The Corner

The Corner

cropped-Logo_round_grey-background.png

ရေးခဲ့ဖူးတဲ့ ရန်ကုန်အက်ဆေး

Share မယ်

၂ မေ နှင့် ၃ မေ ၂၀၀၈ တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌ နာဂစ် ဟူသော လေမုန်တိုင်းကြီး တိုက်ခတ် ဖျက်ဆီးသွား၍ ပြည်သူများစွာ အသက် အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပါသည်။ ကျွန်တော်တို့ ကြေကွဲဝမ်းနည်းမဆုံး ယူကျုံးမရ ဖြစ်ခဲ့ကြပါသည်။

နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့ကြီးလည်း သစ်ပင်ကြီးတွေ ပြိုလဲ၊ ဓာတ်တိုင်တွေ၊ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ကျိုးပျက်၊ အိမ်ခေါင်မိုးတွေ လန်ထွက်၊ ဆင်းရဲသားတွေမှာ အိမ်တွေ ပြိုလွင့်၊ မီးပြတ်၊ ရေပြတ်၊ လူအများ စိတ်ဓာတ်ပျက်ပြားခဲ့ရသည်။

ကျွန်တော် အပါအဝင် စာရေးဆရာများသည် တစ်သက်တာ မမေ့ပျောက် နိုင်လောက်အောင် ဆိုးဝါးပြင်းထန်လှသော လေမုန်တိုင်းကြီးကြောင့် ကြုံတွေ့ခဲ့ရသော ပြည်သူများ၏ ဒုက္ခအဖုံဖုံကို ခံစားမိသလို ရေးသား တင်ပြခဲ့ကြပါသည်။ ဤကာလအတွင်း ပုဂ္ဂလိက ဂျာနယ် မဂ္ဂဇင်းများသည် အထူးပင် တာဝန်ကျေခဲ့ကြပါသည်။ ပုဂ္ဂလိက ဂျာနယ် မဂ္ဂဇင်းများ၏ ကြိုးစားပမ်းစား သတင်း စုဆောင်း တင်ပြမှုများကြောင့် ပြည်သူများသည် မုန်တိုင်းကြီး၏ နောက်ဆက်တွဲ အခြေအနေမှန်များကို ကွင်းဆက်မပြတ် သိရှိ ခဲ့ကြသည်။ စာနာခဲ့ကြသည်။ သို့ဖြင့် တတ်အားသမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ ခဲ့ကြပါသည်။

မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ရန်ကုန်တိုင်းမှ ကော့မှူး၊ ကွမ်းခြံကုန်း နယ်များမှ ပြည်သူ များ၏ ကံကြမ္မာကား ကြေကွဲစရာ အတိ ဖြစ်ပါသည်။

ရန်ကုန်မြို့ကြီးသည်လည်း အထိနာ ခဲ့ပါသည်။ စိမ်းရောင်စိုလန်း အလှထူးခဲ့သော ရန်ကုန်၏ မုန်တိုင်းလွန် ကာလ မြင်ကွင်းသည် ရင်နင့်စရာ ဖြစ်နေပါ၏။ မုန်တိုင်းလွန်ကာလ ရန်ကုန်မြင်ကွင်းကို ကြည့်ရင်း လွန်ခဲ့သော လေးနှစ်က ရန်ကုန်အကြောင်း ကျွန်တော် အက်ဆေး တစ်ပုဒ်ရေးခဲ့သည်ကို သတိရမိသည်။ မောင်ဝေဟင်စီစဉ်သော “ရန်ကုန်အပြင် ရန်ကုန်အတွင်း” ဆောင်းပါးပေါင်းချုပ် စာအုပ် (ဒီလှိုင်းစာပေ၊ ဖေဖော်ဝါရီ ၂၀၀၄)တွင် ကျွန်တော်ရေးခဲ့ခြင်းဖြစ်ပါသည်။

ထိုစဉ်က ကျွန်တော်ရေးခဲ့သော ရန်ကုန်အက်ဆေးကို ပြန်လည်ဆန်းသစ် ခြင်းဖြင့် ကျွန်တော်တို့ ချစ်မြတ်နိုးရသော ရန်ကုန်မြို့ကြီးအား ဂုဏ်ပြု လိုက်ပါ၏။

