၁၉၃၀ ဖွား စာရေးဆရာ / သတင်းစာဆရာ အော့တာပါဗယ်လ်က ချက်ကိုစလိုဗားကီးယားနိုင်ငံမြို့တော် ပရာ့ဂ်ဇာတိ။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်စဉ် သူတို့နေခဲ့တဲ့ မြို့လေးက ချက်နိုင်ငံ အလယ်ပိုင်း တစ်နေရာမှာ တည်ရှိတဲ့ ဗူးရှ်တယ်ဟရတ်ဆိုတဲ့ မြို့လေး။ သူ၏ “ငါးတွေနဲ့ ကျွန်တော် ဘယ်လိုယဉ်ပါးခဲ့သလဲ” (How I came to know fish) စာအုပ်က ထင်ရှားသည်။ ထိုစာအုပ်ထဲမှ White Mushrooms ကို မြန်မာပြန်ဆိုပါသည်။

တစ်ရက် ကျွန်တော်တို့မိသားစု ထင်းကောက်ဖို့ တောထဲသွားခဲ့ကြသည်။ လူအတော်များများက ခရှီဗိုကလတ်မြို့ အနီးတစ်ဝိုက်က တောနက်ကြီးကိုဖြတ်ရတိုင်း အထိတ် တလန့် ဖြစ်ကြသည်။ တောထဲ၌ အကြင် ခရီးသွားတစ်ဦးသည် အနီးနားရှိတီးရှော့ဗ်ရဲတိုက်ကြီးမှ မြင်းနှင့်အပြင်းနှင်လာသည့် ဒူးလေး ကိုင်စွဲထားသော ဓားပြများနှင့် ပက်ပင်း တိုးနိုင် သည်။ ဤနေရာ၌ နောက်လိုက်နောက်ပါများခြံရံထားသော ရဲရင့်ဝံ့စား ချက်ဘုရင်မင်းမြတ်များကို သင်ဖူးတွေ့ ကောင်း ဖူးတွေ့နိုင်သည်။
“အရှင်မင်းမြတ်၊ ကျွန်တော်မျိုးက ‘ဘရာနော့ဗ်ရွာအနီးလူ (Luh)’ အရပ်ကပါဘုရား။ ကျွန်တော်မျိုးကို လူအများက ငတုံးတာ လို့ ခေါ်ကြပါတယ် ဘုရား”
တောထဲတောင်ထဲဆိုတာ အသံတွေကြားရတတ်သည်။ လူတွေရဲ့ငိုကြွေးသံတွေ၊ အနာတရ ဖြစ်သွားတဲ့ တိရစ္ဆာန်တွေရဲ့ ညည်းတွားသံတွေ။ တောဝက်ရိုင်းတစ်အုပ်တစ်မ သို့တည်းမဟုတ် ဦးချိုတွေရဲ့အလယ်မှာ လက်ဝါးကပ်တိုင်ပါတဲ့ ဒဏ္ဍာရီလာ ဒရယ်ဖိုကို တွေ့ရတတ်သည်။ ကျွန်တော်က မိသားစု အစဉ်တန်းရဲ့ နောက်ဆုံးပိတ်က တိတ်ဆိတ်စွာ လိုက်လာသည်။ တစ်ခုခုမြင်ရင်တွေ့ရင် လွတ်သွားမှာစိုးလို့ပါပဲ။ ကျွန်တော့်ရဲ့ ခေါင်းကိုင် မိခင်နတ်သမီးက သူ့ရဲ့ ခမ်းနားလှတဲ့မြို့ကနေ လှမ်း၍လက်ကမ်းပြီး ကျွန်တော့်လက်ကို မြဲမြဲဆုပ်ထားသည်။ သစ်ရွက်တွေ ရွှေဝါရောင် သွေးစပြုပြီ။ ဆောင်းဦးဝင်ခဲ့ပြီကော။ သစ်ပင်သန်သန်ကြီးတွေရဲ့ထိပ်ဖျားမှာ အသိုက်ဖွဲ့နေတဲ့ငှက်တွေက စူးရှစွာ အော်မြည်ရန် တွေ့နေကြသည်။ ဒီငှက်တွေကြားမှာ ငှက်ကြီးနို့ရ် ရှိလိမ့်မည်။
