အီတလီနိုင်ငံ အယ်လ်ပ်တောင်တန်း (Alps) ကြီးရဲ့ တောင်ခြေမှာရှိတဲ့ ရော့ကာဗီယိုးနေ (Roccavione) မြို့ငယ်လေးမှာ သက်တမ်းနှစ်ပေါင်း (၁၅၀) နီးပါး ရှိပြီဖြစ်တဲ့ စက္ကူစက်ရုံမှာ အလုပ်သမားတွေဟာ ရပ်ဆိုင်းထားတဲ့ စက်ကြီးတွေကို အဆိုင်းလိုက် လူအင်အားသက်သက်နဲ့ သန့်ရှင်းထိန်းသိမ်းရေး လုပ်ကြပါတယ်။ ရပ်ဆိုင်းထားတဲ့ စက်ကြီးတွေဆိုတော့ ကုန်ထုတ်လုပ်မှု ဘယ်ရှိပါ့မလဲ။ ကုန်ထုတ်လုပ်မှု မရှိဘူးဆိုရင် လုပ်ခလစာလည်း ဘယ်ရပါ့မလဲ။ ဟုတ်ပါတယ်၊ အလုပ်သမားတွေဟာ လုပ်ခလစာမရဘဲ စက္ကူစက်ရုံရဲ့ စက်ကြီးတွေကို သုံးနှစ်တိုင်တိုင် သန့်ရှင်းထိန်းသိမ်းရေး လုပ်ခဲ့ ကြပါတယ်။ သာမန်အတွေးနဲ့ စဉ်းစားရင် ရူးသွပ်နေသလားပေါ့။ (၇၀) ဝန်းကျင်ရှိတဲ့ ဒီအလုပ်သမား အားလုံး ရူးသွပ်နေတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
ဟုတ်ပါတယ်၊ ဒီအလုပ်သမားတွေ ရူးသွပ်နေကြတာ မဟုတ်ပါဘူး။ အင်မတန်ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ရည်မှန်းချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်နေကြတာပါ။ ဒီဖြစ်ရပ်ကို နားလည်နိုင်ဖို့ဆိုရင် ရော့ကာဗီယိုးနေမြို့က စက္ကူစက်ရုံရဲ့ သမိုင်းဖြတ်သန်းမှုနဲ့ အီတလီနိုင်ငံရဲ့ လူမှုစီးပွားရေး လည်ပတ်ပုံကို သိဖို့လိုပါတယ်။
စက္ကူစက်ရုံဟာ ရော့ကာဗီယိုးနေ မြို့ငယ်လေးရဲ့ နှလုံးသားလို့ ပြောနိုင်ပါတယ်။ စက္ကူစက်ရုံကို (၁၈၆၆) ခုနှစ် ကတည်းက စလည်ပတ်ခဲ့တာဖြစ်လို့ မြို့ငယ်လေးနဲ့ စက္ကူစက်ရုံဟာ တစ်သားတည်း ရပ်တည်နေကြတယ်လို့ ပြောရမှာပါ။ ဒီစက္ကူစက်ရုံကို နှစ်ပေါင်း (၁၄၆) နှစ်တိုင်တိုင် မရပ်မနား လည်ပတ်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်မှာတောင် ဒီစက်ရုံဟာ လည်ပတ်မြဲ ဆက်လက် လည်ပတ်ခဲ့ ပါတယ်။ မြို့ခံအမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အားကြိုးမာန်တက် စက်ရုံကို လည်ပတ် ခဲ့ကြပါတယ်။ အစိုးရက မှာယူထားတဲ့ စက္ကူနဲ့ ကတ်ထူဘူးတွေကို ထုတ်လုပ်ခဲ့ကြတာပါ။ နှစ်ပေါင်း (၁၅၀) နီးပါး လည်ပတ်ခဲ့တဲ့ စက္ကူစက်ရုံလည်း ကျရှုံးတဲ့ လောကဓံကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ဈေးကွက်အရွှေ့အပြောင်းတွေဖြစ်၊ စွမ်းအင်စရိတ်တွေတက်၊ စက်ရုံပိုင်ရှင်တွေရဲ့ အလွဲလွဲအချော်ချော် စီမံခန့်ခွဲမှုတွေကြောင့် ဒေဝါလီခံဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ ညတွင်းချင်းဆိုသလို အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ စက္ကူစက်ရုံ ပိတ်သိမ်းမှုနဲ့အတူ ရော့ကာဗီယိုးနေမြို့လေးရဲ့ စီးပွားရေးကလည်း ထိုးဆင်းသွားပါတယ်။