ရန်ကုန်အက်ဆေး

ရန်ကုန်ကို ကျွန်တော် သိပ်သဘောကျတယ်။ ရန်ကုန်မှာ ကျွန်တော် နေထိုင်ခဲ့တာ နှစ် ၄၀ ကျော်ပြီ။ ခရီးထွက်တဲ့အချိန် ခေတ္တခဏ စွန့်ခွာ ခဲ့တာက လွဲလို့ ရန်ကုန်မှာပဲ ကျွန်တော်နေတယ်။

ကျွန်တော်နေတာက ရန်ကုန်မြို့လယ်ကောင်၊ ဆူးလေဘုရားနဲ့ တစ်ခေါ် လောက်ပဲ ဝေးတယ်။ မြို့တော်ခန်းမကြီးရဲ့ ကျောဘက် ၃၃ လမ်းထဲမှာ။

မြောက်ဘက်ကို ထွက်လိုက်ရင် အနော်ရထာလမ်းမကြီးပေါ် ရောက် သွားရော။ တိုးတိုးဝှေ့ဝှေ့ သွားလာနေတဲ့လူတွေ၊ တိုးတိုး ဝှေ့ဝှေ့ သွားလာ နေတဲ့ ကားတွေ၊ လမ်းဘေး တစ်ဖက် တစ်ချက်မှာလည်း ဈေးဆိုင် အစီအရီ အပြည့်အနှက်။

တောင်ဘက်ကို ထွက်လိုက်ရင် မြို့တော်ခန်းမရဲ့ ကျောဘက်ဝင်ပေါက်။ မျက်နှာစာဝင်ပေါက်ကို စည်ပင်သာယာရေး ကိစ္စမသုံးတော့ဘဲ ကျောဘက် ဝင်ပေါက်ကိုပဲ သုံးနေလေတော့ ရုံးချိန်တစ်ခုလုံး စည်းကားလိုက်တာ။ လူတွေ လူတွေ အစုလိုက် အစုလိုက် တစ်ခုခုကို စောင့်နေကြတာ။

အနောက်ဘက်ကို ထွက်လိုက်ရင် ဆူးလေဘုရားလမ်းမကြီးပေါ် ရောက် သွားရော။ အဲဒီမှာက လိုင်းပေါင်းစုံ ကားဂိတ်တွေ၊ ဆူးလေ တောင်/မြောက် ဥက္ကလာ၊ မြောက်ဒဂုံ နံပါတ်အစုံ ကားအစုံ ဂိတ်တွေဆိုတော့ လူပြတ်တယ် မရှိဘူး။ ဒါတင်မက တစ်ဖက်တစ်ချက်မှာ ဈေးဆိုင်ကြီးတွေ၊ လမ်းဘေး စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံကြီးတွေ လက်ညှိုးထိုးမလွဲ။

အရှေ့ဘက်ထွက်လိုက်တော့ မဟာ ဗန္ဓုလပန်းခြံလမ်းထဲ ဝင်ရောက် သွားမယ်။ အရောင်းအဝယ်တွေနဲ့ စည်ကားရာမှာ နာမည်ကြီးတဲ့လမ်း။ ကားတွေ လူတွေ ကျပ်သိပ်နေတဲ့လမ်း။

ကျွန်တော်ကသာ အရှေ့အနောက် တောင်မြောက် ပြောနေတာ၊ ရန်ကုန်က လူတွေကို အရှေ့အနောက် တောင်မြောက် မေးရင် မသိတာ များတယ်။ ဘယ်ကွေ့ ညာဦးဆိုပြီး ဘယ်ညာပဲ ပြောတတ်တာ များတယ်။