ကျွန်တော်လမ်းလျှောက်တာသိပ်နှေးသွားရင် ဒီငှက်ကြီး တစ်ဟုန်ထိုးပျံဆင်းချလာပြီး ကျွန်တော့်ကို ချီသုတ်သွား လိမ့်မည်။
ချိုင့်ဝှမ်း လမ်းမြောင်လေးအတိုင်း ကျွန်တော်တို့လျှောက်သွားချိန်မှာ အစ်ကိုလတ် ယီးရ်ကာက သူ့ရဲ့ ဩဇာရှိတဲ့ အသံကြီးနှင့် သီချင်းတစ်ပုဒ်ကောက်ဆိုလိုက်သည်။
“တောခေါင်းတွေနဲ့ ဆုံမိတယ်၊
သူတို့နဲ့အတူ ခွေးတွေ၊ ခွေးတွေ၊ ခွေးတွေပါလာတယ်၊
ခွေးတစ်ကောင်က ဝုတ် … ဝုတ် … ဝုတ် … ၊
နောက်တစ်ကောင်က ဂရူး … ဂရူး … ဂရူး … ။”
ဝုတ် … ဝုတ် … ဝုတ် … လို့ဟောင်ချိန်မှာ၊ အထူးသဖြင့် ဂရူး … ဂရူး … ဂရူး … လို့မာန်ဖီချိန်မှာ ယီးရ်ကာတစ်ယောက် တုန်တုန်ယင်ယင်နှင့် ဟောဟဲလိုက်လာသည်။ တောအုပ်အစွန်နား ရောက်လာသည့်အခါ ကျွန်တော်တို့အားလုံး သူနှင့်အတူသီချင်းဝိုင်းဆိုကြသည်။
“ဒီနေရာကနေ ငါအဝေးကိုထွက်ခွာသွားတဲ့အခါမယ်၊
ကျောပိုးအိတ်လေးကို ပခုံးပေါ် လွယ်ပလိုက်မယ်၊
ဘာလို့လဲဆိုတော့ … ငါချစ်ရတဲ့ အရူးမလေးရယ်၊
မင်းက ငါ့ကို စောစောစီးစီးစိတ်ကုန်သွားခဲ့ပြီကိုးကွယ်။”
“ရပ်လိုက်ကြဟေ့” လို့အစ်ကိုကြီးဟူးဂိုးက အော်လိုက်သည်။ အုပ်စုထိပ်မှ အမေက နောက်လှည့် ကြည့်သည်။
“ဘာလဲဟဲ့” ဟုအမေကမေးသည်။
“ဟိုဖွေးဖွေးဖြူနေတဲ့တောင်စောင်းကို ကြည့်လိုက်စမ်းဟေ့”
“အဲဒါ ကျောက်တုံးတွေပါသားရဲ့။ ကျောက်တုံးအဖြူတွေ ပြည့်နေတဲ့ တောင်စောင်းပါ” ဟုအမေ ကပြောသည်။
“မဟုတ်ဘူးအမေရ။ အဲဒါကျောက်တုံးတွေမဟုတ်ဘူး” ဟု ဟူးဂိုးက ပြောပြောဆိုဆို တောင်ကုန်းပေါ် ပြေးတက် သွားသည်။ တောင်စောင်းတစ်ဝက်အရောက် သူနောက်လှည့်ပြီးအော်လိုက်သည်။ “ဒါတွေက မှိုတွေဗျ” တဲ့။