ကမ္ဘာ့တခြားနိုင်ငံတွေမှာဆိုရင် ဒီဖြစ်ရပ်မျိုး ဖြစ်ပြီဆိုရင် ကြေကွဲစရာ ဇာတ်သိမ်းခန်းလို့ပဲ ပြောရတော့မှာပါ။ ဒါပေမဲ့ အီတလီနိုင်ငံရဲ့ လူမှုစီးပွားရေးစနစ်မှာ ကမ္ဘာ့တခြားနိုင်ငံတွေနဲ့ မတူတဲ့ ထူးခြားချက်တစ်ရပ် ရှိနေပါတယ်။ ဒေဝါလီခံရမယ့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကို ဒီလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက စုပြီး သမဝါယမ ပုံစံနဲ့ အားလုံးရဲ့ အကျိုးစီးပွားအတွက် လက်လွှဲရယူ လုပ်ကိုင်မယ်ဆိုရင် လုပ်ပိုင်ခွင့်ပြုထားတာပါ။ ခွင့်ပြုတယ်ဆိုတဲ့ နေရာမှာ ဥပဒေ ပြဋ္ဌာန်းပြီး အခိုင်အမာ ခွင့်ပြုတာပါ။ မာကိုးရာ ဥပဒေ (Marcora law) လို့ ခေါ်ပါတယ်။ အလုပ်သမားတွေ ဆီမှာ ဒီလောက်များတဲ့ ရင်းနှီးငွေ ဘယ်ရှိပါ့မလဲလို့ တွေးမိကြမယ်ထင်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်မယ့် လုပ်ထုံးလုပ်နည်း ရှိပါတယ်။
ဒေဝါလီခံရမယ့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ရရှိခံစားရမယ့် အလုပ်လက်မဲ့ ခံစားခွင့်ကို နှစ်နဲ့ချီပေးတာမျိုး မလုပ်ဘဲ တလုံးတခဲတည်း ထုတ်ပေးလိုက်တာပါ။ ဒါပေမဲ့ ဒီလိုထုတ်ပေးလိုက်တဲ့ ငွေကို အလုပ်သမားတွေက ကြိုက်သလို သုံးခွင့်မရှိပါဘူး။ လက်လွှဲယူမယ့် လုပ်ငန်းရဲ့ ရင်းနှီးငွေအဖြစ် အသီးသီး ထည့်ဝင်ကြရမှာပါ။ သဘောကတော့ အလုပ်သမားတွေကိုယ်တိုင် ဒီလုပ်ငန်းရဲ့ လုပ်ငန်းရှင်တွေ၊ ရှယ်ယာရှင်တွေ ဖြစ်လာကြတာပေါ့။ ဒီမိုကရက်တစ်နည်းလမ်းအပေါ် အခြေခံတဲ့ သမဝါယမ စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည် လိုက်တာပါ။ ဒီလိုရပ်တည်နိုင်ဖို့ အီတလီနိုင်ငံရဲ့ သမဝါယမအဖွဲ့ချုပ် (Italian Cooperation Federation – CFI) က လိုအပ်တဲ့ အရင်းအနှီးကို ထည့်ဝင်ပေးပါတယ်။ ကာလရှည်ချေးငွေသဘော ထည့်ဝင်ပေးတာပါ။ လိုအပ်တဲ့ အရင်းအနှီးရပြီဆိုတဲ့ အချိန်မှာ ကုန်ကြမ်းဝယ်တာကနေ ကုန်ချော ထုတ်လုပ်တဲ့ အဆင့်အထိ ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးပမ်းလုပ်ကိုင်ကြရပါတယ်။