ကျွန်တော် အပြင်တစ်နေရာရာကို သွားပြီးဆိုရင် ဘယ်လမ်းကပဲ ထွက်ထွက် အင်မတန် အေးချမ်း ဆိတ်ငြိမ်တဲ့ နေရာကနေ အင်မတန် ရှုပ်ထွေးစည်းကားတဲ့ နေရာကို ဗြုန်းစားကြီး ရောက်သွား သလိုလည်း ခံစားရတယ်။ အပြင်ကနေ ပြန်လာပြီဆိုရင်လည်း အင်မတန် မျက်စိရှုပ် နားရှုပ်တဲ့ မြင်ကွင်းကနေ ရုတ်တရက် ချက်ချင်း အင်မတန်ငြိမ်သက်တဲ့ နေရာကလေးထဲ ဝင်လိုက်ရသလို ခံစားရပြန်တယ်။

ကျွန်တော်နေတဲ့ လမ်းကလေးဟာ မြို့လယ်ကောင်က ဆိတ်ငြိမ်ရပ်ကွက် လေးတစ်ခု ဖြစ်နေပါတယ်။

ရန်ကုန်မြို့က လူတွေအကြောင်း ဆိုတဲ့ ကာတွန်းဝင်းမောင်ရဲ့ စာအုပ်ကလေးတွေကို သတိရမိတယ်။ သူရဲ့ အာဝဇ္ဇန်းနဲ့ ပျော်စရာ ကောင်းအောင် ရေးတတ်ပုံက ထူးခြားတယ်။ ကာတွန်းဝင်းမောင်က ရန်ကုန်မြို့က လူတွေကို ဘာမှ မကြောက်တတ်တဲ့ လူတွေကို ချီးကျူးတယ်။ အကောင်းပြောတာတော့ မဟုတ်ဘူး။

အခုဆိုရင် ကာတွန်းဝင်းမောင်ရေးသလို မြို့ပတ်ရထား ခေါင်မိုး တွေပေါ်မှာ မကြောက်မလန့် တက်စီး တာ၊ ဘတ်စ်ကားတွေမှာ တွဲလောင်း ခိုစီးတာတို့ မရှိတော့ပါဘူး။ ကားထဲမှာပဲ ငါးပိ၊ ငါးချဉ်သိပ် လိုက်ကြရတော့တယ်။

ရန်ကုန်သားတွေကို ကျွန်တော် သဘောအကျဆုံးကတော့ ခွေး နှစ်ကောင် ကိုက်တာကိုတောင် ဝိုင်းကြည့် တတ်ကြပေမယ့် ဘာကိုမှ အလေးအနက် သိပ်မထားတတ်ကြတာပဲ ဖြစ်ပါတယ်။

နယ်မြို့တွေမှာ စတိုင်နှင့် ပါဝါပြနေကြတဲ့ လူတွေ ရန်ကုန်ရောက်ရင် အတော် သိမ်ငယ်သွား တတ်ကြတယ်လို့ ဆိုပါတယ်။ နယ်မြို့တွေမှာ somebody လို့ ခေါ်တဲ့ အရေးပါတဲ့ လူကြီး လူကောင်း တွေ ဖြစ်ပေမယ့် ရန်ကုန်ရောက်ရင် ဘာကောင်မှ မဟုတ်သလို nobody ဖြစ်သွားကြတော့တာပဲ။ ဘယ်လိုကားမျိုး စီးလာလာ၊ ဘယ်လိုအဝတ်အစား အဆင့်အတန်းမျိုးနဲ့ပဲ ဟန်လုပ်လာလာ၊ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်ရောက်ရင် ဘယ်သူ့ဘယ်သူမှ အရေးတယူ ဂရုတစိုက် လုပ်မနေကြဘူး။ ကိုယ့်လမ်းကိုယ်သွား သူ့လမ်း သူသွားပဲ။ ပလက်ဖောင်းပေါ်များ လျှောက်သွားလို့ ကတော့ ပခုံးချင်းတောင် တိုက်သွားလိမ့်ဦးမယ်။

နယ်မြို့တွေမှာကျတော့ မြို့နယ် အဆင့် အရာရှိလောက်ဆို လမ်းပေါ် ထွက်သွားရင် သူ့ကို သိတဲ့ လူတွေ အများကြီး။ သူက ကြည့်ရှုကူညီစောင့်မ ပေးထားတဲ့ လူတွေက အများကြီးဆိုတော့ ဟိုက နှုတ်ဆက်၊ ဒီက နှုတ်ဆက် ဟိုလူက ခါးရို့ရို့ ကလေး အရိုအသေပြု၊ ဒီလူက တလေးတစား ဖိတ်မန္တကပြု တယ်အရသာရှိတာကိုး။