ဝက်သစ်ချပင်တွေအစီအရီပေါက်နေသော ကျောက်ထူထူ တောင်ကုန်းလေးပေါ်သို့ ကျွန်တော်တို့ အပြေးတက် သွားကြသည်။ ကျောက်တုံးတွေကြားပေါက်နေတဲ့ ရာထောင်မကတဲ့ မှိုပွင့်ဖြူတွေ၊ မှိုပွင့်ဖြူတွေ။ ဒူးထောက်ပြီး မှိုပွင့်တွေကို ကျွန်တော်တို့ထိစမ်းကြည့်ကြသည်။ တချို့မှိုတွေက ရင့်နေပြီ။ တချို့မှိုပွင့်ထိပ်တွေက အညိုရောင်ဖြစ်ပြီး အက်ကွဲနေပြီ။ သူတို့ကိုကြည့်ရတာ ဒီနေရာမှာ ပေါက်နေတာ နှစ်ပေါင်းတစ်ရာကျော်ပြီ ထင်ရသည်။ မှိုပွင့်တွေက တစ်ပွင့်နှင့်တစ်ပွင့်မတူကြလေ။ တစ်ပွင့်ချင်းကို ပန်းချီဆရာတစ်ဦးစီက ဖန်တီး ရေးဆွဲထား သလို။ တချို့က ပိန်ပိန်လှီလှီ။ တချို့က ဝကစ်ကစ်။ တချို့က ချစ်စဖွယ်အရုပ်ကလေးတွေနှင့်တူသည်။ မေမေရဲ့ သားရွှေသွေး လေးတွေလို၊ ရုပ်ရေတင့်တယ်တဲ့ အဘိုးအိုတွေလို။ မှိုပွင့်တော်တော်များများ ကျွန်တော်တို့ရဲ့ အနမ်းကို ခံယူရသည်။ ခြင်းတွေထဲထည့်လာသည့် ထင်းတိုထင်းစတွေကိုသွန်ချလိုက်ပြီး မှိုပွင့်တွေနှင့် အပြည့်ဖြည့်သည်။ ဒီလောက် ကောက်တာတောင် မှိုပွင့်တွေက တောင်စောင်းတစ်လျှောက် အလျှံပယ်ကျန်နေသေးသည်။
အကိုတွေက အဒေါ်ဖြစ်သူ ကာရိုလီနာအိမ်ကို ပြေးပြီး ခြင်းတွေ သယ်ချလာသည်။ အဲဒီခြင်းတွေအပြည့် မှိုပွင့်တွေ ထပ်ကောက် ကြသည်။
“လူး”ကို ပြန်ရောက်တဲ့အခါ ကျီထဲမှာ ဖျာခင်းပြီး မှိုပွင့်တွေဖြန့်ထားလိုက်သည်။ မှိုပွင့်တွေကို ကျီထဲထားပြီး ကျွန်တော်တို့ ညီအစ်ကိုတွေ အပြင်ထွက်လာခဲ့ကြသည်။ အမေက နောက်ချန်နေရစ်သည်။ မှိုတွေကြည့်ပြီး အမေ မျက်စိအရသာ ခံချင်ပုံ ရသည်။ မှိုကိုမည်သို့ ချက်ချက် ကြိုက်နှစ်သက်သည်ဆိုသည့် ရောမ ဧကရာဇ်နီရိုး ဘုရင်၏ ပွဲတော်စာ မှိုဟင်းမျိုးချက်ဖို့ရာ အမေကြံစည်နေသလားမသိ။ သို့ပေမဲ့ ကျီထဲကို ကျွန်တော်ပြန်လာတဲ့အခါ အမေ့ကို သူ့နေရာမှာပဲ မလှုပ်မယှက်ထိုင်လျက်သားတွေ့ရသည်။ မှိုပွင့်ပုံကြီးထဲ သူ့လက်တွေနစ်လို့။ ပြီးတော့ သူငိုနေသည်။
“အမေ၊ ဘာလို့ငိုနေတာတုံး”
“မှိုတွေ ဒီလောက်အလျှံပယ် ပေါတာ စစ်ဖြစ်မယ့်လက္ခဏာပဲ” ဟုအမေကဖြေသည်။