အီတလီနိုင်ငံရဲ့ အားသာချက်က ဒီလိုသမဝါယမ လုပ်ငန်းငယ်လေးတွေကို စုစည်းပြီး ကွန်ရက်ဖွဲ့စည်းထားပါတယ်။ Consortia လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ငန်းအလိုက် ကွန်ရက်တွေက စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်ပပို့ကုန်ရေးရာ ကိစ္စရပ်တွေမှာ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ရေးနဲ့ ကုန်ကျစရိတ် သက်သာရေးအတွက် စုစည်းလုပ်ကိုင်ကြပါတယ်။ ဒါကြောင့် အီတလီနိုင်ငံမှာ လုပ်ငန်းအလိုက် သမဝါယမကွန်ရက် (umbrella federation) တွေ ဖွဲ့စည်းထားကြပါတယ်။
သမဝါယမလုပ်ငန်းတွေရဲ့ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်စည်းရုံးရေးနဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်ရေးအတွက် Legacoop နဲ့ Confcooperative လို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ငန်းကျယ်ပြန့်တဲ့ ကွန်ရက်ကြီးတွေက ဦးဆောင်ပြုလုပ်ကြပါတယ်။ အီတလီနိုင်ငံရဲ့ သမဝါယမအဖွဲ့ချုပ် (CFI) က သမဝါယမ လုပ်ငန်းသစ်တွေ ခွင့်ပြု/မပြု၊ ခွင့်ပြုပြီးရင်လည်း စနစ်တကျ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လည်ပတ်လုပ်ကိုင်ဖို့ ကြီးကြပ်စောင့်ကြည့် လမ်းညွှန်ပေးပါတယ်။
သမဝါယမလုပ်ငန်းတွေရဲ့ အကျိုးအမြတ်အပေါ် အခွန်ကင်းလွတ်ခွင့် ပြုပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အခွန်ကင်းလွတ်ခွင့် ပြုတဲ့ငွေတွေကို သက်ဆိုင်ရာ သမဝါယမအဖွဲ့ဝင်တွေက ခွဲဝေခံစားခွင့် မရှိပါဘူး။ သမဝါယမလုပ်ငန်းပိုင် ရန်ပုံငွေ အဖြစ်ပဲ ထားရပါတယ်။ ဒီသမဝါယမလုပ်ငန်း မလည်ပတ်နိုင်ဘဲ လုပ်ငန်းရပ်သွားခဲ့ရင် ရန်ပုံငွေတွေကို နိုင်ငံလုံးဆိုင်ရာ သမဝါယမလုပ်ငန်းများ ရန်ပုံငွေကို လွှဲပေးရပါတယ်။ ဒီနိုင်ငံလုံးဆိုင်ရာ သမဝါယမလုပ်ငန်းများ ရန်ပုံငွေက လုပ်ငန်းစတင်လုပ်ကိုင်မယ့် သမဝါယမလုပ်ငန်းတွေကို ပံ့ပိုးကူညီပေးပါတယ်။ သမဝါယမလုပ်ငန်းတွေက ရရှိတဲ့ အကျိုးအမြတ် (၃) ရာခိုင်နှုန်းကိုလည်း ဒီနိုင်ငံလုံးဆိုင်ရာ ရန်ပုံငွေထဲကို ထည့်ဝင်ပေးရပါတယ်။ အီတလီနိုင်ငံမှာ သမဝါယမလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ဒီလိုစနစ်တကျ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေးအတွက် အီတလီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၄၅) မှာ အခိုင်အမာ ပြဋ္ဌာန်းပေးထားပါတယ်။