ရန်ကုန်ရောက်ရင် အဲဒီအရသာတွေ ပျက်ပြီ။ နေ့စဉ် လူပေါင်းသန်းချီပြီး အရှေ့ အနောက် တောင်မြောက် လူးလာ ယှက်နွှယ် သွားလာနေကြတာ ကိုယ့်ကိုသူမသိ သူ့ကို ကိုယ်မသိ၊ အတော်ကြီး ထင်ရှားတဲ့ ရုပ်ရှင်နှင့် ဂီတ အနုပညာသည်များကိုတောင် တွေ့လိုက်ရင် သိတော့ သိပါရဲ့၊ ဒါပေမဲ့ ရန်ကုန်သားတွေက ကိုယ့်ကိစ္စနဲ့ ကိုယ် ရေးကြီးသုတ်ပျာ သွားလာနေကြ တာဆိုတော့ သိပ်ပြီး အရေးမစိုက်နိုင်ဘူး။ ဪ . . မီးပွိုင့်မှာ မင်းသား ဘယ်သူ့ကိုတွေ့လိုက်ရဲ့၊ မင်းသမီး ဘယ်သူ့ကို ဗိုလ်ချုပ်ဈေးမှာ တွေ့လိုက်ရဲ့၊ ဒါလောက်ပါပဲ။

ရန်ကုန်မြို့က လူတွေဟာ နေထွက်က နေဝင် အလုပ်လုပ်နေကြသူတွေ များတယ်။ မြို့လယ်ပိုင်းနေသူတွေဟာ တိုက်ခန်းလေးတွေနဲ့ နေကြရတာ ဆိုတော့ အိမ်ပြန်ရောက်ရင် ကိုယ့်မိသားစုနဲ့ကိုယ် ချက်ပြုတ်စားသောက်၊ ရေဒီယိုနားထောင်၊ တီဗီ ကြည့်၊ အောက်စက်နဲ့ ဗီဒီယိုငှားကြည့်ပြီး ညဉ့်ပိုင်းအချိန်ကို ကုန်ဆုံးကြတယ်။ အပေါ်ထပ်နဲ့ အောက်ထပ် ဘေးဘီ ကူးလူး သွားလာ ဆက်ဆံတာတွေ မရှိဘူးတော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ ဒါပေမဲ့ နည်းတယ်။ ယေဘုယျအားဖြင့် ရန်ကုန်မြို့က လူတွေဟာ ဘာသိဘာသာ နေတတ်တဲ့အကျင့်ရှိတယ်။ မြို့လယ်ပိုင်းတွေမှာ ဟိုဘက်လမ်း၊ ဒီဘက်လမ်း ဘာဖြစ်လို့ ဘာဖြစ်နေမှန်း မသိဘူး။ ဟိုဘက်လမ်းကနေ မီး လန့်တာကို ဒီဘက်လမ်းက မသိဘူး။ ကျွန်တော်တို့ ဆိုရင် ကိုယ်နေနေတဲ့ ကျောက်တံတားမြို့နယ်ထဲက အဖြစ်အပျက်ကိုပဲ သတင်းစာထဲ ပါလာမှ သိကြတာတွေ အများကြီးပါ။

Credit: Daung Publishing House

ရန်ကုန်မှာ အနေကြာလာရင် ရန်ကုန်အကျင့် အလိုလိုစွဲလာပါတယ်။ ရန်ကုန် အကျင့်တွေမှာ တစ်မျိုးကတော့ လက်ဖက်ရည်ဆိုင်ထိုင်တတ်တာပဲ။ လက်ဖက်ရည် ဆိုင်ထိုင်တဲ့ အကြောင်းတွေမှာ အခြေခံ ကျတဲ့ အကြောင်း တစ်ခုကတော့ အိမ်ခန်း ကျဉ်းကျဉ်းလေးတွေမှာ နေကြရသူတွေ များလို့ ဖြစ်ပါတယ်။ အိမ်ခန်းတွေက ကျဉ်းတော့ အိမ်မှာထိုင်ပြီး ဧည့်ခံ စကားပြောတာထက် လက်ဖက်ရည်ဆိုင်သွားထိုင်တာက ပိုပြီး အဆင်ပြေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့လယ်ပိုင်းမှာ လမ်းတိုင်း လမ်းတိုင်း လက်ဖက်ရည်ဆိုင် နှစ်ဆိုင် သုံးဆိုင် ဆိုသလို ရှိနေကြတာပါ။