“အမေကလည်း ဒါတွေက အယူသီးတာတွေပါ။ ဒေါ်လေး ကာရိုလီနာကလည်း ဒီအတိုင်းပြောတယ်ဗျ”။ ဒေါ်လေးက ကျွန်တော်တို့ကို ပြောဖူးသည်။ ပထမ ကမ္ဘာစစ်ကြီးမဖြစ်မီ မှိုတွေ ထောင်သောင်းချီပြီး ပေါက်ကြသတဲ့။ အဲဒီနောက် ဆင်းရဲမွဲတေမှုတွေ ခိုကိုးရာမဲ့မှုတွေ လိုက်လာရောတဲ့။
နောက်တစ်နှစ်အကြာ ကျွန်တော်တို့ဇာတိမြေကို ဂျာမန်တွေ ကျူးကျော်သိမ်းပိုက်သည်။ လူးမြို့လေးက ခုံတန်းရှည်ပေါ် ထိုင်ရင်း ပိုလန်မြို့တော်ဝါဆောကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း ရေဒီယိုမှ ကြားရသည်။ ဂျာမန် ဗုံးကြဲလေယာဉ်ကြီးများဖြစ်သည့် ယွန်ကားစ်နှင့် ဟိုင်ကယ်အုပ်စု ဝါဆောမြို့တော် အပေါ် မိုးခြိမ်းသလို ပျံဝဲနေသံတွေ၊ ဗုံးကြဲချရာမှထွက်ပေါ်လာတဲ့ ပထမဆုံးပေါက်ကွဲသံတွေ ကျွန်တော်တို့ ကြားနေရသည်။ မိမိနားနှစ်ဖက်ကို အုပ်ပြီး ကျွန်တော်မြို့ထဲဖြတ်ပြေးသည်။ ကျွန်တော့် စိတ်ကူးထဲ ဒီမြို့ကလေးမှာတောင် ဗုံးသံကြားနေရပြီ။ ကောင်းကင်ကနေ ဗုံးတွေကျလာတာ မြင်နေရပြီ။
ပထမဆုံးဗုံးက အချဉ်သိပ်ထားတဲ့ငါးစည်ရှိတဲ့ မြေအောက်ခန်းပေါ်တည့်တည့်ကျသည်။ စည်ကွဲ ထွက်သွားပြီး ငါးတွေက ပလုံခနဲ ရွှံ့ထဲကျသွားသည်။ ဗွမ်းခနဲ အသံထွက်လာသည်။ ဒုတိယဗုံးက ကူးတို့သမားရဲ့ လှေပေါ်ကျသည်။ ပျဉ်ခင်းပျဉ်ကာတွေက ဗုံးစတွေလို လေထဲလွင့်ပျံသွားသည်။ ဒိုင်းခနဲ အသံကြားရသည်။ မြစ်ကမ်းဘေးက အိမ်တစ်အိမ် မီးလောင်ပြီး ရေထဲမြုပ်သွားသည်။ ကောင်းကင်ယံ မတော့ ညိုမှိုင်းမှိုင်း ဟိုင်ကယ်လေယာဉ်ကြီး တစ်စီးဖြတ်ပျံသွားသည်။ လေယာဉ် ဦးခန်းမှာ တစ်ခေါင်းလုံး ဖွေးနေတဲ့၊ သွားဖြဲပြနေတဲ့၊ ရယ်မောနေတဲ့ လေယာဉ်မှူး ကို မြင်လိုက်ရသည်။ လေယာဉ်တောင်ပံတွေမှာ အမည်းရောင် ကြက်ခြေခတ်ကြီးတွေ။ သူကြဲချလိုက်တဲ့ ဗုံးတွေက မြစ်ထဲမှာရှိတဲ့ ကျွန်တော့် ငါးတွေကြား ကျသည်။
