာထရမ့်သာ ပိုမို ရန်လိုလာပါက သူ့ကို ဆုံးမ အနိုင်ယူနိုင်မည့် အမြန်ဆန်ဆုံး နည်းလမ်းမှာ မြေရှားသတ္တု ထောက်ပံ့မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိထားသည်။

သမ္မတ ထရမ့်နှင့် သမ္မတရှီ (Source: Newyorker)

တရုတ်နိုင်ငံအတွက် ပိုမိုစိတ်ပျက်ဖွယ်ကောင်းသည်မှာ မော်စီတုန်း၏ အခြေအနေ အကဲခတ်မှု အဆင့်ထဲမှ အခြားရှုထောင့်တစ်ခုသည်လည်း ယနေ့အချိန်တွင် သက်ရောက်နေခြင်းပင် ဖြစ်သည်။ မော်စီတုန်းက ဤအဆင့်သည် “တရုတ်နိုင်ငံအတွက် အလွန်နာကျင်ဖွယ်ကောင်းသော ကာလ” ဖြစ်လိမ့်မည်ဟု သတိပေးခဲ့ပြီး ထိုအတောအတွင်း “စိတ်ဓာတ်ကျဆင်းမှုများ ကြီးထွားလာလိမ့်မည်” ဟု ဆိုခဲ့သည်။ ယနေ့ စီးပွားရေး အခြေအနေ နှင့် ထပ်တူကျမှုများမှာ ထင်ရှားလှသည်။ နည်းပညာပိုင်း မိမိဘက်က စိတ်ချရမှုရှိစေရန် အဆက်မပြတ် အာရုံစိုက်ခြင်းက တရုတ်နိုင်ငံအား အမေရိကန်၏ ဖိအားမှ ကာကွယ်ပေးနိုင်ခဲ့သည်။ သို့သော် တရုတ်ပြည်သူများမှာမူ နိုင်ငံတော်က လူမှုဖူလုံရေးထက် စက်မှုစွမ်းဆောင်ရည်အတွင်းသို့ ငွေကြေးများ ပံ့ပိုးပေးနေသဖြင့် သူတို့၏ ဝင်ငွေတိုးတက်မှု နှေးကွေးသွားကာ ၎င်း၏ တန်ဖိုးကို ပေးဆပ်ခဲ့ကြရသည်။ ၎င်းသည် စစ်ပွဲ ဖြစ်ပွားနေသော နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ယင်းအပြင် ရေရှည်စစ်ပွဲတစ်ခု၏ စီးပွားရေးနှင့်ပါ ပုံစံတူညီနေပေတော့သည်။

ကိုးကား – “What Mao can teach China about managing America” – The Economist, October 2026

Click to rate this post!
[Total: 3 Average: 4]

Leave a Comment

Your email address will not be published. Required fields are marked *