မြို့ပြင် မြို့သစ်တွေက မြို့ထဲကို လာကြသူတွေကလည်း တစ်နေ့တစ်နေ့ သိန်းချီပြီး ရှိတယ်။ သူတို့ဟာ မြို့ထဲမှာ ဆုံစည်းကြဖို့ နေရာအဖြစ် လက်ဖက်ရည်ဆိုင်ကို အသုံးပြုကြရတယ်။ စာရေးဆရာတွေအတွက် ၃၃ လမ်းထဲက လေထန်ကုန်း လက်ဖက်ရည်ဆိုင်ဟာ ဆုံစည်းရာ နေရာဖြစ်သလို တစ်ခြား နယ်ပယ်အသီးသီးက လူတွေလည်း သူတို့ အချင်းချင်း အသိအမှတ်ပြုတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆုံစည်းတတ်ကြပါတယ်။

နောက် ဆုံစည်းရာ တစ်နေရာကတော့ သာရေး နာရေးတွေပါပဲ။ ရန်ကုန်မြို့က လူတွေဟာ မိမိတို့ ကျင်လည်ရာ အသက်မွေးဝမ်းကျောင်း အလိုက် မိတ်ဆွေ သင်္ဂဟများရဲ့ သာရေး နာရေးတွေကိုတော့ ကြိုးစားပြီး အရောက် သွားလေ့ ရှိကြတယ်။

အဲဒီကျမှ မတွေ့တာကြာတဲ့ မိတ်ဆွေတွေနဲ့တွေ့ကြ၊ ဆုံကြ၊ စကားပြောကြ၊ သတင်းဖလှယ်ကြ၊ အချိန်းအချက်လုပ်ကြ၊ အလုပ်ဖြစ်ကြတယ်။ သာရေးတွေက ကိစ္စ မရှိသော်လည်း နာရေးတွေကျတော့ တစ်ခါတလေ ရုပ်ပျက်ဆင်းပျက် ဖြစ်ရတယ်။ အသုဘလိုက်ပို့တာနဲ့ မတူဘဲ သဟာယအသင်းတစ်ခု ပျော်ပွဲစားထွက်သလို ဖြစ်နေတယ်။ အသုဘရှင်တွေ ကို အားနာစရာဖြစ်သော်လည်း တစ်ဖက်က ကြည့်ရင် ရန်ကုန်သားတွေဟာ အသုဘကိုတောင် ပျော်ပျော်ပါးပါး ပို့တတ်ကြတယ်လို့ ပြောစရာပါပဲ။

ရန်ကုန်က နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အနုပညာရေးရာ အားလုံးရဲ့ ဗဟိုချက်မ ဖြစ်တယ်။ နယ်မြို့ကလေးမှာ ဘယ်လောက် တော်နေနေ ၊ ရန်ကုန်မှာ ပွဲလယ်တင်မှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အောင်မြင်မှု ရဖို့နယ်မြို့မှာနေပြီး လုပ်ရှာကိုင်ရှာတာ မလွယ်ဘူး။ ရန်ကုန်မှာ ခြေချပြီး ကြိုးစားမှ အောင်မြင်ကြတယ်။ အနုပညာရှင်တွေ ထဲက ဥပမာ ပေးစရာတွေ အများကြီးပါ။ ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦး၊ လွင်မိုး၊ ဇော်ပိုင်၊ သက်မွန်မြင့် စသူတို့ဟာ နယ်မြို့တွေက တက်လာပြီး လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဇာတိမြို့တွေမှာပဲ နေထိုင်ခဲ့ကြရင် ခုလို ဘယ်ဖြစ်လာပါ့မလဲ။