တစ်ခဏအတွင်း သူတို့ရဲ့ အသက်မဲ့ခန္ဓာကိုယ်တွေ ရေပေါ်ပေါ်လာသည်။ ထိပ်ကွဲနေတဲ့ အဖြူရောင် မှိုပွင့်ကြီးတွေနှင့် ဆင်လိုက်တာ။ ဆိုင်ခန်းပြတင်းတွေမှာ ချိတ်ဆွဲထားတတ်တဲ့ အဖြူရောင် နာရေး ကြော်ငြာတွေထက် ပိုဖြူတဲ့ နာရေး ကြော်ငြာအဖြူတွေ။
သူ့နာရေးကြော် ငြာတွေပေါ် ဤသို့ရေးထားလေသတတ်။
“ငါတို့တစ်တွေ ဒီနေရာကို နောင်ဘယ်တော့မှမလာတော့ဘူး။
ကလေးတွေရဲ့ ပျော်ပွဲရွှင်ပွဲကြီး အဆုံးသတ်သွားပြီ။”
စာညွှန်း။ Ota Pavel. 1990. How I came to know fish. Translated from the Czech by Jindriska Badal and Robert McDowell. A NEW DIRECTIONS BOOK. New York
၁၀ ဩဂုတ် ၂၀၂၆
မှတ်စု
ဗူးရှ်တယ်ဟရတ် (Buštěhrad)
ဒုတိယကမ္ဘာစစ်အတွင်း အော့တာပါဗယ်လ်တို့မိသားစု စစ်ဘေးရှောင်စဉ်နှင့်စစ်ပြီးစကာလများ၌ နေထိုင်ခဲ့သည့်မြို့။ မြို့တော်ပရာ့ဂ် အနီးတွင်တည်ရှိသည်။
ခရှီဗိုကလတ် (Křivoklát)
ဗူးရှ်တယ်ဟရတ်မြို့အနောက်တောင်ဘက်အနီးရှိ သဘာဝတောတောင်နှင့် ဘယ်ရောင်းကာ
(Berounka) မြစ်ဝှမ်းဒေသ။ အော့တာပါဗယ်လ်၏ အဖေနှင့်သူတို့ညီအစ်ကိုများ ငါးမျှားရာ၊ စက်ဘီးစီးရာနှင့် သဘာဝအလှကို ခံစားရာနေရာဖြစ်သည်။
ငှက်ကြီးနို့ရ် (The bird Noh)
ချက်ပုံပြင်များနှင့် ဒဏ္ဍာရီများထဲတွင် ကလေးများကို ခြောက်လှန့်ရာ၌ သုံးလေ့ရှိသည့်ငှက်ကြီးဖြစ်သည်။
ယွန်ကားစ် (Junkers)၊ ဟိုင်ကယ် (Heinkels) ဗုံးကြဲလေယာဉ်ကြီးများ
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီလေတပ်၏ အဓိကဗုံးကြဲလေယာဉ်ကြီးများ။
အော့တာပါဗယ်လ်၏ဝတ္ထုထဲတွင် ရေးဖွဲ့ထားသည့်အတိုင်း ဒုတိယကမ္ဘာစစ်အတွင်း ဥရောပနှင့် မြစ်ဝှမ်း ဒေသများကို ဗုံးကြဲတိုက်ခိုက်ရာ၌ အဓိကသုံးစွဲခဲ့သော အလတ်စားဗုံးကြဲလေယာဉ်ကြီးများဖြစ်သည်။
အဖြူရောင်နာရေးကြော်ငြာတွေ (White death notices)

ဥရောပဒေသ အချို့တွင် ဆိုင်ပြတင်းပေါက် သို့မဟုတ် အများမြင်သာသည့် နေရာများ၌ ကပ်လေ့ရှိသော နာရေး အကြောင်းကြားစာ (Obituary notice) များကို ရည်ညွှန်းခြင်း ဖြစ်သည်။