ရော့ကာဗီယိုးနေမြို့က စက္ကူစက်ရုံကိစ္စကို ပြန်ကောက်ပါရစေ… စက္ကူစက်ရုံ ဒေဝါလီခံရတော့မယ်ဆိုတဲ့ အချိန်မှာ စက်ရုံမှူး အန်ရီကို ဗိုလာ (Enrico Vola) က ဦးဆောင်ပြီး ဥပဒေရပိုင်ခွင့်တွေနဲ့အညီ သမဝါယမလုပ်ငန်းအဖြစ် လက်လွှဲယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ သမဝါယမလုပ်ငန်းအဖြစ် လက်လွှဲယူဖို့က အလွယ်တကူ ဆောင်ရွက်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အီတလီနိုင်ငံရဲ့ သမဝါယမအဖွဲ့ချုပ် (CFI) ရဲ့ ခွင့်ပြုချက်ရအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အချိန်ယူရမယ့် ကိစ္စပါ။ ယှဉ်တွဲပါလာတဲ့ နည်းပညာပြဿနာက စက္ကူစက်ရုံတွေရဲ့ သဘောသဘာဝက မလည်ပတ်ဘဲ ရပ်ထားခဲ့ရင် သံချေးတက်ပြီး စက်ကြီးတွေ သုံးမရ၊ ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေတာပါ။ ဒါကြောင့် စက္ကူစက်ရုံရဲ့ ဝန်ထမ်း (၇၀) ဝန်းကျင်ဟာ စက်ကြီးတွေ သံချေးမတက်ရအောင် လုပ်ခလစာမရဘဲ သန့်ရှင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ်။ ဒီလို “လုပ်ခလစာမဲ့” သန့်ရှင်းထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်ကြရတဲ့ သုံးနှစ်တာကာလမှာ အလုပ်သမားတွေဟာ မဆိုစလောက် အလုပ်လက်မဲ့ ခံစားခွင့်လေးနဲ့ ရုန်းကန်ရပ်တည်ခဲ့ကြရတာပါ။ စားရမဲ့သောက်ရမဲ့ ဘဝရောက်မသွားအောင် နေ့စဉ် စားဝတ်နေရေးအတွက် အစိုးရက ပံ့ပိုးပေးတဲ့ ထောက်ပံ့ကြေးပါ။
ရော့ကာဗီယိုးနေမြို့ စက္ကူစက်ရုံ ရပ်ဆိုင်းသွားခဲ့တာက ၂၀၁၂ ခုနှစ်၊ ဇွန်လပါ။ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှာတော့ ကာတီအာရာ ပီရီနိုရီ သမဝါယမလုပ်ငန်း (Cartiera Pirinoli Cooperative) ကို ထူထောင် လည်ပတ်နိုင်ခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်ခွင့်ရတဲ့ အချိန်မှာလည်း စီးပွားရေးအကျိုးအမြတ်ရအောင် လည်ပတ် နိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ သူတို့ဟာ အလုပ်သမားသက်သက် မဟုတ်တော့ပါဘူး။ ရှယ်ယာရှင်တွေ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေ ဖြစ်နေကြပါပြီ။ ကုန်ကြမ်းရရှိရေး၊ ထုတ်ကုန်ဖြန့်ချိရေး၊ စာရင်းအင်း စနစ်တကျ ထားရှိနိုင်ရေး စတဲ့ လုပ်ငန်း လိုအပ်ချက် အရပ်ရပ်ကို ထောင့်စေ့အောင် စီမံခန့်ခွဲ လုပ်ကိုင်ကြရတာပါ။ ကာတီအာရာ ပီရီနိုရီ သမဝါယမ လုပ်ငန်းဟာ နှစ်နှစ်အတွင်း ယူရိုသန်းဆယ်ချီပြီး အမြတ်ငွေ ရရှိခဲ့ပါတယ်။