အရည်အချင်း (talent) ဟာ အရေးကြီးပေမယ့် ရန်ကုန်မှာ အောင်မြင် ဖို့ဟာ အရည်အချင်းရှိရုံနဲ့ မရသေးဘူး။ ငွေပေါရုံနဲ့လည်း မရသေးဘူး။ အဆက်အသွယ်က လိုသေးသတဲ့။ အဆက်အသွယ်ရှာတဲ့ အပိုင်းဟာ အောင်မြင်မှု ရချင်သူတွေ အတွက် အခက်ခဲဆုံးနဲ့ အသိမ်မွေ့ဆုံး ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအဆင့်မှာ လူလိမ်တွေနဲ့ အများဆုံးတွေ့တတ် လို့ပဲ။ လူကောင်း သူကောင်းတွေရှိပေမယ့် ရှိတော့ရှိတယ်၊ ရှားတယ်လို့ ဆိုရမယ်။ လူလိမ်လူရှုပ်တွေက ပိုများတာတော့ အမှန်ပဲ။ ရန်ကုန်မြို့ကြီး ကြောက်စရာ ကောင်းတယ်၊ သိပ်ရှုပ်တယ် ဆိုတာ ကားတွေ၊ လူတွေ ရှုပ်တာကို ပြောတာ မဟုတ်ဘူး။ ရန်ကုန်မှာ ကားတွေ ရှုပ်တယ်ဆိုပေမယ့် ကိုယ် ယဉ်သွားလိုင်းနဲ့ ကိုယ်မောင်းနေကြတာ။ ဘာမှ ကြောက်စရာ မရှိဘူး။ နယ်မြို့တွေနဲ့ စာရင် ရန်ကုန်မှာ ကားမောင်းရတာ ပိုပြီး စိတ်ချမ်းသာတယ်။

ရန်ကုန်မြို့ကြီး ရှုပ်တယ်ဆိုတာ လူလိမ်လူရှုပ်တွေကြောင့် နာမည်ပျက် နေတာ။ သူတို့ဟာ လူတွေရဲ့ လောဘရိုက်ကို အသုံးချပြီး လိမ်စားနေကြ တာပဲ။ လောဘကြီးတဲ့ လူတွေ ပိုပြီး အလိမ်ခံကြရတယ်။

အဲ–သောကသမားတွေလည်း အလိမ်ခံကြရတာပါပဲ။ သောက ဖြစ်စရာ တွေ ကြုံရလို့ အားကိုးစရာ လာရှာသူတွေကို ရန်ကုန်က စောင့်ပြီး လိမ်နေ သူတွေက အကြိုက်ပေါ့။

ရန်ကုန်မှာ အလိမ်ခံရတာ အများကြီး၊ လိမ်နည်းတွေကလည်း အများကြီး၊ လိမ်နည်း မူကွဲတွေကလည်း အများကြီး၊ တစ်နယ်တစ်ကျေးက လာသူတွေ မပြောနှင့် ရန်ကုန်မှာ အနေကြာပြီး ရန်ကုန်သား ဖြစ်နေသူတွေ တောင် ခံကြရတာပဲ။

အလိမ်ခံရတယ်ဆိုတာ နာလည်းနာ၊ နံလည်းနံ ဆိုတာမျိုးလို အင်မတန် ခံရခက်တဲ့ အဖြစ်ပါ၊ ဘယ်သူမှ အလိမ်မခံချင် ကြပါဘူး။ ဒါပေမဲ့ ဘာကြောင့် အလိမ်ခံနေကြရတာလဲဆိုရင် ယုံလွယ်ကြလို့ပါပဲ။ နောက်တစ်ကြောင်း ရှိသေးတယ်။ အလိမ်ခံရသူတွေဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး တတ်ကြတယ်။ ငါလိုလူမျိုးကို လိမ်လို့ ဘယ်ရမလဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လည်လှပြီလို့ ထင်သူတွေပဲ အလိမ်ခံရတာ များပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက် သူများကို အထင်ကြီး တတ်သူတွေကတော့ ယုံလွယ်သူ တွေပါပဲ။ အဝတ်အစား၊ မော်တော်ကား၊ လက်ကိုင်ဖုန်း၊ လက်ဝတ်ရတနာနဲ့ လေလုံးမိုးလုံး စကားတွေကို အထင်ကြီးပြီး ယုံကြည်မိပြီဆိုရင်တော့ အလိမ်ခံ ရဖို့ ၉၅ ရာခိုင်နှုန်း သေချာနေပြီ။

ရန်ကုန်မြို့က လူလိမ်တွေဟာ အင်မတန် အဟန့်ကောင်းတယ်။ လူအထင်ကြီးလောက်တာမျိုးတွေနဲ့ ဆင်ယင်ပြီး လူအထင်ကြီးလောက်တဲ့ လေလုံး မိုးလုံး စကားမျိုးတွေ ပြောပြီး လိမ်တတ်ကြတယ်။ မနေ့ကပဲ သိဟောင်း ကျွမ်းဟောင်း တစ်ယောက် ရောက်လာသေးတယ်။ သူ့လိပ်စာ ကတ် ပြားလေးပေးသွားတယ်။ သူ့ နာမည်မှာ ဒေါက်တာ တပ်ထားတယ်။ ပီအိပ်ခ်ျဒီ ဒေါက်တာတဲ့။ ဖက်စ်ခ်ျတွေရော၊ အီးမေးလ်တွေရော အစုံပါတယ်။ ကျွန်တော် လှမ်းဆက် ကြည့်တော့ အဲဒါ သူ့ကုမ္ပဏီ မဟုတ်ဘူး။ မိတ်ဆွေတစ်ယောက်ရဲ့ ကုမ္ပဏီအီးမေးလ်မှာ ရှယ်ယာလုပ်ထားတာတဲ့။ ကျွန်တော်နဲ့ ကင်းကွာနေတဲ့ နှစ်တွေမှာ သူ့ကို သိတဲ့ မိတ်ဆွေ တချို့ကို မေးကြည့်တော့ ဒေါက်တာဘွဲ့ ဆိုတာလည်း လံကြုတ်ပဲ တဲ့။ လည်သလို လုပ်စားနေတာတဲ့။ ဒါက သူ့ အကြောင်းသိလို့သာ ဖော်ထုတ်နိုင်တာလေ။ အကြောင်းမသိတဲ့ လူတွေဆိုရင် သူ့ကို ဆရာကြီးတစ်ဆူလို အားကိုးအားထား ပြုပြီး အလိမ်ခံကြရမှာ သေချာတယ်။ ဘယ်လို လိမ်မလဲဆိုတာတော့ မသိဘူးပေါ့။ ကိုယ် တကယ် မရဖူးတဲ့ ဒီဂရီတွေတပ်ပြီး၊ ကိုယ့်မှာ တကယ်မရှိတဲ့ အီးမေးလ်တွေ ဖက်စ်ခ်ျတွေနဲ့ ဟန်ပြထားပြီဆိုတော့ လိမ်ဖို့ လက်နက် ကိရိယာတွေ ပြင်ထား တဲ့ သဘောပဲပေါ့။

ရန်ကုန်မြို့က လူတွေထဲမှာ အဲသလို လူမျိုးတွေကို သတိထားပြီးရှောင်ဖို့ လိုတယ်။ သို့မဟုတ်ရင် ရန်ကုန်က လူတွေ လိမ်တာကို ခံရမှာပဲ။ ရန်ကုန်မြို့ကြီးက ကြီးက ကြီး၊ ကျယ်ကလည်းကျယ်တော့ မဟုတ်တာ လုပ်ချင်သူတွေအဖို့ ခုမြင် ခုပျောက်ပဲပေါ့။ အလှူခံလိမ်တွေဆိုရင် ပြောချင်တဲ့ လိပ်စာပြော ပြီး ဘာအတွက် ညာအတွက် မျိုးစုံ ပြောဆို အလှူခံကြတယ်။ ရန်ကုန် သားတွေက လှူချင်စိတ် ပေါ်နေချိန်မှာ လှူလိုက်တယ်။ မအားလပ်လို့ စိတ်မပါလို့ မလှူချင်လည်း ကန်တော့ပါသေးရဲ့လို့ ပြောလွှတ်လိုက်တာပဲ။