ကာတီအာရာ ပီရီနိုရီ သမဝါယမလုပ်ငန်းရဲ့ အောင်မြင်မှုဟာ ဖြစ်ခေါင့်ဖြစ်ခဲ ဖြစ်ရပ်မျိုး မဟုတ်ပါဘူး။ မူလပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကို လက်လွှဲယူခဲ့တဲ့ သမဝါယမလုပ်ငန်းတွေရဲ့ လုပ်ငန်းအောင်မြင်မှုနှုန်းဟာ (၈၀) ရာခိုင်နှုန်းကျော်၊ (၉၀) ရာခိုင်နှုန်းဝန်းကျင်အထိ ရှိပါတယ်။ ဒါကလည်း အံ့ဩစရာ မဟုတ်ပါဘူး။ သူတို့ရရှိမယ့် ခံစားခွင့်အားလုံးကို ပုံအောရင်းနှီးလုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဟာ ”ဘုရင့်နောင် ဖောင်ဖျက်” သန္နိဋ္ဌာန် ချမှတ်ထားသူတွေဖြစ်လို့ အောင်မြင်မှု မရရအောင် ကြိုးပမ်းလုပ်ကိုင်ကြမှာက မြေကြီးလက်ခတ်မလွဲပါ။ နောက်တစ်ချက်က အလုပ်သမားတွေ ဟာ ဒီစီးပွားရေးလုပ်ငန်းရဲ့ သဘောသဘာဝ အားလုံးကို “အူမချေးခါးမကျန်” သိပြီးသားဖြစ်လို့ လုပ်ငန်းကျွမ်းကျင်မှုက အာမခံချက် အပြည့်ရှိပြီးသားပါ။ ယှဉ်ကြည့်မယ်ဆိုရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းသစ်တွေရဲ့ လုပ်ငန်း အောင်မြင်နှုန်း ဟာ (၅၀) ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ သုံးသပ်ကြည့်ရအောင်ပါ။
အီတလီနိုင်ငံရဲ့ သမဝါယမအဖွဲ့ချုပ် (CFI) ရဲ့ ဦးဆောင်ပံ့ပိုးကူညီမှုဟာ အလုပ်လက်မဲ့တွေကို ပံ့ပိုးကူညီရေးထက် အများကြီး ကျယ်ပြန့်နက်ရှိုင်းပါတယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးရေးနဲ့အတူ စီးပွားရေးဖွံ့ဖြိုးမှုကိုပါ ဦးတည်ဆောင်ရွက်တာပါ။ ကျွမ်းကျင်သူပညာရှင်တွေရဲ့ တွက်ချက်ယူဆမှုဟာ အီတလီနိုင်ငံရဲ့ သမဝါယမအဖွဲ့ချုပ် (CFI) က တစ်ယူရို ရင်းနှီးမြှုပ်နှံတိုင်း (၆) ယူရိုကျော်ကျော် အကျိုးအမြတ် ပြန်ရရှိပါတယ်။ အီတလီနိုင်ငံမှာ သမဝါယမလုပ်ငန်းတွေရဲ့ တွင်ကျယ်အောင်မြင်ပုံကို အီးမီလီးယာ ရိုမန်းညာ (Emilia Romagna) ဒေသရဲ့ ဂျီဒီပီ (GDP) (၃၀) ရာခိုင်နှုန်းကို သမဝါယမလုပ်ငန်းတွေက ဖန်တီးထုတ်လုပ်ပေးနေတာကို ကြည့်လိုက်ရင် ထင်းခနဲ သဘောပေါက်သွားမှာပါ။
အီတလီနိုင်ငံရဲ့ သမဝါယမအဖွဲ့ချုပ် (CFI) ဥက္ကဋ္ဌဟောင်း ကမ်မီလို ဒန်နီယိုတီ (Camillo Daniotti) ရဲ့ မှတ်ချက်စကားက အီတလီသမဝါယမလုပ်ငန်းတွေ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို လှစ်ဟဖော်ပြနေပါတယ်။
“မာကိုးရာဥပဒေအရ အလုပ်သမားတွေ လက်လွှဲရယူလိုက်တဲ့ သမဝါယမလုပ်ငန်းတွေဟာ အလုပ်လက်မဲ့ ခံစားခွင့်ကို စွန့်စားရင်းနှီးငွေအဖြစ် အသွင်ပြောင်းလိုက်တာပါ။ အလုပ်လက်မဲ့ ပြည်သူတွေအဖြစ် ထောက်ပံ့ပေးမယ့်အစား တိုင်းပြည်က သူတို့ရဲ့ အရည်အချင်းတွေကို သူတို့ဘဝ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်တာပါပဲ” … တဲ့။