ရန်ကုန်မှာ အလှူ ခံနေကျလူတွေကလည်း နပ်တယ်။ အထာကိုကြည့်ပြီး အလှူခံကြတာပဲ။

ရန်ကုန်မြို့က လူတွေဟာ အနေအထိုင် အစားအသောက် အသုံးအစွဲ ကြမ်းတယ်။ အစားအသောက် ကောင်းတယ် ဆိုရင် ဘယ်ဈေးပဲ ဖြစ်ဖြစ် စားကြတာပဲ။ တက္ကစီ စီးရင်လည်း နယ်က လူတွေ နှမြောလောက်အောင် ကောင်းတဲ့ဈေး ကို ရန်ကုန်က လူတွေက ရက်ရက်ရောရော ပေးစီးကြတယ်။ အဝတ်အထည်ဆိုရင်လည်း ကြိုက်တယ်ဆိုရင် ဘယ်ဈေးပြောမလဲ၊ ကြိုက်ဈေး ပေးပြီး ဝယ်ဝတ်ကြတယ်။ ဒါကြောင့် အရောင်းအဝယ်သမားတွေ၊ နှစ်ဘက် ရိတ်သမားတွေက ရန်ကုန်နဲ့ နယ် ကွာခြားပုံကို တအံ့တဩ ပြောဖူးတယ်။

‘ရန်ကုန်မှာ ပစ္စည်းကောင်းဖို့ လိုတယ်။ ဈေးစကားမပြောဘူး။ နယ်မှာကျ တော့ ပစ္စည်းကောင်းတာ မကောင်းတာထက် ဈေးချိုဖို့က ပိုအရေးကြီးတယ်’ တဲ့။

ရန်ကုန်မြို့က လူတွေဟာ ရန်ကုန်စရိတ်ကို ကာမိဖို့ ပိုက်ဆံတော့ ရအောင် ရှာကြတာပဲ။ အလုပ်ကို ကြိုးစားလုပ်ပြီး ပိုက်ဆံရှာရင် ရန်ကုန်မှာ ရှာရတာ လွယ်တယ်တဲ့။ လွယ်သလောက် သုံးရတာလည်း လွယ်တာပဲ။ ဒါကြောင့် ရန်ကုန်မှာ ပိုက်ဆံ ရှာတာ ကုန်ဖို့ရှာရတာ။ ရန်ကုန်-ကုန်ရန်လို့ ပြောကြ တာကိုး။

တကယ်တော့ ရန်ကုန်ဇာတိ၊ ရန်ကုန် ချက်မြှုပ်ဆိုတာ နည်းပါတယ်။ နယ် မြို့တွေကနေ ရန်ကုန်မှာ လာရောက် အခြေစိုက် နေသူတွေ ပိုများမယ်လို့ ခန့်မှန်းကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မြစ်ကျိုးမြို့ ဇာတိ။ ဒါပေမဲ့ အသက် ၂၀ မတိုင်မီကတည်း က ရန်ကုန်ရောက်ပြီး အလုပ်လုပ် အခြေစိုက်နေထိုင်ရာက ပဲခူးသူဇနီး နှင့် သားသမီးလေးယောက်ကို ရန်ကုန်မှာ မွေးတယ်။ ကျွန်တော့်သားသမီး တွေကတော့ ရန်ကုန်သူ ရန်ကုန်သားတွေ ဖြစ်လာတာပေါ့။

ဒီလိုနဲ့ ရန်ကုန်ဟာ ကျွန်တော့်ရဲ့ မိသားစုမြို့ ဖြစ်လာတယ်။ ရန်ကုန်ဟာ ကိုယ့် အိုးကိုယ့်အိမ် ဖြစ်လာတယ်။ နေသားကျ သွားတော့လည်း ရန်ကုန်ဟာ ချစ်စရာမြို့ကြီး တစ်မြို့ပါပဲ။ ကျွန်တော်ကတော့ ရန်ကုန်ကို မကြောက်တဲ့ အပြင် ချစ်မြတ်နိုးလို့တောင် နေမိပါတယ်။

Click to rate this post!
[Total: 3 Average: 4]

Leave a Comment

Your email address will not be published. Required fields are marked *